“ရာသီပြောင်းချိန်”
(၃၀ မတ် ၂၀၂၆)
မနေ့က (မတ်လ ၂၉၊ မတ်လရဲ့ နောက်ဆုံးသီတင်းပတ် တနင်္ဂနွေ) ဥရောပမှာ နွေရာသီ စံတော်ချိန်ပြောင်းပါတယ်။ နာရီလက်တံတွေကို ရှေ့ တနာရီတိုးပြီး ဒါကို နွေရာသီ စံတော်ချိန်လို့ခေါ်တဲ့အတွက် ဥရောပမှာ နွေဦးရောက်တာ သေချာပြီပေါ့။
ဒီနေ့မှာ ရှေ့တနာရီတိုးသွားတဲ့ နာရီလက်တံဟာ အောက်တိုဘာ ၂၅ အထိ နွေရာသီ စံတော်ချိန်အဖြစ်ဆက်ရှိနေမှာဖြစ်ပြီး အောက်တိုဘာ ၂၅ ကျရင်တော့ မူလနေရာ (နောက် တနာရီပြန်ဆုတ်) ပြန်ထားပြီး ဆောင်းရာသီ စံတော်ချိန် ပြန်ဖြစ်မယ်ပေါ့။
ဒီလို နာရီလက်တံ (အခုက အင်တာနက်ခေတ်ဆိုတော့ နာရီလက်တံဆိုတာကို လူငယ်တွေ သိသေးရဲ့လားမသိဘူး) ရှေ့တိုး- နောက်ဆုတ်လုပ်တာကို Daylight savings time (DST) လို့ခေါ်ပြီး တိုက်ကြီးတခုနဲ့ တခု အချိန် နည်းနည်းစီ ကွာပါတယ်။
ဥရောပမှာ အခုမှပြောင်းပေမယ့် မြောက်အမေရိကားတိုက်မှာ မတ်လ ၈ ရက်နေ့ကတည်းက ပြောင်းသွားပါတယ်။ သြစီမှာတော့ ရှေ့အပတ် တနင်္ဂနွေ ဧပြီ ၅ ရက်ကျမှ ပြောင်းမှာဖြစ်ပါတယ်။
အခြား တိုက်ကြီး ၃ ခု (အာရှ၊ အာဖရိကနဲ့ တောင်အမေရိက) မှာတော့ DST ရှိတယ်လို့ မကြားရသေးပါဘူး။
---
မြန်မာနိုင်ငံတည်ရှိတဲ့ အာရှတိုက်မှာ DST မရှိဘူးဆိုတော့ ဥရောပမှာ အချိန် တနာရီ ရှေ့တိုးတယ်ဆိုတာကို ဘယ်နားလည်ပါ့မလဲ...။
DVB မှာ တာဝန်ထမ်းဖို့ နော်ဝေကို ပထမဆုံး ရောက်လာတဲ့နှစ် ၂၀၀၁ ခုနှစ်ရဲ့ ဒီလို အချိန်ပေါ့...။ ”ဟေ့လူတွေ မနက်ဖန် နာရီတွေ တနာရီရှေ့တိုးတယ်။ ရုံးချိန်၊ ရထားချိန်၊ ဘတ်စ်ကားချိန်တွေကို သတိထားကြဦး”...တဲ့ ကိုယ့်အရင် နော်ဝေကို ရောက်နေသူ ဘော်ဘော်တဦး အော်ပြောပါတယ်။
“ခင်ဗျားကလည်း ကျုပ်တို့ကို နယ်စပ်ကနေ အခုမှ ရောက်လာသူတွေဆိုပြီး လာရွှီးနေပြန်ပြီ၊ နာရီက ဘယ်လိုပြောင်းမှာလဲ”... ဒီလို ငြင်းခုံခဲ့ဖူးပေါ့။
အဲတုန်းကတော့ အခုလို အင်တာနက်ခေတ်မဟုတ်တော့ နာရီတွေက အော်တိုမပြောင်းဘူး။ လူက လိုက်ပြောင်းပေးရတာ။ စမတ်ဖုန်းတွေလည်းမပေါ်သေး၊ လက်ကိုင်ဖုန်း ပေါ်ကာပဲ ရှိသေးတယ်ဆိုတော့ နာရီပြောင်းတာ သိပ်သိသာပါတယ်။
အခုက အော်တိုပြောင်းသွားတာဆိုတော့ တိုင်ကပ်နာရီ (အော်တိုမပြောင်းတဲ့နာရီ) မရှိရင် နာရီပြောင်းသွားမှန်း သိတောင် သိလိုက်မှာမဟုတ်ဘူး။
---
DST ပြောင်းတာ မြန်မာပြည်နဲ့မဆိုင်ဘူးဆိုပေမယ့် နိုင်ငံခြား လှိုင်းတိုရေဒီယိုနားထောင်တဲ့ မြန်မာ့ပရိသတ်တွေကတော့ ဒါကို သတိထားမိကောင်း မိနိုင်ပါတယ်။ ဘာကြောင့်လဲဆို... ဒီလို ရာသီပြောင်းချိန်ရောက်ရင်...
