Thursday, January 8, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၁)

ကင်မရာရှေ့မှာ သတင်းဖတ်တဲ့အခါ

TV အတွက် ကင်မရာရှေ့မှာ သတင်းဖတ်တာနဲ့ Radio အတွက် မိုက်ကရိုဖုန်းရှေ့မှာ သတင်းဖတ်ရတာ သဘောတ ရားအရသိပ်မကွာပေမဲ့ တကယ်လက်တွေလုပ်တဲ့အခါမှာတော့ ရင်ခုန်စိတ်လှုပ်ရှား မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မိုက်ကရိုဖုန်းရှေ့မှာ သတင်းဖတ်ရင် ပရိတ်သတ်က ကိုယ်ကိုမြင်တာမဟုတ်။ အသံပဲကြားရတာဆိုတော့ ကိုယ်ဘာ ၀တ်ထားသလဲ၊ သန့်သန့်ရပ်ရပ်ရှိလား၊ ပေပေရေရေလား၊ ဆံပင်တွေ ရှုပ်ပွနေသလား။ ခေါင်းဖီးထားသလား။ ရေမချိုး ပဲ ရုံးလာတက်နေသလား။ ဘယ်သူမှမသိပါ။

(DVB-TV အတွက် ကင်မရာရှေ့မှာ သတင်းဖတ်ဖို့ ပြင်ဆင်နေသူများ)

ဒါပေမယ့် တီဗွီ မှာတော့ ဒီလိုမရ။ ကိုယ်မျက်နှာကြည်ကြည်သာသာရှိရဲ့လား။ ကုတ်အကျီကို သားသားနားနား ၀တ် ထားရဲ့လား။ သူများဆီကငှားဝတ်ထားတဲ့ နက်ကတိုင်ကြီး တခြမ်းစောင်းနေသလား။ ရုတ်စွအဆုံး မနေ့ညက ရက်သောက်ထားတဲ့ မျက်နှာကြိး ကင်မရာမှာ ပေါ်နေမလားဆိုပြီး စိုရိမ်ရင်းနဲ့ အတော်ဒုက္ခများပါတယ်။

ဒီတော့ တီဗွီ ရိုက်စရာရှိနေတဲ့နေ့၊ တီဗွီ ရှေ့သတင်းဖတ်ဖို့ တာဝန်ကျတဲ့နေ့တွေမတိုင်ခင် တရက်မှာ အရက် မသာက်ပဲ အောင့်ထားရပါတယ်။ အခုခေတ်လို ရန်ကုန်မှာအခြေစိုက်ရင်တော့ အရက်မသောက်တာအပြင် ကွမ်း မစားဖြစ်အောင်လည်း အောင့်ထားရဦးမယ်ထင်ပါတယ်။ မျက်နှာက အရက်ဆီပြန်၊ ပါးစပ်ပ ကွမ်းသွေးတွေနဲ့နီနေ တယ်ဆိုရင် ဘယ်ကြည့်ကောင်းပါ့မလဲ။

တခါ လက်သည်းရှည်သလား၊ ဆံပင်ရှည်သလား၊ လက်မှာလက်စွပ်တွေအများကြီးလား၊ နားကပ် တပ်ထားသလား၊ မုတ်ဆိတ်မွေးရိတ်ထားရဲ့လား၊ မိတ်ကပ်လိမ်းထားသလား။ နက်ကတိုင်စည်းထားတာ ပုံကျရဲ့လား၊ သတင်းဖတ် နေရင်းနဲ့ ခေါင်းစောင်းသွားသလားဆိုပြီး အသေချာလိုက်ကြည့် ထင်မြင်ချက် ပြန်ပြောတဲ့ ပရိတ်သတ်ကလည်း မနည်းလှဘူး။ ဆိုတော့ တီဗွီ ရှေ့မှာ သတင်းဖတ်ရတာ ရေဒီယိုမှာ ဖတ်ရသလို မလွတ်လပ်ပါ။

