Friday, September 6, 2013

လောင်းလုံး ရေနံချက်စက်ရုံ ဆန့်ကျင်ရေး ဒေသခံများ လှုပ်ရှားမှု စတင်


|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၅



တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း တည်ဆောက်ရန် လျာထားသည့် ရေနံချက် စက်ရုံစီမံကိန်းကို ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်နေပြီဖြစ်ပြီး အသိပညာပေးခြင်း လုပ်ငန်းကိုလည်း တစ်ပြိုက်နက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ခံ လူ့အခွင့်ရေး တက်ကြွလှုပ်ရှားသူ ဦးသန်းဝင်းက ပြောသည်။ 

စက်တင်ဘာလ ၁ ရက်နေ့က စပြီး စီမံကိန်းကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက် ထိခိုက်နိုင်သည့် ကျေးရွာ ၆ ရွာတွင် “လူထု ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမည့် ရေနံချက် စက်ရုံ အလိုမရှိ ” “ ရေနံချက်စက်ရုံ အလိုမရှိ” ဟူသည့် စာတန်းပါ စတစ်ကာ ၂၀၀ ကျော်နှင့် ဗီနိုင်း ၁၅၀ ခန့်ကို ကျေးရွာများတွင် စကပ်နေပြီဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။ 

“စတေကာ ၅၀၀၀ နဲ့ ဗီနိုင်း ၁၀၀၀ လောက် ကပ်မယ်။ ဘာကြောင့် မလိုတာလဲဆိုတာ အရင်ဆုံး သိအောင် ပညာပေး ရဦးမယ်။ ဒါကြောင့် ပညာပေးတာနဲ့ စတစ်ကာကပ်တာအတွက် အချိန် နှစ်လ မှန်းထားတယ်” ဟု ဦးသန်းဝင်းက ပြောသည်။ 

စီမံကိန်းကြောင့် ရင်ဆိုင်လာရမည့် သဘာဝပတ်ဝန်းကျင် ပြဿနာများနှင့် ကျန်းမာရေး ပြဿနာများကို စိုးရိမ်သည့်အတွက် ယင်းသို့ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရေနံချက်စက်ရုံကို သဘောမတူသည့် အိမ်များတွင် ခွင့်ပြုချက်တောင်းခံပြီး ကာယကံရှင်က ခွင့်ပြုပါက စတေကာကပ်ခြင်း နှင့် ဗီနိုင်းချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ကြောင်း ညင်းမော်ကျေးရွာမှ ဦးဝေလင်းက ရှင်းပြသည်။ 

“ကျေးရွာ ခြောက်ရွာက လူငယ်အဖွဲ့တွေက ဆိုင်ကယ်မှာ ကပ်ဖို့ စတေကာတွေ တောင်းနေကြပြီ” ဟု ဦးဝေလင်းက ဆိုသည်။
လက်ရှိတွင် အိမ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဆိုင်ကယ်များတွင် ကပ်ထားကြပြီး လှုပ်ရှားမှုများကို တဆင့်ပြီး တဆင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

 
“စတေကာတွေ ကပ်နေတာကို သိတယ်။ ရွာမှာရှိတဲ့ လူအနည်းစုက လုပ်တာပါ။ သူတို့ သဘောထားကို သူတို့ ဖော်ထုတ်တာဖြစ်လို့ ဘာမှ ပြောစရာမရှိပါဘူး”ဟု လောင်းလုံးရေနံချက်စက်ရုံ စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

နှစ်စဉ်  ရေနံစိမ်းချက်လုပ်မှု တန် ၅ သန်း ရှိသည့် ယင်းရေနံချက် စက်ရုံစီမံကိန်းမှ လေထုညစ်ညမ်းမှု အနေဖြင့် စက်ရုံ၊ သယ်ယူပို့ဆောင်ရေးစနစ်နှင့် ယာဉ်များမှ ထွက်သည့် မီးခိုးများ၊ ရေဆိုးသန့်စင်စက်ရုံကို အသုံးပြုထားသော်လည်း ရေထုညစ်ညမ်းမှုအနေဖြင့် ဓာတုအောက်ဆီဂျင်၊ ရေနံ၊ ဖိနော၊ ကန့်၊ အမိုးနီးယားများထွက်နိုင်ကြောင်း လောင်းလုံး ရေနံချက်စက်ရုံ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး အဖြစ်ဆောင်ရွက်နေသည့် Resource and Environment Myanmar ၏ လူထုတွေ့ဆုံပွဲ ရှင်းလင်းချက်များအရ သိရသည်။ 

 အမှိုက်စွန့်ပစ်မှု အနေဖြင့် ဓာတ်ကူပစ္စည်းများ၊ ကြားခံစုပ်ယူ ပစ္စည်းများနှင့် ကန့်ဓာတ်လျော့ချသည့် ဂေါတံများသည် မြေအောက်ရေကို ထိခိုက်စေမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့၏ ရှင်းလင်းချက်တွင် ဖော်ပြသည်။

ဗိုလ်မှူးကြီး ဗထူး၏ ဇာတိ လေးသွန်းခံ အပါအ၀င် ညင်းမော်၊ ရင်းဘုတ်၊ စစ်ပြဲ၊ ဂေါအင်းနှင့် တီဇစ် ကျေးရွာများသည် စီမံကိန်းကြောင့် ထိခိုက်မှုရှိနိုင်သည့် ကျေးရွာများဖြစ်ပြီး ယင်းတို့အနက် ရင်းဘုတ်ကျေးရွာနှင့် ဂေါအင်းကျေးရွာ၏ အိမ်ခြေအချို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။ 

ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂.၁၀၆ ဘီလီယံရှိသည့် ယင်းစီမံကိန်းကို တရုတ်နိုင်ငံမှ ၇၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်မှ ၂၀ ရာခိုင်နှုန်းနှင့် ထူးကုမ္ပဏီ အုပ်စုမှ ၁၀ ရာခိုင်နှုန်း အသီးသီး ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း လောင်းလုံး ရေနံချက်စက်ရုံ ပတ်ဝန်းကျင်ဆိုင်ရာ အကြံပေး အဖြစ်ဆောင်ရွက်သည့် Resource and Environment Myanmar ၏ လူထုတွေ့ဆုံပွဲ ရှင်းလင်းချက်များအရ သိရသည်။ 

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More