Tuesday, August 23, 2016

ကြိုးနီစနစ်ပေါ်လမ်းလျောက်ခြင်း အဆက်...။

အပိုင်း ၎
သြဂုတ် ၂၂
(တနင်္လာနေ့)


လိုအပ်တဲ့ စာရွက်စာတမ်းတွေလဲ စုံပြီ။
(ကိုယ့်လို ကိုယ့်ဖာသာ သွားလျှောက်မယ့်သူတွေ ဗဟုသုတ
သိထားဖို့ပြောရရင်.... လ၀က ရုံးကပေးလိုက်တဲ့ ဖြည့်ပြီးသား ဖောင်တွေအပြင်...
တည်းခိုတဲ့အိမ်ရဲ့ အိမ်ထောင်စုစာရင်း ၂ ကော်ပီ၊
ရက်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ မူရင်းနဲ့ ၂ ကော်ပီ၊
ပတ်စပို့နဲ့ အတွင်းက ဗီဇာ စတစ်ကာ တံဆိပ်တုံး အားလုံးပါတဲ့ ၂ ကော်ပီ၊
1.5"x2" ဓာတ်ပုံ ၄ ပုံ။ ဒါဆိုရပြီ။)

မြို့နယ်ရုံးကပြီးရင် ခရိုင်ရုံးဆက်သွားရဦးမှာဆိုတော့ ဒီနေ့တော့ လိုင်းကားနဲ့ပဲသွားလိုက်တယ်။
သုံးမှတ်တိုင်ပဲ ဝေးပါတယ်။ ရောက်ပြီ။
လူတွေကတော့ ဟိုကလေးမ စားပွဲကလွဲလို့ စားပွဲတိုင်းမှာ စည်ကားနေတာပဲ။
တကုပ်ကုပ်ရေးနေတဲ့ ကလေးမဆီ သွားမေးလိုက်တယ်။
ဗီဇာတိုးဖို့လေ.. သမီးဆရာရှိလား...။ 

ရှိတော့ရှိတယ်ဦးလေး ဆရာမအားသေးဘူး ခနစောင့်နော်... အဲ့မှာ ခုံဆွဲထိုင်ပါ။
အခန်းထဲမှာ ပန်ကာတွေတော့ရှိသား...။ ခုမှ သတိထားမိတယ်။ စားပွဲတွေရဲ့ နောက်ဖက်ကနေ
စားပွဲတင်ပန်ကာတွေကို အပေါ်နား နံရံတစ်ဖက်မှာ သုံးလုံးစီချိတ်ထားတာ။ ဒါပေမယ့် နှစ်လုံးပဲ လည်နေတာတွေ့တယ်။
ကျန်တာတွေကတော့ ပျက်နေတာလား စာရွက်တွေ လေလှန်မှာကြောင့် တမင်ပိတ်ထားတာလား မသိဘူး။
တစ်အောင့်လောက်ကြာတော့ ဟိုဆရာ အနားကဖြတ်သွားတာတွေ့လိုက်လို့ ကလေးမလေးကို လိုက်သွားရမလား
မေးတော့ ခေါင်းညိမ့်ပြလို့ ကိုယ်လဲ အဲ့ဆရာနောက်လိုက်သွားတယ်...။ မနေ့က အခန်းလေးထဲပဲ။
ဖုန်းပြောနေလို့ ပြီးအောင်စောင့်ပြီး.... ၀င်ခွင့်ပြုပါဆရာ....။

ခေါင်းညိမ့်ပြလို့ဝင်သွားပြီး ပါသွားတဲ့စာရွက်တွေ ထုတ်ပြတယ်....။
ခင်ဗျား ကျနော်ပြောလိုက်တာတွေစုံအောင်ပါပြီလား...။ ဟုတ်ကဲ့ ပါပါပြီ...။
ဟိုကလေးမကို အော်ခေါ်ပြီး ကလေးမရောက်လာတော့ပြောတယ်... ဒီမှာ ဆိုရှယ်ဗီဇာ သက်တမ်းတိုးပေးလိုက်...။
ခင်ဗျား သူနဲ့လိုက်သွားလိုက်...။ ကိုယ်လဲ ကောင်မလေးနောက်လိုက်သွားတော့ ခုနက သူ့စားပွဲကိုပါပဲ..။ ဟူး...။
ကလေးမက ကျနော်ပေးတဲ့ စာရွက်ထပ်ကြီးကိုယူကြည့်ပြီး.. ဦးလေး ဟိုနားမှာ စက္ကူဖိုင် ၂ ခုသွားဝယ်လိုက်နော်။
စက္ကူဖိုင်တွေထဲကို စာရွက်တွေထည့်မလို့လုပ်တုန်း ရုတ်တရက် အသံကျယ်ကျယ်တစ်သံ ကြားလိုက်ရတယ်...။
လူတစ်ချို့ရဲ့ ရယ်မောသံတွေလဲကြားလိုက်တယ်....။ ကလေးမလေးလဲ ဟက်ကနဲ ရယ်တာတွေ့လိုက်တယ်...။
ချက်ချင်းဆိုသလို သူကကိုယ့်ကို အလန့်တကြားပြောတယ်....။ 

