Thursday, January 1, 2015

ပြည်တော်ပြန်တဦးရဲ့ တတိယအကြိမ် ရန်ကုန်မြို့အ၀င်

ဒီတကြိမ် ရန်ကုန်ခရီးစဉ်က အရင် ခေါက်ထက် ပိုရင်ခုန်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန် လေ ယဉ်ကွင်းရောက်တဲ့အထိ ဗီဇာက မသေချာသေး။ ကျနော့်ထက် ရက်ပိုင်းလောက် စောပြီး နော်ဝေးကနေ ရန်ကုန် မြို့ဆီရောက်သွားသူတချို့ရဲ့အကြံပေးချက်အရ E-visa လျောက်ပြီးဝင်လာတဲ့အတွက် ရန်ကုန်လေယဉ်ကွင်းရောက် ပြီးမှ ပြန်မောင်းထုတ်ခံရမလားဆိုပြီး အခုလိုရင်ခုန်နေတာပါ။


အရင်ကလို Social Visa ဆိုရှယ်ဗီဇာ မလျောက်ပဲ ဘာကြောင့် အီးဗီဇာ လျောက်ပြီးဝင်လာသလဲဆိုတာကိုတော့ သိပ်ရှင်းပြဖို့လိုမယ်မထင်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ကျနော်တို့လိုပဲ နော်ဝေးနိုင်ငံသားစာအုပ်ကိုင်ထားသူ ငြိမ်း ချမ်းရေးတေးသံရှင် ကိုမွန်းအောင်နဲ့ ကဗျာဆရာကိုချို့ဆိမ့်တို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဘန်ကောက်သံရုံးက ဆိုရှယ်ဗီဇာမပေးပဲ ငြင်းပယ်ခဲ့ဖူးလို့ဖြစ်ပါတယ်။

ဒီတော့ ဒီဇင်ဘာကျရင် သတင်း - ပတ်လောက်ခွင့်ယူပြီး မြန်မာနိုင်ငံဆီပြန်လည်မယ်လို့စိတ်ကူးထားတဲ့ နော် ဝေးနဲ့ နိုင်ငံတကာရောက် တောခိုကျောင်းသးဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည် ဟောင်းတွေ အတော်အခက်တွေ့ခဲ့ရပါတယ်။ရန်ကုန်တော့ ဖြေးဖြေးပေါ့ဆိုပြီး လက်လျော့ရမဲ့ပုံပါပဲ။

ဒါပေမယ့် အသေချာလိုက်မေးကြည့်တော့ ဆိုရှယ်ဗီဇာကို တရားဝင်ပိတ်ထားတာမျိုးမဟုတ်။ အရင် တခေါက်သွား ဖူးပြီးသူတွေကို တပတ်အတွင်းထုတ်ပေးပြီး မသွားဖူးသေးသူတွေကိုတော့ နေပြည်တော်ဆီတင်ပြီးမှ ခွင့်ပြုတယ်လို့ ဘန်ကောက်ရှိ ဗီဇာ ပွဲစားတွေကပြောပါတယ်။ 

ခက်တာက အဲဒီလို ပွဲစားနဲ့လုပ်ရတာ၊ ပိုင်ရာ၊ ဆိုင်ရာ အထက်အညာက လူကြီးဆိုသူတွေကိုလဲ မဆက်သွယ်ချင်။ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဘယ်လိုလုပ်နိုင်မလဲဆိုပြီးစဉ်းစားနေတုန်း e-visa (အီး-ဗီဇာ) လျောက်ပါလားဆိုပြီး ရှေ့မှာ တင်ပြ ခဲ့တဲ့  နော်ဝေးပြန်ရဲဘော်တွေဆီကနေ အကြံပြုချက်ဝင်လာတာပါ။  

e-visa Myanmar ကတဆင့် http://evisa.moip.gov.mm ဆိုတဲ့ ၀က်ဆိုက်ထဲကိုဝင်၊ အဲဒီက လမ်းညွန်ချက်အ တိုင်း ဖောင်ဖြည့်လိုက်တာ ရက်တောင် မကြာပါဘူး။ ဗီဇာကို လက်ခံ လိုက်ပြီဖြစ်ကြောင်း ၂၄ နာရီအတွင်း ကျနော့်ဆီ အီးမေးလ်ဝင်လာပါတယ်။ ဟုတ်ပ့ါ မလားဆိုပြီး အစမ်းလျောက်ကြည့်တာဆိုတော့ ဒီလောက်လွယ်လိ မ့်မယ်လို့ ထင်မထားခဲ့ပါ။

