Sunday, January 11, 2015

ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၁)

တနသာင်္ရီ အပတ်စဉ် ၂-၃၀ (ဇန်နာဝါရီ ၁၂-၁၈)

ပထမ အခေါက် ပြန်တော်ပြန်ရီးစဉ်ကတည်းက ဒီနေရာဆီ မဖြစ်ဖြစ်အောင် သွားမယ်ဆိုပြီး စိတ်ကူးထားခဲ့၊ ကြေညာထားခဲ့ပေမဲ့  အခြေနေအရပ်ရပ်ကြောင့် မသွားဖြစ်ခဲ့ပါ။ ဒီတခေါက်မှာလည်း ကန်ချနပူရီ-ဖုနန်းလွန်-ထီးခီး လမ်းကနေ၀င်ပြီး မင်းသမီးခစန်းဆီဝင်မယ်လို့ စီစဉ်ထားပေမဲ့ အထမမြောက်ခဲ့ပြန်ပါဘူး။

(ထီးခီးဂိတ် အ၀င်နားမှာတွေ့ရတဲ့ ထားဝယ်-ထီးခီးပြေး ခရီးသည်တင် ကားတစီး) ဓာတ်ပုံ- ထက်အောင်ကျော်

ဒါပေမယ့် သွားချင်စိတ်ကတော့ ကြီးစိုးနေဆဲ။ ခက်နေတာက မင်းသမီးစခန်းဆိုတာဟာ ပြီးခဲ့တဲ့ ခရီးစဉ်နှစ်ခေါက်အတွင်း ဘုရားဖူးအလည်သွားခဲ့သလိုမျိုး အများသွားနေကြ (Tourist Attraction) ကမ္ဘာလှည့်ခရီးသည်တွေစိတ် ၀င်စားတဲ့နေရာမျိုး မဟုတ်။ ကန့်သတ် နယ်မြေလား၊ စစ်တပ်က ထိမ်းချုပ်ထားသလား၊ KNU ကရင့်အမျိုးသား အစည်းရုံးက ထိမ်းချုပ်ထားသလား၊ ဘယ်အဖွဲ့အောက်မှာ ရှိနေသလဲဆိုတာကို အသေချာ ဘယ်သူမှမသိ။

ဒီလို ဘာမှမသိတဲ့နေရာတခုကို အရဲစွန့်သွားဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ မိဘတွေကို ဖွင့်ပြောလိုက်ရင် မသွားဖို့ တားမှာအသေအချာပါပဲ။ ပထမ အခေါက်တုန်းကလဲ အဲဒီလိုတိုင်ပင်မိလို့ အတားခံခဲ့ရပြီးပြီလေ။ ဒီတော့ ''လူဆိုး တွေနဲ့မောင်တိုင်ပင်'' ဆိုသလို မိတ်ဟောင်းဆွေဟောင်း၊ ရဲဘော်ဟောင်းတွေနဲ့ပဲ တိုးတိုးတိတ်တိတ် တိုင်ပင်ရပါတယ်။

သူတို့ရဲ့အကြံပေးချက်အရ ထားဝယ်-ကန်ချနပူရီ နယ်စပ်ဆီ ပြေးနေတဲ့ မှန်လုံကားတွေကို စုံစမ်းကြည့်တော့ ‘’ထားဝယ်-ထီးခီး ကိုတော့ တယောက်(၂၃ ၀၀၀) နှစ်သောင်း သုံးထောင်ယူတယ်အကို၊ အမရာရွာကိုတာ့ ကျမတို့ကားတွေ မသွားဖူးဘူး။ အကိုတို့က ဘယ်နှစ်ဦးသွားမှာလဲ။ လူများရင် ကားသမားနဲ့ညှိပေးမယ်လေ’’ လို့ လိုင်းကား လက်မှတ်ရောင်းဌာနမှ အမျိုးသမီးငယ်တဦးကပြောပါတယ်။

