Monday, September 23, 2013

တနသာၤရီ အမှတ် ၁၆

တနသာင်္ရီဂျာနယ် အမှတ် ၁၆ ဖြစ်ပါတယ်။


(ကန်ချနပူရီကနေ ထီးခီး ဂိတ်ဆီအ၀င်လမ်းမှာတွေ့ရတဲ့ ဖုနန်းလွန်စစ်ဆေးရေးဂိတ်- စာ ၁၁ တွင်ဖတ်ပါ)

ထီးခီး သို့မဟုတ် အသွင်းပြောင်းခံလိုက်ရသောနေရာတခုရဲ့ အနာဂတ်

ထက်အောင်ကျော်

''ထီးခီး'' လို့ပြောလိုက်ရင် ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာက KNU တပ်မဟာ ၄ နဲ့ မြိတ်-ထား ၀ယ်ခရိုင်ဌာနချုပ်ရုံးစိုက်ရာဒေသလို့ အဲဒီဒေသမှာ နေခဲ့ဖူး၊ အဲဒီဒေသဆီရောက်ခဲ့ဖူးသူတွေက သိကြပါ တယ်။

ဒါပေမဲ့ အခုတော့ ''ထီးခီး'' ရဲ့အဓိပ္ပါယ်က အဲဒီလိုမဟုတ်တော့။ ''ထီးခီး'' ဆိုတာ ထားဝယ်-ကန်ချန ပူရီအဝေးပြေးကားလမ်းပေါ်က နာမည်ကြီး နယ်စပ်ဂိတ်တခုအဖြစ် ထားဝယ်မြို့သားတွေက နားလည် နေကြပါပြီ။ ဒေသခံတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေပါ ၀င်ထွက်နိုင်တဲ့ ဂိတ်ပေါက်ကြီး ဖြစ် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ မြန်မာနဲ့ ထိုင်းအစိုးရတို့က သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

အဲဒီလိုတရားဝင်မသတ်မှတ်ခင် ဇူလိုင်အစောပိုင်းတုန်းက အဲဒီ ထီးခီး နယ်စပ်ဂိတ်ဆီကျနော်ရောက်ခဲ့ ပါတယ်။ မူလအစီစဉ်တိုင်းဆိုရင် ထားဝယ်မြို့ကနေ ထီးခီးကိုသွားလေ့လာဖို့ပါ။ ဒါပေမဲ့ အခြေနေအရပ် ရပ်ကြောင့် အဲဒီခရီးစဉ်အထမမြောက်လိုက်တဲ့အတွက် ထိုင်းကိုပြန်ရောက်ပြီးမှ ထိုင်းဖက်ကနေ ထီးခီး ဂိတ်ဆီ ပြန်လည်ဝင်ရောက်ခဲ့ရပါတယ်။

ရှေ့မှာနိဒါန်းချီခဲ့တဲ့အတိုင်း ထီးခီးဆိုတာ ၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ကျနော်တို့ထားဝယ်ဒေသက တောခိုကျောင်းသားတွေ ပထမဆုံးရောက်ခဲ့တဲ့ KNU အမာခံ စခန်းတခုပေါ့။ ထိုင်းနယ်စပ်မှာ ချောင်းဖျားခံပြီးစီးလာတဲ့ မင်းသမီးချောင်းဖျားကို ကရင်ဘာသာနဲ့ ထီး ခီး သို့မဟုတ် ချောင်းဖျားလို့ခေါ်ပါတယ်။ အဲဒီချောင်းငယ်လေးက ရေကိုသောက်ရေအဖြစ်အခြေခံထား ပြီး ချောင်းငယ်လေးရဲ့ တဖက်တချက်မှာ KNU တပ်မဟာ ၄ ဌာနချုပ်နဲ့ မြိတ်-ထားဝယ်ခရိုင်ဌာနချုပ် တွေကို ရုံးစိုက်ထားခဲ့တာတွေ့ရပါတယ်။

