Wednesday, February 7, 2024

“မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ တပ်စခန်းအား...


“မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို AA က သိမ်းပိုက်၊ ရဲတပ်ရင်း အမှတ် (၃၁) တခုသာကျန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၈- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မင်းပြား၊ ကျောက်တော်နဲ့ မြောက်ဦးမြို့ (၃) မြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို ဖေဖေါ်ဝါရီ ၇ ရက်မှာ AA က အပြီးသိမ်းပိုက်လိုက်ပြီး မြောက်ဦးရှိ ရဲတပ်ရင်း အမှတ် (၃၁) တခုပဲ သိမ်းဖို့ကျန်တော့တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၄) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

စစ်ဆင်ရေး (၁၀၄) ရက်တာကာလအတွင်း ဖေဖေါ်ဝါရီ ၇ ရက်ဟာ ရက္ခိုင်ဒေသမှာ ထိုးစစ်/ ခံစစ်အပြင်းထန်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့တယ်၊ အထူးသဖြင့် ရေကြောင်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီရေတပ် အထိနာတဲ့ နေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

သိမ်းပိုက်တပ်ရင်းတွေကို အမည်ဖေါ်ပြမထားပေမယ့် အရင် ဖေဖေါ်ဝါရီ ၆ ရက်က မင်းပြားရှိ တပ်ရင်း ၃ ခုစလုံးကို သိမ်းပြီးချိန်မှာ နောက်ထပ်သိမ်းဖို့ ကျောက်တော်နဲ့ မြောက်ဦးမှာ တရင်းစီပဲကျန်ပါတယ်။ 

အခုဆိုရင် စကခ (၉)  လက်အောက်ခံ တပ်ရင်း ၁၀ ရင်းစလုံးကို AA က သိမ်းပြီးသွားတဲ့သဘော၊ တနည်းအားဖြင့် မင်းပြား၊ ကျောက်တော်၊ မြောက်ဦး ၃ မြို့ကို AA က ထိန်းချုပ်ထားလိုက်တဲ့သဘောဖြစ်ပါတယ်။ ဒီ့အရင် သိမ်းထားတဲ့ မြို့တွေကတော့ ပလက်ဝနဲ့ ပေါက်တောဖြစ်ပါတယ်။

ဒါ့အပြင်...

- တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းတွေနဲ့  ARA၊ RSO စခန်းတို့က သိမ်းမိတဲ့ လက်နက်ခဲယမ်း ဓာတ်ပုံမှတ်တမ်းတွေကို AA ထုတ်ပြန်...

- ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်း ခလရ(၇၃) တပ်ရင်းကို KNLA နှင့် PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ဆက်လုပ်နေ...

- စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ SNA (ရှမ်းနီပြည်သူ့စစ်) တပ်က တပ်စိတ်မှူးအဆင့် ရဲဘော်တစ်ဦး လက်နက်နှင့်အတူ PDF ထံ အလင်းဝင်လာ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကြောင်းအားလုံး နေပြည်တော်သို့ ပထမ၊ ကျန်တာ ဒုတိယ ထားသင့်ပါတယ်”


“စစ်ကြောင်းအားလုံး နေပြည်တော်သို့ ပထမ၊ ကျန်တာ ဒုတိယ ထားသင့်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၇- ၂- ၂၀၂၄)

“စစ်အာဏာရှင်ပြုတ်ကျအောင် အရင်မတိုက်ပဲ လွတ်မြောက်ဒေသတခုချင်းစီအလိုက် အာဏာကိစ္စတွေကို ဦးစားပေးလာရင် နွေဦးတော်လှန်ရေးအားနည်းသွားနိုင်တယ်။ ဒါကြောင့် စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့ ဆောင်ပုဒ်ကို ပထမ ဦးစားပေးထားပြီး ကျန်တဲ့ကိစ္စတွေကို ဒုတိယနေရာမှာသာ ထားသင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ညီနောင် ၃ ဖွဲ့က သူ့ဒေသအတွင်း စစ်ကောင်စီကင်းစင်အောင် အရင်လုပ်ပြီးမှ အုပ်ချုပ်ရေး-နိုင်ငံရေးကိစ္စတွေကိုပြောပေမယ့် အချို့ဒေသတွေမှာတာ့ စစ်ကောင်စီ ကင်းစင်အောင် မလုပ်နိုင်သေးခင် ဒေသဆိုင်ရာ အစိုးရအသစ်ဖွဲ့တာ၊ အုပ်ချုပ်ရေး-နိုင်ငံရေးဖက် ဦးစားပေးပြောလာတာတွေကြောင့် အချင်းချင်း ပွတ်တိုက်မှုဖြစ်လာနေတာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကရင်နဲ့ ရှမ်း ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေကြား နားလည်မှုပြန်ရခြင်းက နွေဦးတော်လှန်ရေးအတွက် ဘယ်လိုအရေးပါသလဲ...