ပြီးတော့ တီဗွီရှေ့နဲ့ ရေဒီယိုရှေ့ သတင်းဖတ်ရတဲ့ နည်းစနစ်ချင်းကလည်းမတူပြန်ပါဘူး။ ရေဒီယိုမှာက ကိုယ်ရေး ထားတဲ့သတင်း။ ဒါမှမဟုတ်တခြားသူရေးထားတဲ့သတင်းကို စာရွက်ကြည့်ဖတ်တာဆိုတော့ အမှားအယွင်းမရှိ သလောက်ပါပဲ။ မှားရင်လည်း သီးခံပါခင်ဗျားပြောပြီး ပြန်ဖတ်ရုံပေါ့။ တီဗွီ ကျတော့ ဒီလိုမဟုတ်။ စာရွက်ပေါ် ကြည့် ပြီး ခေါင်းငုံဖတ်နေရင် မြန်မာရုပ်မြင်ကြားလိုဖြစ်နေတော့မှာပေါ့။

ဒီတော့ Teleprompter ခေါ်တဲ့ ကင်မရာပေါ်မှာထောင်ထားတဲ့ ဖတ်ရမဲ့စာပေါ်နေတဲ့ ကရိယာကြီးကို (မြန်မာလို ပြန်ထားတာမတွေ့မိသေးပါ။ စာတန်းထိုးစက်လို့ပြောရင် မမှားဘူးထင်ပါတယ်) ကြည့်ပြီးဖတ်ရပါတယ်။ ကွန်ထရို ခန်းထဲရှိ တဦးဦးက အဲဒီစာတွေကို တင်ပေးနေတာဖြစ်တဲ့အတွက် သူတင်ပေးတဲ့အရှိန်နဲ့ ကွက်တိဖြစ်အောင် လိုက်ဖတ်ရပါတယ်။ ကိုယ်ဖတ်တာကနှေးပြီး စာတင်ပေးသူက မြန်နေရင် အဲဒါ ဒုက္ခတွေ့ပြီလို့သာမှတ်။ တခါလေ အရေးပေါ်သတင်းဆိုရင် သတင်းစာသားက ဒီ Teleprompter ပေါ်မှာပဲရှိပြိး ကိုယ့်လက်ထဲမှာ ကော်ပီရှိမနေပါ။ အဲဒီ လိုအချိန်မျိုးမှာ ကွန်ထရိုးခန်းကလူ ပညာပြရင်တော့ သေပြီဆရာပဲ။

ပြီးခဲ့တဲ့အခေါက် ရန်ကုန်ပြန်တုန်းက မြန်မာ့ရုပ်မြင်သံကြားသတင်းကြေငြာတာကိုကြည့်မိပါတယ်။ ကြည့်ရတာ သူတို့လည်း ကျနော်တို့လိုပဲ ရေဒီယိုကနေ တီဗွီ ဖက်ပြောင်းလာသူတွေ ဖြစ်ပုံရပါတယ်။ ဒီတော့ ချောင်းဆိုးချင်တဲ့ အခါ ရေဒီယိုသမားတွေလုပ်နေကြအတိုင်း စားပွဲပေါ်က မိုက်ကရိုဖုန်းခလုပ်လေးကို အသံမထွက်အောင်ဖိပြီး ချောင်းဆိုးလိုက်ပါတယ်။ ဒါပေမယ့် အခုသူ့ဖတ်နေတာက ရေဒီယိုသတင်းမဟုတ်။ တီဗွီသတင်းဆိုတော့ ချောင်းဆိုးသံကို ပရိတ်သတ်က မကြားရပေမဲ့ သူချောင်းဆိုနေတာကို အားလုံးကမြင်နေရတာပေါ့။

