“ဟိတာ - ဆောင်နာနှင့် ဥရောပမဲဇာရဲ့ အနားယူခြင်း အနုပညာ”
(၆ စက်တင်ဘာ ၂၀၂၆)
(၁) - Weekend မှာ ဟိတာ- Hytte သွားကြမလား...
ပြီးခဲ့တဲ့သီတင်းပတ်က
သူငယ်ချင်းတယောက် မွေးနေ့ပွဲဖိတ်လို့ အော်စလိုနဲ့ ၃ နာရီနီးပါး ကားမောင်းရတဲ့ အော်စလို-ဘာဂင် လမ်းပေါ်က ဟီတာ (နော်ဝေ- Hytte၊ အင်္ဂလိပ် Lodge) တခုဆီ တညအိပ် ခရီးသွားဖြစ်ပါတယ်။
နော်ဝေမိတ်ဆွေအတော်များများ စနေ-တနင်္ဂနွေမှာ တောင်ပေါ်တက်ပြီး ဟိတာ သွားကြတယ်၊ ဟိတာမှာ သွားအနားယူကြတယ်ဆိုတာ မကြာခနကြားဖူးပေမယ့် တခါမှ မသွားဖူးဘူး။
ဒီလောက်တောခေါင်တဲ့နိုင်ငံရောက်နေမှ တောထဲထပ်သွားဖို့လိုသေးလို့လား... ဘာသွားလုပ်ရမှာလဲ...။ ပြီးတော့ ကိုယ်တွေက ထိုင်း-မြန်မာနယ်စပ် တောထဲမှာ ဆယ်နှစ် ဆယ်မိုးနေလာသူတွေဆိုတော့ ဒီတောကို အတော်စိတ်ကုန်နေပြီလေ...
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေအတွင်း နေမဝင်ညကို ကြည့်နိုင်ဖို့အတွက် နော်ဝေမြောက်ပိုင်းအငူ North cape နဲ့ Lofoten ကျွန်းစုတွေဆီသွားလည်ရင်း လမ်းခရီးမှာ ဟိတာ ဆိုတာတွေမှာ တည်းခဲ့ဖူးပါတယ်။
ဆိုတော့ ဟိတာ ဆိုတာ ဒီလို တဲငယ်လေးတွေ၊ ယာယီအိမ်လေးတွေ... ဒီလိုပဲ ထင်ထားတာပါ။
ဟော... အခုရောက်လာတော့ တကယ့်ဧရာမ ဟိတာကြီးတွေ၊ အချို့ဆို အစည်းဝေးခန်းပါ ပါလားမသိဘူး။ အဆောင်တွေကလည်း အမျိုးမျိုး... ခေတ်မီမော်ဒယ် ဟိတာတွေရှိသလို ရှေးဒီဇိုင်းနဲ့ ခေါင်မိုးပေါ်မြက်ပေါက်နေတဲ့ ဟီတာတွေကလည်း အများကြီး...
နေပြည်တော်အခေါ်တိုင်းဆိုရင်တော့ ဟိတာ တွေအများကြီးကို တောင်ပေါ်တနေရာတည်းမှာ စုပြီးလာဆောက်ထားတယ်ဆိုတော့ -ဟိတာဇုန် ပေါ့...။
မြိုံပြနဲ့ဝေးရာ တောတောင်တွေထဲမှာ၊ တောင်ပေါ်ရေကန်တွေဝန်းကျင်မှာ ဟိတာ ရပ်ကွက် လာတည်ထားတယ်ပြောရမလားပဲ... ဟိတာတွေ ဒါဇင်နဲ့ချီ (ရာနဲ့ချီရှိမလားပဲ) တွေ့ရပါတယ်။ ဒါပေမယ့် ရပ်ကွက်ထဲကလို တအိမ်နဲ့တအိမ် နီးနီးကပ်ကပ်မဟုတ် ... ခမ်းလှမ်းလှမ်း... ကုန်းထိပ်လေးတွေမှာ ဆောက်ပေးထားတာ သိပ်လှပါတယ်။
ကျနော်တို့တည်းတဲ့အဆောင်ဆိုရင် (တကယ်ကတော့ ခေတ်မီအိမ်အကောင်းစားတလုံးပါပဲ) ၂ ထပ်အဆောင်လေး၊ ၂ ယောက်အိပ် ၄ ခန်း၊ တယောက်အိပ် ၂ ခန်း... လူ ၁၀ ယောက် တဒါဇင်လောက် တည်းနိုင်တဲ့နေရာပေါ့...