-  ညီနောင် ၃ ဖွဲ့တိုက်သလို စစ်ကောင်စီ ကင်းစင်အောင် အရင်လုပ်ပြီးမှ အာဏာကိစ္စပြောသင့်သလား... တိုက်နေရင်းနဲ့ တပြိုင်တည်းလုပ်သင့်သလား...

- စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့ မူကို ဘာကြောင့် ပထမ ဦးစားပေး ထားသင့်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေေးနွးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, February 6, 2024

“မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် တောင်ပြို ...


“မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် တောင်ပြို (လက်ဝဲ) စခန်းတို့ကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် “ခမရ (၃၇၉)၊ (၅၄၁) တပ်ရင်း ၂ ရင်းနှင့် ဘင်္ဂလာဒေ့ရှ် နယ်စပ်ရှိ တောင်ပြို (လက်ဝဲ) စခန်းတို့ကို AA  ရခိုင့်တပ်တော်က ဖေဖေါ်ဝါရီ ၆ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၃) ရက်မြောက်ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မင်းပြားရှိ တပ်ရင်း ၃ ခုထဲက ခမရ ၃၈၀ ကို ပြီးခဲ့တဲ့သီတင်းပတ်က သိမ်းထားပြီးသားမို့ မင်းပြားရှိ တပ်ရင်း ၃ ခုစလုံးကို AA က သိမ်းပိုက်လိုက်ပြီ၊ တနည်းအားဖြင့် မင်းပြားမြို့ကို AA က ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့သဘောဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ဖေဖေါ်ဝါရီ ၆ မှာ သိမ်းလိုက်ပြီ၊ တောင်ပြို (လက်ယာ)စခန်းကို သိမ်းပြီးနောက်တရက်မှာ တောင်ပြို (လက်ဝဲ) ကိုပါ သိမ်းလိုက်တာဖြစ်ပါတယ်။ 

နယ်စပ်ရဲစခန်းတွေ ကျသွားတဲ့အတွက် ဘင်္ဂလာ‌‌ဒေ့ရှ်နယ်စပ်ဖက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကလည်း ၂၀၀ ကျော်သွားပြီလို့ ကြေညာချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ရှိ လက်ကျန်တပ်ရင်းတွေကို အပြီးသိမ်းပိုက်နိုင်ရေး AA က ဆက်လုပ်နေပါတယ်။ ဒါ့အပြင် ရမ်းဗြဲ၊ အမ်းနှင့် မြေပုံမြို့နယ်မျာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။     

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ဖက်၊ ရဲဖက်နှင့် အုပ်ချုပ်ရေးဖက်ဆိုင်ရာ တပ်ဖွဲ့ဝင်အများအပြား AA ထံလက်နက်ချမှု တနေ့တခြားပိုများလာနေတယ်လို့လည်း ၁၀၂၇ စစ်ဆင်ရေး ၁၀၃ ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- NUG က အုပ်ချုပ်ရေးချထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ကို စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်တွေနဲ့ ထိုးစစ်ဆင်နေ...

- မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်...

- ထားဝယ်မြို့နယ်၊ မယ်ဝေးတောင်ပေါ်ရှိ စစ်တပ်စခန်းကို ဒေသခံ PDF အဖွဲ့တခုဖြစ်တဲ့ Ba Htoo Army – BHA က ဝင်ရောက်တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နွေဦးတော်လှန်ရေးဘက် တိမ...


“ကရင်ရဲ့ထူးခြားမှူတင် မကဘူး၊ တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နွေဦးတော်လှန်ရေးဘက် တိမ်းညွတ်မှုဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၆- ၂- ၂၀၂၄)

“ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချစ်သူက -မြန်မာစစ်တပ်ဆီက အထောက်အပံံ့မယူတော့ပဲ သီးခြားရပ်တည်မယ်၊ ကရင်အချင်းချင်းမတိုက်ချင်ဘူး- လို့ ပြောလိုက်တဲ့အချက်ဟာ ကရင်ရဲ့ထူးခြားမှုတင်မကပဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နွေဦးတော်ရေးဘက် တိမ်းညွတ်မှုဖြစ်တယ်၊ စစ်ကောင်စီအပေါ် အယုံအကြည်မရှိတော့တဲ့ သဘောဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

NCA လမ်းကြောင်းအတိုင်းသွားနေတဲ့ PNLO က စစ်ကောင်စီကို ပြန်တိုက်တာ၊ ကရင်နယ်ခြားစောင့်အဖွဲ့က စစ်ကောင်စီသြဇာခံ မလုပ်တော့ဘူးလို့ပြောလာတာ...စသဖြင့် ၂၀၂၄ ရဲ့ ပထမ လအတွင်း ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- စစ်ကောင်စီ ၆ လ သက်တန်းတိုးတာ ဘာထူးလဲ...

- PNLO အဖွဲ့ နွေဦးတော်လှန်ရေးထဲပါလာခြင်းနှင့် သမိုင်းကြောင်းနောက်ခံများ...

- ကရင်နယ်ခြားစောင့်တပ်က စစ်ကောင်စီသြဇာခံမလုပ်တော့ဘူးလို့ကြေညာခြင်းရဲ့ အကျိုးဆက်က ဘယ်အထိသွားနိုင်သလဲ...

