The Voice Daily, 21-08-2016.
ရန်ကုန်မှ ချင်းမိုင်သို့
၂၈ ရက်စာ e-visa နဲ့ စတုတ္တအကြိမ် ပြည်တော်ဝင်ခွင့်ရခဲ့သူ ကျနော်ဟာ ဇူလိုင်လကုန်ပိုင်းမှာတော့ ဗီဇာကုန်လို့ အမိမြေကနေ ပြန်ထွက်လာခဲ့ရပါတယ်။ အခုခရီးစဉ်အတွင်း ပုဂံ၊ တောင်ကြီး၊ ဖယ်ခုံ၊ လှိုင်ကော်၊ တောင်ငူ၊ ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ် စသဖြင့် နေရာအတော်များများရောက်ခဲ့ပါတယ်။ နိုင်ငံရေးနယ်ပယ်က ပုဂ္ဂိုလ်တွေ၊ တခြား နယ်ပယ်က ပုဂ္ဂိုလ်အတော်များများနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ (နိုင်ငံရေးအကြောင်း သီးခြားတပုဒ်ရေးပါဦးမယ်)။
ရန်ကုန်ကနေ ထိုင်းကိုပြန်အထွက် ပထမ ဆုံးမြင်ရတဲ့ တိုးတက်မှုကတော့ မင်္ဂလာဒုံလေယဉ်ကွင်း တိုးချဲ့ဆောင် အသစ်ဖွင့်နိင်ခြင်းပါ။ ဒီအဆောင်ဖွင့်ပွဲကို ဦးသိန်းစိန်အစိုးရမဆင်းခင် ရက်ပိုင်းအလိုမှာ ကတိုက်ကရိုက် လုပ်သွားခဲ့ပေမဲ့ အမှန်တကယ်အသုံးပြုနိုင်တာကတော့ ကျနော်ရန်ကုန်ကပြန်ထွက်ချိန် ဇူလိုင်လလယ်ကမှ ဖြစ်ပါတယ်။
အခုလို နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ကာလမှာ နိုင်ငံတကာ သံတမန်တွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ အ၀င်-အထွက်များလာတာကြောင့် လေယဉ်ကွင်းတိုးချဲ့ဖို့လိုနေတာ အမှန်ပါပဲ။ ဒါပေမဲ့ မြန်မာအင်ဂျင်နီယာ တွေ (အစိုးရက ခိုင်းတဲ့အတိုင်း အင်ဂျင်နီယာက လိုက်လုပ်နေရတာလဲဖြစ်နိုင်ပါတယ်) နဲ့ နိုင်ငံတကာ အင်ဂျင်နီယာတွေ စဉ်းစားပုံ မတူတာလားမသိပါ။ ပြည်တွင်းလေကြောင်းအဆောင်ကို အလယ်မှာထားပြီး နိုင်ငံတကာ လေယဉ်အဆောင်နှစ်ခုကို ဘေးတဖက်စီမှာ ဆောက်ထားပါတယ်။
ဒီအထိက ပြသာနာ သိပ်မရှိသေးပါ။ ဒါပေမဲ့ အဲဒီအဆောင်နှစ်ဖြစ်တဲ့ Terminal 1 နဲ့ Terminal 2 ကြားမှာ ဆက်သွယ်ရေးစနစ်မရှိဘူး။ အဆောင် ၂ ကထွက်မဲ့လေယဉ်စာရင်း အဆောင် ၁ မှာရှိတဲ့ တီဗွီဖန်သားပြင် မှာ မပေါ်ဘူးလို့ သိရတဲ့အခါ အတော်စိတ်ပျက်သွားမိပါတယ်။ စိတ်ပျက်တာက နောက်မှပါ။ လောလောဆယ်က ကိုယ်စီးရမဲ့ လေယဉ်လိုင်းကို ဖန်သားပြင်ပေါ်မှာမတွေ့ဖူးဆိုတော့ အတော်စိတ်ပူသွားမိ ပါတယ်။ ဘာများလွဲသွားသလဲ၊ နေ့စွဲမှားပြီးများ ၀ယ်မိသလားပေါ့။