မီးဖိုဆောင်၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း အစုံပါတယ်၊ အားလုံးသစ်သားတွေနဲ့ လုပ်ထားတာ... ဧည့်ခန်းအတွက် တြိဂံပုံ မှန်ကာပြီး နေရောင်ကိုယူထားတဲ့ပုံက သိပ်မိုက်တယ်၊ ဒီအရပ်မှာက ဆောင်းတွင်းဆို နေထွက်ချိန်ကနည်းတော့ နေရောင်ကို မရ ရအောင် ဖမ်းယူတဲ့နည်းက ပညာပါတယ်။
အရင်ခေတ်ကတော့ လျှပ်စစ်မီးမပါ- ထင်းမီးဖိုသာပါ၊ ရေလောင်းအိမ်သာမပါ သဘာ၀ ချုံးပီးသာပါ၊ အင်တာနက်ဆိုတာ ဝေလာဝေးပေါ့...။
ဒါပေမယ့် အခုကတော့ ရေမီးအစုံ လေထီးခုန်ပေါ့။
ဟိုတယ်လို ဝန်ဆောင်မှုမပါတာကလွဲရင် ဟိုတယ်မှာတည်းရသလိုပါပဲ...။
---
(၂) - တောထဲသွားပြီး အနားယူဖို့၊ Gym သွားဖို့ ဘာကြောင့် လိုအပ်သလဲ...
ကဲ ဟိတာ အကြောင်းပြောရင်းနဲ့ အတော်မောသွားပြီ...။ တကယ့်လက်တွေ့မှာလည်း ကား ၃ နာရီလောက်မောင်းရပြီး တောင်ပေါ်အကွေ့အကောက်တွေ တက်ရတယ်ဆိုတော့ တကယ်မောပါတယ်။
အဲလိုမောမှ အနားယူချင်စိတ်ပေါ်လာမှာပေါ့...
ဘယ်လိုအနားယူကြမလဲ...
“အူးလေးကလည်း သတင်းလေးဖတ်လိုက်၊ အင်တာဗျုးလေးလုပ်လိုက်၊ ဘာမှလည်း မပင်ပန်းပဲနဲ့ တကူးတကာ့ အနားယူစရာလိုသေးလို့လား”... ဒီလို မေးချင်နေပြီ မို့လား...
အဲဒါ ခက်တာပေါ့... သတင်း ၅ မိနစ်၊ အင်တာဗျုး ၁၅ မိနစ်စာရဖို့ ဘယ်လောက်အချိန်ပေးရသလဲ...။ ကာယလှုပ်ရှားနည်းပေမယ့် (တကယ်က စက်ဘီးစီးခြင်းကို နေ့စဉ်နီးပါးလုပ်နေတာ) ခေါင်းစားတယ်လေ...
ဆိုတော့ သူများတွေလို အနားယူဖို့ လိုတာပေါ့... အခုက မြန်မာပြည်မှာမဟုတ်ဘူးလေ... ဥရောပမဲဇာက နော်ဝေသားတွေ တောထဲသွား- ဟိတာသွားပြီး အနားယူပုံအကြောင်း လေ့လာနေတာလေ...
မြန်မာတွေက တခါတလေ စကားလုံးနောက်လိုက်ပြီး အဓိပါယ်ကောက်လွဲကြတာရှိတယ်။ ... ဥပမာ အားကစားဆိုတာ အားမှ ကစားရတယ်ဆိုတာမျိုး...