...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီပြုတ်ကျပြီးမှ နိုင်ငံသစ်အကြောင်းပြောသင့်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, February 5, 2024

“မြောက်ဦး ခမရ (၃၇၈) ကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”


“မြောက်ဦး ခမရ (၃၇၈) ကို AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၂- ၂၀၂၄)

ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် “ခမရ (၃၇၈) တပ်ရင်း” တစ်ခုလုံးကို AA ရခိုင့်တပ်တော်က ဖေဖော်ဝါရီလ (၅) ရက်) မနက် (၉) နာရီ (၃၀) မိနစ်မှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်လိုက်ပြီလို့ ၁၀၂၇ စစ်ဆင်ရေး (၁၀၂) ရက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မင်းပြား၊ ကျောက်တော်နှင့် မြောက်ဦးရှိ စစ်ကောင်စီစခန်းတွေကို အပြတ်ချေမှုန်းရေးအတွက် AA က စစ်ရှိန်မြှင့်နေတယ်လို့ နေ့စဉ်ကြေညာပြီးတဲ့နောက် အခုလို စခန်းတခု ထပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြားရှိ တပ်ရင်းတခုစီကို AA က သိမ်းပိုက်ခဲ့ပြီးဖြစ်ပါတယ်။

ဒ့ါအပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်ရှိ တောင်ပြို (လက်ယာ) စခန်းကို ဖေဖေါ်ဝါရီ ၄ မှာသိမ်းပြီးတဲ့နောက် အခု တောင်ပြို (လက်ဝဲ) စခန်းကို သိမ်းပိုကရေး ဆက်လုပ်နေတယ်လို့ AA က ပြောပါတယ်။ စခန်းကျလို့ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးတဲ့ စစ်သားနဲ့ရဲသား ပိုများလာနေတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- TNLA က သိမ်းပိုက်ထားတဲ့ မန်တုံရှိ ခမရ ၁၃၀ စစ်တပ်ကုန်းကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးနဲ့အတူ  NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး လိုက်ပါကြည့်ရှုစစ်ဆေး...

- ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ KIA နဲ့, PDF ပူးပေါင်းတပ်က သိမ်းပိုက်လိုက်တဲ့ နန့်တိန်းစခန်းပုံတွေကို သတင်းထုတ်ပြန်...

- ကချင်- စစ်ကိုင်း အစပ်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေဟုဆို...

- ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, February 4, 2024

“တောင်ပြို (လက်ယာ) နယ်ခြားစောင့်ရဲစခန်းကို AA သိမ်းပိုက်၊ သံတောင်ကြီးက တ...


“တောင်ပြို (လက်ယာ) နယ်ခြားစောင့်ရဲစခန်းကို AA သိမ်းပိုက်၊ သံတောင်ကြီးက တပ်စခန်းတခု KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၂- ၂၀၂၄)

ဘင်္ဂလာဒေ့ရှ်- ရက္ခိုင်နယ်စပ်၊ မောင်တောမြို့နယ်ရှိ တောင်ပြို (လက်ယာ) နယ်ခြားစောင့်ရဲစခန်းကို AA ရခိုင့်တပ်တော်က ဖေဖေါ်ဝါရီ ၄ ရက်၊ ညနေ ၆ နာရီနာမှာ သိမ်းပိုက်လိုက်တယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး (၁၀၁) ရက်မြောက်နေ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

တောင်ပြို (လက်ဝဲ-လက်ယာ) စခန်း နှစ်ခုစလုံးကို AA က တပြိုင်တည်း ထိုးစစ်ဆင်တာဖြစ်ပြီး ညနေ ၆ နာရီမှာ တောင်ပြို (လက်ယာ) စခန်းကိုရတယ်၊ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဒီစခန်းသိမ်းပွဲကနေ စစ်ကောင်စီတပ်သား အလောင်းတွေနဲ့ အတူ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိပြီး AA ဖက်ကလည်း  အာရက္ခစစ်သည်အချို့ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒီလို စခန်းသိမ်းနေစဉ် နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၆၀) နီးပါးဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးသွားတယ်လို့ AA က ပြောပါတယ်။ ၄ ရက်နေ့ထုတ် ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာလည်း ထွက်ပြေးလာတဲ့ စစ်သား၊ ရဲသားတွေကို ဓာတ်ပုံနဲ့တကွက် ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- “ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသောဆန္ဒကို လျစ်လျူရှုသွားမည်မဟုတ်ဘဲ တစ်သွေးတည်းတစ်သားတည်း ရပ်တည်လျက်ရှိပါသည်” လို့ ညီနောင် ၃ ဖွဲ့က ပြော...

- ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန် စခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...

- ရွှေပြည်အေးတိုက်ပွဲကနေ ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်နဲ့  SNA ရှမ်းနီပြည်သူ့စစ် ဆုတ်လမ်းကို ဆက်ရှင်းတဲ့အခါ အလောင်း ၁၅ လောင်းထပ်တွေ့...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More