(အောက်ဖေါ်ပြပါ စာစုများဟာ ပန်းချီဟန်ထွန်း (ကိုဟန်) ဖေ့စ်ဘုတ်မှာရေးထားတာတွေကို စိတ်ဝင်စားလို့ စုစည်း ထားခြင်းဖြစ်ပါတယ်)။
ပြည်တော်ပြန်တွေရဲ့အခက်အခဲ၊ လူဟောင်းတွေနဲ့ စနစ်သစ်ဆီချီတက်လို့ဖြစ်ပါ့မလား... စသဖြင့် အတွေးများကို ပေးနိုင် မယ်လို့ မျှော်လင့်ပါတယ်။
...
အပိုင်း (၁)
ကိုယ့်ဗီဇာက ၂၅ ရက်နေ့ကုန်တော့မှာမို့ နောက်ထပ် သက်တမ်းသုံးလတိုးဖို့ ပန်းဆိုးတန်းက လ၀ကရုံးကိုသွားခဲ့တယ်။
လေးကြိမ်မြောက် တိုးရမှာ။
အရင်သုံးကြိမ်က ပွဲစားနဲ့တိုးတာဆိုတော့ ပွဲစားက ပတ်စပို့ကို အိမ်တိုင်ရာရောက် လာယူ၊ လာပြန်ပေးတယ်။
တရားဝင် ဗီဇာကြေးက ယူအက်စ် ၃၆ ဒေါ်လာပါ။
ဒါပေမယ့် ပွဲခက ဈေးကြီးလွန်းတယ်။ ပထမ နှစ်ကြိမ် ခြောက်သောင်းပေးရပြီး တတိယအကြိမ်မှာ ခုနှစ်သောင်းတောင်ပေးရတယ်။
ခုတစ်ကြိမ်တော့ အစိုးရလဲ ပြောင်းပြီဆိုတော့ ခုနှစ်သောင်းသက်သာ နဲလား၊ ပွဲစားအားမကိုးတော့ပဲ ကိုယ့်ဖာသာသွားတိုးဖို့ စိတ်ကူးလိုက်တာ။
မိတ်ဆွေ သူငယ်ချင်းတစ်ချို့ကလဲ အဲဒီရုံးမှာသွားတိုးရတယ်၊ တရားဝင်ကြေး ၃၆ ဒေါ်လာကလွဲလို့ ဘာမှပေးစရာမလိုဘူးလို့ အားပေးစကား
ပြောတာကိုး။
ကိုယ်လဲ ယောင်နနနဲ့ ရုံးထဲမှာ ဟိုမေးသည်မေး ဗီဇာသက်တမ်းလေးတိုးချင်လို့ပါခင်ဗျာလို့ပြောပြီး သူတို့ကလဲ ဟိုညွှန်သည်ညွှန်နဲ့
နောက်ဆုံးတော့ ဖောင်ဖြည့်ရမယ့်နေရာရောက်သွားတယ်။ ရုံးထဲမှာလဲ အမျိုးသမီး ၀န်ထမ်းတွေချည်း။ အားလုံး လူ နှစ်ဆယ်လောက်
ရှိမယ်။ ဖောင်ထုတ်ပေးတဲ့ ၀န်ထမ်းက ဟိုဟာပါလား သည်ဟာပါလားမေးတော့.... ဗျာ.. ကျနော်လဲဘာမှမသိပါဘူးဗျာ။ ဘာတွေတုန်းဆိုတော့
မြို့နယ်ရုံးက စာရွက်စာတမ်းတွေဆိုပဲ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကိုယ့်ပတ်စပို့ကိုတောင်းကြည့်ပြီး အရင်ကလဲ တိုးထားဖူးသားနဲ့ ဒါလေးတောင်မသိဘူးလားဆိုတဲ့
သဘောမေးတော့ အရင်က ပွဲစားနဲ့တိုးတာပါလို့ပြောလိုက်ရတယ်။ ပွဲခဘယ်လောက်ပေးရလဲမေးတယ်။ ခုနှစ်သောင်းပေးရတယ်။
ဒါဆိုပေး ခုလုပ်ပေးလိုက်မယ်.... တဲ့။ ကိုယ်လဲ မျှော်လင့်မထားတော့ ခနတော့ ကြောင်တောင်တောင်ဖြစ်သွားတယ်။ နောက်နေတာတော့
မဟုတ်လောက်ဖူး။
ခုနှစ်သောင်း ဒီမှာပေးရမှာလား လို့ ထပ်မေးတော့ ဟုတ်တယ်.. တဲ့။ အဲဗျာ...။
ကျနော်က အဲဒါ မပေးနိုင်တော့လို့ ကိုယ့်ဖာသာ လာတိုးတာပါ။ ကျနော် မတတ်နိုင်ပါဘူးခင်ဗျာ ဆိုတော့ ဒါဆို မြို့နယ်ရုံးကိုပဲ
အရင်သွားလိုက်ပါ ပြီးရင်ဒီပြန်လာပါလို့ ပြောလိုက်ပါတယ်။ ကိုယ်လဲ အကြံအိုက်အိုက်နဲ့ အပြင်ထွက် ဆေးတစ်လိပ်ဖွာရင်း
ဒီရုံးကို သွားဖို့ အားပေးလိုက်တဲ့ မိတ်ဆွေဆီ ဖုန်းဆက်ပြောတော့
မိတ်ဆွေက နဲနဲပါးပါး ဈေးဆစ်ကြည့်ပါလားလို့ အကြံထပ်ပေးတာနဲ့ ရုံးထဲ တစ်ခေါက်ထပ်ဝင်ပြီး ခုနက အမျိုးသမီးကိုပဲ
အစ်မရယ် သုံးသောင်းလောက်မထားနိုင်ဘူးလားမေးလိုက်တော့ ဟား.. ဟား... ဟား... ဆိုပြီး ရယ်ပါလေရော။
မြို့နယ်ရုံးကိုပဲ သွားလိုက်ပါ အဲ့မှာ ဘာမှ မပေးရပါဘူးလို့ပြောပြီး သူ့အလုပ်သူ ဆက်လုပ်နေတော့ ကိုယ်လဲ ဟုတ်ကဲ့...