ဒီမှာက Gym သွားတယ်ဆိုတာ လူတိုင်းလုပ်ရတဲ့အလုပ်၊ အနည်းဆုံးတော့ တရက်ကို မိနစ် ၃၀ လမ်းလျောက်ကြရပါတယ်။
အသက်ကြီးတဲ့အထိ မြန်မာ့စတိုင်အတိုင်း နေနေဆဲဖြစ်တဲ့ အူးလေးတယောက်ပြောတဲ့ ဟာသ- တခုကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ မြန်မာအများစုလို ဆီးချို- သွေးတိုးရှိနေလို့ထင်ပါရဲ့ ... “စာပို့လုလင်တဦး ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က စာပို့လုလင်မှန်းမသိပဲ... လမ်းများများလျောက်ဖို့ အကြံပေး” သတဲ့...။
ဆိုလိုတာက အလုပ်ထဲမှာ လမ်းလျောက်နေရသူဟာ တကူးတကာ့ လမ်းလျောက်နေစရာမလိုဘူး၊ Gym သွားစရာမလိုဘူးဆိုပြီး... အဲဒီ အူးလေးရဲ့ စိတ်ထဲမှာ မြန်မာဆန်ဆန် အဲလိုစွဲနေတာဖြစ်မယ်။
တကယ်က အဲလို မဟုတ်ဘူး။ ဒီမှာက ကွန်ပြူတာစားပွဲရှေ့ထိုင်သူရော... သန့်ရှင်းရေးလုပ်တဲ့သူရော... အကုန်လုံး တပတ်မှာ ၂ ရက်လောက် Gym သွားကြရပါတယ်။
အလုပ်ထဲမှာ တာဝန်အရလမ်းလျောက်တာနဲ့ ကျန်းမာရေးအရ လမ်းလျောက်တာ မတူဘူးလေ။ အလုပ်ထဲမှာ တာဝန်အရ ကိုယ်လက်လှုပ်ရှားတာနဲ့ ကျန်းမာရေးလိုအပ်ချက်အရ စနစ်တကျ ကိုယ်လက်လှုပ်ရှားတာ မတူဘူးလေ။... အဲဒါတွေ ပုံမှန်လုပ်သူနဲ့ မလုပ်သူကြား ကွာခြားချက်ကို အသက်ကြီးလာရင် ပိုသိသာလာပါလိမ့်မယ်။
---
(၃) - ဟိတာ - ဆောင်နာ - ကြာကူစီ ... တကယ်အမောပြေစေရမည်...
ကဲ... ကား ၃ နာရီလောက်မောင်းရလို့ မောရတဲ့အထဲ... အူးလေးစာကို ဖတ်ရတော့ ပိုတောင်မောသွားတယ်ဆိုပြီး ပြောမလို့လား...
အနားယူနည်းတွေ လာမယ်လေ...
တခွက်တဖလား ကိုင်မလား...။ ဒါက ကိုယ်ကျွမ်းကျင်ပြီးသားဆိုတော့ ပြသာနာမရှိဘူး၊ လာထားပေါ့။ ... အဲ ကာရာအိုကေ ဟဲ...မလား...။ အဲဒါက ဆိုနေကြမဟုတ်တော့ နည်းနည်း လေ့ကျင့်ရအူးမယ်...။ မွေးနေ့ရှင် အူးလေးနဲ့အဖွဲ့ကို မီဖို့ မနည်းလေ့လာကြိုးစားရအူမးယ်..
အဲဒါတွေ လုပ်ပြီးလို့ ရေချိန်ကိုက်ပြီဆိုရင် ရေချိုးခန်းဘေးမှာ ဆောင်နာ (sauna - ချွေးထုတ်ခန်း) ရှိတယ်လေ။ ခုနက ကိုယ်လက်လှုပ်ရှားရ ပျင်းသူတွေ၊ ဘာမှမလုပ်ပဲ ချွေးထွက်ချင်သူတွေလည်း အဲဒီအခန်းကိုသွား... ပိတ်နေတဲ့ ချွေးပေါက်တွေ အကုန်ပွင့်သွားစေရမယ်...