အဲဒီထီးခီးကနေ မင်းသမီးချောင်းတလျှောက်ဖောက်ထားတဲ့ ကားလမ်းကြမ်းအတိုင်း တနာရီလောက် လျှေက်မယ်ဆိုရင် အလယ်စတိုဆိုတဲ့ ထိုင်းနိုင်ငံဖက်ထွက်တဲ့လမ်းနဲ့ သတ္တုမိုင်းတွေဖက်သွားတဲ့ လမ်း ဆုံရာ စခန်းတခုဆီရောက်ပါတယ်။ အဲဒီကနေ ချောင်းငယ်အတန်တန်ကိုဖြတ်ပြီး ၂ နာရီလောက်ဆက် လျှောက်မယ်ဆိုရင်တော့ ထီးထာ ကျေးရွာ သို့မဟုတ် မင်းသမီးချောင်း တနသာင်္ရီမြစ်ထဲစီးဝင်တဲ့နေရာ မှာ တည်ထားတဲ့ ကရင်ရွာကြီးတခု ကိုတွေ့ခဲ့ရပါတယ်။ အဲဒီရွာကနေ အပေါ်ဖက်ကိုဆက်လျှောက်မယ် ဆိုရင်တော့ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ ကလက်ကြီး၊ မေတ္တာ စသဖြင့် အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က ရွာတွေကိုရောက်နိုင်ပါတယ်။

အောက်ဖက်ကိုနဲနဲဆက်လျှောက်မယ်ဆိုရင်တော့ ABSDF ၂၀၁ တပ်ရင်းအခြေစိုက်တဲ့ ကျောင်းသား စခန်းကိုရောက်ပါတယ်။ ကျောင်းသားစခန်းအောက်ဖက်မှာတော့ အမာရာကျေးရွာ။ ဆက်လျောက် မယ်ဆိုရင် မောထာနဲ့ အောင်သာဝရကျေးရွာတွေ စသဖြင့်ရှိပါတယ်။ ဒါက လွန်ခဲ့တဲ့ ၂၅ နှစ်၊ ၁၉၈၈ အခုလို စက်တင်ဘာနှောင်းပိုင်း၊ အောက်တိုဘာလအစောပိုင်းက အခြေနေကိုပြောတာပါ။

၁၉၉၇ အစောပိုင်းမှာတော့ ဒေသတွင်းအခြေနေက နဲနဲလှုပ်လှုပ်ရှားရှားဖြစ်လာပြီး ကန်ချနပူရီ-ထား ၀ယ် ကားလမ်းဖေါက်မယ်။ ဘောတီ-အမို-ဆင်ဖြူတိုင်ကနေ မေတ္တာကိုဖြတ်ဖောက်ဖို့ လမ်းအူကြောင်း တိုင်းနေပြီဆိုတဲ့သတင်းထွက်လာပါတယ်။ အဲဒီကာလက ABSDF တောင်ပိုင်းဒေသ ပြန်ကြားရေးတာ ၀န်ခံဖြစ်တဲ့ကျနော် အမိုရွာဆီသွားပြီး အမို-ဘောတီလမ်းကိုလေ့လာကြည့်တော့ ဟုတ်ပါတယ်။ လမ်း အူကြောင်းအတွက် မြေနီလမ်းဘေးတလျှောက်သတ်မှတ်တိုင်ငယ်လေးတွေ စိုက်ထားတာတွေ့ရပါ တယ်။

အစောပိုင်းထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဆိုရင် ဒီလမ်းကို အမိုကနေ ဘောတီနယ်စပ်ဆီဖေါက်ပြီး KNU တပ်မဟာ ၄ ဌာနချုပ် ထီးခီးနဲ့ တနသာင်္ရီမြစ်ရိုးတလျောက်က ABSDF စခန်းတွေ၊ ထီးထာ၊ အမာ ရာ၊ မောထာ စသဖြင့်ရွာတန်းတွေဟာ ဒီတိုင်းရှိနေမယ်လို့ဆိုပါတယ်။ အဲဒီလိုဖေါက်နိုင်ဖို့ မြန်မာအစိုးရ နဲ့ ထိုင်းဖက်ကတာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်လို့လဲဆိုပါတယ်။