ဟုတ်ကဲ့ ပြောပြီး ခပ်ကုပ်ကုပ်ပဲ ထွက်လာခဲ့ပါတော့တယ်။ (မနက်ဖြန် မြို့နယ်ရုံးသွားမယ်... update လုပ်မယ်နော)
...
အပိုင်း (၂)
သြဂုတ်လ ၁၉
(ယမန်နေ့က အဆက်)
မြို့နယ် လ၀က ရုံးကိုရောက်တော့ မနက် ၁၀ နာရီထိုးခါနီးပြီ။ ခပ်စောစော ရုံးမဖွင့်ခင် သွားဖို့စိတ်ကူးထားပေမယ့်
မသွားလိုက်နိုင်ဘူး။ ဒီရုံးလေးက ကိုယ်နဲ့ သိပ်တော့မစိမ်းလှပါဘူး။ ဘာကြောင့်ဆို အရင်မြန်မာပြည်ပြန်လာတဲ့ ဒုတိယ
အခေါက်မှာ စီဖောင်(C form) လာတင်ရတာမို့ပါ။ စီဖောင်တင်တယ်ဆိုတာ ဧည့်စာရင်းတိုင်ရတာပါပဲ။
ပထမအခေါက်တုန်းကတော့ တည်းတဲ့အိမ်ရဲ့ အိမ်နီးနားချင်း ကလေးတစ်ယောက် ကူညီတင်ပေးလို့
ကိုယ်ကိုယ်တိုင်မသွားလိုက်ရဘူး။ ဒုတိယအခေါက်တော့ အဲဒီကလေးကိုလဲအားနာတာနဲ့ ကိုယ့်ဖာသာ
သွားတင်လိုက်တာ။ ဘာကြောင့်အားနာလဲဆို အဲဒီ စီဖောင်တင်တာ တယ်အချိန်ကုန်ဆိုကိုး။ တစ်ရက်နဲ့ မပြီးဘူးတဲ့။
ဟုတ်တယ်။ ကိုယ်တိုင်သွားတင်တော့မှ ပိုသိရတာ။ တစ်ရက်နဲ့မပြီး။ နှစ်ရက်နဲ့မပြီး။ သုံးရက်နဲ့လဲမပြီး။
လေးရက်နဲ့မှ ပြီးသွားတယ်။ ဟူး...။
အ၀င်မှာ လေဆိပ်က ထုပေးလိုက်တဲ့နေထိုင်ခွင့် ၂၈ ရက်ထဲက လေးရက် ဘလိုင်းကြီးကုန်သွားတယ်။
ပထမနှစ်ရက်က မြို့နယ်ရုံးမှာ။ လက်မှတ်ထိုးပေးမယ့် မြို့နယ်မှူးအလုပ်တွေများပြီး
ဟိုသွားနေလို့ ဒီသွားနေလို့ သူရှိတဲ့အချိန်ထိစောင့်ရင်း နှစ်ရက်နေတော့ သူ့လက်မှတ်ရလာတယ်။
ဘာမှမပေးခဲ့ရပါဘူး။ မြို့နယ်မှူးအောက်က အရာရှိကတော့ ခရိုင်ရုံးကိုဆက်သွားဖို့ စိတ်ရှည်လက်ရှည် လမ်းညွှန်လိုက်ပါတယ်။
ခရိုင်ရုံးသွားတော့လဲ ထိုနည်းတူပဲ။ ခရိုင်မှူးမရှိသေးလို့ နေလည် ၂ နာရီလောက်လာခဲ့ပါလား နောက်နေ့ ၁၁ နာရီ
လောက် လာခဲ့ပါလားနဲ့ နောက်ဆုံး ခရိုင်မှူး လက်မှတ်ထိုးပြီးလို့ အဲသည် စီဖောင်ကြီးကို အောင်မြင်စွာသွားယူချိန်မှာ
မုန့်ဖိုးကလေးပေးခဲ့ပါလားကွယ် ဆိုပြီး ပေါ်တင်ပဲခွက်ကျလို့ ဘယ်လောက်ပေးရမလဲမေးတော့
ငါးထောင်ပေးပါဆိုလို့ စိတ်ပျက်ပျက်နဲ့ ပေးခဲ့ရတယ်။ အဲဒီအတွေ့အကြုံကို မိတ်ဆွေဂျာနယ်လစ်
တစ်ယောက်ကိုပြောပြတော့ စာရေးဗျာ ကျုပ်တို့ဂျာနယ် ပြည်သူ့အသံမှာထည့်ပေးမယ်ပြောလို့ အစပိုင်းလေးပဲရေးပြီး
ဆက်မရေးဖြစ်တာနဲ့ ပြန်သာသွားရော ဂျာနယ်ထဲလဲ မပါလိုက်ရဘူး။ တတိယအခေါက်ကတော့ အမေ့စိုးရိမ်စိတ်နဲ့
အစီအစဉ်မရှိပဲ ရုတ်တရက်လာရတာ။ နေရက်ကလဲ နည်းနည်းလေးဆိုတော့ ဘာစီဖောင်မှ တင်မနေတော့ဘူး။
ဒီအတိုင်းပဲ အေးဆေးနေပြီးပြန်သွားလိုက်တယ်။
လေးကြိမ်မြောက် ဒီအခေါက်ကတော့ ရက်ရှည်(ဘယ်လောက်ထိ ရှည်မယ်မသိ) နေဖို့စိတ်ကူးပြီး ဖောင်ဖျက်ပြန်လာ
ခဲ့တာ။ အကြာကြီးခွဲနေခဲ့ရတဲ့.. ချော်လဲလို့ ခါးရိုးထပ်ပြီး လမ်းမလျှောက်နိုင်၊ မတ်တပ်မရပ်နိုင်၊ ကြာကြာတောင်
မထိုင်နိုင်တော့လို့ အိပ်ယာထဲမှာပဲ အမြဲလို ပက်လက်ကလေး နေနေရတဲ့ အမေနဲ့ သူ့ရဲ့ (ဖွဟဲ့....