ဆိုရှယ်ဗီဇာထက်တောင်လွယ်ပါသေးတယ်။ လွယ်ဆို သူက နိုင်ငံခြားသား ကမ္ဘလှည့်ခရီးသည်တွေအတွက် ဖွင့် ထားပေးတာလေ။ ကျနော်တို့လို မြန်မာနိုင်ငံသားဟောင်းတွေ အီးဗီဇာနဲ့ ၀င်လို့ရ မရမသေချာတော့ တခါမှ စမ်း ပြီးမလျောက်ကြည့်မိပါ။ ဗီဇာခကလဲ အမေရိကန်ဒေါ်လာ ၅၀ တည်း။ အားလုံး အင်တာနက်ပေါ်မှာ ၁၅ မီနစ် လောက်ထိုင်လုပ်လိုက်ရုံနဲ့ကိစ္စပြတ်ပြီ။ မြန်လိုက်တဲ့ စနစ်။

e-government တကယ်ဖြစ်သွားပြီလား

ဦးသိန်းစိန်အစိုးရတက်လာပြီးကတည်းက e-government ဆိုပြီးမကြာခဏပြောပြောနေတာကို သိပ်မယုံပေမဲ့ ဒီနေရာမှာတော့ မယုံလို့မဖြစ်တော့။ ပြည်တွင်းမှာ e-government မဖြစ်သေးပေမဲ့ ဒီလို နိုင်ငံခြားငွေချက်ချင်းရမဲ့ နေရာမှာတော့ e-government ဖြစ်နေခဲ့ပါပြီ။ လ၀က ရုံးကနေ ကျနော်အီးမေးလ်ထဲ တရားဝင် အကြောင်းပြန်ပြီ ဆိုတော့ ဗီဇာ ရတာသေချာသွားပြီပေါ့။ အရင်လို ဘန်ကောက်သံရုံးဆီဝင်၊ လျောက်လွှာရေး၊ ဓာတ်ပုံရိုက်၊ တန်းစီ တိုး၊ တနေကုန်အချန်ပုတ်စရာမလိုတော့။ အော်စလို-ရန်ကုန် တခါတည်း လေယဉ်လက်မှတ်တန်းဝယ်လို့ ရပြီ။

ဗီဇာလဲရပြီ၊ လက်မှတ်လဲ ရပြီဆိုပေမဲ့ အီးဗီဇာ ဆိုတာ ဆိုရှယ်ဗီဇာလို မြန်မာနိုင်ငံ သားဟောင်းတွေအတွက် သီးခြားပေးတဲ့ ဗီဇာ မဟုတ်။ (Tourist) ကမ္ဘာလှည့်ခရီးသည်တွေကို ပေးတဲ့ဗီဇာဖြသ် တာကြောင့် စိတ်ထဲ သိပ်မသေချာလှ။ ရန်ကုန်လေ ယဉ်ကွင်းရောက်မှ အရစ်ခံ နေရရင်၊ လေယဉ်ကွင်းကနေ ပြန်မောင်းထုတ်လိုက်ရင် ဒုက္ခ။ 

