Thursday, September 19, 2013

ဆူပူမူဖြစ်ပွားခဲ့သည့် ကော့သောင်းထောင်မှ အကျဥ်းသားများကို ပြောင်းရွှေ့


၊Dawei Watch၊ ကော့သောင်း ၊ စက်တင်ဘာ ၁၈

ပြီးခဲ့သည့် ရက်ပိုင်းက ဆူပူမှု ဖြစ်ခဲ့သည့် ကော့သောင်းအကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပြည်ဖြိုးထွန်း ၅ သံခွံသင်္ဘောဖြင့် သယ်ယူ ပြောင်းရွှေ့သွားကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အကျဉ်းသား မိသားစု ၀င်များထံမှ သိရသည်။ 

 (ဓာတ်ပုံများအားလုံး စိုးလွင်)

ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသားများကို စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ယုဇနဆီအုန်း ကုမ္ပဏီမှ ကားကြီး ၂ စီး၊ မှန်လုံကားတစ်စီးတို့ဖြင့် ကော့သောင်းမြို့ ရွှေပြည်သာ မြို့ပတ်လမ်းမှ တော်ဝင်သင်္ဘောဆိပ်သို့ ပို့ဆောင်လာကြောင်း၊ ပြောင်းရွှေ့ခံရသည့် အကျဉ်းသား ၂၀၀ ကျော်ခန့် ရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ပြောင်းရွှေ့သည့် အကျဉ်းသားများကို မိသားစုများနှင့် လုံးဝ တွေ့ဆုံစကားပြောခွင့်၊ စားစရာများကိုလည်း ပေးခွင့်မရကြောင်း ၊ အကျဉ်းသားများအား ခြေချင်းများ ၂ ယောက်တစ်တွဲ ခတ်ထားပြီး ပစ္စည်းတင်သည့် ကရိန်းဖြင့် ၄ ယောက် တစ်တွဲ ပြည့်ဖြိုးထွန်း ၅ သင်္ဘောပေါ်ဆွဲတင်နေကြောင်း ဒေသခံများနှင့် အကျဉ်းသားမိသားစုများထံမှ သိရသည်။ 



" ည ၇ နာရီလောက်မှာ သင်္ဘော ထွက်သွားတယ်။ ဘယ်ကို ပြောင်းမယ်ဆိုတာ မပြောဘူး" ဟု ကော့သောင်းမြို့ခံ ဦးမျိုးလွင်က ပြောသည်။ 

အဆိုပါ အကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကော့သောင်းခရိုင် အုပ်ချူပ်ရေးမှူး ကို ဆက်သွယ်မေးမြန်းရာ သိချိန်တန်သည့်အခါ သိရမည်ဟု သာ ပြန်လည်ဖြေကြားခဲ့သည်။ 


"သေချာမသိသေးဘူး။ အစီရင်ခံစာ တက်မလာသေးလို့ပါ" ဟု တနင်္သာရီတိုင်းဒေသကြီး အတွင်းရေး မှူး ဦးတင်သိန်းက ဆိုသည်။ 

တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ ဆက်သွယ်မေးမြန်းရာ လုပ်စရာရှိသေးသည့်အတွက် နောက်မှ ပြောပြမည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ 

အကျဉ်းသားများကို တင်ဆောင်သည့် သင်္ဘောသည် မော်လမြိုင်မြို့သို့ ထွက်ခွာမည်ဟု အကျဉ်းသား မိသားစုဝင်များက ပြောပြီး ပြည့်ဖြိုးထွန်း သဘောင်္ ပိုင်ရှင် မိသားစုဝင်များနှင့် နီးစပ်သူများကမူ ရန်ကုန်အထိ ငှားထားသည်ဟု ပြောကြောင်း ဒေသခံများ ပြောသည်။ 


စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကော့သောင်း အကျဉ်းထောင် ဆူပူသည်ဟုဆိုကာ ခြောက်လှန့်ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ရာ ဒဏ်ရာရသူများအနက် စက်တင်ဘာလ ၁၇ ရက်နေ့က မြိတ်ဆေးရုံကြီးတွင် တစ်ယောက် ထပ်မံ သေဆုံးခဲ့သည်။

လက်ရှိတွင် အထက်ပါ အကျဉ်းထောင်ဆူမှုနှင် ပတ်သက်၍ ခုံရုံးဖွဲ့စစ်ဆေးနေပြီး အသေးစိတ်အချက်အလက်များကိုမူ မသိရသေးကြောင့် သက်ဆိုင်ရာ တိုင်းအစိုးရ တာဝန်ရှိသူများက သတင်းမီဒီယာများကို ဖြေကြားထားသည်။

ကော့သောင်းတွင် ဆူပူမှုကြောင့် ပစ်ခတ်ခဲ့သည်ဟု အစိုးရက ပြောဆိုသော်လည်း အကျဉ်းသားမိသားစုများနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) တိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းကမူ အကျဉ်းသားများ ထောင် အတွင်း ရသင့်သည့် အခွင့်အရေးမရခြင်း၊ ထောင်အာဏာပိုင်များ၏ နှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းသားများ ဆန္ဒပြခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More