Sunday, August 7, 2016

ရန်ကုန်-မော်လမြိုင်-ထားဝယ် ကားလမ်းပေါ်မှာ

The Voice Daily, 07-08-2016.

ရန်ကုန်မြို့မှာ ခဏတာ

ရပ်ချင်တဲ့အချိန်ရပ်ပြီး ဘာကြောင့်ရပ်တယ်ဆိုတာကို တခါမှ ရှင်းပြခြင်းမရှိတဲ့ နေပြည်တော်-ရန်ကုန် ရထားဟာ နာရီထိုးမှ ဘူတာကြီးနားရောက်လာပါတယ်။ ဒါတောင် ပုဇွန်တောင်ဘူတာနဲ့ ဘူတာကြီးကြားမှာ ဘာဖြစ်မှန်းမသိပဲ ၁၅ မီနစ်ခန့် ထပ်ရပ်လိုက်ပါသေးတယ်။ အရင်ကဆိုရင်တော့ ဒီနေရာတွေဟာ မော်လမြိုင်-ရန်ကုန်ရထားပေါ်ကနေ မှောင်ခိုပစ္စည်းတွေ ပစ်ချတဲ့နေရာပေါ့။


အခုတော့ မှောင်ခိုခေတ်မဟုတ်တော့ပါဘူး။ လူထုဆန္ဒနဲ့ရွေးချယ်ထားတဲ့ အစိုးရသစ်အာဏာရနေတာ တောင် ရက် ၁၀၀ ကျော်သွားခဲ့ပါပြီ။ ဒါပေမဲ့ မီးရထားဌာန ၀န်ထမ်းတွေရဲ့ဆက်ဆံရေးက အရင်ခေတ်မှာ ကျန်နေဆဲလို့ ထင်စရာပါ။ ခရီးသွားပြည်သူတွေကို လေးလေးစားစားဆက်ဆံဖို့လိုတယ်၊ ခရီးသည်တွေဆီ ကရတဲ့ငွေနဲ့ သူတို့လုပ်ငန်း လည်ပတ်နေရတယ်ဆိုတာမျိုး သဘောပေါက်ပုံမရသေးပါ။ ဘယ်သူစီးစီး မစီးစီး။ အရှုံးပေါ်ပေါ် မပေါ်ပေါ်။ သူ့လစာ ပုံမှန်ရနေရင်ပြီးရော့ ဆိုတဲ့စိတ်ထားမျိုးရှိနေဆဲလို့ ခရီးသည် တဦးဖြစ်သူ ကျနော်စိတ်ထဲခံစားမိပါတယ်။

နာရီ ခွဲလောက်မှာ ဘူတာကြီးဆီဆိုက်လို့ အပြင်ထွက်မယ်ပြင်တော့ လက်မှတ်တွေကို သိမ်းယူနေတဲ့ အဖွဲ့နဲ့ တိုးပြန်ပါတယ်။ ဘာအတွက် သိမ်းယူနေတာလဲဆိုပြီး မေးကြည့်တော့ နေပြည်တော်ကို ပြန်တင်ပြ ရမယ်လို့ ၀န်ထမ်းတဦးကဖြေပါတယ်။ အဲဒီလိုတင်ပြရင် နေပြည်တော်က ဘာဆက်လုပ်လဲဆိုပြီးထပ် မေးတော့ အဲဒီဝန်ထမ်းက ဘုကြည့်ကြည့်ပါတယ်။ ‘’ခင်ဗျားက ဘာလို့မပေးချင်တာလဲ၊ ဒီလက်မှတ်ကို ဘယ်မှာဆက်သုံးချင်လို့လဲ’’ လို့ သူကပြန်မေးပါတယ်။ ‘’အမှတ်တရ သိမ်းထားချင်လို့ပါ’’ လို့ဖြေတော့ ‘’ယူသွားဗျာ’’ လို့ ခပ်ပြတ်ပြတ် ပြောပါတယ်။

