Monday, August 29, 2016

ရက် ၁၀၀ ကျော်ကာလ အပြောင်းအလဲတချို့ကို လေ့လာခြင်း

The Voice Daily, 29-08-2016

Check and Balance အားကောင်းတဲ့ အစိုးရလား

ပြည်တော်ပြန်ခရီးစဉ် ခေါက်စလုံး နိုင်ငံရေးနဲ့ပတ်သက်ပြီး မပျက်မကွက်သွားဖြစ်တဲ့ နေရာတခုကတော့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်ရုံးပဲဖြစ်ပါတယ်။ အရင် ခေါက်က အတိုက်ခံ ပါတီဘ၀နဲ့ ရပ်တည်နေခဲ့တဲ့ ဒီရုံးခန်းဟာ အခုတခေါက်မှာတော့ အစိုးရပါတီ ရုံးခန်းဖြစ်နေခဲ့ပါပြီ။ အရင်က ဆိုရင် မျက်နှာကျက်မှာ ပင့်ကူအိမ်တွေစွဲ၊ မီးအားမကောင်းလို့ ခပ်မှောမှောင်ဖြစ်နေလေ့ရှိတဲ့ နှစ်ထပ်တိုက် ရုံးခန်းငယ်ဟာ အခုတော့ ထပ်တိုက် အသစ်စက်စက်ကြီး ဖြစ်နေတာကိုတွေ့ရပါတယ်။



ဧည့်ခံကောင်တာတွေ၊ လုံခြုံရေးတွေရှိနေတဲ့အပြင် လူအ၀င်-အထွက်လည်း အတော်များနေတာကိုတွေ့ရပါ တယ်။ အရင်ကဆိုရင် ဒီရုံးကိုလာတာနဲ့တင် အဖမ်းခံရနိုင်တယ်မဟုတ်ပါလား။ ရုံးရှေ့ရှိ လက်ဖက်ရည်ဆိုင် ကနေ ထောက်လှမ်းရေးတွေက တချိန်လုံးစောင့်ကြည့်ပြီး စာရင်းမှတ်မယ်။ ပြီးရင် နောက်ယောင်ခံ လိုက်မယ်။ ဖမ်းချင်တဲ့အချိန်ဖမ်းမယ်ပေါ့။ အခုတော့ ခေတ်ပြောင်းသွားပြီး။ အားလုံး ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ၀င်ထွက်နိုင်နေပြီဖြစ်ပါတယ်။

DVB (နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ) မှာတာဝန်ထမ်းစဉ်က ဆယ်နှစ်နီးပါး နေ့စဉ် တယ်လီဖုန်းခေါ် သတင်းမေးရင်း ခင်မင်နေတဲ့ ရုံးအဖွဲ့မှုးအပါဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သတင်းအင်တာဗျုးအတွက် တွေ့တာမဟုတ်ပဲ မိုးထဲရေထဲကာလတွေတုန်းက ဒီမိုကရေစီအရေးအတွက် အတူရုန်းကန်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေအဖြစ် တွေ့ကြတာဖြစ်ပါတယ်။ အတိုက်ခံဘ၀ကနေ အာဏာရပါတီဖြစ်သွားပေမဲ့ သူတို့ရဲ့ DVB သတင်းသမားဟောင်းတွေအပေါ် သဘောထားကမပြောင်းမလဲ အရင်အတိုင်း ရှိနေဆဲဖြစ်တာကိုတွေ့ရပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေ အနည်းအကျဉ်း၊ ရှေးဟောင်းနှောင်းဖြစ်အခြေအနေအတော်များများ ပြောဖြစ်ပြီးတဲ့နောက် နှုတ်ဆက်ပြီးပြန်မယ်ပေါ့။ ဒါပေမဲ့ ပါတီခေါင်းဆောင်တချို့က သူတို့လည်း ရုံးဆင်းတော့မယ်။ ရုံးကားနဲ့ လိုက်ပါလား၊ လမ်းကြုံတယ်လို့ပြောပါတယ်။ သူတို့ကားပေါ်တက်ရင်း လမ်းတဖက်ကမ်းရှိ လဖက်ရည်ဆိုင်လေးဆီ ကျနော့်မျက်လုံးကရောက်သွားပါတယ်။ ‘’ဒီဆိုင်လေးက အခုထိ ရှိတုန်းပဲနော်’’ လို့ နှုတ်ကထွက်သွားပါတယ်။


