Saturday, August 27, 2016

အပြောင်းအလဲတွေကြား မပြောင်းမလဲ ကျန်နေသည်များ

The Taninthayi Weekly, Aug 22-28, 2016.

ထားဝယ်ဒေသက အပြောင်းအလဲများ

ဒီတခေါက် ထားဝယ်အပြန် အသိသာဆုံးတွေ့ရတဲ့အပြောင်းအလဲကတော့ အရင် စစ်တပိုင်းအစိုးရ နေရာမှာ အခု ဒီမိုကရေစီတပိုင်း (ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အစိုးရ) အစိုးရဖြစ်နေခြင်းပါပဲ။ အစိုးရ ပြောင်းတော့ လွှတ်တော်ရော၊ အုပ်ချုပ်ရေးယန္တယားတွေရော အတော်ပြောင်းသွားတာ သတိထားမိပါ တယ်။ ရွာသူကြီး (ကျေးရွာ အုပ်ချုပ်ရေးမှုး) နေရာတွေတောင် အပြောင်းအလဲဖြစ်ကုန်ပါတယ်။


ထားဝယ်မြို့ရှိ အဓိက လမ်းမကြေီးတွလည်း (သာမန်လမ်းကြားတွေ မပါ) နိုင်လွန်ကတ္တရာခင်းထား တာကြောင့် လှပသန့်ရှင်းနေပါတယ်။ အစိုးရရုံးသစ်တွေနဲ့ လွှတ်တော်သစ်အဆောက်ဦရှိတဲ့ ကမျောကင်း လမ်းကတော့ အားလုံးထဲမှာ အသိသာဆုံးတိုးတက်နေတဲ့ နေရာတခုပါ။ အရင်က စပါးခင်းတွေသာရှိပြီး မိုးရွာတာနဲ့ ရေကြီး၊ ထားဝယ်မြစ် ရေလျှံဝင်လေ့ရှိတဲ့ ဒီလမ်းတလျောက်မှာ အခု ဆေးရုံအသစ်တွေ၊ ၀န်ထမ်းအိမ်ယာတွေ၊ ၀န်ကြီးအိမ်ယာတွေ၊ လွှတ်တော်ရုံးတွေ၊ ဈေးဝယ်စင်တာတွေ၊ ပုဂ္ဂလိကပိုင် တိုက်တာအသစ်တွေနဲ့ မြို့ပြနိုင်ငံသစ်တခုဆီ ရောက်သွားသလိုလို။

အစိုးရသစ်လက်ထက်မှာ စီးပွားရေးပိုကောင်းလာ မလာ မသိရသေးပေမဲ့ ကားအကောင်းစားတွေ၊ ဆိုင်ကယ်တွေ လမ်းမပေါ် ပိုများလာတာကတော့ သေချာပါတယ်။ လျှပ်စစ်မီးလည်း ၂၄ နာရီ ပေးနိုင်ဖို့ မီးတိုင်တွေ၊ မီးကြိုးတွေ တပ်ဆင်နေတာ တွေ့ရပါတယ်။ စစ်တပိုင်းအစိုးရခေတ်က လူပြောများခဲ့တဲ့ လက်ဝါးကြီးအုပ် ခရိုနီစီးပွားရေး စနစ်နေရာမှာ လူတိုင်းတန်းတူယှဉ်ပြိုင်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ဈေးကွက် စီးပွားရေးကို NLD အစိုးရက တကယ်ဖေါ် ဆောင်နိုင် မနိုင်ကတော့ မသေချာသေးပါ။ 


NLD အစိုးရဆိုတာ အများခေါ်နေတဲ့အတိုင်း အလွယ်လိုက်ခေါ်ခြင်းမဟုတ်ပါ။ ဗဟိုအစိုးရမှာ NLD အပြင် တခြားပါတီ (အုပ်စု) က ခွဲတန်းကျ ၀န်ကြီးတွေ၊ တတ်သိပညာရှင်တွေ ပါဝင်နေပေမဲ့ တနသာင်္ရီတိုင်း မှာတော့ အားလုံး NLD ပါတီဝင်တွေချည်းသက်သက်ဖြစ်တာကြောင့် NLD အစိုးရလို့ခေါ်လိုက်တာပါ။ လွှတ်တော်အမတ်တွေအားလုံးကလည်း NLD ပါတီကချည်းဖြစ်ပါတယ်။ အရင် မဆလ ပါတီနဲ့ ကြံ့ခိုင်ရေးပါတီကချည်း နှစ် ၄၀ ကျော်လွှမ်းမိုးထားတဲ့ တိုင်းအစိုးရ အာဏာပုလ္လင်ကို အခု NLD က သိမ်းယူလိုက်ပြီဆိုပါတော့။