မလွယ်ပါလား။ ပိုက်ဆံပေးစီးတာတောင် ဒီလိုအဟောက်ခံရတယ်ဆိုတော့ မီးရထားလုပ်ငန်းအရှုံးပေါ်နေ တာ ဘာထူးဆန်းသလဲ။ ရထားစီးသူ တဖြေးဖြေးနည်းသွားပြီး ကားစီးသူ တဖြေးဖြေးများလာနေတာ ဘာထူးဆန်းသလဲလို့ပဲပြောရတော့မှာပေါ့။ အပြင်ရောက်တော့ တက္ကစီတွေက နည်းနည်းလေးရယ်။ ဘူတာကြီးက အရင်လို စည်ကားမနေပါဘူး။ စာအုပ်ဆိုင်၊ ဈေးဆိုင်တွေလည်း ဘာမှမရှိပါဘူး။ ရထား ပေါ်ရောင်းတဲ့ စားစရာတွေကို မစားရဲလို့ လမ်းလုံးဗိုက်ဆာလာတဲ့ ကျနော်ဟာ ဘူတာကြီးရောက်မှ ဆိုင်ကောင်းကောင်းမှာ အပီဝါးမယ်ဆိုပြီး စိတ်ကူးလာခဲ့တာပါ။

အခုတော့ ဘာဆိုင်မှမရှိ။ တက္ကစီသမားတွေကိုမေးကြည့်တော့ ရှေ့နားလျောက်သွား၊ အဲဒီမှာ ဆိုင်တွေရှိ တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ဆိုင်တွေက နိုင်ငံတကာ ဘူတာဝန်းကျင်က ဆိုင်တွေလို သားသားနားနား ဟုတ်ပါ။ ရထားပေါ်ရောင်တဲ့ အစားစာတွေထက် သိပ်မသာလှပါ။ နောက်ဆုံးတော့ ရေသန့်တဗူးပဲ ၀ယ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။


နောက်တနေ့မနက်မှာတော့ အင်တာနက်ကောင်းကောင်းသုံးချင်တာနဲ့ ဗိုလ်ချုပ်ဈေးနားရှိ ဆာကူရာ တာဝါဆီ ရောက်လာခဲ့ပါတယ်။ မနေ့က ရထားပေါ်မှာတွေ့ခဲ့ရတဲ့ ခရီးသွားပြည်သူတွေနဲ့ ဒီတာဝါပေါ်မှာ တွေ့ရတဲ့ ပြည်သူတွေ ဘာမှမဆိုင်ပါဘူး။ တနိုင်ငံတည်း လူတန်းစား ရပ်ရှိနေတဲ့နေရာ၊ သို့မဟုတ် ဆင်းရဲ-ချမ်းသာကွာဟမှု သိပ်ကြီးသွားတဲ့နေရာဆိုတာ သိသာလှပါတယ်။ ၁၉၈၈ မတိုင်မီက ဒီလောက် အထိ လူတန်းစားမကွာဘူးလို့ ထင်ပါတယ်။ မနေ့က တောင်ငူကနေ မြောက်ဒဂုံအထိသွားတဲ့ ကလေးအမေဟာ ၂၂၀၀ ကျပ်ပဲ ကုန်တယ်လို့ပြောသွားပါတယ်။ ဒီတာဝါပေါ်မှာတော့ ကော်ဖီတခွက် ၃၀၀၀ ပေးရပါတယ်။ ဒါတောင် နေလည်စာစားချိန်၊ ညစာစားချိန်ဆို နေရာရဖို့ မလွယ်ပါဘူး။

ဒါပေမဲ့ ရန်ကုန်တမြို့လုံးကို အပေါ်စီးကနေ ဓတ်ပုံရိုက်နိုင်တဲ့အပြင် အင်တာနက်လဲ Speed ကောင်းကောင်း နဲ့ သုံးနိုင်တာမို့ တန်ပါတယ်။ အထူးသဖြင့် ဘဏ်ကိစ္စ၊ ဓတ်ပုံ ဗွီဒီယိုဖွိုင်တွေပို့မယ်ဆိုရင် လက်ကိုင် တယ်လီဖုန်း Speed နဲ့ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ဒီနေရာမျိုးကို မဖြစ်မနေရှာရပါလိမ့်မယ်။ ဒါပေမဲ့ ဘန်ကောက်မြို့လယ်က ၈၅ ထပ် ရှိပြီး ၉၉၇ ပေမြင့်တဲ့ Baiyoke တာဝါနဲ့စာရင်တော့ အထပ် ၂၀ သာရှိပြီး အမြင့်မီတာ ၁၀၀ (ပေ ၃၀၀) သာရှိတဲ့ ဆာကူရာဟာ အဆင့်ထပ်မြှင့်ပြီး ရှုခင်းကို အသေချာကြည့်နိုင် အောင် ပြင်ဆင်တိုးချဲ့ဖို့ လိုအပ်နေဆဲလို့ထင်ပါတယ်။