ဦးလေး.. ဦးလေး.. ဦးစီးမှူး အပြင်သွားတော့မယ်... ဘယ်လိုလုပ်မလဲ။
ဟမ်...။ ကိုယ်လဲ တော်တော်ကြောင်သွားတယ်...။ ခုနက အသံကျယ်ကျယ်က ဦးစီးမှူး အသံပဲ။
ဟုတ်တယ် ဒါတွေက ဆရာအရင်လက်မှတ်ထိုးရဦးမယ်.. ပြီးမှ ဦးစီးမှူး ထိုးရမှာ...။ ဦးစီးမှူးထိုးပြီးမှ ခရိုင်ရုံးကိုသွားရမှာ..။
ကိုယ်က စိုးရိမ်တကြီး မေးလိုက်တယ်။ ဒါ.. ဒါဆိုရင် အခုလုပ်လို့ မီနိုင်ဦးမလား...။
ဘယ်မီတော့မလဲ ဟိုမှာ အပေါက်ဝတောင်ရောက်နေပြီ....။ 

ကိုယ်လဲ စိတ်စိတ်ပျက်ပျက်နဲ့ ဒါဆိုဘယ်လိုလုပ်မလဲဟင်...။ ရက်ကလဲ ကပ်နေပြီ...။
ကောင်မလေးက ကိုယ့်စာရွက်တွေကို ဖိုင်တွေထဲသိမ်းကျုံးထည့်ပြီး... ဒီလိုလုပ်ဦးလေး....
နေ့လည် ၂ နာရီလောက်ပြန်လာခဲ့ပါလား။ သမီးလုပ်ထားလိုက်မယ်...။
သြော်.. အင်း... ဟုတ်ပါပြီ ဒါဆို နေ့လည်ပြန်လာမယ်နော်...။
ဘာမှမတတ်နိုင်ပါ... အိမ်ကိုပြန်လာပြီး ဒီစာလေးရေးနေလိုက်ပါတော့တယ်...။ 

ရုံးကိုပြန်ရောက်တော့ ၁နာရီခွဲပဲ ရှိပါသေးတယ်...။ ကလေးမ စားပွဲမှာ လူမရှင်းပါလား....။
ကောင်းကောင်းမွန်မွန် ၀တ်စားခြယ်သထားပြီး လက်ဝတ်ရတနာတွေလဲ ဆင်မြန်းထားတဲ့ အမျိုးသမီးငယ်နှစ်ယောက်။
တစ်ယောက်က မနက်က ကိုယ်ထိုင်ခဲ့တဲ့ခုံမှာထိုင်ပြီး တစ်ယောက်က စားပွဲဘေးနားရပ်နေတယ်။
ရုံးစတပ်ဖ်တွေတော့ မဟုတ်နိုင်ဘူး...။ ကလေးမလေးနဲ့ ပြောဆိုနေကြပုံက အတော်ရင်းနှီးကြပုံရတယ်..။ 