“ဆောင်းရာသီစံတော်ချိန်ပြောင်းတဲ့အတွက် လေလှိုင်းအပြောင်းအလဲအပြောင်းအလဲ အနည်းငယ်ရှိပါတယ်။ အရင် ထုတ်လွှင့်နေတဲ့ ၁၉ မီတာ၊ ၂၅ မီတာ၊ ၃၁ မီတာ... မီတာဟချ် ဘယ်လောက်ကနေ ဘယ်လောက်ကို ပြောင်းလဲ ဖမ်းယူကြပါရန် နိုးဆော် သတိပေးပါတယ်”
DVB, RFA, VOA ရေဒီယိုတွေ မရှိတော့ဘူးဆိုတော့ ဆောင်းရာသီ အသံလှိုင်း အပြောင်းအလဲကြော်ညာ မကြားရတော့ဘူး။ BBC ကတော့ ဆက်ပြီး ကြော်ညာဝင်နေဦး မယ်ထင်ပါတယ်။
အခုခေတ်က အင်တာနက်ခေတ်ဆိုတော့ လိုင်းတိုရေဒီယိုနဲ့ နားထောင်သူ ဘယ်လောက်ကျန်သေးသလဲ... ကိုယ်လည်း အင်တာနက်ပေါ်ကနေ နားထောင်တာဆိုတော့ ရေဒီယို အစီစဉ်တွေဟာ ဟိုး... တောထဲကာလမှာတုန်းက နားထောင်ရသလိုမျိုး အရသာ မရှိတော့သလိုပါပဲ။
ဆိုလိုတာက DST မြန်မာမှာ မရှိပေမယ့် နိုင်ငံခြား လိုင်းတိုရေဒီယိုတွေကြောင့် DST ဆိုတာကို၊ တိုက်ကြီး ၃ တိုက်မှာ နွေရာသီနာရီ၊ ဆောင်းရာသီနာရီ ရှိတယ်ဆိုတာကို မြန်မာ ပိတ်သတ် ကြားဖူးပါတယ်။
ဒါပေမယ့် ကြားဖူးတာနဲ့ ကြုံဖူးတာ မတူဘူးလေနော်...၊ အဲတော့ နော်ဝေရောက် နယ်စပ်က တောသားတွေ ပထမ နှစ်မှာ ရုံး တနာရီစောရောက်တာ၊ တနာရီနောက်ကျပြီးမှ ရောက်တာတွေ ဖြစ်ခဲ့ဖူးပေါ့။
---
အဲတော့ ဘာဖြစ်လဲ... စာဖတ်သူတွေနဲ့ ဘာဆိုင်လဲ...
ဘာဖြစ်လဲဆိုတော့ ... ဥရောပနဲ့ မြန်မာ ဆောင်းရာသီမှာ ၅ နာရီခွဲကွာနေရာကနေ မနေ့ကစပြီး ၄ နာရီခွဲပဲ ကွာတော့တာပေါ့။
အွန်လိုင်းအစည်းဝေးတွေတက်ရင်၊ (အခုက Zoom meeting ခေတ်ဆိုတော့) နိုင်ငံပြင်ပကလူတွေနဲ့ ဆက်သွယ်အလုပ်လုပ်ရမယ်ဆိုရင် (နွေရာသီ- ဆောင်းရာသီ) အချိန်တွေကို သတိထားလို့ရတာပေါ့။
အဲ... အနောက်နိုင်ငံကြီးတွေမှာ အချိန်ကို အလေးထားတယ်... မြန်မာစံတော်ချိန်ဆိုပြီး ချိန်းလိုက်တိုင်း မိနစ် ၃၀ နောက်ကျနေတာမျိုး မဖြစ်စေနက်ပေါ့။ (လူတွေ့ အစည်းဝေးမှာ ကားကျပ်လို့ နောက်ကျပါတယ်ဆိုပြီး အကြောင်းပြလို့ရသေးပေမယ့် Zoom meeting တောင် မိနစ် ၃၀ နောက်ကျတယ်ဆိုတာကတော့ နည်းနည်းများသွားပြီ)။
ရန်ကုန်က လေယာဉ်လိုင်းတွေ၊ ရထားတွေ၊ ဘတ်စ်တွေ (အဲ မြို့ထဲ ဘတ်စ်တွေမှာ အချိန်ဇယားမရှိပေမယ့် အဝေးပြေးကားအကောင်းစားတွေကတော့ အချိန်မှန်ပါတယ်) ထွက်ချိန်- ဝင်ချိန် မှန်ပါစေပေါ့။
ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇတ်ဆိုတာကလည်း ရှိနေသေးတယ်ဆိုတော့ ... ဥရောပပြန်ကြီးဆိုပြီး အညာက ဘတ်စ်ကားပေါ်မှာ အချိန်သွားမေးမိရင် အရိုက်ခံရနိုင်ပါတယ်။ စာရေးသူ စီးဖူးတဲ့ (၂၀၁၃ ဦးသိန်းစိန်ခေတ်ဆိုတော့ အခု မအလ ခေတ်မှာ ပြောင်းကုန်ပြီထင်ပါတယ်)
မိတ္တိလာနဲ့ ပုဂံ-ညောင်ဦးဖက်သွားတဲ့ကားဆိုရင် ... “အချိန်မေးမြန်းခြင်း သီးခံပါ” ဆိုပြီး စာတန်းပါ ကပ်ထားလိုက်တယ်။ ပြီးရော့။
ဒါပေမယ့် သတင်းထောက်ဆိုတဲ့အမျိုးက အချိန်အတိအကျနဲ့ အလုပ် လုပ်နေရသူတွေဆိုတော့ နံရံပေါ်မှာ တိုက်ကြီး ၃ တိုက်ရဲ့ နာရီတွေ ကပ်ထားရတာပေါ့...
အဲဒီ နာရီတွေဘေးနားက ဓာတ်ပုံထဲ မြင်နေရတဲ့ “ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့ ပြန်လွတ်မှာလဲ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအခွင့်အလမ်းတွေ ဘယ်တော့တခါ ပြန်လည်မြင်ခွင့်ရမလဲ...” လို့ မေးမိရင်...
“အချိန်မေးမြန်းခြင်း သီးခံပါ” တော့ မလုပ်ကြနက်ပေါ့...။
===








0 comments:
Post a Comment