‘’ဆိုင်ရှိရုံ ဘယ်ကမလဲ၊ အဲဒီဆိုင်ထဲက ထောက်လှမ်းရေးတွေလည်း အခုထိရှိတုန်းပဲလေ’’ လို့ ပါတီဝင် တဦးက ပြန်ပြောတော့ သူနောက်နေတယ်ပဲလို့ ထင်လိုက်ပါတယ်။ ‘’ဟုတ်လို့လား။ ခင်ဗျားတို့ပါတီက အစိုးရပါတီဖြစ်နေပြီပဲ’’ ဆိုပြီး ကျနော်ကပြန်ပြောတော့ နောက်နေတာမဟုတ်ဘူး။ တကယ်ရှိနေဆဲ၊ သူတို့ရုံးကို အခုထိ မော်နီတာ လုပ်နေဆဲ၊ သတင်းယူနေဆဲလို့ အဲဒီပါတီဝင်က မျက်နှာအတည်နဲ့ ပြောပါတယ်။

‘’အဲဒီဝန်ထမ်းတွေက ကျနော်တို့ပါတီကရတဲ့ ၀န်ကြီးဌာနအောက်ကလူတွေမဟုတ်ဘူးလေဗျာ။ ၀န်ကြီး ဌာနအချင်းချင်းကြား check and balance ပိုအားကောင်းလာတဲ့သဘောပေါ့’’ ဆိုပြီး သူက ရယ်သံ တ၀က်နဲ့ နောက်ပါတယ်။ ဒါပေမဲ့ ကျနော်စိတ်ထဲမှာတော့ တမျိုးကြီး။ မြန်မာနိုင်ငံမှာ အစိုးရ ရပ်ရှိနေ တယ်ဆိုပြီး အတော်များများကဝေဖန်နေပေမဲ့ အချင်းချင်း ဒီလို မော်နီတာလုပ်နေလိမ့်မယ်၊ အထူးသဖြင့် ပါတီဌာနချုပ်ရုံးရှေ့မှာ ထောက်လှမ်းရေးတွေ ဆက်ရှိနေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါ။

အစိုးရ ရပ်ဆိုတာကတော့ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးဌာန ခုကို တပ်မတော်အားခွဲတမ်းပေးထားရခြင်း၊ လွှတ်တော်အသီးသီးမှာ တပ်မတော် သားအမတ် ၂၅ ရာခိုင်နှုန်းပေး ထားရခြင်းနဲ့ ပြည်နယ်-တိုင်း အသီးသီးမှာ နယ်-လုံ ၀န်ကြီးဌာနနဲ့ ထွေ-အုပ် ဌာနတွေကို တပ်မတော်အားခွဲတမ်း ပေးထားရတဲ့အတွက် အာဏာဟာ ဗဟိုတခုတည်းအောက်မှာ ရှိနေတာမျိုးမဟုတ်ပဲ ဗဟို ခုနဲ့သွားနေတဲ့ အစိုးရမျိုးလို့ ဆိုလိုချင်တာပါ။