အဲဒီ နှစ်သောင်းခွဲနီးပါးဟာ ခရီးစဉ်တခြမ်းအတွက်သာဖြစ်ပြီး နေ့ချင်း အသွား-အပြန်ပို့ပေးဖို့ မသေချာ။ ခရီးသည်ပြည့်မှ ကားထွက်တဲ့အတွက် ထီးခီးမှာ တညအိပ်မှ အဆင်ပြေနိုင်တယ်လို့ သူကဆိုပါတယ်။ အဲဒါမှ ဒုက္ခ။ ကျနော် က ထီးခီးမှာ မအိပ်ချင်။ နေ့ချင်းပြန်သွားချင်သူ။ ပြီးတော့ တချိန်က ကိုယ်နေခဲ့ဖူးတဲ့ တောတွင်းခစန်းဆီ ပြန်သွားကြည့်မှာဆိုတော့ ကိုယ့်တဦးတည်းလည်းမသွားသင့်၊ သွားလည်းမသွားရဲပါ။

ဒီလိုနဲ့အဖေါ်လိုက်ရှာတော့ ‘’ကျနော်လိုက်ပို့ပေးမယ်လေ။ တလောကတောင် ကိုမင်းအောင်တို့ကို ကျနော်ပဲ လိုက်ပို့ပေးခဲ့တယ်’’ ဆိုပြီး ABSDF ၂၀၁ တပ်ရင်း၊ မင်းသမီးစခန်းမှာ ၁၀ နှစ်ဝန်းကျင်အတူတာဝန် ထမ်းခဲ့ဖူးတဲ့ တပ်စုမှုးဟောင်း ကိုခင်မောင်သိန်းက ပြောလာပါတယ်။ ကိုမင်းအောင် ဆိုတာကတော့ ‘’သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး’’ စာအုပ်ထဲမှာပါတဲ့အတိုင်း ၁၉၈၈-၈၉  ၀န်းကျင်က မင်းသမီးခစန်းရဲ့ ဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့ဖူးသူပါ။

(လွန်ခဲ့တဲ့ ၂၅ နှစ်ဝန်းကျင်ကတွေ့ရတဲ့ မင်းသမီးခစန်းမှ အခြေခံစစ်သင်တန်းတခု) ဓာတ်ပုံ- Archive

သူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ စခန်းကော်မီတီဝင်ဟောင်း ဦးဟန်လင်းရဲ့ ညီအရင်းလည်းဖြစ်ပါတယ်။ ကျောင်း ဆရာတဦးဖြစ်တဲ့ ဦးဟန်လင်းဟာ တောတွင်းကာလတွေအတွင်း တက်ကြွစွာလှုပ်ရှားခဲ့တဲ့အပြင် အမေရိကန်ပြည် ထောင်စုဆီရောက်သွားချိန်မှာလည်း ကုလသမ္မဂဌာနချုပ်ဆီအထိ လမ်းလျောက်ချီ တက်ပြီး မြန်မာ့အရေးကို အများက စိတ်ဝင်စားအောင် လုပ်ဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ ဒါကြောင့် ဦးဟန်လင်းအကြောင်း Documentary မှတ်တမ်း ရုပ်-သံ ရိုက်နေတဲ့ အမေရိကန်အဖွဲ့တခုက ဦးဟန်လင်းရဲ့ အငယ်ဆုံးသား မွေးဖွားခဲ့ရာ မင်းသမီးခစန်း အထိ မရောက် ရောက်အောင်သွားပြီး မှတ်တန်းရိုက်ကူးခဲ့ တာဖြစ်ပါတယ်။

ဒီလိုစကားစပ်မိတဲ့နေရာက မောင်းမကန်းကမ်းခြေမှာ။ ကားသေချာပြီဆိုလို့ လူစုလိုက်တော့ လိုက်မဲ့လူကမနည်းဘူး။ ၂၀၁ တပ်ရင်းမှုးဟောင်း ကိုသောင်းညွန့်၊ ကိုခင်မောင်သိန်းနဲ့ အခြားတောပြန်ရဲဘော်ဟောင်း နှစ်ဦး။ ပြီးတော့ ထားဝယ်မြို့ပေါ်က ကျောင်းနေဖက်သူငယ်ချင်းတွေ၊ ကားဆရာပါ အားလုံးပေါင်းလိုက်တော့ ၁၁ ဦးတိတိ။ ဘောလုံး စကားအရဆိုရင် တသင်းစာအပြည့်။ တောထဲက စကားအရဆိုရင် တပ်စိတ်တစိတ်စာ ဖွဲ့စည်းပုံအပြည့်ပေါ့။