ဒါပေမဲ့ ၁၉၉၇ ဖေဖေါ်ဝါရီမှာတော့ န၀တ တပ်တွေက အမို၊ ထီးထားနဲ့ ထီးခီးဒေသဆီ အကြီးအကျယ် ထိုးစစ်ဆင်လာခဲ့ပါတယ်။ အင်အားအလုံးအရင်းနဲ့ဆင်လာတဲ့ ဒီထိုးစစ်ကို KNU၊ ABSDF နဲ့ မဟာမိတ် တပ်တွေ ဘယ်လိုမှမခံနိုင်တဲ့အဆုံး ထီးခီး-ထီးထာ ဒေသကနေ ဆုတ်ခွါခဲ့ရပါတယ်။ အဲဒီလိုဆုတ်ခွါပြီး နောက် ABSDF ကျောင်းသားအတော်များများဟာ ဒုက္ခသည်စခန်းတွေဆီကနေတဆင့် တတိယနိုင်ငံ တွေဆီရောက်သွားကြပါတယ်။

၁၉၈၈ စက်တင်ဘာကနေ စရေရင် ၂၅ နှစ်၊ ၁၉၉၇ မင်းသမီးစခန်းကျချိန်ကနေ ရေမယ်ဆိုရင် ၁၆ နှစ် ကြာပြီးတဲ့အချိန် ထီးခီးဒေသဆီကျနော်ပြန်ရောက်သွားတော့ အခြေနေတွေက အယင်နဲ့ ဘာမှမဆိုင်။ အယင်က ဖုန်ထူပြီး ကြမ်းတန်းလှတဲ့ ကန်ချနပူရီ-ဖုနန်းလွန်ကားလမ်းဟာ အခု နိုင်လွန်ကတ္တရာ အ ကောင်းစားလမ်းကြီးဖြစ်နေပြီ။ တံတားကျိုးလို့ ဖေါင်နဲ့ကူးခဲ့ရဖူးတဲ့ ကွေးမြစ်တံတားဟာ အခု ကွန်ကရစ် အကောင်းစားတံတားဖြစ်နေပြီ။ ABSDF ကျောင်းသားတွေ ထိုင်းထဲထွက်ရင် စခန်းထောက်အဖြစ် နား ခိုရာ ဖုနန်းလွန်ရွာထိပ်က ကရင်ဘုန်းကြီးကျောင်းငယ်လေးဟာလဲ အခုအတော်ကောင်းမွန်တဲ့ ကျောင်း ကြီးဖြစ်နေခဲ့ပါပြီ။

ဒါပေမဲ့ ဖုနန်းလွန်ရွာထဲက ကရင်နဲ့မွန် ဒေသခံရွာသားတချိုကတော့ ရွာလယ်ကနေ အဲဒီဘုန်းကြီး ကျောင်းအနောက်ဖက်ရှိ ရေကန်ဘေးဆီပြောင်းရွေ့ခံလိုက်ရပါတယ်။ ဘုန်ကြီးကျောင်းရှေ့ လမ်းမသစ် ပေါ်မှာတော့ ထိုင်းဖက်ကဆောက်ထားတဲ့ လုံခြုံရေးဂိတ်၊ လ၀က၊ အကောက်ခွန်ဌာန။ လမ်းရဲ့ ဟိုဖက် မှာတော့ တောချတောလို့ခေါ်တဲ့ နယ်ခြားစောင့်တပ်စခန်းတခု။ အဲဒီဂိတ်ကိုဖြတ်ပြီး ၅ ကီလိုခန့်ဆက် ၀င်လာတော့ ကတ္တရာလမ်းဆုံးသွားပြီး မြေနီးလမ်းအကောင်းစားဆီရောက်လာပါတယ်။

အယင် KNU တပ်မဟာ ၄ စစ်သားတွေက ကျနော်တို့ကျောင်းသားတွေကို စစ်ဆေးနေကြ နယ်စပ် တည့်တည့်က ဂိတ်ပေါ်မှာတော့ ထိုင်းစစ်သား ၅ ဦးခန့်နေရာယူထားပြီး အဲဒီဘေးမှာ တပ်စိပ်တစိတ်စာ အခြေစိုက်စခန်းတခု။ အဲဒီစခန်းကိုကျော်ရင် မြန်မာနယ်ထဲ၊ မြန်မာရေစီးဖက်ရောက်သွားပြီး ထီးခီး သို့ မဟုတ် မင်းသမီးချောင်းဖျားကို စတင်မြင်ခဲ့ရပါတယ်။ အဲဒီချောင်းဝမှာ အီတလီ-ထိုင်း ဆောက်လုပ်ရေး ကုပဏီရဲ့တဲ့အိမ်တန်းတွေကိုမြင်နေရပြီး အဲဒီဘေးက တောင်ကုန်းပေါ်မှာတော့ ဆောက်လုပ်ဆဲ မြန်မာ စစ်စခန်းတခု။

ဒါ အခု ၂၀၁၃ ဇူလိုင်လမှာမြင်ခဲ့ရတဲ့ ထီးခီး ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ် ၁၉၈၈ စက်တင်ဘာလက ထီးခီးနဲ့ ဘာမှမဆိုင်တော့ပါ။ KNU နဲ့ ABSDF တပ်တွေကိုလဲ ထီးခီးမှာ မတွေ့ရတော့ပါ။ သေနပ်သံလဲ မကြား ရတော့ပါ။ စစ်ရဲ့သဘောအရ သရေပွဲမရှိတဲ့အတွက် အင်အားများသူကနိုင်ပြီး အင်အားနဲသူကရှုံးတာ အထူးအဆန်းမဟုတ်။ ဒီလိုနဲ့ ထီးခီးဆိုတာ သူပုန်ဌာနချုပ်ကနေ နယ်စပ်ကုန်သွယ်ရေးစခန်းကြီး၊ နယ် စပ်ဂိတ်ပေါက်ကြီး အဖြစ်ပြောင်းလဲသွားခဲ့ပေါ့။

ဒါကို ၂၅ နှစ်တာအတွင်း ထူးခြားတဲ့ အသွင်ကူးပြောင်းမှုလို့ပြောရမလား။ ထီးခီးဟာ စစ်မြေပြင်ကနေ စီးပွါးရေးလွင်ပြင်အဖြစ်ပြောင်းလဲသွားတဲ့သဘောလို့ဆိုနိုင်မလား။ သေချာတာကတော့ ဒီလိုအပြောင်း လဲတွေဟာ ထီးခီးတနေရာတည်းမှာဖြစ်နေတာမဟုတ်။ ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ KNU နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထိမ်းချုပ်ထားတဲ့ ဒေသအတော်များများမှာဖြစ်လာနေတာပါ။

မူအားဖြင့်ဆိုရင်တော့ စစ်မြေပြင်ကနေ စီးပွါးရေးလွင်ပြင်ဖြစ်လာတာကို ကြိုဆိုရမှာပေါ့။ စစ်ဖြစ်ရင် လူ တွေသေ၊ ငွေတွေကုန်၊ သစ်တောတွေပျက်စီး၊ တိုင်းပြည်စီးပွါးပျက်ပေါ့။ ဒါကြောင့် စစ်ပွဲတွေရပ်ပြီး စီး ပွါးရေးလုပ်ငန်းတွေကောင်းလာမယ်ဆိုရင် လူတွေကြီးပွါးချမ်းသာလာကြမယ် မဟုတ်လား။ ဒါပေမဲ့ မေး စရာဖြစ်နေတာ ကြီးပွါးချမ်းသာလာတာ ဘယ်သူတွေလဲ။ ဒေသခံလူထုတွေဘ၀က ဘယ်အခြေနေမှာ ရောက်နေသလဲဆိုတာပါပဲ။

ထီးခီး နယ်စပ်ဂိတ်နဲ့ ကန်ချနပူရီ-ထားဝယ်ကားလမ်းပေါ်အမှီပြုပြီး ထားဝယ်မြို့ရဲ့ အနောက်ဖက်ပင် လယ်ကမ်းစပ်ရှိ နဘုလယ်ရွာမှာ နိုင်ငံတကာအဆင့်မှီ ဧရာမ ရေနက်ဆိပ်ကမ်းကြီးနဲ့ စက်မှုဇုံတွေ ဆောက်လုပ်နေပေမဲ့ ဒေသခံလူထုတွေအတွက် အကျိုးရှိမရှိဆိုတာ မသေချာသေးပါဘူး။ လောလော ဆယ်တော့ မြေသိမ်း၊ လယ်သိမ်းမှုတွေ၊ နေရာပြောင်းရွှေ့မှုတွေကိုသာ လူထုကကြုံနေရဆဲဖြစ်ပါတယ်။

တခါ ကားလမ်းတလျောက်ရှိ အယင်က KNU နဲ့ ABSDF တပ်တွေ လှုပ်ရှားရာဒေသဖြစ်တဲ့ မေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သပြုချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုးရွာတွေက ကားလမ်း ကြောင့်ပျက်စီးသွားတဲ့ ဥယျဉ်ခြံတွေ၊ ကွမ်းပင်၊ အုန်းပင်တွေအတွက် လျှော်ကြေးတောင်းနေတယ်။ လမ်းတွေကိုပိတ်ဆို့ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတွေလဲ ကြားနေရပါတယ်။