ထိုင်နေတဲ့တစ်ယောက်က ကလေးမစားပွဲပေါ်က ဖိုင်အုပ်တစ်ခုကို သူ့ဖာသာ လှန်ကြည့်နေတယ်...။
ကလေးမက သူတို့အတွက် ဖောင်စာရွက်တွေ စီစဉ်ပေးနေယယ်....။ အလို.... ကိုယ့်ကိုပေးတဲ့ ဖောင်မျိုးတွေပါပဲလား..။
ကိုယ်ဝယ်ခဲ့ရတဲ့ စက္ကူဖိုင်မျိုးတွေနဲ့ တစ်ထပ်ကြီးပါလား....။ ပတ်စပို့ကော်ပီတွေထဲက ဓာတ်ပုံတွေကတော့ ယောက်ျားပုံတွေ။
အာရှသားရုပ်တွေ။ ဒါ... ဒါ.... တရုတ်တွေဖြစ်မယ်...။ ဘာဖြစ်ဖြစ် ငါ့အပူမဟုတ်ပါဘူးလေ။
ကလေးမက ကိုယ်ကြည့်နေတာ မြင်သွားပြီး နောက်နားက ဖိုင်နှစ်ဖိုင်ရယ် လယ်ဂျာစာရင်းစာအုပ်ကြီးတစ်ခုရယ်ယူပြီး
ကိုယ့်ကို လှမ်းပေးလိုက်တယ်....။

ဦးလေးရော့ ဒါဦးလေးဖိုင်တွေ။ ဟိုဆရာ့ဆီမှာ လက်မှတ်သွားထိုးလိုက်..။ ပြီးရင် ဦးစီးမှူး ဆီမှာ လက်မှတ်သွားထိုးလိုက်...။
ပြီးရင် သမီးဆီပြန်လာခဲ့...။
ကိုယ်လဲ ဟိုဆရာအခန်းလေးထဲသွားပြီး ဖိုင်တွေနဲ့စာအုပ်ကြီး သူ့ရှေ့ချပေးလိုက်တယ်..။ ကိုယ့်ကို တစ်ချက်မှ မော့မကြည့်ဘူး..။
ဖိုင်တွေထဲက စာရွက်တွေ တစ်ခုပြီးတစ်ခု လှန်ပြီး သူ့တံဆိပ်တုံးလေးထုလိုက်၊ အဲ့တုံးလေးပေါ် သူ့လက်မှတ်ထိုးလိုက်နဲ့
အားလုံးပေါင်း ဆက်ရှစ်ကြိမ်လုပ်ပြီး ဖိုင်တွေနဲ့ စာအုပ်ကြီး ကိုယ့်ကိုပြန်ကမ်းပေးတယ်...။ ကိုယ့်ကိုတစ်ချက်လှမ်းကြည့်ပြီး..
ရော့... ဟိုအခန်းထဲက ဦးစီးမှူးဆီသွားပြီး လက်မှတ်ထိုးလိုက်...။ ကိုယ်လဲ အလိုက်တသိနဲ့ လဖက်ရည်ဖိုး
ဘယ်လောက်ပေးရမလဲဆရာလို့.... မေးမနေတော့ပဲ ဖိုင်တွေလှမ်းယူရင်း ဟုတ်.... ကျေးဇူးတင်ပါတယ်ခင်ဗျ လို့သာပြောပြီး
ဦးစီးမှူး အခန်းဖက်သွားလိုက်ပါတော့တယ်။ 

ဦးစီးမှူးအခန်းက ဖိနပ်ချွတ်ဝင်ရတာ။ အဲကွန်းဖွင့်ထားပေမယ့် ဦးစီးမှူးလဲ စွတ်ကျယ်လက်ပြတ်နဲ့ပဲ...။
ဒီနေ့ကလဲ အတော်ပူအိုက်တဲ့နေ့။ ဦးစီးမှူး စားပွဲရှေ့မှာတော့ ယူနီဖောင်းအပြည့်ဝတ် အရာရှိ မမကြီးတစ်ယောက်...။
အခန်းထဲက တခြားစားပွဲတစ်လုံးမှာတော့ လူတစ်ယောက် အလုပ်ရှုပ်နေပုံရတယ်....။ ဟာ... ကိုမောင်ပိန်ပါလား...။
လက်စသတ်တော့ သူလဲ ဒီရုံးက စတပ်ဖ်တစ်ယောက်ပဲနဲ့တူတယ်..။ ကိုယ်ကိုတော့ မမြင်ပါဘူး။ သူ့ကျောခိုင်းထားတာကိုး..။
ထားပါလေ... ဒင်းကိုလဲ မမြင်ချင်ပါဘူး...။