ဒါက ထားဝယ်ဒေသဆီ အခုမှရောက်လာတဲ့ ဧည်သည်တဦးအနေနဲ့ တစုံလုံးအခြေအနေကို အကြမ်းဖျင်းရှု မြင်ပုံ ဖြစ်ပါတယ်။ ဒါပေမဲ့ ထားဝယ်မှာနေသူ ဒေသခံတဦးအနေနဲ့ ထဲထဲဝင်ဝင်ကြည့်မယ်ဆိုရင်တော့ အပြင်ပန်းမှာ ပြောင်းအလဲတွေဖြစ်နေပေမဲ့ အတွင်းပိုင်းမှာ မပြောင်းမလဲကျန်နေတဲ့ အချက်အတော် များများကိုလဲ တွေ့နိုင်ပါသေးတယ်။


VIP ရောဂါနှင့် တလွဲဂုဏ်ယူနေသူများ

မပြောင်းပဲကျန်နေတဲ့ အချက်များစွာထဲက ပထမဆုံးတင်ပြချင်တာကတော့ စိတ်ဓတ်တွေ၊ စဉ်းစားပုံတွေ ပါပဲ။ လက်ရှိအစိုးရဟာ ရွေးကောက်ခံအစိုးရဆိုပေမဲ့ ဗဟိုချုပ်ကိုင်မှုများလွန်းပြီး အရင်ခေတ်ကအတိုင်း အပေါ်-အောက် ဒေါင် လိုက် အမိန့်စီးဆင်မှုဖက်မှာ အားသန်နေဆဲဖြစ်ပါတယ်။ အရည်အချင်းရှိသူထက် ဆွေမျိုးနီးစပ်သူတွေ၊ ဒီမိုကရေစီကျင့်စဉ်အပေါ်သစ္စာရှိသူထက် ပါတီအပေါ်သစ္စာရှိသူတွေကိုသာ ဦးစားပေးနေဆဲဖြစ်ပါတယ်။


သာမန်စီးပွားရေးသမားတွေကြားမှာလည်း ဘယ်အစိုးရတက်တက် အာဏာရှိသူနဲ့အဆင်ပြေမှ အလုပ်ဖြစ်မယ်ဆိုတဲ့ စဉ်းစားပုံက စွဲကျန်နေပါတယ်။ ‘’လူကြီးနဲ့ပိုင်တယ်’’ ဆိုတဲ့ ရွံရှာဘွယ်စကားလုံး၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ဆန့်ကျင်ဖက်စကားလုံးကိုတောင် လူအတော်များများက ခုံခုံမင်မင်ဆက်သုံးနေတာ အံ့သြဘွယ်တွေ့ခဲ့ရပါတယ်။ 

တချို့ဆို ကားရှေ့မှန်မှာ အစိုးရဌာနဆိုင်ရာ စာတန်းတွေ၊ ငြိမ်းအဖွဲ့ တံဆိပ်တွေ၊ လှုမှုရေး အသင်းအဖွဲ့ အမည်တွေကပ်ပြီး မောင်းနေကြတာ တွေ့ခဲ့ရပါတယ်။ ပါးစပ်က ဒီမိုကရေစီပြောနေကြပေမဲ့ လက်တွေ့ မှာတော့ VIP အခွင့် အရေးအပေါ်မှာ သာယာနေဆဲဖြစ်ပါတယ်။ တနေ့ကတောင် လေယဉ်ကွင်းတခုမှာ VIP သီးသန့် ဆိုတဲ့ စာတန်းတွေ့လိုက်ပါသေးတယ်။ ဘယ်သူတွေများလဲဆိုပြီး အသေအချာကြည့် လိုက်တော့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် မာရသွန်ဆွေးနွေးနေတဲ့ တချိန်ကရဲဘော် ရဲဘက် သူပုန်ဟောင်းတွေ။

