Sunday, May 22, 2016

ဒေါ်အောင်ဆန်းစုကြည်ပန်းခြံသို့ ခရီးသွားခြင်း

The Voice Daily, 22-05-2016.

အော်စလိုမှ ဖရိုးလန်း သို့

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုဖွင့်လှစ်မဲ့ အောင်ဆန်းစုကြည်ပန်းခြံ (Aung San Suu Kyi Park) လွဲအပ်ပွဲအခန်းနား မေလ ၁၄ ရက်နေ့မှာ ကျင်းပဖို့ရှိတယ်။ ကျင်းပမယ့်နေရာက ဖရိုလန်း (Froland) မြို့မှာဖြစ်တယ်လို့ သတင်းတပုဒ်ကို Facebook မှာတွေ့လိုက်ရတော့ ၀မ်းသာအားရနဲ့ ချက်ချင်း Share လိုက်ပါတယ်။ ဒီမိုကရေစီအရေးစိတ်ဝင်စားသူ အားလုံးသွားသင့်တယ်၊ ကျနော်ကိုယ်တိုင် လည်းသွားမယ်ဆိုပြီး တခါတည်းရေးထည့်လိုက်ပါတယ်။



အဲဒါ ပွဲမစခင် သီတင်းတပတ်လောက်အလိုကပါ။ ပွဲစဖို့ ရက်လောက်အလိုမှာ ဘယ်သူတွေသွားကြမလဲ၊ ဖရိုးလန်းက ဘယ်နားလဲဆိုပြီး မိတ်ဆွေတွေကိုလိုက်မေးကြည့်တော့ အော်စလိုကနေ ရထားနဲ့  နာရီ နီးပါး သွားရတယ်၊ ခရီးစရိတ်လည်းကြီးတယ်။ ဒီတော့ လွဲအပ်ပွဲကိုမသွားပဲ ဖွင့်ပွဲကျင်းပမဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ ရက်မှ သွားကြမယ်ဆိုပြီး အော်စလိုမြို့ဝန်းကျင်ရှိ မိတ်ဆွေအတော်များများက သဘောထားပေးကြပါတယ်။

အဲဒါမှ ဒုက္ခ။ ကိုယ်က အဲလောက်ဝေးမှန်းမသိ။ နေ့ချင်းပြန်ခရီးလောက်ပဲထင်ပြီး ကိုယ်တိုင်သွားမယ်လို့ Facebook ပေါ်မှာ ကတိပေးထားပြီးပြီ။ ဒီတော့ ဘယ်လောက်ဝေးဝေး သွားမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါ တယ်။ ကံကောင်းချင်တော့ ကိုယ့်လိုပဲ အဲဒီပွဲကိုဖြစ်အောင်သွားမယ်ဆိုတဲ့ မိတ်ဆွေတဦးနဲ့ ချိတ်မိပါတယ်။

ခရီးစဉ်ကို အင်တာနက်မှာ ရှာကြည့်တော့ ဘတ်စ်ကားနဲ့ဆို ခရိုနာ ၈၀၀ ကျော်၊ ဖရိုးလန်းမြို့ဆီ တခါတည်းတန်းရောက်မယ်။ ရထားနဲ့ဆို ၆၀၀ ၀န်းကျင်၊ ဒါပေမဲ့ ဘူတာ ဆင့်ပြောင်းရမယ်တဲ့။ အသွားအပြန်ဆို ၁၂၀၀။ တက္ကစီခ ပါပေါင်းလိုက်ရင် ၁၅၀၀ ထားပါတော့။ ဒေါ်လာ ၂၀၀ ရှိနေပြီ။ တနည်းအားဖြင့် မြန်မာနိုင်ငံခရီးစဉ်ရဲ့ လေးပုံတပုံ လောက် ရှိနေပြီ။ ဒါကြောင့် နော်ဝေမှာ ပြည်တွင်းခရီးစရိတ်က ပြည်ပခရီးစရိတ်ထက် ပိုကြီးတယ်ဆိုပြီး ပြောနေကြတာဖြစ်မယ်။