ဒီလိုစိတ်လှုပ်ရှားစွာနဲ့ ဒီဇင်ဘာလ ဒုတိယပတ် ညနေခင်းတခုမှာ ရန်ကုန်လေယဉ်ကွင်းဆီ ကျနော်ရောက်လာ ပါ တယ်။ အင်တာနက်ပေါ်ကနေထုတ်ထားတဲ့ အီးဗီဇာ စာရွက်နဲ့ ကိုယ့်ရဲ့ နိုင်ငံကူး လက်မှတ်ကို ထုတ်ပေးလိုက်တော့ ကောင်တာထိုင် လ၀က အရာရှိအမျိုးသမီးက ဘာမှမမေးပါ။ မြန်မာလိုတောင်မပြောပဲ အင်္ဂလိပ်ဘာသာနဲ ပဲပြောနေပါတယ်။ မေးမြန်းစုံစမ်းတာမဟုတ်။ ၀က်ကမ်နဲ့ဓာတ်ပုံရိုက်နိုင်ဖို့၊ ဟိုဖက်နည်းနည်းရွေ့၊ ဒီ ဖက်နည်း နည်းဆိုပြီးပြောတာလောက်ပဲရှိပါတယ်။ ပြီးတော့ အီးဗီဇာ စာရွက်ကိုသူကသိမ်းထားလိုက်ပြီး ကျနော်စာ အုပ်ပေါ် ဒုံးဆိုပြီး တုံး ထုပေးလိုက်ပါတယ်။

ဒီတော့မှ စိတ်ထဲထင့်နေတဲ့ အလုံးကြီးကျသွားပါတယ်။ ဒါပေမယ့် သတင်းထောက်ဆိုတော့လည်း အတွန့်လေးက နည်းနည်းတက်ချင်သေး။အီးဗီဇာက အ၀င်မှာ လေယဉ်နဲ့ဝင်ဖို့လိုပေမဲ့ အထွက်ကျရင်ကော နယ်စပ် ကနေ ထွက်လို့ရလားဆိုပြီး အဲဒီအမျိုးသမီးကို မြန်မာလိုသွားမေးမိပါတယ်။ရပါတယ်၊ ကြိုက်တဲ့နေရာက ထွက်လို့ ရပါတယ်။ ၀က်ဆိုက်မှာရေးထားတယ်မို့လားတဲ့။ တကယ်က အဲဒီလိုမတွေ့လို့ ကျနော်က မေးမိတာပါ။

အီးဗီဇာ ၀က်ဆိုက်မှာရေးထားသလောက်ဆိုရင် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် နိုင်ငံတကာလေယဉ်ကွင်း ခု ဆီကိုပဲ ၀င်ခွင့်ရှိပါတယ်။ ဗီဇာလျောက်ကတည်းက ဘယ်ကွင်းကိုဝင်မယ်ဆိုတာ တခါတည်းဖြည့်ရပါတယ်။ အခု လ၀က အရာရှိကိုယ်တိုင်ကပြောပြီဆိုတော့ နယ်စပ်ကနေပြန်ထွက်လည်း ရနိုင်တာပဲပေါ့။

ခရီးဆောင်အိတ်ရွေးတဲ့နေရာဘေးမှာ တယ်လီနော် တယ်လီဖုန်းဆိုင်ခန်းငယ်ကိုတွေ့တာနဲ့ ဖုန်းကပ်ပြေးဝယ်မိပါ တယ်။ တယ်ခေတ်မီပါလား။ ရန်ကုန်လေယဉ်ကွင်းလည်း တဖြေးဖြေးနဲ့တော့ ဘန်ကောက်လေယဉ်ကွင်းဟောင်း ဒေါင်းမောင်းနီးနီးဖြစ်လာနေပြိဆိုပြီး စိတ်ထဲက ချီးကျုးမိပါတယ်။

ပါစပို့အရင်ပေးပါ၊ ပြီးရင် ဟောဒီမှာ ဖောင်ဖြည့်ပါ အကို၊ ဖုန်းကတ်က ၁၅၀၀၊ ငွေဖြည့်ကတ်က ၃၀၀၀။ အာလုံး ၄၅၀၀ ကျပါတယ်လို့ တယ်လီနော်အရောင်းစာရေးမလေးက ကွန်ပြူတာက ထွက်လာတဲ့ သံစဉ်နဲ့ ပြောပါတယ်။ 

အားပေးရမှာပေါ့။ တယ်လီနောဆိုတာ နော်ဝေးကုပ္ဗဏီလေ။ နော်ဝေးက မြန်မာ့ဒီမိုကရေစီအရေးအတွက် ကူညီ ပေးထားတာ ဘယ်နည်းပါ့မလည်း။ ကျနော်ကိုယ်တိုင်တောင် နော်ဝေးအကူအညီနဲ့ နှစ် ၂၀ ကျော်ရပ်တည်ခဲ့တဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းထောက်ဟောင်းလေ။ ပြီးတော့ နော်ဝေးဘုရင်ကြီးကိုယ်တိုင် ပြီးခဲ့တဲ့ သတင်းပတ်ကမှ မြန်မာနိုင်ငံဆီ သမိုင်းဝင်ချစ်ကြည်ရေးခရီးလာသွားသေးတယ်မဟုတ်ပါလား။