ဝိရိယကောင်းလှတဲ့ ဒီလူတသိုက် မနက်အစောကြီးမှာ Four Wheel ဖိုးဝီးကားတစီးနဲ့ ထားဝယ်ကနေ ထွက်လာပြီး မနက် နာရီ မထိုးခင် တောင်သုံးလုံးရွာဆီရောက်လာပါတယ်။ ထားဝယ်-တောင်သုံးလုံး လမ်းက အရင် နှစ် ၂၀ ကျော်က အခြေ နေနဲ့ဘာမှမဆိုင်။ အတော့်ကို ကျယ်ဝန်းပြေပြစ်ကောင်းမွန်နေပါ တယ်။ အရင်က နာမည်ကြီးလှတဲ့ ကျောက်မဲ တောင်ရွာအ၀င်ဝနားက လမ်းသုံးထပ်ဆိုတာ အခု မရှိတော့ပါ။။ တောင်ဖြိုစက်တွေ၊ မြေတူးစက်တွေ၊ လမ်းအလုပ်သမားတွေနဲ့ တလမ်းလုံးဖုန်း တထောင်းထောင်း ထနေပါတယ်။ အားလုံးကို တဖြောင့်တည်းဖောက်လိုက်တဲ့ အတွက် လမ်းသုံးထပ် နေရာကိုတောင် မမှတ်မိတော့။

(မေတ္တာအလွန်မှာတွေ့ရတဲ့ အဝေးပြေးလမ်းသစ်နဲ့ လက်ကျန်တောတောင်များ) ဓာတ်ပုံ- ထက်အောင်ကျော်

တောင်သုံးလုံးမှာ မနက်စာစားပြီးတဲ့နောက် မေတ္တာရွာထဲဝင်လာပါတယ်။ မေတ္တာရွာလို့ခေါ်မိတာက အရင်ခေါ် နေကြ အတိုင်း နှုတ်ကျိုးနေလို့ပါ။ တကယ်က မေတ္တာဟာ ရွာအဆင့်မဟုတ်တော့။ အခု အစိုးရလက်ထက်မှာ မြို့နယ်အသစ်တခုဖြစ်နေခဲ့ပါပြီ။ 

ထားဝယ်မှာနေခဲ့ဖူးတဲ့ ၂၄ နှစ်တာကာလအတွင်း တောင်သုံးလုံးကိုကျော်ပြီး ဒီဖက်ခြမ်းကို ကျနော်တခါမှ မရောက် ဖူးပါ။ တခြားထားဝယ်သူ ထားဝယ်သားအတော်များများလည်း ဒီဖက်ခြမ်းကို အရောက် အပေါက်နည်းကြပါတယ်။ဘာကြောင့်လည်းဆိုရင် မေတ္တာဆိုတာ မြန်မာအစိုးရတပ်နဲ့ KNU တပ်တွေ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့နေရာ အဖြစ်နာမည်ကြီးနေလို့ပါ။ ၁၉၈၀ ၀န်းကျင်၊ ကျနော်တို့ အထက်တန်းကျောင်းသားဘ၀က ဖြစ်ပွါးခဲ့တဲ့ သတင်းတပတ်ကျော်ကြာ မေတ္တာတိုက်ပွဲအတွင်း အစိုးရဖက်က အကျအဆုံးများခဲ့တာ၊ ထားဝယ်ဒေသတလျောက် ပေါ်တာဖမ်းမှု အကြီးအကျယ် ဖြစ်ခဲ့တာတွေကို အခုချိန်ထိ မှတ်မိနေဆဲဖြစ်ပါတယ်။