၁၄ ရက်နေ့မနက် နာရီလောက်မှာ အော်စလိုဘူတာကြီးဆီကျနော်တို့ရောက်လာတော့ မြို့တော်အ၀င် ရထားလမ်းတွေအားလုံး မွန်းမံပြင်ဆင်မှုလုပ်နေတဲ့အတွက် Stavanger, Kristiansand ဖက်သွားမဲ့သူအားလုံး (ဖရိုးလန်းကိုသွားမယ်ဆိုရင် အဲဒီမြို့ကြီးတွေဆီဦးတည်တဲ့ ရထားကိုစီးရပါတယ်) ဒရာမင်အထိ ဘတ်စ်နဲ့သွားရမယ်တဲ့။ ဒါပေမဲ့ ကိစ္စမရှိ၊ Buss for Tog (ရထား အတွက် ဘတ်စ်ကား) လို့ရေးထားတဲ့ ကားတွေပေါ်တက်လိုက်ရုံ။

ရထားက Comfort တန်းဆိုတော့ စာရေးစားပွဲပါတဲ့အပြင် လျှပ်စစ်မီးပေါက်၊ အင်တာနက်၊ သတင်းစာ၊ ကော်ဖီ အားလုံး Gratis (အခမဲ့) ရပါတယ်။ ကော်ဖီတခွက်အမြန်ယူသောက်ပြီး ကွန်ပြူတာဖွင့်၊ Facebook ကိုချိတ်၊ ကားတဆင့်စီးရတဲ့အတွက် မီနစ် ၃၀ ခန့် နောက်ကျမဲ့အကြောင်း ဖရိုးလန်းက စောင့်နေသူတွေဆီ သတင်းပို့ရပါတယ်။

ဥရောပမှာ နော်ဝေးလောက်တောင်ပေါတာ နော်ဝေးပဲ ရှိမယ်ထင်ပါတယ်။ ရထားပေါ်ကနေ မြင်ရသမျှ ဘေးပတ်လည်မှာ တောင်တန်းတွေချည်း၊ တချို့တောင်တွေပေါ်မှာ နှင်းခဲဖြူဖြူတွေကျန်နေဆဲ။ ထင်ရှုးတောတွေက စိမ်းစိမ်းစိုစို၊ ကျောက်ဆောင်တွေကြားက တောင်ပေါ်ရေအိုင်တွေကလည်း အေးမြမြ။ ကံကောင်းထောက်မစွာနဲ့ ဒီနေ့ ရာသီဥတုက အတော်သာယာနေပါတယ်။


‘’မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး မြင်ကွင်းမရှိတော့ဘူးဗျ’’ ဆိုပြီး ကျနော့်မိတ်ဆွေကပြောပါတယ်။ ဟုတ်ပါ တယ်။ ကျနော်ရဲ့ ပြည်တော်ပြန်ခရီးစဉ်အတွင်း တောင်ပိုင်း ထားဝယ်ကနေ မြောက်ပိုင်း ရှမ်းပြည်နယ် လင်းခေးအထိ ဘတ်စ်ကားနဲ့ခရီးသွားဖူးပါတယ်။ အဲဒီလမ်းတလျောက်မှာ ဒီလိုသစ်တောတွေမရှိတော့ပါ။ လမ်းဘေး တဖက် မိုင်စီကို လမ်းလုပ်တဲ့ ကုပဏီဆီခုတ်ခွင့်ပေးရတယ်ဆိုလား။ ထူးကုပဏီက ကန်ထရိုက်ယူထားတယ်ဆိုလား။ သေချာတာကတော့ လမ်းဘေးဝဲ-ယာမှာ ဒီလိုသစ်ပင်ကြီးတွေ၊ တောအုပ်တွေမရှိတော့ပါ။