၂၁ ပင်လုံအပေါ် ဘယ်လိုမြင်ကြသလဲ

အခုတခေါက်ခရီးစဉ်အတွင်း ငြိမ်းချမ်းရေး (အပစ်ခတ်ရပ်စဲရေး) အတွက် မာရသွန်ဆွေးနွေးပွဲတက်ခွင့် ရနေသူတွေ၊ ဦးအောင်မင်းရဲ့ဖိတ်ခေါ်ချက်အရ ပြည်တော်ပြန်ခဲ့ပေမဲ့ ဘာမှလုပ်ခွင့်မရပဲဖြစ်နေသူတွေ၊ သာမန်အစိုးရ၀န်ထမ်းတွေ၊ သတင်းစာဆရာတွေ စသဖြင့် နယ်ပယ်အတော်များများက ပုဂ္ဂိုလ်တွေနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ 

ပထမ ဆုံးတော့ သာမန်ဝန်ထမ်းလောကမှ အရာရှိတဦးရဲ့အမြင်ကို တင်ပြပါရစေ။ ‘’NLD အစိုးရက ၀န်ကြီးဌာန အပြောင်းအလဲတွေ၊ ထွေ-အုပ် ကိစ္စတွေကို အပီအပြင် မကိုင်နိုင်သေးပေမဲ့ တိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးကိစ္စကိုတော့ လုပ်ပြနိုင်မယ်ထင်တယ်’’ လို့ သူကပြောပြီး ကျနော့်မျက်နှာကိုကြည့် ပါတယ်။ သူပုန်ဟောင်း သတင်းထောက်ဆီက ဘာအသံများ ကြားရမလဲပေါ့။

‘’ဒီဖက်ကလူတွေက ဟိုဖက်မှာလုပ်နိုင်မယ်လို့ထင်နေ၊ ဟိုဖက်ကလူတွေက ဒီဖက်မှာလုပ်နိုင်မယ်လို့ ထင်နေများ ဖြစ်နေသလား မသိဘူး’’ ဆိုပြီး ကျနော်ကပြောတော့ သူက သိပ်ဘ၀င်ကျပုံမရ။ ပြီးတော့ ဘာစိတ် ကူးပေါက်မှန်းမသိ။ ‘’ဒီအစိုးရက အရင်အစိုးရလိုတောင် ၀န်ထမ်းလစာ မတိုးပေးနိုင်သေးပါဘူး ကွာ’’ လို့ သူဘာသာတွေးရင်းပြော နေပါတယ်။ ၀န်ကြီးဌာနတချို့ဖြုတ်လိုက်လို့ မိတ်ဆွေတချို့ ဒုက္ခရောက်နေကြောင်းငြီး ပါတယ်။ အပြောင်းအလဲဆိုတာ ဒီလိုပါပဲ။ တနိုင်ငံလုံးကောင်းဖို့အတွက် တစုံတယောက်ဒုက္ခရောက်တာကိုတော့ ငဲ့နေလို့ ဘယ်ဖြစ်မလဲဆိုပြီး အားပေးရတာပေါ့။

ဒါက ၀ါရင့်ဝန်ထမ်းတဦးရဲ့ အမြင်။ ဦးအောင်မင်းရဲ့ ကတိက၀တ်တွေကိုယုံကြည်ပြီး ပြည်တွင်းမှာ နိုင်ငံရေး ပြန်လုပ်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုပြီး နယ်စပ်ကနေ ပြည်တော်ဝင်လာတဲ့ ပါတီခေါင်းဆောင်တဦး ကတော့ ‘’NLD အစိုး ရကလည်း ကျနော်တို့ဖက်လူတွေပြောတာဆို ဘာမှနားမထောင်ဘူးဗျာ။ ဟိုဖက် ကလူတွေပြောတဲ့အတိုင်းပဲ လျောက်လုပ်နေတယ်’’ လို့အစချီပြီး လက်ရှိနိုင်ငံရေးအပေါ် စိတ်ပျက်တဲ့ လေသံနဲ့ပြောပါတယ်။ သူပြောတဲ့ဟိုဖက်က လူတွေဆိုတာကတော့ ဦးရွှေမန်းအုပ်စုက အာဏာရထား တဲ့လူတွေနဲ့ ဦးသိန်းစိန်တို့ချန်ထားခဲ့တဲ့ ဗျုရိုကရက်တွေကို ဆိုလိုတာပါ။