ယူနီဖောင်းအပြည့်ဝတ် မမကြီးက ကိုယ့်ဖိုင်တွေလှန်ပြီး ခုနဟိုဆရာထုထားတဲ့ တုံးနဲ့လက်မှတ်တွေဘေးမှာ
ဦးစီးမှူးတုံးလေးတွေ လိုက်ထုတယ်...။ အဆင်သင့်ဖြစ်တော့ ဦးစီးမှူးရှေ့ချပေးတယ်...။
ဦးစီးမှူးက အဆင်သင့်ထုထားတဲ့ တုံးလေးတွေအပေါ် လက်မှတ် တစ်ခုချင်းထိုးတယ်..။
အားလုံးပေါင်း ဆယ့်ရှစ်ခု။ မမကြီးက လယ်ဂျာစာအုပ်ကြီးထဲက ဇယားထဲ ကိုယ့်နာမည်ရေးထားတဲ့အတန်း
နောက်ဆုံးနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ ထိုးလိုက်တယ်.. ဒါပဲ..။ မြို့နယ်လ၀ကရုံးကိစ္စပြီးပြီ။

ကလေးမစားပွဲပြန်ရောက်တော့ လယ်ဂျာစာအုပ်ကြီးပြန်ယူထားလိုက်ပြီး... ဖိုင်၂ ခုကို ကိုယ့်ကိုပြန်ပေးလို့
ဦးလေး... ခရိုင်ရုံးကို ခုသွားရင်မီသေးတယ်။ ခုသွားလိုက်။ အဲဒီမှာ ဗီဇာကြေး ပေးရလား မပေးရလား
သမီးလဲ သေခြာမသိဘူး..။ ဖိုင်တွေကိုတော့ အဲ့မှာထားခဲ့ရမယ်....။ ကိုယ်က လျှာရှည်ပြီး... ပန်းဆိုးတန်းရုံးကိုကော
တိုက်ရိုက်သွားလို့ရလားသမီး...။ အဲ့မှာတင် ဘေးနားက သားသားနားနား အမျိုးသမီးငယ်လေးက...
မရဘူးဦးလေး.. အဲဒါ အက်ဖ်အာစီ ရုံးလေ...။ ဦးလေးက ဆိုရှယ်ဗီဇာဆိုတော့ ခရိုင်ရုံးကနေ တစ်ဆင့်ပဲသွားရမှာ။
သြော်... သြော်.. ဟုတ်ပါပြီ...။ ကျေးဇူးပဲ သွားမယ်နော်...။

အချိန်က ၂ နာရီကျော်ကျော်..။
ရုံးပြင်ထွက် တွေ့တဲ့တက်စီတစ်စီးငှား.... ခရိုင်ရုံးသွား..။ နာရီဝက်အတွင်းရောက်။
ဒီရုံးကိုလဲ အရင်တစ်ခေါက် စီဖောင်(ဧည့်စာရင်း)တင်တုန်းက ရောက်ဖူးပြီးသားဆိုတော့ သိပ်မစိမ်းလှ။
ခရိုင်ဦးစီးမှူးမရှိသေးလို့ဆိုပြီး အချိန်ဖြုန်းထိုင်စောင့်ခဲ့ရတဲ့ ရုံးဝန်းထဲက လဖက်ရည်ဆိုင်တော့ မရှိတော့။
ရုံးထဲရောက်တော့ အပေါက်ဝနားက ၀န်ထမ်းအမျိုးသမီးတစ်ယောက်ကို ဆိုရှယ်ဗီဇာ သက်တမ်းတိုးချင်လို့ပါဆိုတော့
စားပွဲတစ်ခုကို ညွှန်လိုက်တယ်...။ ၀န်ထမ်းအားလုံးနီးပါးက အမျိုးသမီးတွေချည့်..။ 

အမျိုးသား တစ်ယောက်ပဲ စွတ်ကျယ် ချိုင်းပြတ်လေးနဲ့။ ပူတဲ့နေ့ကိုး။ ဒီတစ်ခါတော့ အားလုံးနီးပါး
အလုပ်လုပ်နေတာ တွေ့ရတယ်။ နှစ်ယောက် သုံးယောက်လောက်ပဲ ကွာစိလား နေကြာစိလား
တဖြောက်ဖြောက်ဝါးရင်း တွတ်ထိုးနေကြတယ်။ အရင်အခေါက်တုန်းက အလုပ်လုပ်နေတာဆိုလို့
တစ်ယောက်စ နှစ်ယောက်စပဲတွေ့တယ်။ ကျန်တဲ့သူတွေက ကလေးအမေတစ်ယောက်ပါလာတဲ့ ကလေးလေးကို
ဝိုင်းမြှူနေတာ.. အစားအသောက်ဝိုင်းဖွဲ့နေတာ ဟိုဟိုဒီဒီ လမ်းသလားနေတာ.. လေးငါးယောက်လောက်ဆို အခန်းထောင့်တီဗွီက
ကိုရီးယားကားကိုတောင် ၀ိုင်းကြည့်နေလိုက်သေး။ ဒါဆို ခုတစ်ခေါက် တိုးတက်လာတယ် ဆိုရမလားပဲ။

