Tuesday, September 17, 2013

ထားဝယ် - ထိုင်း လမ်းမကြီးကြောင့် နစ်နာသူများ၏ လျော်ကြေးကိစ္စ ချက်ခြင်းဖြေရှင်းပေးရန် CSLD တောင်းဆို

|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၁၇ 

အီတာလျံ-ထိုင်း ကုမ္ပဏီ(ITD) တာဝန်ယူ ဖောက်လုပ်နေသည့် ထားဝယ်-ကန်ချနပူရီ လမ်းမကြီးအပေါ်ရှိ သစ်ကတိုးကျေးရွာနင့် မေတ္တာမြို့ နယ်ခွဲအကြား လမ်းပိုင်းတစ်လျှောက်တွင် ထိခိုက်နစ်နာခဲ့သည့် ဒေသခံ ဥယျာဉ်ခြံပိုင်ရှင် ၃၈ဦး၏ လျော်ကြေးကိစ္စကို ချက်ခြင်း ဖြေရှင်းဆောင်ရွက်ပေးရန်  လူထုအခြေပြု ရေရှည်တည်တံ့သော သက်မွေးဝမ်းကျောင်းနှင့် ဖွံ့ဖြိုးရေး ကော်မတီ (CSLD) က တောင်းဆိုလိုက်သည်။


 သပြုချောင်းကျေးရွာတွင် ဒေသခံများက ကားလမ်းကို ပိတ်ဆို့ထားစဉ်

ခမောင်းသွယ်တိုက်နယ်အတွင်းရှိ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြူချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုး စသည့် ကျေးရွာများမှ ဥယျာဉ်ခြံများ၏ ထိခိုက်နစ်နာမှုကို တာဝန်ယူမှုမရှိသည့်အတွက် CSLDနှင့် ဥယျာဉ်ခြံပိုင်ရှင်များက စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထားဝယ်မြို့ DDA ရုံး၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ယင်းသို့ အသိပေး ထုတ်ပြန် ကြေငြာခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းမကြီး ဖောက်လုပ်ခြင်းကြောင့် ဒေသ၏ အဓိက ၀င်ငွေဖြစ်သော ကွမ်းသီးပင်၊ ရော်ဘာပင်နှင့် သီဟိုပင် စိုက်ခင်းများ ပျက်စီးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုများကို စာရင်းပြုစုပြီးပါက လျော်ကြေး ပေးအပ်မည်ဟု ITD မှ တာဝန်ရှိသူများက ကတိပြုပြီး ဖြစ်သော်လည်း ကတိမတည်ခဲ့ဟု CSLD ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
“ဒေသခံတွေ ရဲ့ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတွေ ထိခိုက်နေလို့  အမြန် ညှိနှိုင်း ဖြေရှင်းပေး စေချင်တယ်”ဟု CSLD ကော်မတီ ဥက္ကဌ ဦးစောခိုက ဆိုသည်။

အဆိုပါ ဥယျာဉ်ခြံရှင် ၃၈ဦးမှ လျော်ကြေးပေးအပ်ရန် ဇူလိုင်နှင့် သြဂုတ်လများတွင် လမ်းပိတ်ခဲ့စဉ်က လျော်ကြေး ပေးမည်ဟု ကုမ္ပဏီက ကတိက၀တ်ပေးခဲ့လမ်းဖယ်ပေးခဲ့သော်လည်း  ကတိအတိုင်း လျော်ကြေးပေးဆောင်ခြင်း မရှိသောကြောင့် စက်တင်ဘာလ ၉ ရက်နေ့တွင် လမ်းထပ်ပိတ်ခြင်းဖြစ်သည်ဟု ယင်းကော်မတီနှင့် ဥယာဉ်ခြံ ပိုင်ရှင်များထံမှ သိရသည်။ 

ဒေသခံများနှင့် ကုမ္ပဏီကြား ဖြစ်ပေါ်နေသည့် တင်းမာမှုနှင့် ပြဿနာများကို အပြုသဘောဆောင် ဖြေရှင်းနိုင်ရန်အတွက် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကထောင်းနီကျေးရွာတွင် အစည်းအဝေးပြုလုပ်ရန် အီတာလျံထိုင်း ကုမ္ပဏီမှ တာဝန်ယူ ဆုံးဖြတ်ဖြေရှင်းပေးနိုင်သည့် ရာထူး ရှိသူတစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း CSLD ထံမှ သိရသည်။

“ ယခုလ နောက်ဆုံးရက် အထိ လာဖြေရှင်းမပေးဘူးဆိုရင် ခြံရှင်အားလုံးနဲ့ ညှိနှိုင်းပြီး အားလုံးသဘောတူ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားရမယ်”ဟု ဥယျာဉ်ခြံရှင် ဦးရဲကဆိုသည်။
လူထုအခြေပြုရေ ရှည်တည်တံသော အသက်မွေးဝမ်းကြောင်းနှင့် ဖွံ့ဖြိုးရေးကော်မတီ(CSLD)သည် မေတ္တာမြို့နယ်ခွဲ၊ ခမောင်းသွယ်ချောင်း တိုက်နယ်မှ ကျေးရွာ ၁၂ရွာကို ကိုယ်စားပြု ဖွဲ့စည်းထားသော ကော်မတီ တစ်ရပ်ဖြစ်သည်။ 

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More