တကယ်တော့ ဒီလိုပြောတာ သူတဦးတည်းတော့မဟုတ်ပါဘူး။ ပြည်ပနဲ့ နယ်စပ်ကနေပြန်လာသူ အတော်များများနဲ့ မြန်မာ့အပြောင်းအလဲကို နိုင်ငံတကာအပြောင်းအလဲနဲ့နှိုင်းယှဉ်လေ့လာသူတချို့မှာ ဒီလိုအမြင်ရှိနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်စုကြည်ကိုအသုံးချပြီး အတိုက်ခံအားလုံးကို သူတို့ လိုချင်တဲ့အကွက်ထဲဝင်အောင် စစ်ဗိုလ်သစ်၊ စစ်ဗိုလ်ဟောင်းတွေက လုပ်နေတာလို့ သူတို့က မြင်နေကြပါတယ်။ 


ဒါပေမဲ့ နယ်စပ်ပြန်၊ ပြည်တော်ပြန်အားလုံး ဒီလိုမြင်တာမျိုးလဲ မဟုတ်ပြန်ပါဘူး။ လက်ရှိအခင်းအကျင်းမှာ ပါဝင်ခွင့်ရခြင်း မရခြင်းပေါ်မူတည်ပြီး အမြင်တွေလည်း ကွဲပြားနေသလားမသိပါ။ ၂၀၁၂ နှောင်းပိုင်းကနေ အခုချိန်ထိ စဉ်ဆက်မပြတ်လုပ်နေတဲ့ မာရသွန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရနေသူ သူပုန်ဟောင်းအဖွဲ့ ခေါင်းဆောင်တဦးကဆိုရင် NLD အစိုးရလုပ်ပုံကိုင်ပုံကို သိပ်အားမရသေးပေမဲ့ လက်ရှိအခင်းအကျင်းထဲမှာ ပါဝင်ခွင့်ရနေတာ ကိုဂုဏ်ယူကြောင်း၊ အခြေအနေဟာ တဖြေးဖြေးတိုး တက်နေပြီး ၂၁ ရာစုပင်လုံညီလာခံ အလုပ်ဖြစ်လိမ့်မယ်လို့ သူ မျှော်လင့်ကြောင်း ပြောပါတယ်။

အတိုက်ခံပါတီရဲ့ ခေါင်းဆောင်ငယ်တဦးအဖြစ်ရော၊ သူပုန်ခေါင်းဆောင်အဖြစ်ပါ တာဝန်ထမ်းဖူးသူ တဦးကတော့ NLD အစိုးရဖက်ကလူတွေဟာ ငြိမ်းချမ်းရေးအပေါ် စေတနာရှိပေမဲ့ အတွေ့အကြုံမရှိဘူး။ မလုပ်တတ်မကိုင်တတ်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကံ ထချိန်ဖြစ်နေတာကြောင့် ၂၁ ပင်လုံကို ဘယ်သူမှ ငြင်းနိုင် မှာမဟုတ်ဘူး။ အားလုံးမပါရင်တောင် အများစုပါအောင် လုပ်သွားနိုင် တယ်။ တစုံတရာရှေ့ကို ရွေ့သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သတင်းသမားတွေဆီက ကြားရတဲ့အချက်တွေအရကတော့ ဒီညီလာခံဟာ တပ်မတော်က ခွင့်ပြု သလောက်ပဲ ရှေ့ဆက်သွားခွင့်ရမဲ့သဘောမျိုးရှိနေပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနောက်ကို တပ်မတော်က လိုက်နေတာလား။ တပ်မတော်ရဲ့ ဦးဆောင်မှုနောက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လိုက်နေရတာမျီုး လားဆိုတာဟာ ရှင်းရှင်းလင်းလင်းမရှိလှပါဘူး။