ညွှန်လိုက်တဲ့ စားပွဲရောက်တော့ အဲ့ဝန်ထမ်းအမျိုးသမီးက ဖိုင်နှစ်ခုကို စစ်ဆေးကြည့်ပြီး ခနစောင့်နော်ဦးလေး ဆိုပြီး
ချက်ချင်းပဲ ဖိုင်နှစ်ခုလုံးယူပြီး ဦးစီးမှူးအခန်းထဲဝင်သွားတယ်..။ ခနပဲ ပြန်ထွက်လာတယ်။ ကိုယ့်ကို ဖိုင်တစ်ခုပြန်ပေးတယ်။
ဒီ စီဖောင်ကတော့ မြို့နယ်ရုံးကို ပြန်ပေးလိုက်ပါ..။ ဗီဇာ သက်တမ်းတိုးဖို့ဖောင်ကတော့ တိုင်းရုံးကို ပို့ရမှာပါ။
နောက်နှစ်ပတ်ရှိရင် ပန်းဆိုးတန်းရုံးသွား ငွေသွင်းပြီး တုံးထုလိုက်ပါဆိုတော့...။
ဟိုက်.. နောက်နှစ်ပတ်ဆိုပါလား။
ကျနော့်ဗီဇာက နောက်သုံးရက်ဆို ကုန်တော့မှာဗျ...။ ဖြစ်ပါ့မလား။
ထုံးစံအတိုင်းဆို နှစ်ပတ်ကြိုလုပ်ရတာရှင့်....။
ကျနော် အဲဒီထုံးစံကို တကယ်မသိရုံးအမှန်ပါဗျာ။ 

နောက်နှစ်ပတ်ရှိမှသာ သွားပြီး ကျသလောက်ငွေသွင်း တုံးထုလိုက်ပါရှင်..။ ဟုတ်ပလား..။ု
ပြောပြောဆိုဆို သူ့အလုပ်ဆက်လုပ်နေတော့ ကိုယ်လဲ ဘာမှဆက်ပြောနေဖို့ မရှိတော့တာနဲ့ ရုံးထဲက ထွက်လာပါတော့တယ်။
ဒီရုံးမှာလဲ ဘာတစ်ပြားမှ မပေးခဲ့ရပါဘူး....။
နောက်နှစ်ပတ်ကျမှပဲ တရားဝင်ကြေး ယူအက်စ် ၃၆ ဒေါ်လာနဲ့ပဲ ပြီးမလား.... ဘာလား ဆိုတာ...။

(ဤတွင်တစ်ခန်းရပ်ပါပြီ)
မှတ်ချက်- ဒီအတွေ့အကြုံကို ကိုယ်လို ဘ၀တူတွေ သိရဖို့ ဗဟုသုတရစေဖို့သာ ရည်ရွယ်ပါတယ်..။
ဘယ်သူကိုမှ ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ရိုး အမှန်ပါ။
....

(အင်္ဂါနေ့-အဆစ်မော) 

ပြီးပြီထင်နေတာ မပြီးသေးဘူးဗျ...။ ဖတ်လက်စနဲ့ ဖတ်လိုက်ပါဦး။
ခရိုင်လ၀ကရုံးက ခရိုင်ဦးစီးမှူးလက်မှတ်ထိုးထားပြီးသား ဖောင်စီကို မြို့နယ်ရုံးပြန်ပေးလိုက်ပါဆိုလို့
မနေ့က အချိန်မရှိတော့တာနဲ့ ဒီနေ့မနက်မှာ သွားပေးဖြစ်တယ်။ အဲဒီကနေ ဆေးရုံကိုဆက်သွားမယ်၊ အမေ့အတွက်ဆေးသွားယူမယ်
စီစဉ်ထားတယ်။ အမေပြထားတဲ့ဆေးရုံမှာ သူ့အတွက်ဆေး တစ်လတစ်ကြိမ် သွားသွားယူရတယ်။
ရုံးထဲမှာတော့ ထုံးစံအတိုင်း လူတွေ ကျိတ်ကျိတ်တိုးစည်ကားနေတယ်။ ထုံစံအတိုင်း ကလေးမစားပွဲကတော့ လူရှင်းနေတယ်။