နိုင်ငံတကာ လေယဉ်ကွင်းတွေမှာ ဒါမျိုး တခါမှမကြုံဖူးပါ။ လေယဉ်ကွင်းရဲ့ ဘယ်နေရာက ဖန်သားပြင်ကို ပဲကြည့် ကြည့်၊ ဒီလေယဉ်ကွင်းကနေ ထွက်သမျှ၊ ၀င်သမျှ လေယဉ်တွေရဲ့ အချိန်ဇယား အကုန်ပေါ်နေတာ ပါပဲ။ အခု ကျနော်ရောက်နေတဲ့ မင်္ဂလာဒုံလေယဉ်ကွင်းမှာတော့ အဲဒီလိုမဟုတ်။ (အဆောင်အသစ်ဖွင့်ကာစ မို့ ဆက်သွယ် ရေးစနစ်ဆင်တာ မပြီးသေးတာကြောင့်လဲဖြစ်နိုင်ပါတယ်)။ ချင်းမိုင်သွားမဲ့ ဘန်ကောက်လေကြောင်းနဲ့ တခြားလေယဉ်တချို့က အဆောင် ၂ ကနေထွက်မှာမို့ အဆောင် ၁ က ဇယားမှာမပေါ်ဘူးလို့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒါကြောင့် အဆောင် ၁ (အဆောင်အဟောင်း) ကနေ အဆောင် ၂ ဆီပြေးရပါတယ်။ ပြေးတယ်ဆိုတာ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်မှာပြေးသလိုမျိုး စည်းကမ်းမဲ့ပြေးရတာမျိုးပါ။ ဘာကြောင့်လဲဆို ဒီအဆောင် ၂ ခု ကြား လေယဉ်အချိန်ပြတဲ့ ဖန်သားပြင်ချင်း အဆက်အသွယ်မရှိသေးလို ခရီးသည်တွေ အလွယ်တကူ ကူးပြောင်းနိုင်ဖို့ ဓတ်လှေကားတွေ၊ လမ်းလျောက်လှေကားတွေ (flat escalator) လဲမရှိပါ။ ရိုးရိုး လမ်းလျောက်သွားဖို့ လမ်းကြောင်းတောင် မရှိသေးပါ။ ပြည်တွင်းအဆောင်ရှေ့က တွေ့သမျှလူတွေ၊ တွန်းလှည်းတွေကို ဖြစ်သလိုရှောင်ပြီး အချိန်မီ ရောက်အောင်ပြေးခဲ့ရပါတယ်။
အထဲရောက်သွားတဲ့အခါမှာတော့ မဆိုးပါဘူး။ အဆောင်သစ်ဆိုတော့ Terminal 1 ထက် Terminal 2 က အများ ကြိးပိုသားနားတာတွေ့ရပါတယ်။ Check in လုပ်ပြီးချိန်မှာ လိုက်ပို့သူတွေနဲ့ထိုင်ပြီး ကော်ဖီသောက်နိုင်တဲ့နေရာ တွေ၊ စားသောက်ဆိုင်ခန်းတွေ အတော်ကောင်းပါတယ်။ အပေါ်ထပ် Departure အခန်းမှာလဲ Duty Free ဆိုင်နဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေ ရှိပါတယ်။ အဆောင်အသစ်ဖွင့်ကာစမို့ အဆင်မပြေမှုတချို့ကြုံခဲ့ရပေမဲ့ ဒါကို တိုးတက်မှုအဖြစ် ကြိုဆိုရမှာပေါ့။
ချင်းမိုင်မြို့မှာ ခဏတာ
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ခန့်က မြန်မာဘုရင်တွေ အုပ်ချုပ်ခဲ့ဖူးတယ်ဆိုတဲ့ မြန်မာအခေါ် ဇင်းမယ်၊ ထိုင်း အခေါ် ချင်းမိုင်ဟာ လက်ရှိမြန်မာနိုင်ငံက မြို့ပြအတော်များများထက် ပိုသာနေပါပြီ။ ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော်ဆိုပေမဲ့ မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့တော် ရန်ကုန်လေယဉ်ကွင်းထက် မညံ့ပါဘူး။ လေယဉ်ပြေးလမ်း၊ လေယဉ်ကွင်းမှာ အသုံးပြုတဲ့ ဘတ်စ်ကား၊ လေယဉ်ကွင်းအဆောက်ဦပုံစံ၊ လ၀က အရာရှိတွေရဲ့ ဆက်ဆံရေး၊ ပစ္စည်းရွေးတဲ့နေရာ၊ တက္ကစီငှားတဲ့နေရာ၊ တက္ကစီအဆင့်အတန်း၊ ပြီးတော့ မြို့တွင်းကလမ်းတွေ စသဖြင့် အားလုံး ရန်ကုန်ထက်တောင် သာနေတယ်လို့ ခရီးသည်တဦးဖြစ်သူ ကျနော့်စိတ်ထဲ ခံစားမိပါတယ်။
အရင်ခေတ်လက်ကျန် ကားအနီတွေ၊ သုံးဘီးကားတွေပြေးနေဆဲဖြစ်ပေမဲ့ တက္ကစီမီတာတွေလည်း ချင်းမိုင်မှာ အတော်များနေပါပြီ။ အနီပဲဖြစ်ဖြစ်၊ တုတ်တုတ်ပဲဖြစ်ဖြစ်၊ မီတာသမားပဲဖြစ်ဖြစ် ကားအားလုံးမှာ ကားသမားရဲ့ဓတ်ပုံ ID နဲ့ တစုံတခုပြသာနာဖြစ်ရင် ဆက်သွယ်ရမဲ့ဖုန်းနံပတ်ပါတာကိုက ရန်ကုန်တက္ကစီတွေ ထက် ထိုင်းတက္ကစီတွေက ပိုပြီး တာဝန်ခံမှုရှိတယ်ဆိုတာ ပြသနေပါတယ်။ ဈေးပေါတဲ့ ဟိုတယ်အခန်းက လည်း တညမှ ဘတ် ၇၀၀ တည်း။ ဒီလိုအခန်းမျိုး ရန်ကုန်မှာဆိုရင် အနည်းဆုံး ဒေါ်လာ ၅၀ ပေါ့။ အခုက ဘတ် ၇၀၀ ဆိုတော့ ဒေါ်လာ ၂၀ ကျော်ရုံ လေး။ နိုင်ငံခြားသားမို့ ၂ ဆ ယူတယ်ဆိုတာမျိုးလဲ ဒီနိုင်ငံမှာ မရှိပါ။
နေ့လည်စာ၊ ညစာအတွက် စားစရာတွေကလဲ ပေါမှပေါ။ တပွဲမှ ဘတ် ၄၀၊ ၅၀ (မြန်မာငွေ ၂၀၀၀ အောက်) တည်းရယ်။ မြန်မာနိုင်ငံမှာတုန်းက လမ်းဘေးစာမစားရဲ (စားရင် ၀မ်းလျော၊ ၀မ်းကိုက်ဖြစ်လို့) တဲ့ ကျနော်ဟာ ချင်းမိုင်ရောက်မှ အ၀အပြဲစားနိုင်တော့တယ်ဆိုပါတော့။ ပတ်ဝန်းကျင် သန့်ရှင်းမှုလား။ ဆိုင်အခင်းအကျင်းလား၊ ချက်ပြုတ်ကြော်လှော်သူတွေက လက်အိတ်တွေ၊ ၀တ်စုံတွေသုံးလို့လား။ ဘယ်နေရာမှာ ဘာတွေကွာနေမှန်းတော့ အသေချာမသိပါ။ ချင်းမိုင်အပါဝင် ထိုင်းကလမ်းဘေးဆိုင်တွေမှာ အစာစားတာ ဘာမှမဖြစ်ပဲ မြန်မာပြည်မှာအစာစားမှ ၀မ်းလျောတာကတော့ မြန်မာ့အစားအစာလုံခြုံမှု အဆင့်အတန်း တခုခုယွင်းနေတာ သေချာပါတယ်။
ပြီးတော့ စားပွဲအောက်က အမှိုက်ပုံးတွေ။ မြန်မာနိုင်ငံက လမ်းဘေးဆိုင်အားလုံးနီးပါးမှာ ကွမ်းသွေးတွေ၊ အမှိုက်မျိုး စုံတွေနဲ့ ကြည့်မကောင်းဖြစ်နေတဲ့ အမှိုက်ပုံးတွေ (တခါစားပြီး တခါမရှင်းတဲ့အပြင် တရက်တခါတောင် ရှင်းပုံမရတဲ့) စားပွဲတိုင်းမှာရှိနေပေမဲ့ ချင်းမိုင်မှာ အဲဒီလိုမတွေ့မိပါ။