ရန်ကုန်-နေပြည်တော်အဝေးပြေးလမ်းဘေးမှာတော့ ရေအိုင်တချို့တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလို ကျောက်ဆောင်တွေကြားမှာ သဘာဝအတိုင်း လှပနေတဲ့ ရေကန်တွေမဟုတ်။ အဝေးပြးကားလမ်းအတွက် လိုအပ်တဲ့မြေကျင်းတူးရာကနေ လယ်ကွက်တွေ၊ ခြံမြေတွေပျက်စီးပြီး ချိုင့်ခွက်ဖြစ်နေတဲ့နေရာမှာ ရေအိုင်နေခြင်းသာဖြစ်ပါတယ်။

မြန်မာရထားလမ်းတွေက ကားလမ်းထက်တောင် ပိုဆိုးပါသေးတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက အသက်သွေးချွေး များစွာမြှုပ်နှံပြီး လုပ်အားပေးတွေနဲ့ အတင်းအဓမဖောက်ခိုင်းခဲ့တဲ့ ရေး-ထားဝယ် ရထားလမ်းဆိုရင် အခု ဘယ် သူမှမသုံးပဲ အလကား ပစ်ထားသလိုတောင်ဖြစ်နေပါပြီ။ အလားတူ ပစ်ထားတဲ့ ရထားလမ်းတွေကို ရှမ်းပြည်နယ်ဖက်မှာလည်း တွေ့ခဲ့ရပါတယ်။

‘’ကြက်ဆူပင် စီမံကိန်းလိုပေါ့ဗျာ။ ပွဲပြီး မီးသေပေါ့။ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာရှိလို့လဲ’’ ဆိုပြီး ကျနော် မိတ်ဆွေက အရင်စစ်အစိုးရဟောင်းကို ဝေဖန်ပါတယ်။ အခုအစိုးရသစ်လက်ထက်မှာတော့ ဂျပန်အပါဝင် နိုင်ငံတကာအကူ အညီနဲ့ ရထားလမ်း၊ ကားလမ်းတွေကို စံချိန်မီပြန်ပြင်နိုင်ဖို့ ကြိုးစားနေကြောင်း သတင်းတွေကြားနေရပါတယ်။ ဘယ်တော့ လက်တွေ့ဖြစ်လာမယ်မှန်းတော့ မသိသေးပါ။

အင်းကျနော်တို့ပြသာနာက အဲဒါပါပဲ။ နော်ဝေးရထားစီးရင်းနဲ့ ဘယ်လိုကနေ ဘယ်လို မြန်မာနိုင်ငံဆီ ရောက် သွားမှန်းမသိ။ အချိန်တွေ ဘယ်လိုကုန်သွားမှန်းမသိ။ ရထားတဆင့် ပြောင်းရမဲ့ Nelaug ဘူတာ ဆီရောက်ပြီဆိုပြီး ရထားတံခါးဝမှာ သတိပေးစာတန်းပေါ်လာမှာ ကွန်ပြူတာကို အမြန်ပိတ်၊ ခရီးဆောင် အိတ်ကို ကတိုက်ကရိုက်ဆွဲပြီး ရထားပေါ်က ပြေးဆင်းခဲ့ရပါတယ်။ 

ဖရိုးလန်းမြို့သို့အ၀င်

Nelaug ဘူတာကနေ ဖရိုလန်းဆီသွားမဲ့ရထား ဂိတ်ဆုံးအမည်က Arendal အဲဒီရထားပေါ်တက်လိုက်တော့ ခုနက စီးလာတဲ့ရထားနဲ့အဆင့်အတန်း အတော်ကွာပါတယ်။ ကွာဆို ဟိုရထားက ကီလိုမီတာ ထောင်နဲ့ ချီပြေးနေတဲ့ အဝေးပြေးရထား။ ဒီရထားက ကီလို ၅၀ လောက်သာပြေးတဲ့ လိုကယ်ရထား။ အဆင့်နိမ့်တယ် ဆိုပေမဲ့ ရေး- ထားဝယ် ရထားထက်အများကြီးသာပါသေးတယ်။