ရန်ကုန်မှ မော်လမြိုင်သို့

နောက်တနေ့ မနက်မှာတော့ မော်လမြိုင်သွားဖို့အတွက် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဆီ ကျနော်ရောက် လာပါတယ်။ မြို့ထဲကနေ ကားဂိတ်အထိ တက္ကစီခက ၉၀၀၀။ ရန်ကုန်-မော်လမြိုင် ကားခက ၆၀၀၀ တဲ့။ သေပြီ ဆရာပဲ။ ရထားပို့ဆောင်ရေးတင်မက၊ ကားလမ်းပို့ဆောင်ရေးမှာလည်း တခုခု မှားနေတယ်ဆိုတာ သေချာပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်တယောက် ဘတ်စ်ကားတိုးစီးပြတဲ့အပြင် အောင်မင်္ဂလာကားဂိတ်ဆီ တက္ကစီနဲ့သွားပြီး တခြား ပြည်နယ်-တိုင်း တခုခုဆီ ဘတ်စ်ကားနဲ့ ခရီးထွက်ပြရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။


ရန်ကုန်-မော်လမြိုင်လမ်းတလျောက်ခရီးစဉ်ကိုတော့ ပရိသတ်အတော်များများသွားဖူးပြီးဖြစ်တဲ့အတွက် သိပ်ရေးပြ စရာလိုမယ်မထင်ပါ။ ပဲခူးလွန်တာနဲ့ ရွှေသံလွင်ကုပဏီက ဖောက်ထားတဲ့လမ်း အလွန်ကောင်းပါ တယ်။ ဂိတ်တွေကလည်း လူကြီးကား၊ VIP ကားတွေကိုပါ အလွတ်မပေးပဲ အားလုံးကိုတန်းတူ (ကွန်ပြူတာစနစ်အတိုင်း) စစ်တယ်လို့ ခရီးသည်တွေက ဆိုကြပါတယ်။ ဒါပေမဲ့ ကျနော်စီးလာတဲ့ ဘတ်စ်ကားကတော့ ကွန်ပြူတာစနစ်ရှိပုံမရ။ လမ်းတလျောက် မြို့တိုင်းလိုလိုမှာရပ်ပြီး ရသမျှခရီးသည် တွေကိုတင်နေတဲ့အတွက် မနက် နာရီထွက်တဲ့ကားက နေ နာရီကျော်မှ မော်လမြိုင်ဆီ ဆိုက်ပါ တယ်။

၁၉၈၈ ၀န်းကျင်က တက္ကသိုလ်တက်ရင်း နှစ်နီးပါးနေခဲ့ဖူးတဲ့ မော်လမြိုင်ဟာ အခု အတော်ကိုပြောင်းလဲ တိုးတက်နေပါပြီ။ အရင်က မုတ္တမကနေ မော်လမြိုင်သွားဖို့ ဇက် (ကူးတို့သဘောင်္) တွေကိုသာ အားကိုးခဲ့ ရပေမဲ့ အခု သံလွင်တံတားကြီးရှိနေပါပြီ။ ကမ်းနားလမ်းကလည်း အရင် မိုင်ဝက်ခန့်သာရှိနေရာကနေ အခု မိုင်အထိရှည်တဲ့ လှပတဲ့လမ်းမကြီးတခုဖြစ်နေပါပြီ။ ‘’Make in ရွာလွတ်’’ ဆိုပြီး နာမည်ကြီးခဲ့တဲ့ ကျောက် သင်ပုန်းနဲ့ ဆေးတံထွက်ရာဒေသ ဘီးလူးကျွန်းဆီကိုတောင် တံတားထိုးနေတဲ့အထိ အခြေအနေတွေက ပြောင်းလဲတိုးတက်နေပါပြီ။ 