လေဆိပ်အပြင်လည်းရောက်ရော။ ကျနော်ကိုလာကြိုတဲ့ ထားဝယ်မိတ်ဆွေက ဘာလို့တယ်လီနော ကတ်ကို ၀ယ်တာလဲဆိုပြီး အပြစ်တင်ပါတော့တယ်။ နော်ဝေးအချင်းချင်း အားပေးရမှာပေါ့။ MPT ထက်တော့ တယ်လီနော်က အများကြီးသာတယ်မို့လားဆိုပြီး ကျနော်က တုန့်ပြန်မိပါတယ်။

‘’ရန်ကုန်မှာတော့ ဟုတ်တယ်။ ဒါပေမယ့် ထားဝယ်မှာတော့ တယ်လီနော်က အလုပ်မဖြစ်သေးဘူး၊ MPT ကတ်သုံး မှရတယ်’’ ဆိုပြီး သူတို့ကရှင်းပြပါတယ်။ ဒီလိုနဲ့နောက်ဆုံးတော့ ၅၅၀၀ တန် MPT ကတ်နဲ့ ၅၀၀၀ ငွေဖြည့်ကတ်တ ခုကို ထပ်ဝယ်လိုက်ရပြန်ပါတယ်။ 

ရန်ကုန်မှာ ဘာတွေပြောင်းခဲ့သလဲ

မနှစ် ဒီဇင်ဘာနဲ့စာရင် ဒီနှစ်ရန်ကုန်အခြေနေက အတော်ပြောင်းလဲနေတာကိုတွေ့ရပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့ တဲ့အတိုင်း မင်္ဂလာဒုံလေယဉ်ကွင်းရောက်တာနဲ့ ၁၅၀၀ ဖုန်းကတ်ဝယ်ပြီး တခါတည်းထည့်နိုင် တာဟာ အရင်က ထက် တိုးတက်မှုပါပဲ။ ဒါပေမယ့် ခရီးဆောင် အိတ်ရွေးတဲ့နေရာမှာ အကူညီပေးပါ ရစေဆိုတဲ့ ပွဲစားလိုလို လူတချို့ တိုးလာတာ၊ အိတ်စစ်တဲ့ ကာစတန်ဝန်ထမ်းတွေက ၁၀ တန်အစိမ်းတရွက်လောက်ပေးပါဆိုပြီ ပေါ်တင်တောင်း တာတွေကတော့ ဆုတ်ယုတ်မှုအဖြစ်မြင်မိပါတယ်။


လေယဉ်ကွင်းကနေ မြို့ထဲဝင်တော့ တက္ကစီခက မနှစ်ကထက် နည်းနည်းသက်သာလာသလိုပါပဲ။ တက္ကစီကား တွေရဲ့ အဆင့်အတန်းကလည်း နည်းနည်းလေး မြင့်လာ တယ်လို့ထင်ပါတယ်။ ပြီးတော့ လမ်းတွေ နည်းနည်းပို ကျယ်၊ ပိုချောမွေ့လာပြီး ကုန်းကျော်တံတားတွေလည်း နည်းနည်းပိုများလာပါတယ်။

ရွှေတိဂုံစေတီပေါ်တက်တဲ့အခါမှာလည်း အရင်လို ကင်မရာကျေး ဒေါ်လာမတောင်းတော့ပါ။ ပန်းသည်တွေကလဲ အရင်အခေါက်တွေကလို ဘာနေ့သားလည်းမေးပြီး ပန်း၊ အမွေးတိုင်၊ ဖုရောင်းတိုင် ၀မ်းဆက် ၀ယ်ရမယ်။ ၅၀၀၀ လောက်ကျတယ်လို့ အတင်းမရောင်းတော့ပါ။

