Friday, September 27, 2013

နိုင်ငံရေးအသွင်ပြောင်းနေပြီဆိုပေမဲ့ စဉ်းစားပုံအသွင်မပြောင်းသေးဘူးလား

ထက်အောင်ကျော်

ရန်ကုန်-နေပြည်တော်အဝေးပြေး အထူးကားလမ်းပေါ်ရှိ ၁၁၅ မိုင် ယဉ်ရပ်နားရေးစခန်းဝင်းထဲက ကျုး ကျော်ဆိုင်ခန်း ၁၀၇ ခုကို စက်တင်ဘာ ၂၄ ရက်နေ့က အပြီးဖယ်ရှားပစ်လိုက်ပြီလို့ သမ္မတရဲ့ ပြောခွင့် ရပုဂ္ဂိုလ်လဲဖြစ်၊ ပြန်ကြားရေးဒုဝန်ကြီးလဲဖြစ်တဲ့ ဦးရဲထွဋ်က သူရဲ့ Facebook မှာ မနေ့က တင်လိုက်ပါ တယ်။ သူတင်ပြီး တနာရီအတွင်း ထင်မြင်ချက်၊ ဝေဖန်ချက်ဝင်ရေးသူ ၁၀၀ ကျော်သွားတာ တွေ့ရပါ တယ်။


ကျုးကျော်ဆိုင်ခန်းတွေ၊ ကျုးကျော်အိမ်တွေ၊ ကျုးကျော်ရပ်ကွက်တွေကို ဒီလိုပဲ အင်အားသုံးပြီး ဘူဒီုဇာ နဲ့ ဖယ်ရှားလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒီလိုနှစ်ပေါင်းမနည်းတော့တဲ့အတွက် ဒီလိုအင်အားသုံး ဖယ်ရှားတာဟာ ယဉ်ကျေးမှုတရပ်လို၊ လုပ်ထုံးလုပ်နည်းတခုလိုဖြစ်လာပြီး ဒီလိုလုပ်တာကို ဘယ်သူက မှ အထူးအဆန်းအဖြစ် မမြင်တော့ပါဘူး။

ဒါပေမဲ့ အခု ဦးရဲထွဋ်ရဲ့ Facebook ထဲ ၀င်ရေးထားတဲ့ ထင်မြင်ချက်တွေအရ ဒီလုပ်ရပ်မျိုးဟာ အယင် က အထူးအဆန်းမဟုတ်ပေမဲ့ အခုလို ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်ဆိုတဲ့ကာလမှာ တော့ ဒီလိုအင်အားသုံးဖြေရှင်းတာကို အမြင်ကျယ်သူတချို့က လက်မခံနိုင်တော့ဘူး၊ အနဲဆုံးတော့ ဒီ လုပ်ရပ်အပေါ် မေးခွန်းထုတ်မှုရှိလာတယ်။ ဒီထက်ပိုကောင်းတဲ့ဖြေရှင်းနည်း မရှိတော့ဘူးလားလို့ အ တော်များများက မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့မေလ နေပြည်တော်ခရီးစဉ်အတွင်း ဒီ ၁၁၅ မိုင်စခန်းဆီ ကျနော်ရောက်ခဲ့စဉ်က တွေ့ဆုံး မေးမြန်းခဲ့ဖူးတဲ့ ဆိုင်ငယ်လေးတွေလို့ပဲထင်ပါတယ်။ (ဦးရဲထွဋ်တင်ထားတဲ့ ဓာတ်ပုံနဲ့ ကျနော်ပြောတဲ့နေ တခုတည်းဟုတ်မဟုတ်မသေချာသေးပါ)။ သူတို့ဟာ တကယ့်ဒေသခံရွာသားတွေပါ။ ရန်ကုန်-နေပြည် တော် အဝေးပြေးကားလမ်းကြောင့် သူတို့ရဲ့လယ်တွေ၊ ခြံတွေအသိမ်းခံရကြောင်း။ ပညာလဲမတတ်၊ အ ရင်း နှီးကလဲမရှိတဲ့အတွက် ဒီမှာအခုလို ဈေးလာရောင်းစားနေရကြောင်း သူတို့က ပြောပါတယ်။