ပြီးရင် ဖတ်ရတာအဆင်မပြေလို့ဖြစ်စေ၊ ကွန်ထရိုခန်းကလူနဲ့ အပြောအဆိုအဆင်မပြေလို့ဖြစ်စေ မျက်နှာကြီး မဲ့ ထားလို့မရ။ မဲ့ထားရင် မဲ့ထားတိုင်း ကင်မရာမှာပေါ်နေမှာပေါ့။ ရေဒီယိုမှာကတော့ မျက်နှာမဲ့ထားလည်း ဘယ်သူ မှမြင်ရတာမဟုတ်။ အသံကြည်နေရင် ပြီးတာပါပဲ။ ဒီအတွက် ကင်မရာရှေ့ သတင်းဖတ်နည်းဆိုတာကို အသေချာ လေ့ကျင့်သင်ကြားဖို့လိုမယ်ထင်ပါတယ်။ ဒါပေမယ့် ၂၀၀၅ ကနေ ၂၀၁၁ DVB-TV ကနေ အလုပ်ထုတ်ခံရတဲ့ အထိ ကင်မရာရှေ့သတင်းဖတ်နည်းဆိုတာကို ကျနော်တခါမှ မသင်ကြားခဲ့ဖူးပါ။


ခေါင်းပြတ်ကြီးနဲ့ အင်တာဗျုးများ

မြန်မာ့မီဒီယာသမိုင်းမှာ ပထမ ဆုံးပေါ်လာတဲ့ သူပုန် တီဗွီ သတင်းဌာနဆိုတော့ ဒီလောက် အလွဲအချော်လေးတော့ ရှိမှာပေါ့။ ကင်မရာရှေ့မှာသတင်းဖတ်နေတဲ့ ပရီစန်တာတွေ အဲဒီလိုလေ့ကျင့်ပြီးသားဖြစ်မနေသလို နယ်ကနေ တင်းပို့နေတဲ့ သတင်းထောက်တွေကလည်း လေ့ကျင့်ပြီးသူက အတော်နည်းပုံရပါတယ်။ ပိုဆိုးတာကတော့ အဲဒီ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမတိုင်မီကာလလေးဟာ အဖမ်းဆီးကများ၊ ထောက်လှမ်းရေးကဆိုး၊ တချက်မှား တာနဲ့ထောင်နန်းစံရမဲ့ခေတ်ဆိုတော့ ဘယ်သူကမျှ DVB ကို ပေါ်တင် အင်တာဗျုးမပေးရဲပါ။ 

(Teleprompter သို့မဟုတ် ကင်မရာ စာတန်းထိုးစက်)

ပြောသူက ပေါ်တင်ပေးရဲရင်တောင် ကိုယ့်ကြောင့် ပရိသတ်အဖမ်းခံရနိုင်တဲ့ကိစ္စမို့ သတင်းထောက်ဖက်က စောင့် စည်းရမှာပေါ့။ ဒီလိုစည်းစောင့်ရင်းနဲ့ ရန်ကုန်ကသတင်းထောက်တွေပို့လိုက်တဲ့ပုံတွေထဲမှာ တပုံမှ မျက်နှာပါမလာ ပါ။ နိုင်ငံတကာသတင်းဌာနတွေမှာဆိုရင်တော့ မျက်နှာမပေါ်အောင် အမှောင်ချပြီးရိုက်တာ၊ နေရောင်ကို ပြောင်း ပြန်ထားပြီးရိုက်တာ၊ နောက်ကျောဖက်ကနေရိုက်တာ စသဖြင့် တွေ့ရပါတယ်။

DVB သတင်းထောက်တွေကတော့ အဲဒီလိုမရိုက်တတ်လို့လား။ အဲဒီလိုရိုက်နေဖို့အချိန်မရလို့လား မသိပါဘူး။ သူတို့ပို့တဲ့ပုံတွေ Footage တွေ၊ (ရုပ်ကဒ် လို့ခေါ်ကြပါတယ်) ထဲက လူတွေမှာ ခေါင်းပါမလာကြပါဘူး။ ဒါပေမယ့် ပါးစပ်ကနေ တကယ်ပြောနေတယ်ဆိုတာကိုလည်း သိစေချင်သေးတော့ နှာခေါင်းနဲ့ ပါးစပ်ကြားကနေ ဖြတ်ထားတဲ့ ခေါင်းပြတ်အင်တာဗျုးတွေချည်းဖြစ်နေခဲ့တာကို အမှတ်ရနေပါတယ်။