နောက် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး။ ချင်းမိုင်ရောက်ဖူးသူတိုင်း ဒွိုင်စူထစ် (doi suthep) တောင်ပေါ် တက် ဖူးမယ်ထင်ပါတယ်။ ဘုရားလဲဖူး၊ သဘာဝ တောတောင်ရှုခင်းတွေကိုလည်းကြည့်ခွင့်ရတဲ့အရသာက ထူးကဲလှပါတယ်။ မြန်မာနိုင်ငံခရီးစဉ် ၄ ခေါက်အတွင်း ဒီလိုသဘာဝသစ်တောတွေထိမ်းသိမ်းထားတဲ့ တောင်မျိုး မတွေ့မိသလောက်ပါပဲ။ အေးသာယာကနေ တောင်ကြီးမြို့ဆီတက်တဲ့လမ်းမှာ သဘာဝတော တချို့ထိမ်းထားတာနဲ့ နဲနဲတူမလားတော့ မပြောတတ်ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက ဘုရားတောင်အတော်များ များမှာတော့ သစ်တောတွေကိုခုတ်ထွင်၊ မြေနီလမ်းတွေတူးဖေါ်နေတာကိုသာ စိတ်မကောင်းဘွယ်မြင်ခဲ့ရ ပါတယ်။
တခါ ဒီဘုရားတောင်ပေါ် စက်ဘီးစီးပြီးတက်နေတဲ့၊ လမ်းလျောက်တက်နေတဲ့ နိုင်ငံခြားခရီးသွားတွေ မနည်းလှ။ မြန်မာနိုင်ငံမှာတော့ စက်ဘီးစီးသူ၊ လမ်းလျောက်သူ မရှိသလောက်နည်းပြီး နေရာတကာ မော်တော်ဆိုင်ကယ်တွေချည်း။ ပြီးတော့ ဘုရားပေါ်မှာ ဖိနပ်အပ်ခ မယူပါ။ အလှူငွေလည်း အတင်းအကျပ် ကောက်နေတာ မတွေ့မိပါ။ ပန်းတောင်မရောင်းတော့ပဲ စေတနာရှိသလောက် အလှူခံပုံးထဲ ထည့်ထား နိုင်အနေအထားအထိ တိုးတက်နေပါပြီ။ အလှူခံအသံချဲ့စက်တွေ ကျယ်ကျယ်လောင်လောင်ဖွင့်နေတာမျိုး လဲ မကြားမိပါ။
မြန်မာထက် ထိုင်းက ပိုလွတ်လပ်ခွင့်ရှိသလား
အစားအသောက်၊ အနေအထိုင်အပြင် စိတ်လွတ်လပ်ခွင့်ပိုရှိတယ်၊ စိတ်ဖိစီးမှု stress ပိုသက်သာတယ် လို့ပြောရင် ကျနော့်ကို ၀ိုင်းဆဲကြမလားမသိပါ။ ဘာကြောင့်လဲဆို အရင် ၃ ခေါက်ခရီးစဉ်ကိုတော့ ထား လိုက်ပါတော့။ အဲဒီကာလတွေက မြန်မာနိုင်ငံမှာ စစ်တပိုင်းအစိုးရအုပ်ချုပ်နေသလို ထိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းထားတာဆိုတော့ အတူတူနဲ့ အနူနူလောက်ပါပဲ။ အခုတခေါက်ခရီးစဉ်က မြန်မာနိုင်ငံမှာ လူထုကရွေးချယ်ထားတဲ့ ဒီမိုကရေစီ အစိုးရအုပ်ချုပ်နေပြီး ထိုင်းမှာက စစ်အစိုးရအုပ်ချုပ်နေ ဆဲဖြစ်ပါတယ်။
ဒါပေမဲ့ ခရီးသွားတဦးဖြစ်သူ ကျနော်စိတ်ထဲမှာတော့ အထက်မှာဖေါ်ပြခဲ့တဲ့အတိုင်း ထိုင်းမှာနေရတာ ပိုလွတ်လပ်သလို ခံစားမိပါတယ်။ ဒါဟာ မြန်မာ့အုပ်ချုပ်ရေးစနစ်မှာ တခုခုလွဲချော်နေလို့လား။ ဒါမှမဟုတ် ကျနော်ကိုယ်တိုင်ပဲ အပြင်မှာနေတာကြာသွားလို့ စိတ်ခံစားမှုပြောင်းသွားတာလား။ သိပ်မသေချာလို့ တခြားလူတွေကိုလည်း မေးကြည့်မိပါတယ်။