ပြီးတော့ ၁၉၉၇ ထိုးစစ်ကြောင့် ထီးခီး၊ ထီးထာ၊ အမာရာ၊ မောထာ၊ အောင်သာဝရ၊ အမို၊ ဆင်ဖြူတိုင် ဖက်ကနေထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် ၈၀၀၀ (ရှစ်ထောင်) ခန့်ဟာလဲ ရတ်ချပူရီနယ်စပ် က ထန်ဟင်ဒုက္ခသည်စခန်းထဲမှာ အခုချိန်ထိရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲမရှိတော့ဘူး၊ KNU နဲ့ အစိုးရ အ ပစ်ရပ်ထားပြီးပြီဆိုပေမဲ့ သူတို့တတွေ အခုချိန်ထိ အိမ်မပြန်နိုင်သေးပါဘူး။ သူတို့ပြန်ရင် သူတို့မြေတွေ၊ အိမ်တွေရှိမရှိလဲ မသေချာတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် သိမ်းပိုက်ခံဒီရွာတွေအားလုံးကို စစ်တပ် ကတခြားလူတွေကို ပြန်လည်ရောင်းစားခဲ့လို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ စစ်မြေပြင်ကို စီးပွါးရေးလွင်ပြင်အဖြစ်ပြောင်းနိုင်ရင် ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲမှုကနေ ထွက်လာတဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေကခံစားခွင့်ရနေသလဲ။ စစ်နိုင် သွားတဲ့ ဗိုလ်ချုပ်တွေဖက်ကသက်သက်လား။ စီးပွါးရေးရင်နှီးမြှုပ်နှံမှုလုပ်တဲ့ နိုင်ငံခြားသားတွေ သက် သက်လား။ အမျိုးသားရေးအတွက် အသက်ပေးတော်လှန်ခဲ့သူတွေ၊ ဒီမိုကရေစီရေးအတွက် အသက် ပေးသွားတဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကကော မခံစားထိုက်ဘူးလား။ ဒီအတွက် ဘယ်လိုသဘောတူ ညီမှုတွေနဲ့ ခရီးဆက်မှာလဲ။

ဒီထက်ပိုအရေးကြီးတာကတော့ စစ်မက်ဖက်ပြိုင်ခဲ့တဲ့ ဒီနှစ်ဖွဲ့စလုံးက ရှေ့တန်းတင်ပြောဆိုလေ့ရှိတဲ့ ''ပြည်သူလူထုအကျိုးစီးပွါး'' ပါပဲ။ ပြည်သူလူထုဘ၀ငြိမ်းချမ်းဖို့အတွက် စစ်ပွဲတွေရပ်လိုက်ပါပြီ။ စီးပွါး ရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပါပြီ။ ထားဝယ်ကနေ ကန်ချနပူရီကို နေ့ချင်းပြန်ကားတွေပြေးနေပါပြီ။ န ဘုလယ်ရေနက်ဆိပ်ကမ်းလဲအတော်ခရီးရောက်နေပါပြီ။ ဒါပေမဲ့ ဒေသခံတွေရဲ့ဘ၀က ဘာမှထူးခြားမ လာသေး။ သိမ်းဆည်းခံမြေရာတွေအတွက် လျှော်ကြေးပေးဖို့တောင်းဆိုနေရတဲ့အဆင့်ကကို မကျော် နိုင်သေး။    ။


........................................................................................
PDF ဖွိုင်စောင်းနေတဲ့အတွက် View ထဲဝင်ပြီး Rotate View ကတဆင့် Clockwise သို့သွားပါရန်။
အဲဒီလိုသွားပြီးဖတ်ရင် အိုကေ ပေမဲ့ ပြန်တင်တဲ့အခါ ပြန်စောင်းသွားတဲ့အတွက်တောင်းပန်ပါတယ်။
သိသူများရှိရင် လမ်းညွန်တော်မူပါ။ လုပ်ချင်တာသာရှိပြီး ဘာမှမလုတ်တတ်သူပါ။







0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More