Thursday, May 12, 2016

Breakaway အဖြစ်ပြေးမလား၊ Peloton ထဲမှာပုန်းပြီး လေခိုစီးမလား...။

Breakaway အဖြစ်ပြေးမလား၊ Peloton ထဲမှာပုန်းပြီး လေခိုစီးမလား...။
...
၂၁ ရက်တာ Grand Tour အဖြစ် အီတလီမှာကျင်းပနေတဲ့ Giro d'Italia ပွဲ ထဲက လမ်းမပေါ်ပြိုင်ပွဲ Road bicycle race တွေကိုကြည့်ရင်း Breakaway နဲ့ Peloton အကြောင်းစဉ်းစားမိပါတယ်။

Peloton ဆိုတဲ့စကားရဲ့မူလပိုင်ရှင်ဟာ ပြင်သစ်ဖြစ်ပြီး မူလသတ်ပုံက platoon ဖြစ်တယ်လို့သိရပါတယ်။ အဓိပါယ်ကတော့ လမ်းမပေါ်ပြိုင်ပွဲအတွင်းက စက် ဘီးသမားအုပ်စုကြီးလို့ မြန်မာမှုပြုနိုင်မယ်ထင်ပါတယ်။ Peloton အတွင်းနေပြီး ရှေ့ကလူရဲ့နောက်မှာ လေခိုစီးခြင်းအားဖြင့် စွမ်းအင်ကို ၄၀ % အထိ ချွေတာ နိုင်တယ်လို့ဆိုပါတယ်။
ငှက်တွေအုပ်စုလိုက်ပျံတာကိုလည်း Peloton အဖြစ်သုံးကြပါတယ်။ စက်ဘီးသမားအုပ်စုနဲ့ ငှက်အုပ်စုတွေကို အသေချာယှဉ်ကြည့်ပါ။ ငှက်တွေအုပ်စုလိုက်ပျံသန်းပုံနဲ့ စက်ဘီးသမားတွေ အုပ်စုလိုက်စီးနင်းပုံ အတော်လေးတူနေတာ သတိထားမိပါလိမ့်မယ်။
ထားတော့။ စက်ဘီးသမားတွေကို ငှက်နဲ့နှိုင်းနေတယ်ဆိုပြီး အပြောခံနေရပါဦးမယ်။ အနှစ်ချုပ်ကတော့ Peloton ထဲမှာနေရင် လေခိုပြီး စွမ်းအင်ချွေတာလို့ရတယ်။ ကိုယ့် အသင်းဖေါ်တွေပါရင် ပိုတောင်လုံလုံခြံခြုံ ခိုလို့ရပါတယ်။ အဲဒီလို တချိန်လုံးလေခိုလိုက်ပြီး ပန်းဝင်ဖို့ မီတာ ၁၀၀ လောက်အလိုကျမှ အသားကုန် Sprint တင်ပြီး ပထမ ယူသွားတဲ့ တာတိုဘုရင်တွေကို စာဖတ်သူ တွေ့ဖူးပါလိမ့်မယ်။
...