လူမှန်းမသိအောင် ဒီလိုခေါင်းဖြတ်ထားတဲ့ ကြားထဲကနေတောင် ဖမ်းဆီးခံလိုက်ရသူက မနည်းလှ။ ပရိတ်သတ်တွေ ကိုခဏထား။ သတင်းထောက်စာရင်းကိုပဲ ပြောရမယ်ဆိုရင် ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ဖမ်းဆီးခံရတဲ့ DVB သတင်းထောက် တဒါဇင်မကရှိပါတယ်။ အဲဒီထဲက လူသိများသူတချို့ကို ဒီနေရာမှာ တင်ပြရမယ်ဆိုရင် DVB အတွက် ဗီဒီယိုသတင်းတွေပို့ပေးနေသူ ကိုဝင်းမော် (ရွေ့သံစဉ်)ဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။

နောက်တခါ ကိုငွေစိုးလင်းကတော့ ၂၀၀၉  ဇွန်လမှာဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ မလှလှ ၀င်းကတော့ ၂၀၀၉ ခုနှစ် စက်တင်ဘာမှာအဖမ်းခံရပြီး ထောင်ဒဏ်နှစ် ၂၀ ချခဲ့ရပါတယ်။ တခါ သူကိုကူညီပေးတဲ့ ကိုမြင့်နိုင်ကိုတော့ ၂၆ နှစ်အထိချမှတ်ခဲ့ပါတယ်။ 

ကိုစည်သူဇေယျခေါ် စာကလေးကိုလည်း ၂၀၁၀ ခုနှစ် ဧပြီလမှာ ဖမ်းဆီးပြီး ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခဲ့ပါတယ်။ ဦးဇေယျခေါ် မောင်မောင်ဇေကိုလည်း ၂၀၁၀ ခုနှစ် ဧပြီလမှာပဲဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့တယ်လို့ DVB နှစ် ၂၀ ပြည့်အမှတ်တရထုတ်ဝေတဲ့ စာအုပ်ထဲမှာ ဖေါ်ပြထားပါတယ်။


ကိုထင်ကျော်၊ ၈၈ နဲ့ ရွှေဝါရောင်တော်လှန်ရေး နိဒါန်း

ရွှေဝါရောင်တော်လှန်ရေးမစခင်လေးမှာ ကုန်ဈေးနှုံးကျဆင်းရေးလှုပ်ရှားမှုဆိုတာပေါ်ပေါက်ခဲ့ဖူးပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ၂၀၀၇ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ဓာတ်ဆီဈေးတွေကို တဂါလံ ၁၅၀၀ ကနေ ၃၀၀၀ အထိ အစိုးရကဈေးတင်လိုက်တဲ့အတွက် ကိုထင်ကျော် ဦးဆောင်တဲ့ ကုန်ဈေးနှုံးကျဆင်းရေးအဖွဲ့ကနေ စတင်လမ်း လျောက်ဆန္ဒပြတာပါ။

(ရွှေဝါရောင်တော်လှန်ရေးကာလ Burma VJ ရဲ့ လှုပ်ရှားမှုတခု)

သြဂုတ်လ ၂၀ ရက်နေ့မှာတော့ ထောင်ကလွတ်ကာစ ၈၈ မျိုးဆက်ကျောင်းသားဆောင် မင်းကိုနိုင် ဦးဆောင်တဲ့ အဖွဲ့က လူအင်အား ၅၀၀ ခန့်နဲ့အတူ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြခဲ့ပါတယ်။ အခုချိန်မှာ ဆန္ဒပြတဲ့သတင်းဟာ အထူး အဆန်းမဟုတ်ပေမဲ့ အဲဒီကာလက ရန်ကုန်မြို့လယ်မှာ လူ ဦးထက်ပိုစုခွင့်မရှိပါဘူး။ ဒါဟာ ၁၉၈၈ နောက်ပိုင်းက စပြီး လူအင်အားအများဆုံးဆန္ဒပြပွဲ၊ တနည်းအားဖြင့် စစ်အစိုးရကို ထိပ်တိုက်စိမ်ခေါ်တဲ့ ဆန္ဒပြပွဲကြီးပါပဲ။ ဒီတော့ စစ်အစိုးရဖက်က လုပ်နေကြထုံးစံအတိုင်း အားလုံးကိုဖမ်းဆီးပြီး ထောင်ထဲ ထည့်လိုက်တာပါပဲ။