ဖရိုးလန်းကို မီနစ် ၂၀ လောက်သာစီးရမှာဆိုတော့ ဂိတ်ဆုံးအထိလိုက်သွားစရာမလို၊ Blakkestad ဆိုတဲ့ ကြားဘူတာမှာဆင်းရပါတယ်။ အဲဒီဘူတာမှာ ကားတစီးနဲ့ ကျနော်တို့ကိုလာကြိုနေသူက ဆလိုင်းဂျွန်မန်း။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဖြစ်မြောက်ရေးအတွက် အဓိကနေရာကနေ ဦးဆောင်နေသူပေါ့။ ‘’ဒီပန်းခြံအတွက် ကျနော်တို့ စိတ်ကူးယဉ်နေတာကကြာပြီ။ နော်ဝေးကိုစရောက်တဲ့ ၂၀၀၃ ခုနှစ်က တည်းက’’ ဆိုပြီး ၂၀၀၃ ခုနှစ် ဇွန်လ ၂၃ ရက် (ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အပြီး ထုတ်တဲ့သတင်းစာ) သတင်းစာဖြတ်ပိုင်းဟောင်း တခုကို ထုတ်ပြပြီး သူကရှင်းပြပါတယ်။

ဓာတ်ပုံထဲမှာတော့ ကလေးငယ်တဦးကိုချီ၊ ကြယ်ငါးပွင့်အလံကိုကိုင်ပြီး လမ်းလျောက်ချီတက်နေတဲ့ သူရယ်၊ သူ့ အမျိုးသမီးရယ်။ သစ်ပင်တပင်ကို လက်တွန်းလှည်းပေါ်တင်ပြီး ကူသယ်ပေးနေတဲ့ တခြားတဦးရယ်ကိုတွေ့ရပါ တယ်။ ဒေါ်စုမွေးနေ့မှာ သစ်ပင်စိုက်ဖို့နှစ်စဉ်ကြိုးစားခဲ့ပေမဲ့ ပန်းခြံမြေနေရာ မရလို့ စိုက်ခွင့်မရခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ နှလုံးသားပန်းခြံထဲမှာတော့ နှစ်စဉ်မပျက်မကွက် ပုံမှန်စိုက် လာခဲ့ပါတယ်လို့ ကဗျာဆန်တဲ့ စာသားကို ချင်းသံဝဲ၀ဲနဲ့ သူကပြောပါတယ်။ 

ဆယ်နှစ်ကျော်ကြိုးစားမှုရဲ့ရလာဒ်အဖြစ် အခုတော့ ပန်းခြံနေရာတခုကို မြို့တော်ဝန်ကိုယ်ကနေ သူတို့တွေဆီ တရားဝင်လွဲပြောင်းပေးဖို့ပြင်နေပါပြီ။ ရပ်နီးရပ်ဝေးက မြန်မာနိုင်ငံသားတွေလည်း ဒီမြို့ဆီ အသီးသီးရောက်လာနေကြပါပြီ။ နေ့လည် နာရီခွဲလောက်မှာတော့ ကိုဂျွန်မန်းအိမ်ကနေ ပန်းခြံရှိရာဆီ ကျနော်တို့ထွက်လာခဲ့ပါတယ်။ မနက်ပိုင်းမှာ နေသာခဲ့ပေမဲ့ ပန်းခြံနေရာရောက်တော့ ရာသီဥတုက ခပ်ဆိုင်းဆိုင်း၊ လေလည်းနဲနဲတိုက်နေတဲ့အတွက် အေးစိမ့်စိမ့်လေး ဖြစ်နေပါတယ်။