လမ်းပေါ်ကလူတွေကော ဘယ်လိုမြင်ကြသလဲ

အပေါ်ထပ်အဆောက်ဦကလူတွေရဲ့အမြင်အပြင် သာမန်အောက်ခြေကလူတွေရဲ့အမြင်တွေကိုလည်း လေ့လာနိုင်ဖို့ ဆင်းရဲသားအများစုစီးတဲ့ မီးရထား၊ အဝေးပြေးဘတ်စ်ကားတွေနဲ့ ကျေးလက်ဒေသတွေအထိ ကျနော်ရောက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကျေးလက်ကလူတွေဟာ အစိုးရသစ်ပြောင်းပေမဲ့ ‘’ဘာမှတော့ ထူးမလာသေးဘူးလေ’’ ဆိုတာထက် ပိုမပြောကြပါဘူး။


ဒီတော့ ရန်ကုန်မှာ နေ့စဉ်လိုလိုစီးဖြစ်တဲ့၊ စကားလည်းကြွယ်တ့ တက္ကစီသမားတွေရဲ့ အမြင်ကိုပဲ တင်ပြ ချင်ပါတယ်။ ‘’ဒီဆိုက်ကားက လမ်းလယ်မှာ ဘယ်လိုနင်းနေတာလဲဗျာ၊ အဲလို နင်းခွင့်ရှိလို့လား’’ ဆိုပြီး ရန်ကုန်မြို့လယ် လမ်းမကြီးပေါ်မှာ ကိုးယိုးကားယားနင်းနေတဲ့ ဆိုက်ကားကိုကြည့်ပြီး တက္ကစီဆရာကို ကျနော်ကမေးမိပါတယ်။ ‘’အဲဒါ အမေ့သားတွေလေ၊ သွားထိလို့မရဘူး’’ လို့သူကဖြေပါတယ်။ ‘’ဘာလဲဗျ အမေ့သား၊ ဆိုက်ကားအသင်း အမည်လား’’ ဆိုပြီးပြန်မေးတော့ သူကရယ်ပါတယ်။ ‘’အမေစုဆီက ဂုဏ်ပြုလက်မှတ်ရထားတဲ့လူတွေကိုပြောတာလေ’’ တဲ့။ အင်းစဉ်းစားစရာပဲ။ ဒါတွေကို အမေစုတော့ ဘယ်သိနိုင်ပါ့မလဲဆိုပြီး သူကငြီးလိုက်ပါသေးတယ်။

‘’ဒါဖြင့် ခင်ဗျားကော၊ ရွေးကောက်ပွဲတုန်းက NLD ကိုပဲ မဲပေးခဲ့တာမဟုတ်ဘူးလား’’ လို့ ကျနော်က တောက်ကြည့်ပါတယ်။ သေချာတာပေါ့။ သူတင်မက သူ့မိန်းမရော၊ အမျိုးအဆွေရော အားလုံး NLD ကိုမဲပေးခဲ့တယ်၊ အပြောင်း အလဲကို တကယ်လိုချင်လို့ အဲဒီလိုကိုပေးပစ်ခဲ့တာလို့ဆိုပါတယ်။ အခု ရက် ၁၀၀ ကျော်ပြီဆိုတော့ ခင်ဗျားအတွက် ဘာတွေထူးလာသလဲဆိုပြီး ထပ်မေးကြည့်တော့… ‘’ရက် ၁၀၀ နဲ့တော့ ဘယ်ရလိမ့်မလဲ ဆရာရယ်၊ အခု မူလတန်း မှာ သင်ရိုးသစ်ပြောင်းနေပြီမို့လား၊ ကလေးတွေကနေ စပြောင်းမှာဖြစ်မှာလေ’’ ဆိုပြီး တက္ကစီဆရာက တွေးတွေးဆဆပြောတော့ ကျနော် ဘာပြန်ပြောရမှန်း မသိတော့ပါ။