ရွှေတိဂုံကနေအပြန် ဆူးလေဘုရားဆီဝင်စဉ်မှာတော့ မနှစ်ကနည်း လုံးဝ မတူတဲ့ မြင်ကွင်းတခုကို ကျနော်တွေ့ လိုက်ရပါတယ်။ ဆင်တူ တီရှပ်တွဝတ်၊ နဖူးစည်းစာတန်းတွေကို စည်းထားတဲ့ အမျိုးသမီး တဒါဇင်ခန့်ဟာ ရန်ကုန်မြို့တော်ခန်းမ အ၀င်ပေါက်ကိုပိတ်ပြီး တို့အရေးအော်နေကြပါတယ်။ ဘယ်လိုဖြစ်ကြတာလဲဆိုပြီး သွားစပ်စု မိတော့ မိကျောင်းကန်က မြေသိမ်းခံရတဲ့ လယ်သမားတွေဖြစ်နေ ပါတယ်။

ကျမတို့က မနေ့ကစပြီး ဒီနေရာမှာ ဆန္ဒပြတာပါ။ ဟိုဖက် (လွတ်လပ်ရေးကျောက်တိုင်ပန်းခြံ) ပန်းခြံဘေးမှာ ထိုင် သပိတ် မှောက်နေတာကတော့ ဒီနေ့ဆိုရင် ၂၆၅ ရက် ဖြစ်သွားပါပြီဆိုပြီး ခေါင်းဆောင်ဖြစ်ပုံရတဲ့ အမျိုးသမီးတဦး ကပြောပါတယ်။ သူဘေးမှာလည်း ကြွေးကြော်သံ ဆိုင်းဘုတ်တွေကအများကြီး။

အသေးစိပ်သိနိုင်ဖို့အတွက် ပန်းခြံဘေးနားမှာ စခန်ချထားတဲ့ အုပ်စုဆီ ရောက်လာပါတယ်။ မြို့တော်ခန်းမရှေ့ ပန်းခြံထိပ်ကနေ ဒီဖက် ဗဟိုတရားရုံးရှေ့ ပန်းခြံဝင်ပေါက်အထိ နံရံတလျောက်မှာ ပလစတစ်တဲတွေထိုးထား တာတွေ့ရပါတယ်။ အမျိုးသမီးတွေနဲ့ အမျိုးသားတချို့ ဖျာကြမ်းတွေပေါ်မှာ လှဲသူလှဲ။ စကားဝိုင်းဖွဲ့ထိုင်ပြောသူပြော၊ ခရီးသွားတွေကိုရှင်းပြသူရှင်ပြနဲ့ အလုပ်ရှုနေကြပါတယ်။ 

အစိုးရက ကျနော်တို့ရဲ့တောင်းဆိုချက်ကို လစ်လျှုရှုထားတယ်။ ကျနော်တို့ကတော့ တောင်းဆိုချက် မရမချင်း ဒီနေရာကနေ မပြန်ဘူးလို့ ခေါင်းဆောင်ဖြစ်ပုံရတဲ့ အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသားတဦးကပြောပါတယ်။ ပြီးတော့ သူတို့ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတာသာဖြစ်ပြီး ဘာဥပဒေကိုမှ ချိုးဖောက်ခြင်းမရှိကြောင်း။ အပေါ့၊ အလေး သွားတာကအစ ခရီးသွားတွေကို အနှောက်အယှက်မဖြစ်အောင် အထူးကရုစိုက်နေထိုင်နေပါတယ်လို့လဲ သူက ရှင်းပြနေပါတယ်။

ဘန်ကောက်ကဆန္ဒပြပွဲတွေနဲ့စာရင်တော့ သူတို့ဆောက်ထားတဲ့ ယာယီစခန်းလေးက ဖြစ်သလိုဆောက် ထား တဲ့သဘောပါ။ ဟိုမှာက ကားလမ်းမကြီးအပြည့် အမိုးအကာပါတဲ့ ပလစတစ်တဲအကြီးကြီးတွေထိုး၊ လာသမျှလူတွေ ကို ထမင်းကျွေး၊ ရေသန့်ဖူးဝေပေးနေပေမဲ့ ဒီမှာတော့ ဟိုတစ ဒီတစ ပလစတစ်ကို ၀ါးလုံး၊ ၀ါးချမ်းအတိုအစ လေးတွေ နဲ့ ဖြစ်သလိုတဲထိုးထားတာမြင်ရပါတယ်။