အဲဒီလို တိုက်ပွဲရာဇ၀င်ရှိခဲ့တဲ့ မေတ္တာရွာဟာ အခုတော့ အစိုးရတပ်နဲ့ KNU တပ်တွေ အပြိုင်အဆိုင် ရုံးထိုင် တပ်စွဲထားတဲ့ ငြိမ်း-မြို့ ဖြစ်နေခဲ့ပါပြီ။ သူပုန်ကျောင်းသားတဦးရဲ့မာရသွန်ခရီးမှာ ညွှန်းခဲ့ဖူးတဲ့ ခမောင်းသွယ် ချောင်းနဲ့ ဘန်းချောင်းဆုံရာ၊ (တသာင်္ရီမြစ်အစ) မေတ္တာရွာထိပ် အရင်စစ်စခန်းဟာ အခု ဗျုဟာကုန်း ဖြစ်နေခဲ့ပါပြီ။ ဆိုလိုတာ က အရင် အစိုးရတပ် တပ်ခွဲတခုလောက်သာရှိတဲ့ မေတ္တာရွာမှာ အခု တပ်ရင်း ခုမကရှိနေခဲ့ပါပြီ။ တလမ်းလုံး တဦးမှမတွေ့ခဲ့ရတဲ့ စစ်သားတွေကိုလည်း မေတ္တာရွာထဲရောက်မှပဲ စစ်ကား စီးလောက်နဲ့တွေ့လိုက်ရပါတယ်။

တောထဲကနေထွက်သွားတာ ၁၅ နှစ်လောက်ရှိနေပြီဆိုပေမဲ့ လက်နက်ကိုင်ထားတဲ့ စစ်သားကိုမြင်ရင် ကျနော့်စိတ်ထဲမှာ စိုးရိမ်မှုရှိနေဆဲ။ ပြီးတော့ ကျနော်နဲ့အတူပါလာတဲ့ ခရီးသွားဖေါ် ၁၁ ဦးထဲမှာ တောပြန်ကခပ်များများဆိုတော့ မသကာင်္မှုနဲ့ ဆွဲစိလိုက်ရင် ဘယ်လိုလုပ်မလဲ။ နောက်တခါ ဒီလမ်းမှာ အမျိုးသား လူငယ်၊ လူလတ်အရွယ်ချည်း ၁၁ ဦးစုပြီး ခရီးသွားတဲ့ကား ဆိုတာကလည်း ပုံမှန် မဟုတ်ဘူးလေ။ 

လမ်းတလျောက်တွေ့မိသလောက် ကားတွေထဲမှာ အီတလီ-ထိုင်း ဆောက်လုပ်ရေးကုပဏီက ထိုင်းနံပတ်တပ် ကားတွေက အများဆုံး၊ ပြီးတော့ ထားဝယ်-ထီးခီးပြေးနေတဲ့ မှန်လုံလိုင်းကားတွေ၊ ထိုင်းဖက်ကနေ ဈေးလာရောင်းတဲ့ကားတွေ၊ အစိုးရအရာရှိလား၊ KNU အရာရှိလား၊ ခရိုနီခရိုပြာ တွေပိုင်တဲ့ကားလား သိပ်မကွဲပြားတဲ့ ပါဂျဲရိုး အပါဝင် နံပတ်အနက်ရောင် အကောင်းစား For Wheel ဖိုးဝှီးကားတွေ စသဖြင့်။

မေတ္တာရွာလယ်ရှိ ဈေးဆိုင်တန်းမှာ ရေသန့်ဖူးတွေ၊ အချိုရည်တွေဝယ်ပြီးတဲ့နောက် ထီးခီးသို့လို့ ရေးထားတဲ့ ယာယီ ဆိုင်းဘုတ်ရှိရာ မြေနီလမ်းထဲ ကားက ချိုးဝင်လိုက်ပါတယ်။ ‘’အရင်ကဆို ကားလမ်းက ဒီအထိပဲရှိ တာလေ။ ဒါက ရှမ်း (ထိုင်း-ကို ဒေသခံတွေက ရှမ်းဟုခေါ်) တွေ အသစ်ဖောက်ထားတဲ့လမ်း။ ဟိုရှေ့မှာ နဘုလယ်ရေနက်ဆိပ်ကမ်း ဖက် တိုက်ရိုက်သွားနိုင်တဲ့လမ်းကိုတွေ့လိမ့်မယ်’’ လို့ ကျနော်ဘေးမှာ ထိုင်နေသူက ရှင်းပြပါတယ်။ 


(အနီရောင်ဖြစ်နေတဲ့ တနသာင်္ရီမြစ်နဲ့ တူးဖြိုခံထားရတဲ့ တောင်တန်းများ) ဓာတ်ပုံ- ထက်အောင်ကျော်