မပြောကောင်းပြောကောင်း)နောက်ဆုံးအချိန်တွေမှာ အတူနေဖို့....။
အမေ့ကို ပြုစုရင်း သူကိုယ်တိုင်ကလဲ သိပ်မကျန်းမာလှတဲ့ အစ်မကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ပြန်ခဲ့တာ။
ရေရှည်နေမယ်ဆိုလဲ သုံးလတစ်ခါ သက်တမ်းတိုးနေလို့ အိုကေတယ်ဆိုတော့ကာ...။
အဲသည်ခေတ် အဲသည်အခါ ဗီဇာသက်တမ်း ခနခန တိုးဖို့ဆိုတာ ပွဲစားနဲ့က ပိုအဆင်ပြေကြောင်း
ကိုယ့်ထက်သိတဲ့ မိတ်ဆွေများ အကြံပြုချက်နဲ့ ပွဲစားကိုပဲ အမှီသဟဲ ပြုဖြစ်ခဲ့ရခြင်း ဖြစ်
ပါတော့တယ်....။ သို့သော်... ရှိသမျှလေး လုံးပါးပါး။ ပွဲခကလဲ မကျတဲ့အပြင် တက်ပါနေတော့ ကိုယ့်အားကိုယ်ကိုး
ကိုယ့်အစိုးရလက်ထက် အားတက်သရောနဲ့ ဗီဇာသက်တမ်း ကိုယ့်ဖာသာတိုးဖို့ ကြိုးစားနေရခြင်းသာ ဖြစ်ပါတယ်။
ကိုယ့်အတွက် သိပ်မစိမ်းလှတဲ့ မြို့နယ်လ၀ကရုံးထဲ ၀င်လျှင်ဝင်ချင်း တစ်ခုသတိထားမိတာက အရင်က အ၀င်ဝနားမှာ
တွေ့ခဲ့ဖူးတဲ့ "လာဒ်ပေးရန် လုံးဝ(လုံးဝ) မလိုပါ" (စာသား အတိအကျဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်)
ဆိုတဲ့စာတမ်း မတွေ့ရတော့တာပဲ။ ရုံးကို စောစောလာဖို့ စိတ်ကူးခဲ့တာလဲ အဲသည်စာတမ်းကို လူအလစ်
ဓာတ်ပုံရိုက်မလို့ဗျ။ ခု မရှိတော့ဘူးဆိုတော့လဲ စောစောမလာဖြစ်တဲ့ ကိုယ့်အဖြစ်ကို အပစ်လို့မမြင်တော့ပဲ
ဖြေသိမ့်မိပါတယ်။ စာတမ်းချိတ်ပြီးတော့ တကူးတက သတိပေးစရာမလိုတော့လောက်အောင် ပြည်သူတွေ
အသိတရား ရှိသွားလို့ဖြစ်မှာပဲလို့ သာသာထိုးထိုးတွေးပြီး ဒီရုံးကိုလာရတာ အားလဲတက်မိပါတယ်။ တစ်ကယ်ပါ။
ရုံးထဲမှာတော့ စားပွဲတိုင်းလိုလိုမှာ လူတွေ လူတွေ အုတ်အုတ်ကျက်ကျက်နဲ့ အတော် စည်ကားနေပါပြီ။
ကလေးမလေး တစ်ယောက်ထိုင်ပြီး အလုပ်လုပ်နေတဲ့ စားပွဲမှာတော့ လူတစ်ယောက်မှ မရှိဘူး။
အဲဒီစားပွဲက ကိုယ်အရင်က မြို့နယ်မှူးအလာ ထိုင်စောင့်ခဲ့ရတဲ့၊ မြို့နယ်မှူးအောက်အဆင့်က အရာရှိထိုင်တဲ့နေရာ။
အဲဒီနေရာကိုပဲ တန်းတန်းမတ်မတ်သွားပြီး ကလေးမလေးကို မေးလိုက်ပါတယ်။
သမီး... နိုင်ငံခြားသား ဗီဇာ သက်တမ်းတိုးချင်ရင် ဘယ်မှာတိုးရလဲ..။
ကလေးမက ကိုယ့်ကိုတစ်ချက်မော့ကြည့်ပြီး.... ဒီမှာ။
ဟန်ကျပြီ။ ကိုယ်လဲ ကိုယ့်ပတ်စပို့ထုတ်ပြပြီး လာရင်းအကြောင်း ပြောပြရတာပေါ့..။
ကလေးမက ပတ်စပို့ထဲကဓာတ်ပုံနဲ့ အပြင်က ကိုယ့်မျက်နှာနဲ့ တစ်ချက်တိုက်ကြည့်ပြီး
ဦးလေးက သြစတေးလျ နိုင်ငံသားလား...။ ဟုတ်ပါတယ်။
ဦးလေးနာမည်က....။ ဟန်ထွန်းပါ အဲဒီထဲက နာမည်အတိုင်းပဲလေ။
တစ်ခါမှလဲ ဒီရုံးမှာ အဲဒီနာမည်နဲ့ ဗီဇာသက်တမ်းလာတိုးဖူးတာ မရှိဖူးပါလား...။
အဲသည်မှာတင် မတိုမရှည် လိပ်ပတ်လည်အောင် ရှင်းပြရပါတော့တယ်။
အရင်က သက်တမ်း သုံးကြိမ် ပွဲစားနဲ့ တိုးထားဖူးကြောင်း..။ ပွဲခမတတ်နိုင်တော့လို့ ဒီတစ်ခါ ကိုယ့်ဖာသာ လာတိုးရတာ
ဖြစ်ကြောင်း..။ အဲသည်တော့မှ ကလေးမ သဘောပေါက်ပြီး ကိုယ့်ကို ဖောင်နှစ်စုံထုတ်ပေးပါတယ်။
ဒါက ဦးလေးတည်းနေတဲ့ အိမ်ရှင်ရဲ့လျှောက်လွှာ။ အဲဒီမှာ ဦးလေးရဲ့ ပတ်စပို့ မူရင်းရယ် မိတ္တူနှစ်စောင်ရယ်၊
အိမ်ထောင်စုစာရင်း မိတ္တူ နှစ်စောင်ရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်းရယ် မိတ္တူ နှစ်စောင်ရယ်...။
အော်.. အော်... အင်း.... အင်း....။
ကလေးမက နောက်ဖောင်တစ်စုံထုတ်ပြပြီး....
