Monday, September 9, 2013

လယ်သိမ်းခံ ထားဝယ် လယ်သမားများ သူရ ဦးရွှေမန်းကို ကြိုမည့် အစီအစဉ် ရဲတပ်ဖွဲ့ တားမြစ်


|Dawei Watch| ထားဝယ်၊ စက်တင်ဘာ ၉ 

ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၏ သြဂုတ်လ ၉ ရက်နေ့ ထားဝယ်ခရီးစဉ်တွင် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် ထားဝယ် လယ်သမားများ၏ ကြိုဆိုမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က တားဆီးခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း လယ်သမားများထံမှ သိရသည်။ 

ထားဝယ်မြို့တော် ခန်းမမှ ရေနက်ဆိပ်ကမ်းသို့ သွားရာ လမ်းဖြစ်သော ကမြောကင်းလမ်း တစ်နေရာတွင် စာတန်းကိုင်ကာ ကြိုဆိုရန် စောင့်ဆိုင်းနေသည့် လယ်သမားများကို သြဂုတ် လ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် သူရဦးရွှေမန်း၏ ယာဉ်တန်း လာနေစဉ် ဟန့်တားခံခဲ့ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောသည်။ 

“ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းအား ကြိုဆိုပါ၏” စာတန်းနှင့် ယင်းစာတန်း၏ အောက်တွင် “လယ်ယာမြေများ မတရား သိမ်းဆည်းခံထားရသည့် ထားဝယ်မြို့ကမှ လယ်သမားများ” ဟူသည့် စာကြောင်း နှစ်ကြောင်းပါရှိသည့် ဗီနိုင်းကို ကိုင်ဆောင်ပြီး ကြိုဆိုရန် ကြိုးစားခဲ့ကြောင်း၊ သူရဦးရွှေမန်း၏ ယာဉ်တန်းရောက်လာချိန်တွင် ဗီနှိုင်းကို ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လုယူခဲ့ကြောင်း ၎င်းတို့က ရှင်းပြသည်။ 

ထို့အပြင် ပေးစာတစ်စောင်ကိုလည်း ပေးရန် စီစဉ်ထားသည်ဟု လယ်သမားများက ပြောသည်။
“သူရ ဦးရွှေမန်း ယာဉ်တန်းလာတော့ လမ်းမှာ သွားနေတဲ့ ကားနှစ်စီးကို ကျွန်တော်တို့ ရှေ့မှာ ပိတ်ရပ်ခိုင်းလိုက်တယ်” ဟု သူရ ဦးရွှေမန်းကို ကြိုဆိုရန် ကြိုးစားရာတွင် ပါဝင်သည့် ဦးထွန်းထွန်းဝင်းက ပြောသည်။ 

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ငြိမ်ငြိမ် ထိုင်ပြီး ကြိုဆိုရန်နှင့် မည့်သည့် စာရွက်စာတမ်းမှ ကိုင်ဆောင်ခြင်းမပြုရန် ပြောခဲ့ကြောင်း ဦးထွန်းထွန်းဝင်းက ပြောသည်။ 

မိမိတို့ ကြုံနေရသည့် လယ်ယာမြေပြဿနာများကို လွှတ်တော် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့က လာရောက်စစ်ဆေးခဲ့ဖူးသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိသည့်အတွက် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းအား အားကိုးတစ်ကြီးဖြင့် ကြိုဆိုရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်သမားများ ကွန်ရက်မှ တနင်္သာရီတိုင်း လယ်သမား ကိုယ်စားလှယ် ဦးမောင်အေးက ပြောသည်။ 

သူရ ဦးရွှေမန်းကို ကြိုဆိုရန် လယ်ယာမြေ သိမ်းဆည်းခံထားရသည့် လယ်သမား ၃၀ ကျော်က ကမြောကင်းလမ်းမပေါ်တွင် မနက် ၉ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း လယ်ယာမြေအငြင်းပွားမှုကြောင့် ပြီးခဲ့သည့် လက ထောင် တစ်လ ပြစ်ဒဏ်ကျခံရသည့် ဦးစံလင်း၏ သမီး ဒေါ်ရွှေဇင်ယုက ပြောသည်။ 

အထက်ပါ စာတန်းပါ ဗီနိုင်းပြားကိုင်ပြီး ကြိုဆိုရန် ကြိုးပမ်းခဲ့သည့် လယ်သမားများကို လုံခြံရေး ရဲတပ်ဖွဲ့ဝင် ၇ ဦးခန့်က တားမြစ်ခဲ့ကြောင်း လယ်သမားများက ပြောသည်။ 

သူရဦးရွှေမန်းသည် စက်တင်ဘာ ၉ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိခဲ့ပြီး ၁၀ ရက်နေ့တွင် မြိတ်နှင့် ကော့သောင်းမြို့များကိုလည်း သွားရောက်မည်ဖြစ်သည်။
Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More