သွားလေရာ သတင်းလာဘ်ကောင်းလေ့ရှိတဲ့ကျနော်ဟာ ရန်ကုန်-ချင်းမိုင်လေယဉ်ပေါ်မှာ မာရသွန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်နေတဲ့ သူပုန်ဟောင်းအဖွဲ့ဝင်တချို့နဲ့ ခုံချင်းကပ်ထိုင်ခဲ့ရပါတယ်။ ချင်းမိုင် ရောက်တော့လည်း သူတို့နဲ့ ထပ်တွေ့ခွင့် ရခဲ့ပါသေးတယ်။ သူတို့အတော်များများလည်း ကျနော့်လိုခံစား မိတယ်လို့ပြောကြပါတယ်။
ချင်းမိုင်ကျုံးဘေးနားရှိ ကုန်တိုက်တခုမှာ ညစာစားရင်း ထိုင်းမှာ စားစရာတွေပိုကောင်းပြီး ဈေးပိုသက်သာ ကြောင်း စကားစပ်မိပါတယ်။ ဈေးသက်သာရုံတင်မက လူတိုင်းစားနိုင်အောင် လုပ်ပေးထားတဲ့အကြောင်း၊၊ ဆင်းရဲချမ်းသာကွာဟမှု မြန်မာလောက်မဆိုးတဲ့အကြောင်း၊ ပြီးတော့ ထိုင်းတွေရဲ့မျက်နှာမှာ မြန်မာအများစု ရဲ့ မျက်နှာတွေမှာလို စိုးရိမ်ကြောက်ရွံမှုတွေ၊ စိတ်ဖိစီးမှု stress တွေ သိပ်မတွေ့ရဘူးလို့ သူတို့ကပြောပါ တယ်။ ဘာတွေလွဲနေသလဲ။ ဒီမိုကရေစီတိုင်းပြည်က လူတွေထက် စစ်အစိုးရအောက်မှာနေရတဲ့လူတွေက စိတ်လွတ်လပ်ခွင့်ပိုရှိနေတယ်ဆိုတာ ဟုတ်ပါ့မလား။
သူပုန်ကျောင်းသားဘ၀ကနေ ပညာရှင်အဆင့်အထိတက်သွားနိုင်သူ ရဲဘော်ဟောင်းတဦးကတော့ ထိုင်းမှာ စစ်တပ်က အာဏာသိမ်းမှုမကြာခဏလုပ်လေ့ရှိပေမဲ့ ထိုင်းစစ်တပ်ဟာ နိုင်ငံရေး အာဏာချိန်ခွင်ကို ၀င်ကစားရုံ Play လောက်ပဲလုပ်ပြီး မြန်မာစစ်တပ်ကတော့ အာဏာကို ရေရှည်ထိမ်းချုပ်တဲ့အဆင့် Control လုပ်ဖို့အထိကြိုးစားတာကြောင့် စစ်အုပ်ချုပ်ရေးချင်းတူပေမဲ့ မြန်မာအခြေအနေက ပိုဆိုးသွားတာလို့ပြောပါ တယ်။
မြန်မာ့ခရီးသွားလုပ်ငန်း ဘာတွေပြုပြင်ဖို့လိုမလဲ
ပြုပြင်စရာတွေကတော့ အများကြီးပါပဲ။ ကျနော့် အနေနဲ့ကတော့ သာမန်ခရီးသွားတဦးရဲ့အမြင်ကိုသာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။ ပထမ ဆုံးကတော့ ဖွံဖြိုးပြီးနိုင်ငံတွေကလာတဲ့ ခရီးသည်တွေကို ဗီဇာ ကင်းလွတ် ခွင့်ပေးလိုက်သင့်တယ်ထင်ပါတယ်။ ဥပမာ ထိုင်းနိုင်ငံဆိုရင် အဲဒီလို ဗီဇာ ကင်းလွတ်ခွင့်ပေးထားတဲ့အတွက် ဥရောပ၊ မြောက် အမေရိက၊ သြစတေလျ၊ ဂျပန်၊ ကိုးရီးယား စသဖြင့် အတော်များများ ဒီတိုင်းဝင်လာလို့ရပါ တယ်။ ဗီဇာကြေးက ဒေါ်လာ ၅၀ သာရပေမဲ့ ဗီဇာမပါပဲ ၀င်ခွင့်ပေးလိုက်ရင် ဒေါ်လာ ၅၀၀ မက ရနိုင်တယ် မဟုတ်ပါလား။