ဒါက စီဖောင်။ စီဖောင်ရှိမှ သက်တမ်းတိုးလို့ရတယ် ဦးလေးရဲ့...။
(ဟာ.. လာပြန်ပြီ ဒီစီဖောင်)
လွယ်လွယ်လေး ဦးလေး။ လိုအပ်တာတွေသာ အရင်ရအောင်လုပ်လိုက်။ ပြီးရင်ဒီမှာ အရာရှိလက်မှတ်ထိုးပြီးရင်
ခရိုင်ရုံးကို တင်လိုက်ပြီး အဲ့မှာ ထားခဲ့ရုံပဲ။ ဒီက လက်မှတ်ထိုးပေးမယ့် အရာရှိကိုတော့ လက်ဖက်ရည်ဖိုးလေးဘာလေး
ပေးလိုက်ရင်ရပါတယ်..။
အော်... အော်... အင်း... အင်း... ကျေးဇူးပါသမီးရယ်။
အချိန်က ၁၀ နာရီကျော်ကျော်ပဲ ရှိသေးတယ်။ ဒါပေမယ့် ဒီနေ့ သောကြာနေ့။ စနေရယ် တနင်္ဂနွေရယ်နဲ့။
ဗီဇာကုန်မှာက ၂၅ ရက် ကြာသပတေးနေ့....။ မီတော့ မီနိုင်ကောင်းပါရဲ့လေ။
ကိုယ်လဲ ကလေးမပေးလိုက်တဲ့ ဖောင်တွေ ပိုက်ရင်း အိမ်ကိုပြန်လာခဲ့ရပါတော့တယ်...။
(ဆက်ရန်)
....
အပိုင်း (၃)
သြဂုတ် ၂၀
(ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ)
အိမ်ရောက်တော့ ဖောင်တွေဖြည့်၊ အိမ်ရှင်ဖြစ်သူ အစ်မကို လက်မှတ်ထိုးရမယ့်နေရာတွေ
လက်မှတ်ထိုးခိုင်း၊ ကော်ပီဆွဲဖို့ အိမ်ထောင်စုစာရင်းတောင်းယူ စတာတွေလုပ်ရင်းနဲ့
ဖောင်စီဖြည့်ဖို့ကျ အခက်တွေ့နေရော။ ဖောင်စီဆိုတာ ဧည့်စာရင်းတိုင်ရတာဆိုတော့
ဒီနိုင်ငံကို ရောက်ရောက်ချင်းနေ့ ဒါမှမဟုတ် နောက်တစ်နေ့မှာ ဖြည့်ရမှာ။ ကိုယ်ရောက်နေတာ
ဆယ်လလောက်ရှိပြီဆိုတော့ ထားလိုက်တော့..။ ဒါနောက်မှ ကြည့်ကျက်လုပ်မယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ဆိုတာလဲ လိုသေးတော့ အဲဒါရဖို့ဆိုရင်
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားရမှာပဲ။ အစ်မကပြောတယ်... ဟဲ့.. အဲ့ရုံးက ညမှဖွင့်တာထင်တယ်။
သေပီဆာ..။ ဒါဆိုရင်တော့ လ၀က ရုံးကို တနင်္လာနေ့မှ ပြန်သွားနိုင်တော့မယ်။ အစ်မက..
ဒါဆို လမ်းမှူးဆီမှာ သွားမေးကြည့်မယ်.. သူလုပ်ပေးနိုင်မလားပေါ့။ ကိုယ်တို့ မောင်နှမ နှစ်ယောက်
အမေအိပ်နေတုန်း သိပ်မဝေးတဲ့ လမ်းမှူးအိမ် ချီတက်သွားကြတယ်။
အမေ့နားမှာ သူ့ဝေယာဝစ္စ လုပ်ဖို့ တစ်ယောက်တော့ အမြဲရှိနေရတယ်။ လူက နေကောင်းပေမယ့်
အစားအသောက် အညစ်အကြေး ရေဖတ်တိုက်တာ အိပ်ယာပေါ်မှာပဲလုပ်ရတာ။
သူနာပြု ဆရာမလေးတစ်ယောက် တစ်ရက်ခြား လာစောင့်ပေးတယ်။ ဒီနေ့က ဆရာမလေး မလာတဲ့နေ့။
လမ်းမှူးအိမ်ရောက်တော့ လမ်းမှူးသမီးကပြောတယ်..။ အဖေ ဆေးရုံတက်နေရတာ သုံးရက်ရှိပြီတဲ့။
လူနာမေးဖို့ကြုံလာတော့လဲ ဘာဖြစ်တာလဲ စိုးရိမ်ရလားမေးတော့..