ဒီမကောင်းတဲ့အမူအကျင့်တွေ ဘာကြောင့် ဆက်ရှင်သန်နေတာလဲ။ နောက်ခံအချက်အလက်အများကြီး ရှိနိုင်ပါတယ်။ အဲဒီထဲက ကျနော်မြင်မိတာတခုကတော့ လက်ရှိအစိုးရဟာ ဒီမိုကရေစီအစိုးရဆိုပေမဲ့ တကယ့်အရေးကြီးတဲ့အာဏာတွေကို စစ်တပ်က ချုပ်ကိုင်ထားဆဲ။ တနည်းအားဖြင့် ဒီမိုကရေစီအစိုးရထဲမှာ အာဏာရှင်လက်ကျန်  အတွေးအခေါ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ဆက်ကျန်နေဆဲဖြစ်တာကြောင့် အဲဒီကတဆင့် ဒီမိုကရေစီအင်အားစုတွေဆီ ဒီအတွေးအခေါ် ကူးစက်လာတယ်လို့ ဆိုချင်ပါတယ်။


ဆိုလိုတာက ဗဟိုအစိုးရမှာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာတွေကို တပ်မတော်အား ခွဲတန်းပေးထားရခြင်း၊ လွှတ်တော်တိုင်းမှာလည်း ၂၅ ရာခိုင်းနှုန်းသောအမတ်နေရာကို တပ်မတော်အတွက် ခွဲတန်းပေးထားရခြင်းနဲ့ ပြည်နယ်-တိုင်း အစိုးရအဖွဲ့မှာဆိုရင်တော့ နယ်-လုံ ၀န်ကြီးနေရာနဲ့ ထွေ-အုပ် နေရာတွေကို တပ်မတော်အတွက် ခွဲတန်းပေးထားရခြင်းတွေဟာ ဒီအကျင့် ဆိုးတွေ ကူးစက်-ကြီးထွားလာစေဖို့ နေရာချန်ပေးထားသလို ဖြစ်နေပါတယ်။

ဒီတော့ ၀န်ကြီးချင်းတူရင်တောင် နယ်-လုံ ၀န်ကြီးက ပိုအရေးပါသလိုဖြစ်နေပါတယ်။ ကျနော်တွေ့ခဲ့ဖူးတဲ့ ၀န်ကြီးတွေအားလုံးတက်တဲ့ အခမ်းအနားတခုမှာဆိုရင် စစ်ယူနီဖောင်းအပြည့်ဝတ်ပြီး ပခုံးမှာကြယ်ပွင့်တွေ ဆင်ထားတဲ့ နယ်-လုံ ၀န်ကြီးက ပင်နီတိုက်ပုံဝတ် အခြား NLD ၀န်ကြီးတွေထက် ပိုအရေးပါအရာရောက် နေပြီး ၀န်ကြီးချုပ်ပြီးရင် သူဟာ ဒုတိယ ၀န်ကြိးချုပ်လို အရေးပါနေတာတွေ့ခဲ့ရပါတယ်။

ဒါကြောင့် ဒီမိုကရေစီအလေ့အထတွေ အမှန်တကယ်ထွန်းကားလာစေချင်ရင် စစ်အာဏာရှင်လက်ကျန် ဌာနတွေကို အမြန်ဆုံးပြောင်းလဲပစ်ဖို့လိုပါတယ်။ အပေါ်ထပ်အဆောင်ဦတခုလုံးကို မပြောင်းနိုင်သေး ရင်တောင် လူထုနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ထွေ-အုပ် ဌာနကို သမ္မတရုံးကဖြစ်စေ၊ ပြည်နယ်-တိုင်း ၀န်ကြီးချုပ်တွေရဲ့ ရုံးအောက်မှာဖြစ်စေ ထားနိုင်မယ်ဆိုရင်တော့ အာဏာရှင်လုပ်ဟန်တွေအပေါ် အထင်ကြီးနေတဲ့လက်ကျန်အတွေးအခေါ်တွေ တဖြေးဖြေးကျဆင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အဖျားမရှုးအောင် ၀ိုင်းလုပ်ကြစို့