ဒါလည်း အရင်ခေတ်ကတော့ ထင်း သို့မဟုတ် မီးသွေးနဲ့အပူပေးရတာဖြစ်မှာပေါ့...။ အခုက အားလုံး လျှပ်စစ်နဲ့... အပူပေးထားတဲ့ ကျောက်မီသွေးပေါ် ရေဖြန်းပေးရုံ၊ အပူချိန်ကတော့ 70c, 80c လောက်ထားမလား... အချို့ဆို 60c လောက်နဲ့တောင် ချွေး တဒီးဒီးကျနေပြီ...
အဲဒီလိုချွေးကျပြီး ၁၅ မီနစ်လောက်ကြာရင် အပြင်ထွက် ရေခဲအိုင်ထဲသာ ခုန်ချလိုက်...။ ဒါက ဆောင်းတွင်းကိုပြောတာပါ၊ အခုက နွေရာသီဆိုတော့ ရေခဲတွေ-နှင်းတောတွေမရှိဘူး။ ရေခဲတုံးတွေ ထည့်ထားတဲ့ ဇလုံရှိရင်တော့ မဆိုးဘူး။
ရေခဲအိုင်ဆိုမှ... ဒီ ဟိတာတွေ၊ ဆောင်နာတွေက ဆောင်းတွင်း နှင်းလျောစီးသူတွေအတွက် အဓိကလုပ်ထားတာ၊ အခုချိန်မှာ ဈေးပေါပေါနဲ့ရပေမယ့် ဆောင်းတွင်းရောက်ရင် ဈေးကြီးတဲ့အပြင် လိုချင်တဲ့အချိန် ရဖို့မလွယ်ဘူး... ခွန်နော်ဝေးတွေ အတော်များများ ဒီမှာ နင်းလျောလာစီးကြတာလေ...
အခုလည်း ကိုယ်တွေသာ မွေးနေ့ပွဲလာလို့ စားလိုက်-သောက်လိုက်- ပွားလိုက်- သီချင်းဆိုလိုက်လုပ်နေတာ။... ဘေးနားက ဟိတာတွေမှာ တွေ့ရတဲ့ ခွန်နော်ဝေတွေက အုပ်စုလိုက်၊ မိသားစုအလိုက် တနေ့ကုန် တောတိုး- တောင်တက်လုပ်နေကြတာ။
အချို့ဆို တောတိုးဝတ်စုံအပြည့်၊ တောင်တက် ဖိနပ်အကောင်းစားတွေနဲ့ လမ်းသလားနေကြတာ၊ ရာသီအလိုက် ဝတ်စုံကောင်းဖို့၊ ဖိနပ်ကောင်းဖို့ကလည်း ဒီနိုင်ငံရဲ့ ကျန်းမာရေးစနစ်ထဲမှာ ပါတယ်လေ။
ကိုယ်တွေကတော့ မနက်စောစော ၁၅ မိနစ်လောက်ပဲ လမ်းလျောက်ပြီး ချွေးထွက်ဖို့အတွက်တော့ ဆောင်နာကိုပဲ အားကိုးရတာပေါ့။
အဲလို ချွေးထုတ်လိုက်- ရေခဲရိုက်လိုက်ဆိုရင် လူက တခါတည်း ပွင့်သွားတယ်။ ကွန်ပြူတာတွေ Reset လုပ်သလို... လူလည်း တခါတလေ Reset လုပ်ဖို့လိုတယ်မဟုတ်လား...