ဒါပေမဲ့ တက်ရောက်လာသူအားလုံးက အအေးဒဏ်ကိုမမှုပဲ တိုင်းရင်းသားဝတ်စုံအသီးသီးနဲ့။ ချင်းဝတ်စုံက အများဆုံးဖြစ်မယ်ထင်ပါတယ်။ ပြီးတော့ ကရင်၊ မွန်၊ ဗမာ၊ ကချင် စသဖြင့် အနီးဝန်းကျင် မြို့တွေကနေ တကူးတကာ့ တက်ရောက်လာသူတွေ။ ဒီလိုမြန်မာတိုင်းရင်းသားဝတ်စုံတွေကြားမှာ ထူးထူးခြားခြား ပေါ်လွင်နေတာက နော်ဝေ ရိုးရာဝတ်စုံဝတ်လာတဲ့ မိသားစုတခု။ နော်ဝေတ်စုံက ကချင်ဝတ်စုံနဲ့ တူနေသလိုလို။

နောက်ထပ် ထူးခြားတာက ဒီပွဲကိုတက်လာတဲ့ မြို့တော်ဝန်မှာ ဘာလုံခြုံရေမှမပါ။ ဘာအဆောင်အယောင်မှ လည်း မရှိ။ ရုတ်စွအဆုံး အနောက်တိုင်းဝတ်စုံကိုတောင် ၀တ်မထားတော့ ကျနော်တို့က သူ့ကိုမြို့တော်ဝန် မှန်းမသိပါ။ ‘’Hei’’ ဆိုပြီး သူကနှုတ်ဆက်တော့ ကိုယ်ကလည်း ‘’Hei’’ ပေါ့။ အခန်းအနားစချိန် မိန့်ခွန်းပြောတော့မှ သရေဂျာကင်နဲ့ ခုနက ကျနော်တို့ကိုလာနှုတ်ဆက်တဲ့ ပုဂ္ဂိုလ်ဟာ ဖရိုလန်းမြို့တော်ဝန် Ove Gundersen ဖြစ်နေပါရော့လား။ 

ပန်းခြံအနေအထားနဲ့ နော်ဝေလူထုရဲ့ အားပေးမှု

ပန်းခြံဟာ ဖရိုးလန်းမြို့အပြင်ဖက်က ရေကန်ကြီးတခုဘေးနားမှာရှိပြီး သစ်ပင်ကြီးတွေ၊ မြက်ခင်း စိမ်းစိမ်းတွေ၊ ကျောက်တုံးကျောက်ဆောင်တွေနဲ့ သာယာလှပါနေပါတယ်။ ဒီကိုမရောက်ခင်အထိ ကျနော်ထင်ထားတာက မြေရိုင်းနေရာတခုကို ဒေါ်စု ပန်းခြံလုပ်ဖို့ ဒီနေ့လွဲပြောင်းပေးအပ်မယ်လို့ နားလည်ထားတာပါ။ တကယ်က မြေရိုင်းကို ပေးခြင်းမဟုတ်။ ဖရိုးလန်းမြို့ စည်ပင်ကပိုင်တဲ့ ပန်းခြံနေရာရဲ့ တ၀က်ကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံနေရာလုပ်ဖို့ လွဲပေးတဲ့အခန်းအနားပါ။


ဒီပန်းခြံရဲ့ထိပ်မှာ ထင်ရှားတဲ့ သချာင်္ပါမောက္ခ Niels Henrik Abel ရဲ့ ရုပ်တုနဲ့ ပြတိုက်ရှိပါတယ်။ အဲဒီပြတိုက်နဲ့ မျက် နှာချင်းဆိုင်မှာ ပေ ၁၀၀ ပတ်လည် မြက်ခင်းစိမ်းစိမ်းကို အဖြူရောင်ခြံစည်းရုံးလေးခတ်ထားပါတယ်။ အဲဒီခြံနဲ့ ရေကန်ကြားရှိ တောင်စောင်းနေရာလေးရယ်၊ ဘေးတဖက် တချက်စီမှာရှိတဲ့ ထင်းရူးပင်ကြီးတွေ၊ ကျောက်ဆောင်နဲ့ တောင်ကုန်းတွေအပါဝင် ပေ ၁၀၀၀ ပတ်လည်လောက်ရှိတဲ့ မြေနေရာကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ် ဒီနေ့ လွဲအပ်မှာပါ။