ဒီလိုစိုးရိမ်ပါတယ်ဆိုမှ ခမောင်းသွယ်ချောင်းဖြတ် စစ်တပ်စစ်ဆေးရေးဂိတ်မှာ ကျနော်တို့ကား အစစ်ခံရပါလေရော။ ‘’မှတ်ပုံတင်စစ်ရင်တော့ ဒုက္ခပဲ’’ ဆိုပြီး ကျနော်စိတ်ထဲအတော်စိုးရိမ်သွားပါတယ်။ ယူနီးဖောင်းအပြည့်ဝတ်၊ ပစ္စတို ခါးထိုးထားတဲ့ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတဦးက အသံမာမာနဲ့ ဘယ်သွားကြမှာလဲ လို့မေးပါတယ်။ ကားသမားက ယဉ်မောင်းလိုင်စင်ယူပြီး ဆင်းသွားပါတယ်။

‘’အိုင်ဝိုင်းကို သွားလည်မလို့’’ ဆိုပြီး နောက်ခန်းက လူ - ဦးက တပြိုင်တည်းအော်ပြောလိုက်ပါတယ်။ ဟိုဖက် က စစ်ဗိုလ်ကလည်းခေသူမဟုတ်။ ‘’အိုင်ဝိုင်းမှာ ဘာပွဲရှိလို့လဲ’’ ဆိုပြီး ပြန်မေးပါတယ်။ ‘’သူငယ်ချင်းတွေဆီသွား လည် မလို့၊ ဟောဒီမှာ ပုလင်းတွေ တွေ့တယ်မို့လား’’ ဆိုတော့ စစ်ဗိုလ်က ဘာမှပြန်မပြောတော့ပါ။ ဒါပေမယ့် သူ့ မျက်လုံး ထဲမှာတော့ နည်းနည်းသံသယရှိနေတယ်လို့ ကျနော်ခန့်မှန်းမိပါတယ်။ ‘’ဘာမှမဟုတ်ဘူး။ ကျနော်တို့ကို ထိုင်းဖက် သွားမယ့်လူပွဲစားတွေထင်ပြီး ငွေညှစ်ဖို့ကြံတာ’’ ဆိုပြီး ကျနော့်ဘေးကသူက ပြောမှ မှတ်ပုံတင်စစ်ရင် ဒုက္ခပဲ ဆိုတဲ့ အလုံးကြီးကျသွားပါတယ်။

ခမောင်းသွယ်ချောင်းကိုဖြတ်တဲ့တံတားက သစ်သားတံတားကြီး။ ဒီတံတားပေါ်ကနေ ဗျုဟာကုန်းကို ခပ်ဝါးဝါးလှမ်း မြင်နေရပါတယ်။ အဲဒီဗျုဟာကုန်းရဲ့ ချောင်းဟိုဖက်ကမ်းမှာတော့ ၁၉၈၈ ကနေ ၁၉၉၇ လောက်အထိ KNLA တပ် ရင်း ၁၀၊ ခွဲ နဲ့ ABSDF တပ်ရင်း ၂၀၁၊ ခွဲ ကရဲဘော်တွေ အခြေစိုက်စခန်းနေရာပေါ့။ အရင်က လှေစီးပြီး၊ တောတိုးပြီး ခိုးခိုးဝှက်ဝှက် သွားခဲ့ဖူးတဲ့လမ်းပေါ်မှာ အခုတော့ Four Wheel ဖိုးဝီးကားကြီးနဲ့။ ဒါကိုပင် တိုးတက်မှုလို့ခေါ်ရမလား။ ဒါမှ မဟုတ် ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေလို့ ပြောသင့်သလား။

ချောင်းတဖက်ကမ်းက တခါကဘ၀များအကြောင်းတွေးလို့ကောင်းတုန်း နောက်ထပ် စစ်ဆေးရေးဂိတ်တခုနဲ့တိုးပြန်ပါတယ်။ ‘’ဟိုက် KNU အလံကြီးနဲ့ပါလား’’ ဆိုပြီး ကျနော်နှုတ်ကအသံထွက်တဲ့အထိ အံ့သြသွားမိပါတယ်။ ခုနက စစ်တပ်ဂိတ်နဲ့ ဒီ KNU ဂိတ် ဝေးလှမှ မိုင်ပေါ့။ တောင်ဟိုဖက်ထိပ်နဲ့ ဒီဖက်ထိပ်မှာ ရန်သူဟောင်းနှစ်ဦး အပြန် အလှန်ဂိတ်ဖွင့် အခွန်ကောက်နေနိုင်တဲ့အထိ ငြိမ်းချမ်းရေးတွေဖြစ်ထွန်းနေခဲ့ပေါ့။