၂၀၁၃ ခုနှစ် ပထမ အကြိမ် ပြည်တော်ပြန်ခရီးစဉ်တုန်းက မော်လမြိုင်တက္ကသိုလ်ဆီ ခဏ၀င်ခဲ့ဖူးပေမဲ့ အချိန်မရလို့ မြို့အနှံ့မလည်ဖြစ်လိုက်ပါ။ အခုတော့ လူပြောများလှတဲ့ (ဒေသခံတွေအဆိုအရ) ကမ္ဘာ့ အကြီးဆုံး လျှောင်းတော်မူ ရုပ်ပွားတော်တည်ရှိရာအရပ်ဆီ ၀င်လည်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံခြားသားတချီု့ကတော့ ဟိုတယ်ဝန်းကျင်ရှိ အငှားဆိုင်ကယ်ကိုခေါ်ပြီး အသွား-အပြန် နေ့တ၀က်နဲ့ ကိစ္စပြတ်အာင်လုပ်လေ့ရှိပေမဲ့ ကိုယ်က အသေအချာစပ်စု ချင်သူဆိုတော့ အဲဒီနည်းနဲ့တော့ အလုပ် မဖြစ်နိုင်။

ဒီတော့ မော်လမြိုင်အခြေစိုက် ကျောင်းနေဖက် ထားဝယ်သား သူငယ်ချင်းတဦးကို အကူအညီတောင်း ရပါတယ်။ သူနဲ့မတွေ့တာကလဲ ၁၉၈၈ ကတည်းကဆိုတော့ အခုဆို နှစ် ၃၀ နီးပါးရှိနေပြီလေ။ ပထမ ဆုံး သူခေါ် သွားတဲ့နေရာက မော်လမြိုင်ကနေ ၅၅ မိုင်ဝေးတဲ့ ကျိုက္ခမီ ရေလယ်ဘုရား။ ၁၉၈၈ တုန်းက ဒီရေတက်ချိန်ဆို သွားဖို့မလွယ်တဲ့ ရေလယ်ဘုရားဟာ အခုတော့ အဆင့်မြင့်တန်ဆောင်းတွေကြောင့် အချိန်မရွေး ဖူးမျှော်နိုင်နေပါပြီ။ ဘာသာရေးအမြင်ထက် သဘာဝပတ်ဝန်းကျင်အမြင်ဖက်မှာ အားသန် လေ့ရှိသူ ကျနော့်အတွက် ရေလယ်ဘုရားမှာ ထူးထူးခြားခြားတွေ့မိတာက အရောင်ပြောင်းနေတဲ့ ငါးတွေ။

‘’အရောင်ဆိုးဆေးက ငါးတွေကိုတောင် အလွတ်မပေးဘူးလေ’’ ဆိုပြီး သူငယ်ချင်းကပြောတော့ ရုတ် တရက် နားမလည်။ အရောင်တင်ထားတဲ့ ငါးစာတွေကိုကျွေးရာကနေ အနီရောင်သန်းနေတဲ့ငါးတွေ အခု အဖြူရောင်ဖြစ်သွားတာလို့ သူကရှင်းပြပါတယ်။ သူပြောတာကို မယုံလို့မဖြစ်။ သူက ငါးလုပ်ငန်းမှာတာဝန် ထမ်းနေတာ နှစ် ၂၀ ကျော် နေပြီ။ ‘’ဓာတုဆေးတွေက မလွယ်ဘူး။ အသီးအရွက်ရော၊ အစားအစာရော ဘာမှလွတ် မပေးဘူး။ ဒါပေမဲ့ ဒါကို မစားဘူးဆိုရင် ဘာကိုသွားစားရမှာလဲ’’ လို့ သူကမေးခွန်းထုတ်ပါတယ်။

ဒါတွေ ပြုပြင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစားအစာလုံခြုံမှုသင်တန်းတွေ လုပ်နေကြပေမဲ့ အခုထိတော့ ပိုးသတ်ဆေး၊ အရောင်ချွတ်ဆေး၊ ကြာရှည်ခံဆေးတွေကို မတားဆီးနိုင်သေးဘူးလို့ သိရပါတယ်။ ဘုရားဆီကနေ အပေါ်ဖက် View Point ဆီတက်ပြီး ကြည့်တဲ့အခါမှာတော့ သံလွင်မြစ် ထဲကနေဆင်းလာတဲ့ ရွံရောင်ရေနောက်တွေနဲ့ ပင်လယ်ရေပြာပြာတို့ဆုံတွေ့နေတဲ့နေရာမှာ ရေနှစ်မျိုး ဖြစ်နေတဲ့ မြင်ကွင်းက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။