ကလေးမလဲ ထုံးစံအတိုင်း စာတွေ တကုပ်ကုပ်နဲ့ရေးနေတယ်။ ကိုယ်လဲ ထုံးစံအတိုင်း သူ့ရှေ့သွားပြီး ဖောင်စီဖိုင်ကြီးချပေးလိုက်တယ်။
ဖောင်စီ လာပြန်ပို့တာ သမီး...။
ကလေးမက ကိုယ့်တစ်ချက်မော်ကြည့်၊ ဖောင်စီဖိုင်ကြီးကောက်ကိုင် ဘေးနားချထားလိုက်ပြီး...။ ခနစောင့်နော် ဦးလေး...။
သူရေးလက်စတွေ တကုပ်ကုပ်ဆက်ရေးနေတယ်....။ ကဲ.. စောင့်ဆိုလဲ စောင့်တာပေါ့လေ...။ ဘာများ လိုသေးလို့ပါလိမ့်...။
လဖက်ရည်ဖိုးများလား...။ 

သူ့စားပွဲရှေ့ ပန်ကာလေလေးရတဲ့နား အသာရပ်စောင့်နေတုန်း ရုတ်တရက် ဟိုဆရာရောက်လာတယ်။
တရုတ်မကြီး နှစ်ယောက်လဲ သူနဲ့အတူပါလာတယ်။ ဟိုဆရာက လက်ထဲက ဖိုင်အုပ်ကြီးနှစ်ခု ကလေးမလေးရှေ့ဖွင့်ချပြီး.....
ဟေ့ xxxx သည်ဟာက သည်လို xxxxx ဟိုဟာက ဟိုလို xxxxxx အေးအဲဒါ xxxxx နင်ပြင်ပေးလိုက်...။
ပြောပြောဆိုဆိုပဲ တရုတ်မကြီးနှစ်ယောကကို စားပွဲနားထားပြီးပြန်ထွက်သွားတယ်။
ကလေးမလဲ အတော်စိတ်ပျက်သွားပုံရပြီး ပါးစပ်ကလဲ .... အလုပ်များပါတယ်ဆို xxxx တကထဲ xxxxx ပွ xxxx စိ xxxx ပွ xxxx စိ ...
ပြောရင်း သူ့ဆရာကြားဖြတ်ခိုင်းတာကို အရင်လုပ်ဖို့ ဖိုင်ပုံကြီးတွေထဲ ဟိုရှာသည်ရှာ၊ လယ်ဂျာစာရင်စားအုပ်တွေ ပြန်လှန်..
ချွေးလေးစို့စို့နဲ့။ ကိုယ်ကတော့ ရပ်လက်စနေရာမှာပဲ ခလေးမကိုရပ်ကြည့်နေမိတယ်။ 

ခနနေတော့ တရုတ်မကြီးတွေ ကိစ္စ ဖြေရှင်းပြီး သူလုပ်လက်စ တကုပ်ကုပ်နဲ့ဆက်ရေးနေတယ်။
ရေးနေပုံကလဲ ကြည့်ဦး..။ လယ်ဂျာစာအုပ်ကြီး စာမျက်နှာထဲ မျဉ်းကြောင်းတွေ ပေတံလေးနဲ့ တစ်ကြောင်းချင်းတားပြီး
ဇယားလေးတွေလုပ်၊ အပေါ်ဆုံးက အကွက်ထဲမှာ စဉ်၊ အမည်၊ ပတ်စပို့နံပါတ်၊ ဗီဇာနံပါတ်၊ ရောက်ရှိသည့်နေ့၊ ကုန်ဆုံးမည့်နေ့၊ လိပ်စာ၊ လက်မှတ်.. (အတိအကျ မမြင်ရပါ။ ဖြစ်နိုင်ခြေကို မှန်းဆရေးခြင်းပါ)
စတဲ့စားလုံးတွေရေးထည့်... ပြီးမှ အောက်က အတွက်တွေမှာ ဒေတာတွေကို တက်ကွက်ချင်းဖြည့်.... ။ ဟူး...။ မသက်သာပါလား။