ဒါက  အပေါ်ထပ်အဆောက်ဦကလူတွေ၊ VIP အ၀ိုင်းအ၀န်း၊ အရေးပါအရာရောက်သူတွေ ကြားမှာပြုပြင်ဖို့ လိုနေတဲ့ အချက်အလက်တချို့ပါ။ ဒါဖြင့် သာမန်ပြည်သူတွေကြားမှာကော ဘာတွေပြောင်းဖို့လိုနေသလဲ။ သီအိုရီအရကတော့ အပေါ်ထပ်အဆောက်ဦပြောင်းရင် အောက်ခြေမှာလည်း သူ့အလိုလို လိုက်ပြောင်းလေ့ ရှိတယ်လို့ဆိုပါတယ်။


သေချာတာကတော့ သာမန်အရပ်သားတွေဟာ အာဏာပိုင်တွေကို (သေနတ်ကိုင်ထားသူမှအပ) အရင်လိုကြောက် မနေတော့ပဲ အမှန်ကိုအမှန်တိုင်း ရဲရဲတင်းတင်းပြန်ပြောရဲလာကြပါတယ်။ ဆိုရှယ်မီဒီယာ တွေကိုအားကိုးပြီး တနေရာမှာ မတရားအနိုင်ကျင့်ခံနေရတာကို အခြားနေရာကပါသိလာအောင်၊ အများ စိတ်ဝင်စားမှုရအောင် လုပ်တတ်ကိုင်တတ် လာကြပါတယ်။ ဒီလိုနဲ့အရင်ခေတ်က သိမ်းထားသမျှ လယ်ယာမြေတွေ၊ မတရားအနိုင်ကျင့်ခံထားရမှု တွေဟာ တဖြေးဖြေး ထပ်ထပ်ပေါ်လာနေလို့ အခုထိ ရှင်းလို့ကိုမပြီးနိုင်တော့ပါ။

ဒါက တိုးတက်လာမှုပါ။ မတိုးတက်ပဲ အရင်ခေတ်အတိုင်းကျန်နေတာက ဘာတွေလဲ။ ပြောရမှာတော့ နည်းနည်း အားနာပါတယ်။ လူအများစုဟာ မြန်မာစံတော်ချိန်အတိုင်း သွားနေကြဆဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ 7 July အခမ်း အနားကို မနက် နာရီမှာစတင်မယ်လို့ ဖိတ်စာထဲမှာရေးထားတဲ့အတွက် ဟိုးရွာမှာနေတဲ့ကျနော်ဟာ မနက် နာရီကတည်းက ဆိုင်ကယ်ရှာပြီး မြို့ပေါ်တက်လာရပါတယ်။ မိုးရာသီဆိုတော့ ဆိုင်ကယ်စီးရတာမလွယ်ပါ။ နာရီ ထိုးဖို့ ၁၅ မီနစ်အလိုမှာ အခမ်းနားကျင်းပမဲ့ မြို့တော်ခန်းမဆီ ရောက်လာပေမဲ့ တခြားဖိတ်ကြားထားသူ ဘယ်သူမှ မရောက်သေး။ စားပွဲပြင်၊ ကုလားထိုင်ရွှေနေကြတဲ့ ကျောင်းသားလူငယ်တွေလောက်သာ တွေ့ရပါတယ်။

‘’အကိုကလဲ မြန်မာစံတော်ချိန်လေ၊ နာရီဆို နာရီလောက်မှ တကယ်စဖြစ်မှာပေါ့။ မိုးရွာနေရင် အဲဒီထက် တောင် နောက်ကျနိုင်သေးတယ်’’ ဆိုပြီး ကျောင်းသားတဦးကပြောတော့ အတော်စိတ်ပျက် သွားမိပါတယ်။ ဒါဟာ အမှန်တရားပါ။ တိုင်းအစိုးရ၀န်ကြီးတွေ၊ အမတ်မင်းတွေ၊ အခမ်းအနားဦးဆောင် ကျင်းပသူတွေအားလုံး နာရီထိုး ခါနီးမှ အသီးသီးရောက်လာကြပါတယ်။ မြို့တော်ခမ်းမက အစည်းဝေး တောင် ဒီလိုနောက်ကျနေရင် တခြားနေရာက အစည်းဝေးဆို မပြောနဲ့တော့။ ဒီမိုကရေစီခေတ်ရောက်ပြီ ဆိုပေမဲ့ စစ်အစိုးရခေတ်ကကျန်ခဲ့တဲ့ နာရီတွေ ပြန်မပြင်ရသေးပါလား။