ကျိုက္ခမီကအပြန်မှာတော့ သံဖြူဇရပ်ရှိ မဟာမိတ်စစ်သချိုင်းနဲ့ သေမင်းတမန် ရထားလမ်းပြတိုက်ဆီ ၀င်ဖြစ်ပါတယ်။ မော်လမြိုင်မှာကျောင်းတက်စဉ်က စက်ဘီးစီးလေ့ကျင့်ရင်းနဲ့ ဒီသချိုင်းဆီ မကြာ ခဏရောက်ခဲ့ဖူးပေမဲ့ စစ်ပွဲနဲ့ကိုယ်က ဘာမှမဆိုင်တော့ စိတ်ဝင်စားရကောင်းမှန်းမသိခဲ့ပါ။ တောခိုပြီး နောက်ပိုင်း ထိုင်းနိုင်ငံ ကန်ချနပူရီ မြို့ရှိ အလားတူစစ်သချိုင်းကိုတွေ့မှ စစ်ရဲ့အနိဌာရုံတွေကို လေ့လာ ရကောင်းမှန်းသိလာခဲ့တယ်ဆိုပါတော့။ အရင်က ဓတ်ပုံအလှရိုက်ဖို့သာစိတ်ဝင်စားတဲ့ကျနော်ဟာ အခုတော့ အုတ်ဂူတခုချင်းဆီက လူအမည်တွေ၊ ကျဆုံးချိန် အသက်အရွယ်တွေကိုကြည့်ပြီး ‘’စစ်ပွဲဆိုတာ ဘ၀ရဲ့အတောက်ပဆုံးအချိန် အသက် ၁၈ ကနေ ၃၈ အကြား လူငယ်တွေကို အဆုံးစီရင်လေ့ရှိတဲ့ နေရာ ကြီးတခုပါလား’’ လို့ စဉ်းစားနေမိပါတယ်။

ဒီစစ်သချိုင်းဟာ ၈၈ မတိုင်ခင်ကတည်းကရှိနေတာဖြစ်ပေမဲ့ ရထားလမ်းပြတိုက်ကတော့ အခုနှစ် ဇန်နာဝါရီ ၇က်နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။ ကန်ချနပူရီက ပြတိုက်လို ပြည့်ပြည့်စုံစုံမရှိသေးပေမဲ့ ဒီလိုရှိလာတာ ကိုက တိုးတက်မှုတခုမဟုတ်ပါလား။ ပြတိုက်ဝမှာရေးထားတဲ့ ‘’ဇလီဖားတတုံး-အသက်တချောင်း’’ ဆိုတဲ့ စာသားနဲ့ လုပ်အားပေးနေရတဲ့ ချွေးတပ်သားတွေရဲ့ပုံက ရင့်ကို နင့်ကနဲဖြစ်စေပါတယ်။ ဒုတိယကမ္ဘာစစ် တွင်းကာလ ၁၉၄၃ မှာ ဂျပန်တွေဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-ဘန်ကောက် (သံဖြူဇရပ်-ဘုရားသုံးဆူ-ဘန်းပေါင်-ကန်ချနပူရီကိုဖြတ်ပြီး) ရထားလမ်းလုပ်ငန်းခွင်အတွင်း မဟာမိတ်စစ်သုံးပန်း တသောင်းကျော်၊ မြန်မာအပါဝင် အရပ်သား ချွေးတပ်သားက သောင်းကျော်၊ စုစုပေါင်း သောင်းခန့်သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