နောက်ထပ်တွေ့ရတဲ့တက္ကစီသမားကတော့ ဒီပုဂ္ဂိုလ်လို မျိုးဆက်တခုစာအထိ စောင့်ချင်ပုံမရပါ။ ကွမ်းစားတဲ့ ဇတ် လမ်းပေါ်အခြေခံပြီး သူနဲ့ကျနော် စကားစပြောဖြစ်ပါတယ်။ကွမ်းသွေး ထွေးတာကတော့ အရင်က လည်း ဥပဒေထုတ်ပြီး တားမြစ်ထားတာပဲလေ။ ဒါပေမဲ့ ဘယ်သူမှမလိုက်နာတော့ ဘာမှမထူးပေါ့’’ လို့ သူကဆိုပါတယ်။ ဒါပေမဲ့ အခု ခင်ဗျားလိုက်နာနေပြီမို့လား ဆိုပြီး ကျနော်ကထပ်မေးတော့ ‘’ဥပဒေကို လိုက်နာတာမဟုတ်ဘူး။ အမေစုနဲ့ အစိုးရသစ်ကို အားနာလို့ မထွေးပဲငုံထားတာ’’ လို့ သူက ကွမ်းငုံထား တဲ့အသံနဲ့ဖြေပါတယ်။

ဒါပေမဲ့ သူ ဘယ်လောက်ကြာကြာ ဆက်ငုံထားနိုင်မလဲဆိုတာ မသေချာပါဘူး။ ဆိုလိုတာက ဒေါ်အောင် ဆန်းစုကြည်နဲ့ NLD အစိုးရသစ်ကို အားနာပြီး (လေးစားပြီး) လူထုတရပ်လုံးက စည်းကမ်းလိုက်နာနေချိန်၊ အစိုးရသစ်အပေါ် မျှော်လင့်ချက်အစွမ်းကုန်ထားနေချိန်မှာ NLD အစိုးရဖက်က လုပ်စရာရှိတာတွေကို ဆက်တိုက်အရှိန်မြင့် လုပ်ပြဖို့လိုနေပါတယ်။


ဒီလိုလုပ်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဆီမှာ သြဇာရော၊ အာဏာပါရှိနေပြီလို့ နိုင်ငံရေးအကဲခတ် တချို့က လည်းထောက်ပြနေကြပါတယ်။ ဒါပေမဲ့ ကျနော်ရဲ့ခရီးစဉ်အတွင်း တွေ့မိသလောက်၊ ကြားမိ သလောက်အချက် အလက်တွေအရကတော့ လူထုကရွေးချယ်ထားတဲ့ NLD အစိုးရမှာ သြဇာရှိတာမှန်ပေ မဲ့ အာဏာရှိတယ်ဆိုတာကို သက်သေပြဖို့ အတော်ခက်နေဆဲဖြစ်ပါတယ်။ 

သေချာတာတော့ NLD အစိုးရသစ်အပေါ် လူထုရဲ့မျှော်လင့်ချက်က သိပ်မြင့်မားနေပါတယ်။  ဒါကြောင့် ရွေးကောက်ပွဲဝင်စဉ်က ပေးထားတဲ့ကတိတွေအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ချက်ချင်း မလုပ်နိုင်သေးရင်တောင် လူထုရဲ့နေ့စဉ် လူနေမှုဘ၀ တစုံတရာတိုးတက်လာအောင် လုပ်ပေးဖို့လိုနေ ပါတယ်။ အဲဒီလို မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအစိုးရဟာ ကတိတွေပဲပေးနိုင်ပြီး လက်တွေ့လုပ်ပြဖို့ အာဏာ မရှိတဲ့ အစိုးရအဖြစ် လူထုကမြင်သွားနိုင်ပါတယ်။ အဲဒီလိုမြင်သွားရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ ထင်ထားတားထက် အချိန်ပို ကြန်ကြာသွားနိုင်ပါတယ်။      

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More