ဒါပေမဲ့ ခရီးသွား ၁၀၀ ထဲက ၃-၄ ဦးလောက်ပဲ သူတို့ဆိုင်တန်းဖက်ရောက်လာပြီး တကယ့်အများ စုကြီးကတော့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားလှတဲ့ စားသောက်ဆိုင်ထဲကိုပဲ ၀င်သွားကြတာ တွေ့ရပါတယ်။ အဲဒီဆိုင်ကြီးတွေကို ဘယ်သူပိုင်သလဲ၊ အာဏာပိုင်တွေနဲ့နီးစပ်သူတွေလား။ ခရိုနီ ခရို ပြာတွေလားတော့ ကျနော်မမေးဖြစ်ခဲ့ပါ။ သေချာတာကတော့ အဲဒီဆိုင်ပိုင်ရှင်တွေဟာ ဒေသခံတွေ မဟုတ်ဘူးလို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ တိုလီမိုလီ ဆိုင်ရောင်းသူတွေကပြောပါတယ်။

ဒါက ဖျက်သိမ်းခံ ကျုးကျော်ဆိုင်ခန်း ၁၀၇ ခုနဲ့ Feel အပါဝင် သန့်ပြန့်သားနား ခန့်ငြားပြီး တရားဝင် လက်မှတ်လဲရထားတယ်လို့ယူဆရတဲ့ ဆိုင်ခန်းတွေရဲ့နောက်ခံသမိုင်းအကျဉ်းပါ။ ကဲ...စာဖတ်သူကို အဲ ဒီနေရာတ၀ိုက်က ကျုးကျော်ဆိုင်တွေကို သတင်းတပတ်အတွင်း အပြီးဖျက်သိမ်းပါလို့ အမိန့်ပေးရင် ဘယ်လိုကိုင်တွယ်မလဲ။ အခု လက်ရှိအစိုးရကိုယ်တွယ်သလိုပဲ အင်အားသုံးဖယ်ရှားလိုက်မှာလား။ ဒီ ထက်ကောင်းတဲ့နည်းကိုများ အချိန်ယူစဉ်းစားရှာဖွေပြီး စနစ်တကျကိုင်တွယ်ဖြေရှင်းမလား။

Facebook ပေါ် ထင်မြင်ချက်ဝင်ရေးထားသူတွေထဲမှာ ကိုအောင်သူငြိမ်းရဲ့ ထောက်ပြချက်က စိတ် ၀င်စားဖို့ကောင်းပါတယ်။ ''ဆိုင်ခန်း ၁၀၇ ခုဆိုရင် မိသားစု ၁၀၇ ခုအဖြစ် အနည်းဆုံးတွက်နိုင်ပါတယ်။ နောက်ကွယ်မှာ မှီခိုနေသူ ၅ ယောက်လောက်နဲ့တွက်ရင် လူ ၅၀၀ ကျော် ကိုထမင်းကျွေးနေတာပါ။ အမြင်ကောင်းအောင်ဆိုတဲ့ ကိစ္စတခုတည်းနဲ့ မစဉ်းစားသင့်ပါ'' တဲ့။ ပြီးတော့ တခြားနိုင်ငံတွေမှာဆိုရင် လမ်းဘေးဆိုင်ရှင်းတာကို ဆင်းရဲမွဲတေမှုလျှော့ချရေးကိစ္စနဲ့ပါ တွဲပြီးစဉ်းစားလေ့ရှိတယ်လို့ သူက ထောက် ပြထားပါတယ်။

ဆိုလိုတာကတော့ ဒီဆိုင်ခန်း ၁၀၇ ခုဟာ အစိုးရလူကြီးမင်းတွေကို အမြင်ရှုပ်စေတယ်။ တရားဝင် လက်မှတ်မရှိပဲ လူအများမြင်သာတဲ့နေရာမှာ ဆိုင်ဆောက်လာရောင်းနေတာ မသင့်တော်ဘူး၊ ခရီးသွား လူကြီးလူကောင်းတွေ ကြိုက်မှာမဟုတ်ဘူးဆိုပြီး ဒီတိုင်းမောင်းထုတ်လိုက်လို့မရပါ။ ဒီကမောင်းထုတ် လိုက်ရင် အဲဒီလူတွေ ဘယ်မှာသွားနေမှာလဲ။ ဘာနဲ့စားသောက်ကြမလဲ။ သူတို့ရဲ့သားသမီးတွေကော ကျောင်းဆက်တက်ဖို့ ခက်သွားမလား။ ဒီအတွက် သူတို့ကိုမောင်းထုတ်သူတွေဖက်က ထည့်သွင်းစဉ်း စားပေးသင့်တယ်လို့ စာဖတ်သူ မထင်မိဘူးလား။