တောင်စောင်းဆိုပေမဲ့ အလယ်မှာ မြက်ခင်းစိမ်းစိမ်းနဲ့မြေပြင်ညီက ပေ ၆၀ ၀န်းကျင်ခန့်ရှိနေပါတယ်။ အဲဒီမြက်ခင်း ဘေးကတောင်စောင်းလေးမှာတော့ ပွဲလာပရိတ်သတ်တွေထိုင်နိုင်အောင် လှေကားထစ်ပုံ ထိုင်ခုံတန်းလေးတွေ ရိုက်ထားပါတယ်။ ခုံတန်းရှေ့ရှိ ရေကန်အကျယ်ကတော့ ဧကလောက်တောင် ရှိမလားပဲ။ သစ်ပင်ကြီးတွေရယ်၊ ကျောက်ဆောင်ရယ်၊ တောင်ကုန်းနဲ့ မြက်ခင်းစိမ်းစိမ်းရယ်၊ ရေကန်ကြီး ရယ်ဆိုတော့ မြင်ရသူအဖို့ စိတ်ကြည်နူးစရာပါ။ 

အခု ကျနော်တို့ထိုင်နေတဲ့ ခုံတန်းဘေးက မြက်ခင်းပြင်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို စိုက်ထူမယ်။ ရုပ် တုရဲ့ဘေးနားမှာ မြန်မာနိုင်ငံမြေပုံကို သရုပ်ဖေါ်ထားမယ်။ အဲဒီဘေးမှာတော့ နှစ်တထောင်အထိ အသက်ရှည်တဲ့ သစ်ပင်ကြီးတပင်စိုက်ဖို့ စိတ်ကူးထားတယ်ဆိုပြီး ဒီပန်းခြံဖြစ်မြောက်ရေးအတွက် အဓိကနေရာကနေ ကူညီပေးသေူ ဖရိုးလန်းမြို့သား Torgeir Oveland က မြေပုံကားချပ်တွေ၊ ဇယားကွက်တွေနဲ့ ပရိတ်သတ်ကိုရှင်းပြနေပါတယ်။ 

မြို့တော်ဝန် Ove Gundersen ရဲ့ မိန့်ခွန်းထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံကို သူ့မြို့မှာဖွင့်လှစ်ခွင့်ရတဲ့ အတွက် အထူးဝမ်းသာကြောင်း၊ သူတိုမြို့ရဲ့အကောင်းဆုံးနေရာကို ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါကြောင်း၊ အခုဆို ဒီနေရာကို နိုင်ငံတကာက သိရှိသွားပြီဖြစ်လို့ ဧည်သည်တွေ လာကြလိမ့်မယ်သူထင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီနေရာဆီ မကြာခင်ရောက်လာနိုင်လိမ့်မယ်လို့ သူမျှော်လင့် ကြောင်း ပြောသွားပါတယ်။

တကယ်တော့ ဖရိုးလန်းမြို့လေးဟာ ၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည်ရောက်ခဲ့ဖူးတဲ့ အော်စလို၊ ဘာဂင်တိုနဲ့စာရင် သေးသေးလေးပါ။ လူဦးရေ ငါးထောင်ကျော်သာရှိတဲ့ တောင်တွေဝန်းရံနေတဲ့ မြို့ငယ်လေးတခုသာဖြစ်ပါယ်။ ဒါပေမဲ့ ဒီမြို့သားတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စေတနာကတော့ အော်စလိုနဲ့ ဘာဂင်ထက် ပိုကြီးမားသွားခဲ့ပါပြီ။ မြန်မာနိုင်ငံသား သန်း ၅၀ ဂုဏ်ယူနိင်တဲ့ ပန်းခြံတခုကို ဖရိုးလန်းမြို့သားတွေက စတင်တည်ဆောက်ဖို့ပြင်ဆင်နေပါပြီ။