အဲလောက်အထိ မလုပ်ချင်ဘူးဆိုရင် ကြာကူစီ (Jacuzzi) ထဲသွားပြီး ရေနွေးစိမ်လို့ရတယ်။
အဲ... စာဖတ်ပိတ်သတ်တွေထဲ မြန်မာပြည်က ဘော်ဘော်တွေလည်း ပါနိုင်တယ်ဆိုတော့ မြန်မာပြည်မှာကော အူးလေးပြောနေတဲ့ ဟိတာ-ဆောင်နာ-ဘာညာ တွေရှိလား... မေးချင်နေကြပြီထင်တယ်။
ရှိတာပေါ့... ပုဂံက ဧရာဝတီမြစ်ဘေးရှိ ကိုလိုနီခေတ်လက်ကျန် ဟိုတယ်တခုမှာ မိုးတွင်းကာလဈေးချထားလို့ သွားတည်းမိတာ... အခု ရှေ့မှာပြောခဲ့တဲ့ အမိုးပေါ် မြက်ပေါက်နေတဲ့ ဟိတာရော၊ ဆောင်နာရော ရှိသဗျ...
အဲ အပူချိန် ၄၀ လောက်ရှိနေတဲ့ ပုဂံမှာ ဆောင်နာရှိပေမယ့် အပူချိန် သုညနား ရောက်နေတဲ့ ချင်းတောင်ပေါ်မှာတော့ ဆောင်နာ ရှာမတွေ့တဲ့အပြင် အနွေးပေးစက်- ရေနွေးပေးတဲ့စနစ်တောင် မရှိလို့ ဒုက္ခရောက်ခဲ့ဖူးပေါ့။
ထိုင်းမှာလည်း တောင်ပေါ် အေးတဲ့နေရာက ဟိုတယ်တွေမှာ ဆောင်နာပါတယ်လေ၊ ဂျပန်မှာဆိုရင်တော့ ဆောင်နားပေါ သလားမမေးနက်၊ ရုပ်ရှင်တွေထဲ တွေ့ဖူးတယ်မို့လား... ဂျပန်ရေချိုးသလို ရှင်းနေတယ်ဆိုတာ။
ဥရောပမှာတော့ ဖင်လန်က ဆောင်နာ ဆရာကြီးဖြစ်မယ်၊ စာရေးသူတောင် ဆောင်နာကို ဖင်လန်မှာ စတွေ့ဖူးတာ၊ သူက ဒီလို ဟိတာတွေ၊ Gym တွေ၊ ရေကူးကန်တွေမှာတင် ပါတာမဟုတ်ဘဲ လုံးခြင်းအိမ်တွေ၊ အပါ့မင်းတွေမှာပါ ဆောင်နာ ထည့်ပေးထားတာ တွေ့ရပါတယ်။
ဆောင်နာလေ့လာရေး ကမ္ဘာလှည့်ခရီးဆိုပြီး ထွက်အူးမှပါ...
စာဖတ်ရတာများပြီး ပိတ်သတ်တွေ ခေါင်းမူးသွားကြပြီလား...
ရှေ့မှာပြောခဲ့တဲ့ ဟိတာ- ဆောင်နာ- ကြာကူစီ... လုပ်ပြီး Reset လုပ်လိုက်ရင် စာဖတ်ရများလို့ ခေါင်းမူးတာရော၊ ကားမောင်းရလို့ မောတာ၊ တလလုံး- တနှစ်လုံး အလုပ်ပင်ပန်းထားတာ၊ ကိုယ်လက် မအီမသာဖြစ်နေတာတွေ အကုန်လုံး ယူပစ်သလို ပျောက်သွားလိမ့်မယ်...
မယုံဘူးလား...
စာရေးသူ အသက် ၆၀ ပြည့်မွေးနေ့ရောက်မှ ပိတ်သတ်တွေကို ဖိတ်ခေါ်ပြီး အဲ ဟိတာတွေ၊ ဆောင်နာတွေဆီ နောက်တခေါက်ပြန်သွားပြီး လက်တွေ့ပြပါအူးမည်...။
=====









0 comments:
Post a Comment