မစိုးရိမ်ရဘူး... ယောက်ျားလေး ရောဂါပါ။ အိုကေ ဘာမှဆက်မေးဖို့မကောင်းတော့ မစိုးရိမ်ရဘူးဆို တော်ပြီ..။
ပြန်လာခဲ့ကြတယ်။ လမ်းမှူးအဆင်မပြေရင် ရပ်ကွက်ဥက္ကဌအိမ်သွားကြည့်တာပေါ့။ သူလုပ်ပေးနိုင်ရင်
ပိုတောင်ကောင်းသေးတယ်။ ဥက္ကဌအိမ်ကို မေးစမ်းသွားရင်းရောက်သွားတော့ အစည်းအဝေးသွားနေတယ်တဲ့။
ဘယ်တော့ပြန်လာမလဲ မသိဘူးတဲ့..။ ဒါဆိုလဲ အိမ်ကိုပြန်ကြတာပေါ့အစ်မရာ...။ အမေလဲ နိုးနေပြီလားပဲ။
အိမ်ရောက်တော့ အမေမနိုးသေးပါဘူး။ ဥက္ကဌအိမ်ကိုတော့ မကြာခနဆိုသလို စက်ဘီးလေးစီးပြီး
သွားသွားမေးကြည့်နေလိုက်တာ နောက်ဆုံးအကြိမ်မှာတော့ ရုံးမှာရောက်နေပြီ။ ရုံးကိုလိုက်သွားပါ...တဲ့။
ဒါဆို ပိုအဆင်ပြေတာပဲ။ အချိန်ကလဲ နေ့လည် နှစ်နာရီခွဲလောက်ဆိုတော့ ထောက်ခံစာရရင်
လ၀က ရုံးပြန်သွားဖို့ အချိန်ရှိနိုင်သေးတယ်။ စက်ဘီးအမြန်နင်းပြီး ရက်ကွက်ရုံးကိုရှာရတာ
တော်တော်ဝေးဝေးမှာ သွားတွေ့တယ်။ စက်ဘီးကို ရှေ့မှာထောင်ခဲ့ပြီး စာရွက်စာတမ်းတွေထည့်ထားတဲ့
ကြွတ်ကြွတ်အိတ်ကလေးဆွဲပြီး ၀င်သွားလိုက်တယ်။
ရုံးထဲမှာ လူသိပ်မနဲလှပါဘူး။ လက်လုပ်လက်စား အလုပ်သမားအများစုနေတဲ့ရပ်ကွက်ဆိုတော့
အားလုံးနီးပါးက နွမ်းဖပ်ဖပ်ပုံလေးတွေပါပဲ။ ကိုယ့်ပုံကလဲ အော်ရီဂျင်တယ် အသားအရောင်
ညစ်ထပ်ထပ်မှာ စက်ဘီးနင်းထားလို့ ချွေးစိုနေတဲ့တီရှပ်နဲ့ ဇင်နက်ပြာဘောင်းဘီအဟောင်းနဲ့
ရာဘာညှပ်ဖိနပ်နဲ့ နဲ့ဆိုတော့ သူတို့ထက်တောင်ပိုပြီး အမြင်စုတ်ပါရဲ့။
တစ်လုံးတည်းသော စားပွဲနောက်မှာတော့ သပ်သပ်ယပ်ယပ်
ဝတ်ထားတဲ့ အသားညိုညို ခပ်ပြည့်ပြည့် အသက် ၅၀ လောက်ပုဂ္ဂိုလ်တစ်ယောက်ထိုင်နေတယ်။
ဥက္ကဌဆိုတာဖြစ်မှာပဲ။
သူ့ရှေ့မှာသွားရပ်လိုက်ပြီး....ဥက္ကဌလားခင်ဗျ။
ဟုတ်ပါတယ်... ဘာကိစ္စလဲ။
ထောက်ခံစာ လိုချင်လို့ပါ...။
ဘာထောက်ခံစာလဲ... သန်းခေါင်စာရင်းပြောင်းတာလား..။
မဟုတ်ဖူးခင်ဗျ...။ ဒီရပ်ကွက်မှာ တည်းခိုနေထိုင်တာ အမှန်တစ်ကယ်ဖြစ်ကြောင်းထောက်ခံစာပါ..။
ဘာအတွက်လဲ....။
ဗီဇာ သက်တမ်းတိုးဖို့ပါ။
ဘာ.. ဘာ... ဘယ်လို။
ဥက္ကဌက ကိုယ့်ကို သရဲတစ္ဆေ မြင်လိုက်ရသလို အလန့်တကြား ကြည့်ပြီး ထပ်မေးတယ်..။
ဗီဇာ... ဟုတ်လား။
ကိုယ်က ပတ်စပို့လေးထုတ်ပြပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြရပါတော့တယ်....။
ဟုတ်ကဲ့ပါ ဒီလိုပါ.... ကျနော်က xxxxxx ဘလာ xxxxxx ဘလာ xxxxx ဘလာ xxxxx
အဲဒါကြောင့် ထောက်ခံစာလိုချင်လို့ပါ။
ဥက္ကဌက ပတ်စပို့လေးကို ဟိုဟိုသည်သည် မရဲတရဲဖြဲကြည့်ပြီး...
ကျနော်လဲ သိပ်နားမလည်ဘူးဗျ.... နေဦး... ဟေ့.. ကိုxxx ရေ ကိုxxx၊ ဒီကိုလာပါဦး
ဟောသည်မှာ သြစတေးလျနိုင်ငံသားတဲ့... ဗီဇာ သက်တမ်းတိုးချင်လို့တဲ့...
ထောက်ခံစာ လာတောင်းနေတယ်....
ကိုယ့်ဖက်လှည့်ပြီး သူက ကျနော့်ထက် လ၀က အကြောင်းပိုနားလည်တယ်ဗျ...။
သူနဲ့ ပြောလိုက်ပါနော်....။
မကြာခင်ပဲ ရှပ်အင်္ကျီလက်ရှည်ဝတ် ပိန်ပိန်ရှည်ရှည် အသက် ၅၀ လောက်ရှိတဲ့
လူတစ်ယောက် မြောက်ကြွားကြွားနဲ့ ရောက်လာတယ်။ အဲဒီလူက ဒီရုံးမှာ ဘာလုပ်တာလဲတော့မသိဘူး။
သူက ပတ်စပို့ကိုလျှောက်ကြည့်ပြီး ကိုယ့်ကိုမေးတယ်။
ခင်ဗျားဘယ်တုန်းက ရောက်တာလဲ။
ဆယ်လလောက်ရှိပြီ။
အဲဒီဆယ်လ ဘယ်မှာနေသလဲ။
ခု ဒီအိမ်မှာပဲနေတာပဲ။
ဒါဆို ဘာလို့ ဒီရုံးကို ခုမှလာရသလဲ။
လာဖို့မလိုဘူးထင်လို့ မလာတာ။ အဲဒီမှာ ဗီဇာသက်တမ်းတိုးထားတာတွေရှိတယ်လေ။
ခင်ဗျားနားလည်ရမှာပေါ့။ နိုင်ငံခြားမှာတောင် နေနေတာ။
ဒီက နည်းစံနစ်တွေက နိုင်ငံခြားထက် အများကြီးပိုခက်တယ်ဗျ။
ဒီလူ တော်တော်တင်းသွားပုံရတယ်။
အဲဒီဖောင်တွေ ဘယ်ကရသလဲ။
လ၀က ရုံးကပေးလိုက်တာ။
ဘယ်တုန်းက ပေးလိုက်တာလဲ။
ဒီမနက်ပဲ။
ဘယ်သူပေးတာလဲ။
ကလေးမလေးတစ်ယောက်။
သူက ခင်ဗျား ခုမှရောက်တယ်ထင်လို့ ပေးလိုက်တာဖြစ်မှာ။
မဟုတ်ဖူး အဲဒီမှာ ကျနော် အကုန်ရှင်းပြတယ်။
သူက လ၀က ရုံးကို ချက်ချင်းဖုန်းဆက်မေးတယ်။
အေး... xxxxx လား ဒီမှာ သြစတေးလျနိုင်ငံသားတဲ့...