လောလောဆယ် ဥပမာပေးရမယ်ဆိုရင် Giro d'Italia ပွဲ ဒုတိယနဲ့ တတိယ နေ့တွေမှာ ပထမ ယူသွားတဲ့ Marcel Kittel (Ger) Etixx - Quick-Step ဟာ အကောင်းဆုံး ဥပမာပဲပေါ့။ ဒါပေမဲ့ လေခိုစီးတာ Kittel တယောက်တည်း မဟုတ်။ Breakaway ထွက်ပြေးတဲ့ ၃-၄ ဦးကလွဲရင် ကျန်စက်ဘီးသမား ၁၈၀ ကျော်စလုံး သူလိုပဲ Peloton ထဲမှာ လေခိုစီးနေ တာပဲမဟုတ်လား။ သူတို့ကျ ဘာလို့ ပထမ မရနိုင်တာလဲဆိုပြီး မေးစရာရှိပါတယ်။
လူတိုင်းတော့ ပထမ ဘယ်ရပ့ါမလဲ။ ပထမ ရနိုင်အောင်ကျင့်ထားသူမှ ပထမ ရနိုင်တဲ့ အလားအလာရှိမှာပေါ့။ တဦးတည်းကောင်းနေရုံနဲ့လည်း မရသေး။ ကိုယ့်အသင်းဖေါ်တွေက ကိုယ့်ကိုကူပြီး ပန်းမ၀င်ခင် ၃ ကီလိုလောက်အလိုမှာ ကတည်းက ပြေးလမ်းမှန်ပေါ် တင်ပေးထားဖို့လိုပါတယ်။ ပန်းဝင်ဖို့ မီတာ ၁၀၀ လောက်အလိုအထိ အသင်းဖေါ် ၃ ဦးလောက်က ရှေ့ကနေဦးဆောင်ပြီး ဆွဲခေါ် ပေးဖို့လိုပါတယ်။ အဲဒီလို အသင်းဖေါ်တွေ ရဲ့အကူအညီကိုမရဘူးဆိုရင် လူ ၁၈၀ လောက်တပြိုင်တည်း တိုးဝင်ရတဲ့အပေါက်ထဲမှာ ပထမ ရဖို့ဆိုတာ မဖြစ်နိုင်ပါ။
ဒါက Peloton ထဲမှာလေခိုစီးခြင်းရဲ့ အားသာချက်ဆိုပါတော့။ ဒါဖြင့် အားနည်း ချက်ကကော ရှိသေးလားဆိုပြီးမေးခွန်းထုတ်နိုင်ပါတယ်။ ရှိတယ်လို့ဆိုချင်ပါ တယ်။ အဲဒါက ဘာလဲဆိုရင် Breakaway အဖြစ် ထွက်ပြေးသွားသူတွေကို ဘယ်လောက်အထိလွှတ်ပေးမလဲ။ ဘယ်အချိန်မှာ မိအောင်ပြန်ဖမ်းမလဲဆို တာကို Peloton ကိုဦးဆောင်နေတဲ့အသင်းက အတိအကျ တွက်တတ်ဖို့လို ပါတယ်။
ခြေအားရှိတဲ့အသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ တသင်းတလှည့်စီ ဦးဆောင်စီးနင်းပေးဖို့လိုပါတယ်။ နို့မို့ရင် အချင်းချင်း တွက်ကပ်ရင်းနဲ့ Breakaway ကို သတ်မှတ်ချိန်မှာမိအောင် မဖမ်းနိုင်ပဲ ပန်းဝင်တဲ့အထိ လွှတ် ပေးလိုက်ရတာ မျိုးဖြစ်တတ်ပါတယ်။
ဥပမာအားဖြင့် ပြီးခဲ့တဲ့ ၂ ရက်တာ Giro d'Italia ပွဲကိုပြန်ကြည့်ပါ။ ကီလို ၁၉၀ ကျော်ရှိ ၂ ရက်စလုံးမှာ ၃-၄ ဦးပါ Breakaway အဖွဲ့တွေ တာထွက်စကတည်း ကနေထွက်ပြေးသွားတာ ၈ မီနစ်၊ ၁၀ မီနစ်ပြတ်တဲ့အထိပါပဲ။ ၁၀ မီနစ်ဆိုတာ နည်းတဲ့အကွာအဝေးမဟုတ်။ ၅ ကီလိုကျော်အထိ ပြတ်သွားတဲ့သဘော။ Peloton ထဲကလူတွေသာ ဟန်ချက်ညီမစီးနိုင်ဘူးဆိုရင် မိအောင်ပြန်ဖမ်းဖို့ ဘယ်လိုမှမလွယ်တဲ့ကိစ္စ။ အထူးသဖြင့် တတိယနေ့ အခြေအနေကိုကြည့်ပါ။ ကီလို ၁၉၀ စလုံးကို Breakaway အဖြစ်စီးလာသူ ၄ ဦးထဲက နောက်ဆုံး တဦးကို ပန်းဝင်ဖို့ ၁.၇ ကီလိုကျမှ မိပါတယ်။ သီသီလေး မိသွားတယ်ဆိုပါ တော့။
....