ဒါက ဖြိုဖျက်ရေး ဘူဒိုဇာကိုမောင်းရင်းနဲ့ ချက်ချင်းစဉ်းစားရမဲ့အချက်ပါ။ တကယ်က ဒီလောက်နဲ့ မပြီး သေး။ ဒီလူတွေက ဘာကြောင့် ဒီမှာကျုးကျော်ဆိုင်ဖွင့်ပြီး လာရောင်းနေကြတာလဲ။ အယင်က ဒီလူ တွေ ဘာအလုပ်လုပ်ပြီး ထမင်းစားကြသလဲ၊ သူတို့အတွက် ဘယ်လိုလုပ်ငန်းသစ်တွေ ဖန်တီးပေးရင် ကောင်းမလဲဆိုတာတွေကိုပါ ဖြိုဖျက်ရေး သို့မဟုတ် တည်ဆောက်ရေး ဘူဒိုဇာမောင်းခွင့်ရှိသူ အစိုးရ မင်းတွေက အသေချာထည့်သွင်းစဉ်းစားသင့်တယ်လို့ထင်ပါတယ်။

ထပ်ဖြည့်ပြောရရင် ''ဘိန်းမစိုက်ရ'' လို့ အမိန့်ထုတ်ရုံနဲကိစ္စကမပြီး။ ဘိန်းမစိုက်ရင် အဲဒီလူတွေ ဘာနဲ့ ထမင်းစားမလဲ၊ သူတို့အတွက် ဘိန်းမစိုက်ပဲ ထမင်းစားလို့ရတဲ့ တခြားအလုပ်တခုခု ဖန်တီးပေးဖို့လိုပါ တယ်။ ''တပ်မြေ မကျုးကျော်ရ'' လို့ဆိုင်းဘုတ်ထောင်လိုက်ရုံနဲ့ကိစ္စကမပြီး။ ကျုးကျော်လာသူတွေဟာ ဘာကြောင့်ကျုးကျော်လာသလဲ။ နဂိုမြေပိုင်ရှင်က ဘယ်သူလဲ။ စသဖြင့် ရှေ့နောက်-အလုံးစုံကို ထည့် သွင်းစဉ်းစားဖို့ ပြည်သူ့အစိုးရတွေမှာ တာဝန်ရှိပါတယ်။

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နဲ့ အုပ်ချုပ်လာတာနှစ်ပေါင်း ၅၀ ခန့်ရှိလာပြီဆိုတော့ ''ရေဗူး ပေါက်တာ  မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်''  ဆိုတဲ့ အမိန့်ပေးစနစ်အတိုင်း အုပ်ချုပ်သူတွေဖက် မှာ ခေါက်ရိုးကျိုးနေတာလဲဖြစ်နိုင်ပါတယ်။ အဲဒီကျိုးနေတဲ့ခေါက်ရိုးတွေကို ဒီနေ့ ပြုပြင်ပြောင်းလဲရေး ကာလမှာ ပြန်ပြင်ဖို့၊ အနဲဆုံးတော့ ပြန်လည်သုံးသပ်ဖို့လိုနေပြီဖြစ်ပါတယ်။ နိုင်ငံရေးအရ စစ်အုပ်ချုပ် ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီပြောင်းနေပါပြီလို့ နေ့စဉ်အော်နေပြီး လက်တွေမှာတော့ စစ်တပ်အုပ်ချုပ်ရေးပုံစံအတိုင်း အမိန့်ပေးစနစ်နဲ့ဆက်သွားနေလို့ ဘယ်သင့်တော်ပါ့မလဲ။

တကယ်တော့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆိုတာ ''ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင် တယ်''  ဆိုတဲ့ အမိန့်ပေးစနစ်ကနေ ဘာကြောင့်ရေဗူးပေါက်တာလဲ။ ရေဗူးမပေါက်အောင် ဘယ်လို လုပ်မလဲ။ ရေဗူးပေါက်နေသူ ရေသယ်နိုင်အောင် ဘယ်လိုစီမံခန့်ခွဲပေးမလဲဆိုတာကိုပါ ထည့်သွင်းစဉ်း စားဖို့။ တနည်းအားဖြင့်ပြောမယ်ဆိုရင် အမိန့်ပေးခိုင်းစေတဲ့ ဗိုလ်ချုပ်ဖက်ကအမြင်အပြင် အမိန့်ပေးခိုင်း စေခံရတဲ့ တပ်သားတွေ၊ အများပြည်သူတွေဖက်က အခြေနေတွေကိုပါ ထည့်သွင်းစဉ်းစားပေးတဲ့ အုပ် ချုပ်ရေးစနစ်မျိုးပဲ မဟုတ်ပါလား။   ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More