ဒုတိယအချက်က ရန်ကုန်လေယဉ်ကွင်းကနေ မြို့ထဲသွားနိုင်တဲ့ လေယဉ်ကွင်းဘတ်စ်ကားလိုင်း စီစဉ်ပေး သင့်ပါတယ်။ တက္ကစီတွေကိုလည်း ကြုံတဲ့လူဝင်ဆွဲတာမျိုးမဟုတ်ပဲ လေယဉ်ကွင်းတက္ကစီလိုင်းတခု သီးခြားဖွင့်ပြီး တက္ကစီအားလုံးကို မီတာတက္ကစီအဖြစ် အဆင့်မြင့်သင့်ပါတယ်။ လေယဉ်ကွင်း လက်တွန်း လှည်းတွေ၊ ပေါင်ချိန်စက်တွေမှာ ငွေတောင်းခံနေတာတွေ ရပ်အောင်လုပ်သင့်ပါတယ်။ နိုင်ငံခြားသား တွေဆီက ငွေညှစ်မယ်ဆိုတဲ့ စိတ်ကူးတွေကို ဖျောက်ပြီး ကိုယ်လည်းသူတို့လို တခြားနိုင်ငံတွေဆီ ခရီးသွားနိုင်အောင် ကြိုးစားမယ်ဆိုတဲ့အသိစိတ် မြှင့်တင်ပေးသင့်ပါတယ်။
ဖွံဖြိုးပြီး နိုင်ငံတွေမှာတော့ သန့်ရှင်းရေးသမားကအစ ဂိတ်စောင့်အဆုံး အလုပ်ရှိသူတိုင်း တနှစ်တခါ သတင်း ၄ ပတ် နိုင်ငံရပ်ခြားဆီ အပမ်းဖြေခရီးထွက်နိုင်ကြပါတယ်။ ဒါဟာ လူ့အခွင့်အရေးကြေငြာစာတန်း အပိုဒ် ၃၀ ထဲက တခုဖြစ်တယ်လို့ပြောရင် မြန်မာနိုင်ငံမှာ ယုံတန်းစကားဖြစ်နေမလားမသိပါ။ တဆက်တည်းလုပ်သင့်တာက နိုင်ငံခြားသားတွေအပေါ် ခွဲခြားဆက်ဆံနည်းဖြစ်တဲ့ ဟိုတယ်ခ ၂ ဆယူတာ၊ လေယဉ်ခ ၂ ဆယူတာတွေကို ချက်ချင်းရပ်သင့်ပါတယ်။
နောက်တခုက ဟိုတယ်ဝန်ထမ်းနဲ့ ခရီးသွားယဉ်ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကို အဆင့်မြင့်ပေးဖို့လိုနေပါ တယ်။ ကြယ်ငါးပွင့်၊ ကြယ်လေးပွင့်ဟိုတယ်တွေမှအပ ဟိုတယ်ငယ်တွေ၊ တည်းခိုခန်းတွေမှာတွေ့ရတဲ့ ၀န်ထမ်းအတော်များများဟာ ဟိုတယ်လုပ်ငန်းအကြောင်းကို ဘာမှနားမလည်ကြပါ။ သင်တန်းလည်း မတက်ဘူးသလို နိုင်ငံခြားလဲ မရောက်ဖူးကြပါ။ ဟိုတယ်ပိုင်ရှင်နဲ့ ဆွေမျိုးတော်စပ်လို့၊ အင်္ဂလိပ်စကားလေး နဲနဲပြောတတ်လို့ စသဖြင့် ကျွမ်းကျင်မှုမရှိပဲ ကြုံသလိုဝင်လုပ်နေတဲ့ လူငယ်အတော်များများကို တွေ့ခဲ့ရပါ တယ်။
ပြီးတော့ အဝေးပြေး ဘတ်စ်ကားလိုင်းက ယဉ်မောင်းတွေ၊၊ ယဉ်နောက်လိုက်တွေလည်း အဲဒီလိုပါပဲ။ အခကြေးငွေယူပြီး တာဝန်ထမ်းနေတာဖြစ်ပေမဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအကြောင်း နားမလည်ကြပါ။ သင်တန်းမတက်ဖူးပါ။ အချိန်ကိုလေးစားရမှန်းလည်း မသိကြပါ။