ဗမာပဲ.... ရောက်နေတာ ဆယ်လလောက်ရှိပြီတဲ့။
xxx xxxx ဒီမှာ လိုင်းသိပ်မကောင်းဘူး အပြင်မှာထွက်ပြောမယ်။
ဆိုပြီး အပြင်ထွက်သွားတယ်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ အခန်းထဲရှိတဲ့သူ အားလုံးနီးပါးက ကိုယ့်ကို
ဂြိုဟ်သားတစ်ကောင်လို ၀ိုင်းကြည့်နေကြတယ်။ ဟယ်.... ငါ့နှယ်။
ဥက္ကဌကတော့ ဘေးက ပွဲကြည့်ပရိသတ်လိုငြိမ်နေရာက ဟိုလူထွက်သွားနေတုန်းကိုယ့်ကို
မေးခွန်းတစ်ချို့ မေးတယ်။ ရည်ရည်မွန်မွန်ပါပဲ။
ဟိုမှာဘာလုပ်လဲ။ ဘယ်တုန်းကနိုင်ငံသားဖြစ်တာလဲ။ အဲဒီကို ဘယ်လိုရောက်သွားတာလဲ။
ဘယ်တော့ပြန်မယ်စိတ်ကူးလဲ... စသဖြင့်ပေါ့။
ကိုယ်လဲ အေးဆေးပြန်ဖြေပါတယ်။
သိပ်မကြာခင်ပဲ ခုနပိန်ပိန်ရှည်ရှည်လူ ပြန်ရောက်လာတယ်။
စောစောကထက် ပိုပြီး အဂရက်စစ် ဖြစ်နေပုံပဲ။
ပုဆိုးစွန်တောင်ဆွဲပြီး ထိုင်လိုက်တယ်။ အင်္ကျီလက်မောင်းပင့်တယ်။ ပြောသေးတယ်...။
တွေ့ကြပြီပေါ့ကွာ....။ ငါ့နဲ့မှလာတွေ့ရတယ်လို့။ ကျားရှေ့မှောက်ရက်လဲတာပဲ...။ ဟင်း... ဟင်း...။
ကိုယ်က သူ့ကို နားမလည်သလို ငူတူတူနဲ့ကြည့်နေရင်း ကျားပိန်ကြီးရှေ့ မှောက်ရက်လဲနေတဲ့
ကိုယ့်အဖြစ်လေးကို မျက်စိထဲမြင်ယောင်ပြီး ခနတော့ စိတ်ပျက်သွားမိတယ်....။
အခန်းထဲက လူတွေကလဲ စိတ်ဝင်တစားနဲ့ ၀ိုင်းကြည့်လို့...။
ကိုပိန်ပိန်က မေးတယ်။
ခင်ဗျား ချင်းလား။
မဟုတ်ဖူး။ ဗမာပါ။ အညာသားဗျ။
စီဖောင်ဘယ်မှာတင်သလဲ။ စီဖောင်တင်ပြီးမှ ဒီသက်တမ်းတွေတိုးလို့ရတာ။
မသိဘူး။ ပွဲစားတင်ပေးတာ။
အဲဒီပွဲစားကဘယ်ကလဲ။
မသိဘူး။ သူငယ်ချင်းက တဆင့်အပ်ပေးတာ။
အဲဒီသူငယ်ချင်း ကဘယ်ကလဲ။
ကျောက်မြောင်းက။
သူ့ဆီဖုန်းဆက်လို့ရလား။
မရဘူး။
ပိန်ပိန် ရှူးရှူးရှဲရှဲဖြစ်သွားတယ်...။
ရှူးရှူး.... တွေ့ကြပြီပေါ့ကွာ....ရှဲရှဲ။ ဟေ့.... မောင်xxxx ဒါကိုကော်ပီနှစ်စုံကူးလိုက်။
တစ်ရွက်မှ မကျန်အောင် အကုန်ကူးထားလိုက်.. ကြားလား။
ဘေးနားက လူတစ်ယောက်ကိုခေါ်ပြီး ကိုယ့်ပတ်စပို့ကို ကော်ပီကူးခိုင်းနေတာ။
ကိုယ်လဲ နဲနဲ နောက်ချင်လာတာနဲ့ ဟာ... ဒါဆိုအတော်ပဲ
ကျနော့်အတွက်လဲ နှစ်စုံပိုကူးပေးပါ။ လ၀က ရုံးပေးဖို့။
ပိန်ပိန် ခနတော့ ကြောင်သွားပြီးမှ ငါပြောတာလုပ်.....။ နှစ်စုံပဲကူး..။ ခင်ဗျား ကော်ပီကူးခ ပေးလိုက်..။
ဟင် ကိုယ့်ဆီကတောင် ပြန်တောင်းနေသေး...။ ကိုယ်လဲ မနေသာတော့ပဲ ပိုက်ဆံအိပ်ထဲက
ရာတန်တစ်ထပ်ကို ဟန်ပါပါထုတ်ပြီး ဘယ်လောက်ပေးရမှာလဲ မေးတော့
အဲ့လူက ငါးရာဆိုရပါတယ်ပြောလို့ တစ်ရာတန်းအနွမ်းလေးတွေ ငါးရွက်သေခြာရေပြီးပေးလိုက်တယ်။
ပိန်ပိန်တစ်ယောက်ကတော့ ဖုန်းဆက်ဖို့ အပြင်ထွက်သွားပြန်တယ်...။
အဲသည်တော့မှ ပွဲကြည့်ပရိသတ် ဥက္ကဌက လေအေးလေးနဲ့...။
အေးဗျာ... ကျနော် ခင်ဗျားတို့ လမ်းမှူးဆီ ဖုန်းဆက်ကြည့်ပါဦးမယ်..။ သူကလဲဆေးရုံမှာဗျ။ ဟဲ ဟဲ။
ဟုတ်တယ်...။ ကျနော်နဲ့ ကျနော့်အစ်မနဲ့ သူ့အိမ်ရောက်ခဲ့သေးတယ်...။
သူက ကျနော့်အစ်မကို ကောင်းကောင်းသိပါတယ်။