ဒါဖြင့် Peloton ထဲမှာလေခိုနေမဲ့အစား Breakaway အဖြစ် ထွက်ပြေးတာက ပိုပြီး ပထမ ရနိုင်ခြေမများပေဘူးလား။ စက်ဘီးလောကနဲ့ဝေးနေတဲ့ သာမန် ပရိသတ်တွေက အဲဒီလို မေးခွန်းထုတ်လေ့ရှိပါတယ်။ အားရှိတိုင်းအသားကုန် နင်းပြီး ပန်းတိုင်အရင်ဆုံးရောက်သူ ပထမ ရနိုင်တယ်လို့ ထင်လေ့ရှိပါတယ်။ အပြေးပြိုင်ပွဲတွေမှာ ဒါမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စက်ဘီးမှာ အဲဒီလိုဖြစ်ဖို့ မလွယ်ပါဘူး။
ကီလို ၂၀၀ ကျော်ခရီးကို တကိုယ်တော်စီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိုင်းခမ်း လိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုထားတဲ့သီချင်းတပုဒ်ရှိပါတယ်။ ...တာတိုမှာ ခွန်အား၊ တာလတ်မှာ အဆုံးအဖြတ်၊ တာဝေးမှာ စိတ်ဓတ်...ဆိုတာ။ ဒါက အပြေးပြိုင်ပွဲအတွက်မှန်ပါတယ်။ 
လမ်းပေါ်စက်ဘီးပွဲတွေဟာ တာဝေးဆိုပေမဲ့ စိတ်ဓတ်တခုတည်းနဲ့မရ။ အဆုံးအဖြတ်က အဓိကနေရာမှာရှိတယ်လို့တောင်ဆိုနိုင်ပါတယ်။ ဘယ်အချိန်မှာ ထွက်ပြေးမလဲ၊ ထွက်ပြေးသူကို ဘယ်အချိန်မှာ မိအောင်ပြန်ဖမ်းမလဲ။ အသင်း ဖေါ်တွေအခြေအနေက ဘယ်လိုရှိသလဲ၊ လေတိုက်နှုန်းက ဘယ်လို၊ ရာသီ ဥတုအခြေအနေက ဘယ်ပုံ၊ ရေပေးတဲ့နေရာ၊ အစာဝေတဲ့နေရာ၊ လမ်း အကျယ်၊ အကျဉ်း၊ အကွေ့အကောက်၊ အတက်အဆင်း စသဖြင့် ဒေါင့်စုံ အောင်တွက်နိုင်မှ အလုပ်ဖြစ်တဲ့ အားကစားမျိုးပါ။

ထားတော့။ Breakaway အကြောင်းပြောရင်းနဲ့ Peloton ဖက်ပြန်လည်သွား ပြီ။ အနှစ်ပြန်ချုပ်ရရင် Peloton ထဲနေပြီးလေခိုစီးနိုင်တိုင်းလဲ ပထမ မရနိုင် သလို Breakaway အဖြစ်ပြေးတိုင်းလည်း ပန်းမ၀င်ခင် ပြန်ဖမ်းမိလိမ့်မယ်လို့ ပုံသေတွက်လို့မဖြစ်နိုင်ပါ။
တခါတလေဆိုရင် GC (၂၁ ရက်တာပေါင်းပြီး ပထမ ရဖို့ပြိုင်နေသူတွေ) သ မားတွေက Peloton ကို ထိမ်းထားတဲ့အတွက် Breakaway အဖွဲ့ ပန်းဝင်တဲ့ အထိလွတ်သွားလေ့ ရှိပါတယ်။ အခုကျင်းပနေတဲ့ Giro d'Italia ပွဲ ဒုတိယ သီ တင်းပတ်ထဲမှာ ဒါမျိုးတွေ့လာ ရနိုင်ပါတယ်။ ဘာကြောင့်လဲဆို GC သမားတွေ ဟာ သူတို့အချင်းချင်းပဲ အကြိတ် အနယ်ပြိုင်လေ့ရှိပြီး GC ကို ရန်မရှာနိုင်တဲ့ တရက်စာသမားတွေကို ပန်းဝင်တဲ့အထိ လွတ်ပေးလေ့ရှိပါတယ်။
အထူးသဖြင့် မဟာတောင်တက်ပွဲတွေလာပြီဆိုရင် ဒါကို သိသိသာသာမြင် လာရနိုင်ပါတယ်။ စာလည်းအတော်ရှည်သွားပါပြီ။ မနက်ဖြန်ပွဲမစခင် တော စပ်ဆီသွားပြီး ငှက်တွေအုပ်စုလိုက် ပျံနေတာကို အရင်ကြည့်လိုက်ပါ။ ပြီးရင် Breakaway နဲ့ Peloton အကြောင်းစဉ်းစားရင် စက်ဘီးပွဲကို ထိုင်ကြည့်ပါ။ ဒီအကြောင်းမဖတ်ခင် အရင် ၃ ရက်ကကြည့်ရတာထက် ဒီနေ့ကြည့်ရတဲ့ပွဲက ပိုအရသာရှိလာမှာ အသေအချာပဲဖြစ်ပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More