ကျဆုံးသွားတဲ့ မဟာမိတ်စစ်သုံးပန်း ၁၆၀၀၀ ကျော်အတွက် မြန်မာနိုင်ငံဖက်မှာ သံဖြူဇရပ်နဲ့ ထောက်ကြံမှာ စစ်သချိုင်းတွေရှိသလို ထိုင်းဖက်မှာလည်း ကန်ချနပူရီမှာ အလားတူစစ်သချိုင်းရှိပါတယ်။ ဒါပေမဲ့ မြန်မာ အပါဝင် အရပ်သား သောင်းကျော်အတွက်တော့ အမှတ်တရသချိုင်းမတွေ့မိသေးပါ။ မြန်မာနိုင်ငံ တ၀ှမ်းက ဘယ်သူတွေ ဒီလုပ်ငန်းခွင်အတွင်း သေဆုံးသွားခဲ့ရတယ်ဆိုတာကိုလည်း အတိအကျ အမည်နဲ့ တကွ ဖေါ်ပြထားတာမျိုးလည်း မတွေ့မိသေးပါ။


ကြီးမားတဲ့ ဗုဒ္ဒဆင်းတုတော် ရှိတဲ့အရပ်ဆီသို့

စစ်ရဲ့အနိဌာရုံတွေကနေ ပြန်အထွက် မုဒုံမြို့ဖက်ရောက်တော့ ကမ္ဘာမှာအကြီးဆုံးလို့ ဒေသခံတွေကပြောကြ တဲ့ ဗုဒ္ဒရုပ်ပွားတော်တွေဆီ ဦးတည်ခဲ့ပါတယ်။ ၀င်းစိန်တောရမရောက်မီ လမ်းဘေးနားမှာတွေ့ရတဲ့ ထိုင်တော်မူကြီး တဆူကိုတော့ အချိန်မရလို့ ကားပေါ်ကပဲ လှမ်းဖူးခဲ့ရပါတယ်။ တောရထဲဝင်လာတော့ ရဟန်းတာ ၅၀၀ ပုံတွေကို အရင်ဆုံးတွေ့ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက တောင်ဝိုင်းတောင် ပေါ်မှာတွေ့ဖူးတဲ့ အရုပ်တွေနဲ့ခပ်ဆင်ဆင်မို့ သိပ်တော့ မထူးဆန်းပါ။ ဒါပေမဲ့ အဲဒီ အရုပ် ၅၀၀ ရဲ့အလွန် တောင်ကုန်းလေးပေါ်မှာတွေ့ရတဲ့ လျောင်းတော်မူ ရုပ်ပွားတော်ကြီးကတော့ တကယ့်ဧရာမကြီး။


ကမ္ဘာ့အကြီးဆုံးဟုတ်မဟုတ် မသေချာပေမဲ့ ကျနော်တွေ့ဖူးသလောက်ထဲမှာ အကြီးဆုံးဖြစ်နေတာကတော့ သေချာပါတယ်။ ဒေသခံတွေရဲ့အခေါ် အတောင် ၄၀၀၊ (ပေ ၅၆၀) နဲ့ အတောင် ၆၀၀ ရုပ်ပွားတော် နှစ်ဆူ ကို ဆရာတော်ကြီးက တည်ဆောက်ခဲ့ပေမဲ့ ဒုတိယ ရုပ်ပွားတော်မပြီးခင် ၂၀၁၅ ခုနှစ် ဧပြီလမှာ ဆရာ တော်ကြီး ပျံလွန်တော်မူသွားခဲ့ပါတယ်။ ထူးခြားတာက ဒီလောက်ကြီးမားတဲ့ ရုပ်ပွားတော်တွေကို ကျွမ်းကျင် ပညာရှင်တွေ၊ အင်ဂျင်နီယာတွေမပါပဲ ဒေသခံ ပန်းရံသမားတွေချည်း ဆောက်လုပ်ခဲ့တယ်ဆိုတာပါပဲ။