ဥက္ကနဲ့ လမ်းမှူး ဖုန်းပြောတယ်...။ ဥက္ကဌက နောက်နေ့ဆေးရုံလာမေးမယ့်အကြောင်း...။
လမ်းမှူးကလဲ အိမ်ရှင်ဖြစ်တဲ့ ကိုယ့်အစ်မကို ကောင်းကောင်းသိပါကြောင်း ပြောနေသံတွေ ကြားနေရတယ်။
ဥက္ကဌကပြောတယ်....။ ဒါဆိုဒီလိုလုပ်။ ခင်ဗျားအစ်မကို ဒီကိုခေါ်လိုက်။
ဟာ.. မဖြစ်ဖူးခင်ဗျ..။ အမေက အနားမှာ လူတစ်ယောက်ရှိမှဖြစ်မှာ။
ကျနော်ပြန်သွားပြီး သူ့ကိုဒီလွှတ်လိုက်မယ်လေ....။
အဲဒီတုန်း ကိုပိန်ပိန်ပြန်ဝင်လာတယ်....။ ကိုယ့်ကို တစ်ချက်မှမကြည့်ပဲ
ဥက္ကဌကို လေးသံပျော့လေးနဲ့ပြောတယ်...။
ရုံးကပြောတယ်..။ ထောက်ခံစာ လုပ်ပေးလိုက်ပါတဲ့...။ ကျန်တာတွေ ရုံးကျမှ ဆက်စစ်မယ်တဲ့....။
အောင်မယ် စစ်မယ်ဆိုပါလား....။ ငါ့လခွမ်း...။ အေးလေ.. ပေးမယ်ဆိုလဲ ပြီးတာပါပဲ...။
ဥက္ကဌက ခင်ဗျား အစ်မကိုသာ လွှတ်လိုက်ဗျာ..။ ကျနော် ပေးလိုက်ပါ့မယ်...။
ဟုတ်ကဲ့ ကျေးဇူးပါပဲခင်ဗျာ...။ ကျနော်လွှတ်လိုက်ပါ့မယ်....။
ဟောသည်မှာ ခင်ဗျား ပတ်စပို့...။ ပျောက်ဦးမယ်။
ပူမနေနဲ့..။ အဲဒါ သူတို့ အသက်ပဲ...။
ဥက္ကဌက ကိုယ့်ကို စေတနာနဲ့သတိပေးတာကိုတောင် ဒင်းက ၀င်ဟန့်နေသေးတယ်။
ဒီလူ ဒီရုံးမှာ ဘာလုပ်တာလဲမသိဘူး...။
ကိုယ်လဲ အိမ်ကို သုတ်ခြေတင်နင်းပြန်ခဲ့ပြီး အစ်မကိုအကျိုးအကြောင်းပြောပြ....။
အဲဒီရုံးကလဲ သွားရတာဝေးတော့ အစ်မလမ်းပျောက်ပြီး ကြာနေမှာလဲစိုးတာကြောင့်
ဘေးအိမ်က စက်ဘီးတစ်စီးငှား အမေကို ကလေးတစ်ယောက်နဲ့ ခနထားခဲ့ပြီး
မောင်နှမနှစ်ယောက် စက်ဘီးကိုယ်စီ စီးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး
အဲ့သည့် ထောက်ခံစာဆိုတာကြီးကို အေးဆေးလျှောရှူ ယူလာခဲ့ပါတော့တယ်...။
ဘာလုပ်မှန်းမသိတဲ့ ကိုမောင်ပိန်ကိုတော့ အရိပ်အယောင်တောင် မမြင်ခဲ့တော့ပါဘူး...။
အချိန်ကြည့်လိုက်တော့ လေးနာရီထိုးပြီးခါစ..။ ဒီကရုံးတွေက ဘယ်ချိန်ပိတ်တာလဲမသိဘူး။
အစ်မကတော့ သွားချင်သွားကြည့်ပါလားဆိုလို့ ကိုယ်လဲ ဒေါ့ကုမင့်တွေထည့်ထားတဲ့
ကြွတ်ကြွတ်အိပ်လေးကို စက်ဘီးခြင်းထဲထည့်ပြီး မီလိုမီငြား မြို့နယ် လ၀ကရုံးဆီ
သုတ်ခြေတင် နင်းရပြန်တယ်...။ လမ်းမှာ လိုအပ်တာတွေ ကတိုက်ကရိုက် ကော်ပီဝင်ဆွဲ..။
ရုံးရှေ့ရောက်လို့ကြည့်လိုက်တော့ အထဲမှာ မှောင်နေတယ်...။ သွားပြီ...။ မမီတော့ဘူး။
အထဲဝင်သွားတော့မှ ဘယ်ဟုတ်မလဲ။ မီးပျက်နေတာ။
အယ်လ်အီးဒီ မီးလုံးမှိန်မှိန်လေးတွေအောက်မှာ လူတွေကတော့ မနက်ကလိုပဲ
အုတ်အုတ်ကျက်ကျက် အလုပ်ဆက်နေကြတုန်း။
ကိုယ်လဲ မနက်က ကလေးမလေးဆီသွားလိုက်တော့ သူ့စားပွဲဘေးမှာ
သူ့လိုကလေးမလေး နှစ်ယောက်ရပ်လို့။ သူကတော့ စားပွဲပေါ်က ဖိုင်အုပ်တစ်ခုကို
တဗြင်းဗြင်းလှန်ရင်း တစ်ခုခုရှာ အလုပ်ရှုပ်နေပုံပဲ..။ ကိုယ်ကတော့ စားပွဲရှေ့နား
ခပ်လှမ်းလှမ်းမှာ အသာရပ်စောင့်နေလိုက်တယ်...။ ကလေးမပုံစံက အတော်ပင်ပန်းနေပုံပဲ..။
တစ်အောင့်လောက်နေတော့ သူ့ရှေ့ကဖိုင်အုပ်ကြီးကို ဗြန်းကနဲပိတ်လိုက်ပြီး
သွားတော့ဟယ်.. နင်တို့ဖာသာရှာကြ.. ငါတော့ ခေါင်းကိုက်ပြီ... ဆိုပြီး