နောက်ထပ်တွေ့မိတဲ့အချက်တခုက ခရိုနီတွေ၊ VIP တွေအပေါ် သဘောထားနဲ့ ဆက်စပ်နေပြန်ပါတယ်။ စစ်အစိုးရ အဆက်ဆက်ရဲ့ အုပ်ချုပ်ရေးစနစ် ညံ့ဖျင်းမှုကြောင့် တိုင်းပြည်ဆင်းရဲ (နိုင်ငံသားတွေ ဆင်းရဲခဲ့တာကို အမှန်အတိုင်း မမြင်နိုင်ပဲ အရင်ဘ၀က ကံမကောင်းလို့ ဒီဘ၀မှာဆင်းရဲနေရတာဆိုပြီး အမြင် ဟောင်းတွေ ဆက်ရှိနေခြင်းပါ။ ဘာသာရေးနွယ်တဲ့ ရှေးရိုးစွဲအမြင်တွေကိုခွာချပြီး ၂၁ ရာစုအမြင်တွေဆီ ပြောင်းသင့်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ ဆင်းရဲသူအပေါ် ချမ်းသာသူက ပစ်ပယ်ထားမှုတွေကို ပြန်သုံးသပ်သင့်ပါတယ်။ နိုင်ငံသားတိုင်း လူတန်းစေ့နေ နိုင်တဲ့စနစ်တခုဆီ ဦးတည်ဆောင်ရွက်ဖို့လိုနေ ပါတယ်။ 

နောက်တချက်က အစားအစာလုံခြုံရေး။ ဒါကလဲ စစ်အစိုးရတွေ နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ခဲ့လို့ ပျက်ယွင်းသွားခဲ့ရတဲ့ အကျင့်စာရိတ္တပိုင်း၊ ဆင်းရဲမွဲတေမှုအပိုင်းတွေနဲ့ ဆက်စပ်နေမလားမသိပါ။ လူအများစုဟာ ကိုယ်နေ့စဉ်စားနေတဲ့ အစားစာတွေရဲ့အဆင့်အတန်း၊ အာဟာရရှိမှု မရှိမှု၊ ပိုးသတ်ဆေးပါ မပါ၊ အရောင်ဆိုးဆေးပါ မပါ၊ ကြာရှည်ခံ ဆေးပါ မပါ ဘယ်သူမှ စစ်ဆေးမနေအားပါ။ ‘’ဆာလို့စားတာ ဗိုက်ပြည့်ရင်ပြီးရော’’ ဆိုတဲ့ မူအတိုင်း သွားနေကြ ဆဲဖြစ်ပါတယ်။ ဒါတွေကို အမြန်ဆုံးပြုပြင်ဖို့လိုနေပါ တယ်။

နောက်ဆုံးတင်ပြချင်တာက ယဉ်စည်းကမ်းလိုက်နာရေး။ ဒီမိုကရေစီခေတ်ရောက်ပြီဆိုပြီး လမ်းမပေါ် ဆေးရိုးလှန်းတာမျိုး မလုပ်သင့်ပါ။ လူ့အခွင့်အရေးနဲ့ စည်းမျဉ်းစည်းကမ်း (Regulation) လိုက်နာရေးဟာ သီးခြားစီဖြစ်ပါတယ်။ ရန်ကုန်မှာတွေ့ဖူးတဲ့ တက္ကစီသမားတွေကတော့ လမ်းလယ်ကအ၀ိုင်းတွေ ကိုကျော်တဲ့အခါ စည်းမျဉ်းအတိုင်း လိုက်နာလေ့မရှိပဲ လက်ကလေးထောင်၊ ကားခေါင်းထိုးခံပြီး ဖြတ်ကျော်ဝင်လေ့ရှိပါတယ်။ ‘’အားလုံးက ဒီလိုပဲလုပ်နေကြ တာ။ ကိုယ်က မလုပ်ပဲ စာအုပ်ကြီးအတိုင်း စောင့်နေရင် မိုးချုပ်တဲ့အထိ ရောက်မှာမဟုတ်တော့ဘူး’’ လို့ပြောကြပါ တယ်။