အတောင် ၄၀၀ ရှိ ရုပ်ပွားတော်ရဲ့ ၀မ်းပိုက်တော်ထဲမှာ ဗုဒ္ဒ၀င်ပြခန်းရှိတယ်။ ဆိုင်ကယ်တက္ကစီသမားတွေကို ခေါ်ပြီး ဘုရားဝမ်းပိုက်ထဲအထိ တက်သွားလို့ရတယ်လို့ လမ်းညွန်သူတွေကပြောပါတယ်။ ဒါပေမဲ့ ကျနော် စိတ်ဝင်စားတာက အဲဒါတွေမဟုတ်။ ဒီလောက်ကြီးတဲ့ ရုပ်ပွားတော်ကြီးကို ဘယ်နေရာကနေ ဓတ်ပုံရိုက် ရင်အဆင်ပြေမလဲဆိုတာပါ။ ရုပ်ပွားတော် ၀င်ပေါက်ရှိ အလှူခံဌာနကနေရိုက်ရင် တဆူလုံး ဘယ်လိုမှ မပါနိုင်။ ဒီတော့ နောက်ပြန်ဆုတ်၊ ကလေးတွေ ရေလွှာလျောစီးနေတဲ့ အပေါ်ဖက်က တန်းဇောင်းပေါ် တက်ပြီး ရိုက်ရပါတယ်။ မိုးကရွာ၊ ကွန်ကရစ်တုံးတွေက ရေညှိစွဲပြီး ချောနေတော့ မနဲကြိုးစားရိုက်ယူခဲ့ ရပါတယ်။


ဒါက ပြီးစီးနေပြီဖြစ်တဲ့ အတောင် ၄၀၀ ရှိ ရုပ်ပွားတော်ကိုပြောတာပါ။ တည်ဆောက်နေဆဲ အတောင် ၆၀၀ ရုပ်ပွားတော်ကလည်း မျက်နှာချင်းဆိုင် တောင်ကုန်းလေးပေါ်မှာရှိနေပါတယ်။ မျက်နှာနဲ့ ဦးခေါင်းပိုင်း လောက်ပဲ ပုံပေါ်နေပြီး ခန္တာကိုယ်တခုလုံးက ဆောက်လက်စ တိုက်အိမ်ကြီးတလုံးသဘွယ် အကြမ်းထည် သက်သက်ပဲရှိပါသေးတယ်။ ဘာကြောင့် ဒါတွေ ဆောက်ဖို့လိုအပ်သလဲ။ အကျိုး-အပြစ်က ဘာတွေလဲ။

သေချာတာတခုကတော့ ဘာသာရေးကို နိုင်ငံတော်ကိစ္စအဖြစ် ရှေ့တန်းတင်လေ့ရှိတဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ အာရှက နိုင်ငံတချို့နဲ့စာရင် ဘာသာရေးကို ပုဂ္ဂလိကဆိုင်ရာကိစ္စအဖြစ်သာ သဘောထားတဲ့ အနောက်နိုင်ငံတွေက ဒီမိုကရေစီသဘောတရားနဲ့ တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးဖက်မှာ ရှေ့တန်းပိုရောက်နေ တာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။ ဒါပေမဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီအဆင့်အတန်းနဲ့ နိုင်ငံရေး ရာသီသတုအခြေအနေက ဒီကိစ္စမျိုးကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးငြင်းခုန်ဖို့ အဆင်သင့်မဖြစ်သေးဘူး မဟုတ်ပါလား။


မော်လမြိုင်မှ ထားဝယ်သို့

မော်လမြိုင်ကနေ ထားဝယ်ကားလမ်းတလျောက် သတိထားမိတာက လက်ညှိုးထိုးမလွဲရှိနေတဲ့ ရော်ဘာတောတွေပါပဲ။ တကယ်တော့ မော်လမြိုင်ရောက်မှမဟုတ်ပါဘူး။ ပဲခူးတိုင်းအလွန် စစ်တောင်းမြစ် ကိုကျော်ပြီးကတည်းက ကားလမ်းဘေးတချက်မှာ ရော်ဘာတောတွေချည်းမြင်ခဲ့ရပါတယ်။ ၁၉၈၈ မတိုင်ခင်က ဒီလမ်းတွေမှာ ရော်ဘာတောမရှိသေးပါ။


အခုတော့ ရော်ဘာစိုက်ဧရီယာက စပါးစိုက်တဲ့ လယ်မြေဧကထက်တောင် ပိုများလာနေပြီလို့ ထင်ချင် စရာကြီးပါ။ ဟုတ်တယ်လေ။ စပါးက လယ်ရှိမှစိုက်လို့ရတာမျိုး။ ရောဘာက အိမ်နောက်ဖေးခြံကနေ ဓားမဦးချဆိုပြီး စိုက်သွားလိုက်တာ ဟိုးမှာမြင်နေရတဲ့ တောင်တန်းတွေ၊ တောင်ထိပ်တွေတောင် မကျန်တော့ပါဘူး။ တောင်ထိပ်မှာရှိတဲ့ စေတီနေရာမှအပ ကျန်နေရာအားလုံး ရော်ဘာပင်တွေချည်းပါပဲ။

