Monday, March 23, 2026

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် စုံ-မ ပြသာနာ ပြေလည်ပါ့မလား...

 ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် စုံ-မ ပြသာနာ ပြေလည်ပါ့မလား...


(၂၃ မတ် ၂၀၂၆)


(၁) -

“ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးတာ ဘာဆိုင်လို့လဲ...၊ အီရန်မှာ စစ်ဖြစ်တာနဲ့ ရန်ကုန်ကလူတွေ ဓာတ်ဆီ တန်းစီတိုးရတာ ဘာဆိုင်လို့လဲ... ဆိုပြီး မတ် ၆ ရက်နေ့က Post တခုရေးဖြစ်ပါတယ်။


အီရန်စစ်ပွဲ စဖြစ်တာက ဖေ ၂၈ ဆိုတော့ စစ်ပွဲဖြစ်ပြီး တပတ်ခန့်အကြာမှာရေးတဲ့စာ...၊ တနည်းအားဖြင့် ရန်ကုန်က ကားတွေ စုံ-မ ယာဉ်နံပတ်တွေအတိုင်း တန်းစီရမယ်လို့ အမိန့်ထုတ်ကာစမှာ ရေးတဲ့စာပါ။


အဲတုန်းကတော့ သတင်းတွေဖတ်ရင်း စုံ-မ ခွဲခြားပြီး ယာဉ်တွေကို လောင်စာခွဲတန်း ထုတ်ပေးမယ့် ရွှေညဏ်တော် စူးရောက် (စောက်ရူး) မှုအပေါ် ဟာသ ဆန်ဆန်ရေးမိတာပါ။

---


(၂) -


အခုက ဟာသ သွားလုပ်လို့မရတော့ဘူး။ တကယ့်မြေပြင်မှာက ငိုစရာဇတ်လမ်းတွေဖြစ်နေပြီ...


အမိန့် ကြေညာချက်တွေ ထွက်လာကာစကတော့ ဒါဟာ ရန်ကုန်-မန္တလေးလို ကားများတဲ့ မြို့ကြီးတွေလောက်ပဲ ဒုက္ခများမယ်၊ ကျေးလက်ဒေသတွေကတော့ ပြသာနာ မများလောက်ဘူး၊ ဆီမရှိလည်း နွားလှည်း၊ မြင်းလှည်းနဲ့ သွားကြပေါ့၊ 


စက်ဘီးနဲ့သွားကြပေါ့။ ebike လေးတွေ ဝယ်စီးကြပါလားလို့တောင် အကြံပေးလိုက်ပါသေးတယ်။


“ရွာမှာက အူးလေးတို့ခေတ်ကလို စက်ဘီးစီးတဲ့ခေတ်မဟုတ်တော့ဘူး။ လူတိုင်းက ဆိုင်ကယ်ပဲစီးကြတာ၊ အခု ကျနော့်အိမ်မှာ ဆိုင်ကယ် ၃ စီးလုံးက စုံဂဏန်ချည်းဖြစ်နေလို့ ဒုက္ခရောက်နေတယ်”...တဲ့၊  ရွာက ဘော်ဘော်တဦးကပြောပါတယ်။


ကျနော်က သူပြောတာ သိပ်နားမလည်လို့ ပြန်ပြန်မေးရတယ်။...  စုံ-မ ဂဏန်းတွေက ကိုယ်ပိုင်ကားတွေအတွက်ပဲ မဟုတ်လား။ ဆိုင်ကယ်တွေလည်းပါသလား...။ ပြီးတော့ ဆီတန်းစီတဲ့နေရာပဲ လိုတာမဟုတ်လား... စုံနေ့- မနေ့ မဟုတ်ရင် အပြင်ကို ထွက်လို့မရတာလား...


သူပြောသလောက်ဆိုရင် စုံနေ့မှာ မဂဏန်းက အပြင်ကို ထွက်လို့မရတာတဲ့...။ ဓတ်ဆီတန်းစီတဲ့နေရာမှာတင် စုံ-မ ခွဲတာမဟုတ်ဘူး... ဆိုတော့ ဒုက္ခ။


အဲတော့... သူတို့ရွာမှာ ကလေးကျောင်းပို့ဖို့အရေး ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ် သို့မဟုတ် စုံဂဏန်းဆိုင်ကယ်ရှိတဲ့အိမ်နဲ့ မဂဏန်း ဆိုင်ကယ်ရှိတဲ့အိမ် မဟာမိတ်ဖွ့ဲရတယ်တဲ့...