ဖိုင်အုပ်ကြီးထိုးပေး... ဟိုကလေးမလေးတွေက အဲဒါကြီးပွေ့ယူသွားပြီးတဲ့နောက်
သူလေးခမျာ စားပွဲပေါ် ခေါင်းငိုက်စိုက်ကျ ဖလက်ပြနေပါတော့တယ်။
အဲဒါမှ ခက်ပြီ... ။ ကိုယ်လဲ ဘာမှမကူညီနိုင်တော့ ရောက်တဲ့နေရာမှာပဲ ရပ်မြဲရပ်နေမိတယ်။
အင်း.... ရုံးကလဲ အဲကွန်းမရှိ၊ ပန်ကာမရှိနဲ့ သူတို့လေးတွေ အလုပ်လုပ်ရတာ အတော်အိုက်မှာ။
ဖိနပ်ချွတ်ဝင်ရတဲ့ မြို့နယ်မှူးရုံးခန်းထဲတော့ အဲကွန်းရှိတယ်။
အရင်တစ်ခါ လက်မှတ်ဝင်ထိုးတုန်းက ရောက်ဖူးလို့သိတာ။
ကွန်ပျူတာတွေဘာတွေသုံးနိုင်ရင်တော့ ခုလိုဖိုင်အုပ်ကြီးတွေ စက္ကူရွက်တွေနဲ့ အလုပ်လုပ်
ရတာထက် ပိုလွယ်ကူသက်သာရှာကြမှာပဲ...။ ပန်းဆိုးတန်းရုံးရောက်တုန်းကလဲ ကွန်ပျူတာသုံးတာ
မတွေ့မိဘူး။ စက္ကူပုံကြီးတွေနဲ့ပဲ လုပ်နေကြတာတွေ့တယ်..။ တစ်နေ့နေ့တော့ ဖြစ်လာတန်ကောင်းပါရဲ့လေ။
အဲသည်လို တွေးမိနေတုန်း ကလေးမလေး ခေါင်းထောင်ကြည့်ပြီး
ဦးလေး ခုန်ဆွဲထိုင်ပါ။ ခနစောင့်ဦးနော် ခနနေရင် အရာရှိနဲ့တွေ့လို့ရပါပြီ...
ပြောပြောဆိုဆိုပဲ အခန်းလေးတစ်ခုထဲဝင်သွားပါတယ်။
တစ်ကယ်ပဲ ခနနေတော့ အဲဒီအခန်းလေးထဲကပြန်ထွက်လာပြီး ကိုယ့်ကို လက်ယပ်ခေါ်လို့
ကိုယ်လဲ လိုက်ဝင်သွားတော့ အထဲမှာ အရာရှိထိုင်နေတာတွေ့တယ်။
သူစားပွဲပေါ်မှာလဲ စက္ကူပုံတစ်ထပ်နဲ့။ သူ့အခန်းထဲ အဲကူလာလေးတော့ရှိပေမယ့် မီးပျက်နေလို့
သူလဲစွပ်ကျယ်ချိုင်းပြတ်နဲ့။ မြင်ဖူးတယ်လို့တော့ထင်သား...။
ကိုယ့်ပါလာတဲ့ စာရွက်စာတမ်းတွေ စစ်ကြည့်ပြီး လိုအပ်နေတာတွေပြောတယ်။
ကိုယ့်ဇာတ်လမ်းကိုလဲ သိပြီးဖြစ်နေတယ်..။ ကိုမောင်ပိန်နဲ့ ဖုန်းပြောတာလဲ သူပဲဖြစ်မယ်။
မေးခွန်းတစ်ချို့မေးတယ်။ အေးအေးဆေးဆေး မေးတာပါ။
ဘာလာလုပ်လဲ။ ဘယ်တော့ပြန်မလဲ။ ဘာလို့ စီဖောင် ဒီမှာလာမတင်သလဲ။
အရင်က ဒီရုံးရောက်ဖူးလား။
နေမကောင်းတဲ့ အမေနဲ့ လာနေတာ။ ပြန်ရက်မရှိသေး။ အရင်ကဒီရုံးရောက်ဖူးတယ်။
စီဖောင်လာတင်တာ လေးရက်ကုန်သွားတယ်။ ပွဲစားနဲ့လုပ်တာပိုအဆင်ပြေတယ်။
ဒါပေမယ့် ရှိတာလေး လုံးပါးပါးလာလို့။
သူကပြောတယ်... အိုကေ ဒီနေ့တော့ အချိန်မရှိတော့ဘူး...။ ကျနော်ပြောတဲ့ ဟာတွေဖြည့်ပြီး
တနင်္လာနေ့ပြန်လာခဲ့ပါ...။
သတိလဲပေးသေးတယ်...။ ကောင်းကောင်းမွန်မွန်နေပေါ့ဗျာ .. ခင်ဗျားနေတဲ့ရပ်ကွက်က
နာမည်ကြီးဗျ...။ အဲဒီမှာ ထိုင်ဝမ်နိုင်ငံသားတစ်ယောက် ပြသနာတက်ပြီး အိုဗာစတေး
အကြာကြီးဖြစ်နေတာ... နောက်ဆုံး ပြည်နှင်ဒဏ်ပေးလိုက်ရတယ်။ ခင်ဗျားကြည့်ရတာတော့
အေးအေးဆေးဆေးပါ..။
ဟုတ်ကဲ့ အေးအေးဆေးဆေးပါ...။ ကျနော် တနင်္လာနေ့ပြန်လာခဲ့ပါမယ်..။
ဒါနဲ့ ဆရာ့နာမည်ဘယ်သူလဲခင်ဗျ..။
xxxxxxx
ဟုတ်ပါပြီ...။ နေ့လည်က ကိုမောင်ပိန်ဖုန်းခေါ်တဲ့ နာမည်။ ကျနော်အရင်တစ်ခါလာတုန်းက
သူ့စားပွဲမှာ မြို့နယ်မှူးအလာထိုင်စောင့်ခဲ့တာ..။ ခရိုင်ရုံးသွားဖို့ စိတ်ရှည်လက်ရှည်
လမ်းညွှန်ပေးလိုက်တဲ့ အရာရှိပါပဲ။
0 comments:
Post a Comment