တောင်ကြီး- လွိုင်ကော်ဘတ်စ်ကားမှာဆိုရင် ‘’အချိန်မေးမြန်းခြင်း သီးခံပါ’’ လို့တောင် စာတမ်းကပ်ထားတာ တွေ့မိပါတယ်။ ခရီးသွားပါတယ်ဆိုမှ အချိန်မသိပဲ ဘယ်လိုသွားမှာလဲ။ ဘယ်အချိန်မှာ စထွက်မယ်၊ ဘယ်မြို့မှာရပ်ပြီး ထမင်းစားမယ်၊ ဘယ်မြို့ကိုဘယ်အချိန်ရောက်မယ်ဆိုတာ သိနေမှ ကိုယ့်ခရီးစဉ်ကို တွက်လို့ရမှာပေါ့။ အခုတော့ အဲဒီလိုမဟုတ်။ ကားသမား စိတ်ထဲရှိတဲ့အတိုင်းမောင်းနေတာဆိုတော့ ကားကြုံလိုက်စီးရသလိုဖြစ်နေပါတယ်။
ဥပမာ တောင်ငူ-ရန်ကုန် ရထားက ၅ နာရီလောက်သာကြာမယ်ဆိုပေမဲ့ ၉ နာရီလောက်ကြာသွားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုကြာခဲ့ရတယ်ဆိုတာကို ခရီးသည်တွေဆီ ရှင်းပြရကောင်းမှန်းလဲ မသိကြသေးပါ။ အလား တူ မော် လမြိုင်-ရန်ကုန် ဘတ်စ်ကားဆိုရင်လည်း ၆ နာရီသာကြာမယ်ပြောပြီး ၇ နာရီကျော်ကြာခဲ့ပါတယ်။ ဒါတွေဟာ ပြည် တွင်းခရီးသွားတွေအတွက် သိပ်ပြသာနာမရှိလှပေမဲ့ ပြည်ပခရီးသွားတွေ၊ အထူးသဖြင့် ရန်ကုန်မြို့ဆီ ဘတ်စ်ကား၊ ရထားဝင်ပြီးမှ မင်္ဂလာဒုံလေယဉ်ကွင်းဆီသွားပြီး နိုင်ငံခြားပြန်ထွက်ဖို့စီစဉ်ထား သူတွေဆိုရင် လေယဉ်နောက်ကျကျန်ခဲ့မှာ သေချာပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေဆီကရမဲ့ ဒေါ်လာငွေကိုချည်းမက်မနေပဲ အဲဒီငွေနဲ့တန်တဲ့ ၀န်ဆောင်မှုပေးနိုင်အောင်၊ ခရိးသည်တွေစိတ်ကျေနပ်မှုရပြီး နောက်တခေါက်ထပ်လာ ချင်အောင် ဆွဲ ဆောင်င်ဖို့ ခရီးသွားဌာနက ၀န်ထမ်းတွေကိုလေ့ကျင့်ပေးထားဖို့လိုပါတယ်။ အိမ်နီး ချင်းနိုင်ငံတွေနဲ့ ဟိုတယ်ဈေး သိပ်မကွာအောင် ထိမ်းညှိဖို့လိုပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှုနဲ့ အစားအစာလုံခြုံမှုကို စနစ်တကျစစ်ဆေးဖို့လို နေပါတယ်။
ပြီးတော့ နေရာတိုင်းမှာ အချိန်လေးစားဖို့၊ အချိန်ကွက်တိဖြစ်ဖို့ လိုပါတယ်။ ဘဏ်စနစ်တွေ၊ ATM စက်တွေ၊ ခရစ်ဒစ်ကတ်တွေ အလွယ်တကူသုံးနိုင်အောင် လုပ်ပ်ပေးဖို့လိုနေပါတယ်။ စသဖြင့် ဒီလိုအခြေခံ လိုအပ်ချက်တွေကို တဖြေးဖြေးပြုပြင်သွားနိုင်မယ်ဆိုရင် ကမ္ဘာလှည့်ခရီးသည်ဦးရေ အခုထက်ပိုတိုးလာ မယ်ဆိုတာ သေချာနေပါတယ်။ ။
0 comments:
Post a Comment