စုံ-မ ဖလှယ်ပြီး အပြန်အလှန် ငှားစီးကြပေါ့... အဲ ယာဉ်ထိန်းရဲက လိုင်စင် စစ်ရင် ဘယ်လိုလုပ်ကြသလဲတော့ မသိဘူး...။ ဓာတ်ဆီကလည်း တလီတာရဖို့အရေး နေပူထဲမှာ တနာရီမက တန်းစီရတယ်တဲ့...


ရွာမှာနှစ်ပေါင်းများစွာနေခဲ့ဖူးတဲ့ ကိုယ်တောင် နားမလည်ဘူးဆိုရင် အီရန်ကို စစ်တိုက်ဖို့ ညွှန်ကြားခဲ့တဲ့ ဟိုး... မိုင်ပေါင်းတသောင်းကျော်ဝေးတဲ့ မိုင်ယာမီက အူးလေးကြီး ဆို... စုံ-မ ပြသာနာကို ကြားရင် ယုံမှာတောင် မဟုတ်ဘူး။

---


(၃) -


ပထမ ဆောင်းပါးမှာ ရေးခဲ့ဖူးသလို...“တလခန့်ကြာပြီးတဲ့ခါ...”ဆိုပြီး ဟောလီးဝုဒ်ရုပ်ရှင်ထဲကလို စာတန်းထိုးလို့ရရင် မဆိုးဘူး...ဆိုတဲ့အတိုင်း... အခုတော့ စစ်ရပ်စဲရေး၊ အနည်းဆုံးတော့ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရေးအတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်လာနေပါတယ်။


စစ်စတိုက်တုန်းကတော့ ဒီပြသာနက စုံ-မ ပြသာနာအထိ ကျယ်ပြန့်သွားလိမ့်မယ်လို့ အူးလေးကြီးလည်း ထင်ထားပုံမရပါဘူး။ ဒါပေမယ့် သူက ဇွတ် သမားဆိုတော့ ဘာတွေဆက်ဖြစ်လာမလဲ... ဘယ်သူမှ မသိနိုင်သေး...။


သေချာတာတော့ တကမ္ဘာလုံးကို ထိခိုက်စေတဲ့ ဟော်မုဇ် ရေလက်ကြားကိုတော့ တနည်းနည်းနဲ့ ပြန်ဖွင့်လာအောင် ဝိုင်းကြိုးစားကြမှာပါ။


ဒါပေမယ့် ပြသာနာက ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရင်တောင် မြန်မာပြည်က စုံ- မ ပြသာနာက ပြေလည်သွားပါ့မလား...


ဘာကြောင့်လည်းဆို ဒီ စုံ-မ ပြသာနာက အများပြည်သူအတွက် ဒုက္ခများပေမယ့် စစ်ဆေးရေးအရာရှိတွေ၊ အာဏာရှင်ခေတ်မှာကြီးပြင်းပြီး အာဏာပြချင်သူတွေအတွက်ကတော့ ဒါဟာ အခွင့်အရေးတခုပဲ မဟုတ်ပါလား...။


အရင်ကဆို လုံခြုံရေးအကြောင်းပြန်ချက်နဲ့ပဲ တားမြစ်-ကန့်သတ်တာတွေ လုပ်လို့ရတယ်။ အခုဆိုရင် စီးပွားရေးအကြောင်းပြပြီး ကန့်သတ်ချက် နောက်တခု ထပ်ရလာပြန်တယ်။ ယာဉ်ထိန်းရဲ အပါဝင် အာဏာရှင် လက်ဝေခံ အရာရှိတွေအားလုံးကတော့ လူတွေ ဒုက္ခရောက်လေ... သူတို့ ဝင်ငွေတိုးလေပဲ မဟုတ်ပါလား။


မဆလ ခေတ်လို ခွဲတန်းချစနစ်၊ မှောင်ခိုစနစ်များ မြန်မာပြည်မှာ ပြန်ထွန်းကားလာလေမလား...။ 


အဲ... မှောင်ခိုခေတ်ဆိုမှ... မန်းလေးက သတင်းသမားတဦးရေးထားတာတွေ့မိပါတယ်။ စုံ-မ ခွဲပြီး ဆိုင်တွေမှာ ဒီလို လူတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ ရာနဲ့ချီ တန်းစီနေရပေမယ့် ... မှောင်ခိုဈေးကွက်မှာတော့ ဈေးကြီးပေးဝယ်ရင် လိုသလောက် ရနေတယ်ဆိုပါလား...


ကဲ... စုံ- မ ဆရာ... ညာဏ်ကြီးရှင်များ...


အူးလေးကြီးဆီ သတင်းပို့လိုက်ရမလား...

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More