ဒါပေမယ့် ဘာဖြစ်ဖြစ် ဒီလိုမြင်ကွင်းမျိုးကို ဒီနေရာမှာမြင်ရဖို့ဆိုတာ လွန်ခဲ့တဲ့ စစ်အစိုးရခေတ်က ဘယ်ဖြစ်နိုင်ပါ့မ လဲ။ မနှစ် ဒီဇင်ဘာတုန်းကတောင် ဒါမျိုးမြင်ခွင့်ရတာမဟုတ်။ အခု ဒီလိုမြင်လာရပြီ၊ လွတ်လပ်စွာဆန္ဒပြခွင့်ရလာပြီ ဆိုတော့ ဒါဟာ တိုးတက်မှုတခုပေါ့။ တလောကလည်း ကျောင်းသားတွေ ထောင်နဲ့ချီပြီး ဒီမြို့တော်ခန်းမကနေ ရန်ကုန်တက္ကသိုလ်အထိ ဆန္ဒပြကြသေးတယ်မဟုတ်ပါ လား။ 

မထင်နဲ့မောင်ရင်၊ ဆန္ဒပြခွင့်ပဲပေးထားတာ၊ ဆန္ဒပြနေသူတွေတောင်းဆိုတာကိုတော့ အစိုးရက ဘာမှ ဆောင်ရွက် ပေးတာမရှိသေးဘူးလို့ ၀ါရင့်ရှေ့နေကြီး ဦးအောင်သိန်းကပြောပါတယ်။ DVB မှာ တာဝန်ထမ်းစဉ်က နေ့စဉ်လိုလို တယ်ဖုန်းခေါ် သတင်းမေးရင်းနဲ့ရင်းနှီးနေတဲ့ ဦးအောင်သိန်းကို ဂုဏ်ပြုနှုတ်ဆက် ချင်လို့ ဆူးလေကနေ သူရုံးခန်း ရှိတဲ့ လမ်း ၄၀ ဆီဝင်ပြီး စကားပြောရင်းနဲ့ သူက အခုလို ထင်မြင်ချက်ပေးလိုက် တာပါ။

စစ်တပ်သိမ်းထားတဲ့မြေတွေထဲက ဧကတသိန်းလောက်အထိပြန်ပေးလိုက်ပြီလို့သတင်းထွက်ပေမယ့်  တကယ်ပေး သေးတာမဟုတ်လို့ တနိုင်ငံလုံးကလယ်သမားတွေ ဆန္ဒပြနေကြတာလို့သိရပါတယ်။ အပြင်ကပြန်လာတဲ့ ကျနော် ကပဲ ရန်ကုန်မှာနေတဲ့လူတွေထက် ပိုပြီး ဒီအစိုးရကို အပြုသဘောမြင်နေ မိသလား မသိပါဘူး။ ‘’ဒါပေမယ့် အခု နိုင်-ကျဉ်းတွေမရှိတော့ဘူး။ အန်အယ်တို့ပါတီဝင်တွေလည်း လွတ်လပ်စွာလှုပ်ရှားခွင့်ရနေပြီမဟုတ်လား’’ ဆိုပြီး အတွန့် တက်လို်က်မိပါသေးတယ်။ 


နိုင်-ကျဉ်း အမှု အရင်ထက် နည်းသွားတာကတော့ ဟုတ်တယ်။ ဒါပေမယ့် လယ်သမားအမှုတွေ၊ လယ်သိမ်း၊မြေသိမ်းအမှုတွေက မနည်းဘူးနော်မောင်ရင်၊ ကိုယ်တို့လဲ နိုင်-ကျဉ်းရှေ့နေကနေ လယ်သမားရှေ့နေတွေဖြစ်လာ နေပြီလို့ လူ့အခွင့်ရေးရှေ့နေကြီးက သူ့ရုံးခန်းနံရံပေါ်က ဖွိုင်တွဲတွေကို လက်ညှိုးထိုးပြီး ကျနော်ကိုရှင်းပြနေပါ တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More