ထားဝယ်မှာတော့ အ၀ိုင်းမရှိပဲ မီးပွိုင်တွေသာများလို့ အလားတူပြသာနာမရှိပါ။ ဒါပေမဲ့ မီးပွိုင်မှာ ကားရှင်း ပါတယ်ဆိုပြီး ဖြတ်မောင်းသွားတဲ့ မော်တော်ဆိုင်ကယ်တွေကိုတွေ့ဖူးပါတယ်။ ကားဆရာတွေ၊ မော်တော် ဆိုင်ကယ်ဆရာ တွေအားလုံး ယဉ်မောင်းလိုင်စင်ရှိရဲ့လား။ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုအသေအချာ နားလည်ကြရဲ့လား။ မေးခွန်းထုတ်စရာ အများကြိးရှိပါတယ်။ ဘာကြောင့်လဲဆို ထားဝယ်အပါဝင် တနိုင်ငံလုံးမှာ ဒီနေ့အများဆုံးသေနေတဲ့ ရောဂါက ယဉ်တိုက်မှုဖြစ်နေလို့ပါ။

ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ။ အစိုးရက စီမံကိန်းချပြီး စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် သာမန်ပြည်သူတွေက လည်း လိုက်နာလာကြမှာပေါ့။ ဒါပေမဲ့ ပြောရမှာတော့ အားနာပါတယ်။ NLD ပါတီ မဲအပြတ်အသတ်နိုင်ပြီး အာဏာ လွဲပြောင်းမှုမလုပ်ခင်လေးမှာ တနိုင်ငံလုံးသန့်ရှင်းရေးအတွက် အမှိုက်ကောက်ကြမယ်ဆိုပြီး ပါတီဥက္ကဌကိုယ်တိုင် ဦးဆောင်ကာ လုပ်ခဲ့ကြဖူးပါတယ်။ ပါတီဝင်တွေ၊ သာမန်နိုင်ငံသားတွေ အကုန်လုံး ၀င်ကောက်ကြလို့ အတော် အရှိန်အဟုန် ကောင်းခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို အပတ်စဉ် စနေ-တနင်္ဂနွေမှာ ဆောင်ရွက်မယ်ဆိုတော့ တနိုင်ငံလုံး သန့်ရှင်းသန့် ပြန့်သွားပြီး စည်းကမ်းမဲ့အမှိုက်ပစ်သူတွေလည်း တဖြေးဖြေးနည်းသွားမယ်လို့ ထင်ခဲ့မိပါတယ်။



ဟောအခု အာဏာရတာဟာ ရက် ၁၀၀ လည်းကျော်ရော။ တပတ်တခါလုပ်မယ်ဆိုတဲ့ လုပ်ငန်းစဉ် ဘာမှအသံ မကြားရတော့ပါ။ ဒီထက်အရေးကြီးတဲ့ကိစ္စတွေများလာလို့ အမှိုက်ကောက်တဲ့ဖက် မလှည့်နိုင်တော့တာပါဆိုပြီး အစိုးရလိုလားသူတွေက ဆင်ခြေပေးပါလိမ့်မယ်။ ပေးနိုင်ပါတယ်။ ဒါပေမဲ့ အမြဲတန်းအဆက်မပြတ်ဆောင်ရွက်ပါ့ မယ်လို့ ကတိပေးထားတဲ့အလုပ်တခု အခုလို အဖျားရှုးသွား တယ်ဆိုရင် နောက်ထပ်ကတိတွေကော အဖျားရှုး မသွားဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ မြန်မာတွေ အဖျားမရှုး-မရှုးဆိုဘူးဆိုတာကို ဒီနေ့အပြောင်းအလဲက ကယ်စမ်းသပ်နေပြီဖြစ်ပါတယ်။     

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More