ကွန်ပျူတာသုံးပြီးလုပ်ရင် အလုပ်တွေ အဲလောက်မရှုပ်ဖူး..။ အချိန်တွေ အဲလောက်မကုန်ဘူး။ လက်တွေ အဲလောက်မညောင်းဘူး။
ခေါင်းတွေ အဲလောက်မစားဘူး။ ခုတော့... သူလေးခမျာ။
သူမှမဟုတ်ပါဘူးလေ..။ ဒီတစ်ရုံးလုံးက လူတွေ..။ ဒီဌာန တစ်ခုလုံးက ရုံးတွေ...။ ဒီနိုင်ငံတစ်ခုလုံးက ဌာနတွေ... ဆိုတာ.. ဆိုတာ...။
မခက်ရမှာခက်... မကြာရမှာကြာ... အချိန်တွေကုန် လုပ်အားတွေကုန်လိုက်ရတာ... ဆိုတာ... ဆိုတာ...။
ကိုယ်သိသလောက် မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းတွေမှာ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ်သုံးနေကြပြီဆိုပေမယ့်
အစိုးရဌာနတွေမှာတော့ ခုလိုအရေးပါတဲ့ လ၀က လိုနေရာမျိုးမှာတောင် စာရွက်ပုံကြီးတွေထဲ ခေါင်းမြုပ်မတတ် လုပ်နေကြရတာ
အတော် လေဖို့ကောင်းတာပါလားကွယ်...။ 

ကိုယ်လဲ ရှေ့က ကလေးမကအစ တစ်နိုင်ငံလုံးပတ်ပြီး ဂရုဏာသက်နေမိရာက လာရင်းကိစ္စသတိရပြီး...။
သမီး... ဦးလေးပြန်လို့ ရပြီလား..။ ဆေးရုံဆက်သွားရဦးမှာမို့ပါ...။
ခနစောင့် ဦးလေး...။ ဦးစီးမှူးမအားသေးလို့...။ သူ့လက်မှတ်ထိုးရဦးမှာ..။
(စိတ်ထဲကတော့) ဟင်... လက်မှတ်ကလဲ ထိုး.. ထိုးနိုင်လွန်း...။
(လက်တွေ့မှာတော့) သြော်... သြော်... အင်း... အင်း...။
မကြာခင်ပဲ ကလေးမက ကိုယ့်စီဖောင်ကြီးရယ်.. လယ်ဂျာစာရင်းစာအုပ်ကြီးတစ်အုပ်ရယ်ကိုပေးလိုက်ပြီး ဦးစီးမှူးအခန်းထဲလွှတ်လိုက်တယ်။

ဒီတစ်ခါတော့ ဦးစီးမှူးက ယူနီဖောင်းအပြည့်ဝတ်ထားတယ်...။ စားပွဲရှေ့မှာ ဧည့်သည်နှစ်ယောက်နဲ့..။ ကိုမောင်ပိန်ကိုတော့ မတွေ့တော့။
သူ့ရှေ့ကိုဖိုင်တွဲနဲ့စာအုပ်ကြီးတင်ပေးလိုက်တော့ ဦးစီးမှူးက သူဘာလုပ်ရမယ်ဆိုတာ သိပြီးတဲ့အတိုင်း လှန်တန်တာလှန် ထုတန်တာထု
ထိုးတန်တာထိုးနဲ့ နှစ်မိနစ်လောက်အတွင်းမှာတင် ကိစ္စ၀ိစ္စ ပြီးသွားပါတယ်....။
ကလေးမဆီပြန်ရောက်တော့ အဲ့ဖိုင်ထဲက ဦးစီးမှူး တံဆိပ်တုံးနဲ့ လက်မှတ်ပါတဲ့ စာရွက်တစ်ရွက် ထုတ်ပေးပြီး.. ဒါ ဦးလေးသိမ်းထား..။

နောက်တစ်ခါလာရင် သမီးဆီယူလာ....။
စာရွက်ရဲ့ အပေါ်ဆုံးခေါင်းစည်းထဲမှာ ပါတာက...
ပုံစံ(ဂ) Form-C
------------------------------------
(နောက်နှစ်ပတ်အကြာတွင် ဆက်ရန်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More