(မေတ္တာနဲ့ ထီးခီးလမ်းသစ်ပေါ်က ခရီးသည်တင် ကားတစီး) ဓတ်ပုံ- ထက်အောင်ကျော်

တောထဲမှာတုန်းက ကျနော်တို့ကျောင်းသားစစ်ကြောင်းတွေကို မလွတ်တမ်းစစ်ဆေးအမေးအမြန်းထူလှတဲ့ KNU တပ်တွေဟာ အခုလို အရပ်သားဘ၀နဲ့လာတဲ့အခါမှာတော့ ဘာမှမစစ်ဆေးတော့ပါ။ ပျောက်ကျားယူနီးဖောင်းဝတ် ထားတဲ့ရဲဘော်တဦးက ကင်းတဲပေါ် မှောက်ပြီးအိပ်နေပါတယ်။ ဟိုဖက်ခပ်လှမ်းလှမ်းက သေနတ်လွယ်ထားတဲ့ ရဲဘော်ငယ်တဦးကတော့ လက်ကိုင်တယ်လီဖုန်းနဲ့ဂိမ်းဆော့နေလို့ ကျနော်တို့ကားပေါ်က အော်ပြောတာကိုတောင် ကောင်းကောင်းကြားပုံ မရပါဘူး။

ဒီဂိတ်ကိုကျော်ပြီး တောင်ပေါ်တက်တော့မှ တနသာင်္ရီမြစ်ကို ကောင်းကောင်းမြင်ခွင့်ရပါတယ်။ ဒါပေမယ့် မြင်ကွင်း က အရင်လို လှပမနေပါဘူး။ မိုးမရွာတဲ့ နွေခေါင်ခေါင်မှာ မြစ်တခုလုံး ဗွက်ရေအိုင်လိုအနီရောင်သန်းနေပါတယ်။ ဘယ်လိုဖြစ်တာလဲ ဆို ပြီးမေးကြည့်တော့ ’’ဟိန္ဒားမိုင်းကနေဆင်းလာတဲ့ရေတွေကြောင့် ဒီလိုဖြစ်သွားတာလေ။ အရင်က မြန်မာ တူး-တူး တော့ ရေသိပ်မနောက်ဘူး။ အခု ရှမ်းတူးတူးတော့ တောင်တွေတောင် မကျန်တော့ဘူး’’ ဆိုပြီး ကျနော့်ဘေးရှိ ပုဂ္ဂိုလ်ကရှင်းပြပါတယ်။

ပြီးတော့ ဒီကုပ္ဗဏီတွေဟာ ၁၀ နှစ်၊ နှစ် ၂၀ စာချုပ်တွေနဲ့ လုပ်ထားတဲ့အတွက် အဲဒီသတ်မှတ်နှစ်အတွင်း လိုသမျှ အကုန်ရအောင် နင်းကန်တူးနေတယ်လို့လည်း သူကစွပ်စွဲပါတယ်။ တခါ ဟိန္ဒားမိုင်းအပြင် ဘန်းချောင်းဖက်ရှိ တချိန်က ကျနော်တို့ကျောင်းသားတပ်တွေ ရှေ့တန်းစခန်းချခဲ့ဖူးတဲ့ ကထောင်းနီ ဖက်မှာလဲ ထိုင်းကုပ္ဗဏီတွေက ကျောက်မီးသွေးထုတ်လုပ်ရေး အကြီးအကျယ်လုပ်နေတယ်။ သဘာဝပတ်ဝန်း ကျင်အတော်ပျက်စီးနေတယ်လို့ သူကဆက်ပြောနေပါတယ်။

(လာမည့်အပတ် ဆက်လက်ဖေါ်ပြပါမည်)
............................................................................................



..............................................................................................................

https://www.facebook.com/video.php?v=10202364152384157&set=vb.1802987138&type=2&theater

...............

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More