မြက်ခင်းပြင်ပေါ်ကပွဲအပြီးမှာတော့ မြိုနယ်ခန်းမဆီသွားပြီး ဆက်လက်တာဝန်ယူဆောင်ရွက်မဲ့ ကော်မီတီ ဖွဲ့စည်းရေး ဆွေးနွေးကြပါတယ်။ တနာရီကျော်ကြာ ဆွေးနွေးပွဲအပြီးမှာတော့ ပန်းခြံဖြစ်မြောက်ရေး ကော်မီတီ ဦးနဲ့  ပန်းခြံဖွင့်ပွဲကျင်းပရေးကော်မီတီဝင် ၁၆ ဦးကိုရွေးချယ်ခဲ့ကြတာတွေ့ရပါတယ်။ ထူးခြားတာက မြန်မာတွေနဲ့အတူ နော်ဝေနိုင်ငံသားတွေကပါ ကော်မီထဲပါပြီး ထဲထဲဝင်ဝင် ကူညီပေး နေခြင်းပါပဲ။ 

ဒီကော်မီတီဟာ မနက်ဖြန်ကနေစပြီး ပန်းခြံဖြစ်မြောက်ရေးအတွက် စတင်တာဝန်ယူဆောင်ရွက်မှာပါ။ ရှေ့မှာတင်ပြခဲ့တဲ့ မြေအနေအထားပြုပြင်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုစိုက်ထူရေး၊ မြန်မာနိုင်ငံမြေပုံ သရုပ်ဖေါ်ရေး၊ သစ်ပင်စိုက်ရေး၊ ပန်းပင်စိုက်ရေး၊ အားကစားကွင်းဖေါ်ဆောင်ရေးတွေကို တလအတွင်း၊ အတိအကျပြောရမယ်ဆိုရင် ဇွန်လ ၁၉ ရက်နေ့မှာ ပြီးစီးအောင် အလျင်အမြန်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် အဲဒီနေ့မှာ ဒီပန်းခြံကို တရားဝင်ဖွင့်ပွဲကျင်းပမှာဖြစ်ပါတယ်။ ဖွင့်ပွဲနေ့ဆီ ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသား တွေ၊ မြန်မာ့ဒီမိုကရေစီအရေးအားပေးတဲ့ နော်ဝေးနဲ့ နိုင်ငံတကာပရိတ်သတ်တွေ အများအပြား လာရောက် လိမ့်မယ်လို့ ပွဲစီစဉ်သူတွေကမျှော်လင့်နေပါတယ်။


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သ၀ဏ်လွှာပေးပို့တာ၊ NLD အစိုးရက ကိုယ်စားလှယ်တဦးဦး ဒီအခန်းအနားဆီ လာတက်တာမျိုးအထိ ပွဲစီစဉ်သူတွေက မျှော်လင့်နေပါတယ်။ အစည်းဝေးအပြီး ညနေပိုင်းမှာတော့ ဖရိုးလန်းမြို့လေးကနေ ကျနော်ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ ‘’ဇွန်လ ၁၉ ရက်နေ့၊ ဖွင့်ပွဲကျရင် ထပ်လာဖို့ မမေ့နဲ့ နော်’’ ဆိုပြီး သူတို့မှာလိုက်တဲ့အတိုင်း ဖရိုးလန်းမြို့ဆီ မကြာခင် နောက် တခေါက် ထပ်သွားရဦးမယ် မဟုတ်ပါလား။     

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More