ဒါတောင် ရော်ဘာဈေး အရမ်းကျနေချိန်လို့ ဆိုပါတယ်။ ရော်ဘာဈေးထပ်တက်လာလို့ကတော့ လယ်တွေကိုတောင် စပါးမစိုက်တော့ပဲ ရော်ဘာပြောင်းစိုက်မလား မသိပါ။ ရော်ဘာတောတွေရှိလို့ ပန်းဝန်းကျင်ဟာ ခြောက်သွေ့မနေပဲ စိမ်းစိုနေတယ်ဆိုပေမဲ့ ဒါဟာ သဘာဝသစ်တော မဟုတ်တော့ပါ။ အပင်ပေါင်းစုံ သဘာဝအတိုင်းပေါက်နေတဲ့နေရာမှာ ငှက်မျိုးစုံ၊ ဇိဝမျိုးစုံနဲ့ ဂေဟစနစ် အဆင်ပြေနပေမဲ့ ဒီလို သစ်ပင်တမျီုးတည်းကိုသာ ရွေးစိုက်တဲ့ အခါမှာတော့ ဂေဟစနစ် ပျက်စီးသွားတယ်လို့ ကျွမ်းကျင်သူတွေ ကဆိုပါတယ်။

ဒါပေမဲ့ အဲဒီကျွမ်းကျင်သူတွေ ဒီလမ်းတလျောက်ရောက်ဖူး မရောက်ဖူးနဲ့ သူတို့ပြောတာတွေကို သက်ဆိုင်ရာ အစိုးရနဲ့ ဒေသခံအာဏာပိုင်တွေက လက်ခံ မခံတော့ ကျနော်လည်းမသိပါ။ သူတို့ပြောတာကို လက်မခံလို့ပဲ နှစ် ၂၀ လောက်အတွင်း သဘာဝတောတွေပျက်သုံးပြီး နေရာတကာ ရော်ဘာဖြစ်သွား တယ်ဆိုရင် မမှားလောက်ပါ။ အခု အစိုးရသစ်လက်ထက်မှာကော တနေ့စာဝမ်းရေးကိစ္စထက် မျိုးဆက်အလိုက်ကောင်းစားရေးဖက်ဆီ ဦးစားပေးစဉ်းစားတဲ့စိတ်ကူးတွေများ ပေါ်လာနေပြီလား။



ရေရှည်ပြုပြင်ရမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူတွေရဲ့စဉ်းစားပုံကလွဲရင် အချိန်တိုအတွင်း ပြုပြင်နိုင်တဲ့ လမ်းနဲ့တံတားတွေကတော့ မော်လမြိုင်နဲ့ ထားဝယ်ကြားမှာ အတော်တိုးတက်ကောင်းမွန်လာတာတွေ့ ရပါတယ်။ အထူးသဖြင့် ဓားမြရန်၊ သူပုန်ရန်၊ စစ်သားရန်တွေကြောင့် နာမည်ကြီးလှတဲ့ မလွဲတောင်လမ်း ဟာ အတော်ကို ကောင်းမွန်တိုးတက်သွားပါပြီ။ မောလမြိုင်ကနေ မနက် နာရီထွက်တဲ့ကား ၁၂ နာရီ ကျော်တာနဲ့ ထားဝယ်အဝေးပြေးကားဝင်ဆီ ၀င်နိုင်ပါပြီ။ ဒါဟာ အရင် ၈၈ တုန်းက ရေးနဲ့ထားဝယ်ကိုတောင် တနေကုန်မောင်းနေရတာနဲ့စာရင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ မဟာခုန်ပျံကျော်လွှား တိုးတက်မှုကြီး မဟုတ်ပါလား။  
....
သေမင်းတမန်ရထားလမ်းနဲ့ပတ်သက်ပြီး ၂၀၀၈ လောက်က လုပ်ထားတဲ့ (DVB ကလွှင့်ထားတဲ့) ပရိုဂရမ်တခုရှိပါတယ်။ အခုမှ သတိရလို့... ထပ်ရှယ်လိုက်ပါတယ်...။ 

....

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More