ဒါပေမယ့် သူတို့စတင်ခဲ့တဲ့ ဆန္ဒပြပွဲက အရှိန်လျော့မသွားတဲ့အပြင် တဖြေးဖြေးကြီးထွားလာခဲ့ပါတယ်။ စက်တင် ဘာလဆန်းပိုင်းရောက်တဲ့အခါမှာတော့ သံဃ်ာတော်တွေရဲ့ ဆန္ဒပြပွဲနဲ့ပေါင်းစပ်မိသွားပြီး ရွှေဝါရောင်တော်လှန်ရေး၊ ၁၉၈၈ နောက်ပိုင်း လူတွေ သိန်းနဲ့ချီပါဝင်တဲ့ ဒုတိယ အကြိမ်အထွေထွေအုံကြွမှုကြိး ရန်ကုန်မြို့လယ်မှာ ဖြစ်ပေါ်လာ ပါတော့တယ်။

အဲဒီကာလဟာ DVB တီဗွီနဲ့ ရေဒီယိုကို ပရိတ်သတ်ကစိတ်ဝင်စားမှုအများဆုံးကာလဆိုတော့ ဒီသတင်းတွေကို ရရချင်း တင်နိုင်အောင် ကျနော်တို့ဖက်လည်းကြိုးစားရပါတယ်။ တီဗွီ ကိုတနေ့တကြိမ်သာလွှင့်နိုင်သေးပေမဲ့ ရေဒီယိုကို တော့ စလောင်းကနေ တနာရီတခါလွှင့်နိုင်အောင် ကျနော်တို့လုပ်နိုင်ခဲ့ပါတယ်။ ယာယီအသံလွှင့်ခန်းတခုကို ရုံးခန်း ထဲမှာပဲဖွင့်လှစ်ပြီး FM ရေဒီယိုသဘောဆန်ဆန်ထုတ်လွင့်ခဲ့ပါတယ်။ အဲဒီကလွင့်တာတွေကို အင်တာနက်နဲ့ချိတ်ပြီး တီဗွီ အသံလွှင့်နေတဲ့ စတေရှင်ဆီပို့လိုက်တဲ့အခါ အဲဒီအသံတွေ တီဗွီလိုင်းကနေ ထွက်လာတဲ့သဘောပါ။

ကျနော်တို့ဖက်က ဒီလိုတိုးလုပ်လေ၊ အစိုးရဖက်ကလည်း ကျနော်တို့သတင်းထောက်တွေ၊ အားပေးသူတွေကို ပိုပြီး ပစ်မှတ်ထား ဖမ်းဆီးလေပါပဲ။ ကံကောင်းတာကတော့ ၂၀၀၇ မှာ အင်တာနက်ဆိုင်တွေ မြန်မာနိုင်ငံအတွင်းမှာ စတင်ပေါ်နေပြီဖြစ်တဲ့အတွက် သတင်းတွေကိုအမြန်နည်းနဲ့ရနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့လည်း အဲဒီ ဆိုင်တွေမှာပဲ ကျနော်တို့သတင်းထောက်တွေ၊ စေတနာအလျောက် သတင်းပေးပို့သူတွေဖမ်းဆီးခံလိုက်ရတာ မနည်းလှပါဘူး။ 

ဒီလိုနဲ့ အီလက်ထရောနစ်ဥပဒေဆိုတာကြီး နာမည်ကြီးလာခဲ့ပေါ့။ အီးမေးသုံးသူတိုင်းကို အဲဒီပုဒ်မနဲ့တပ် တရားစွဲ ထောင်ချခဲ့တာ ဘယ်နည်းပါ့မလဲ။ ကျနော်တို့ကို အကူညီပေးခဲ့တဲ့ နာမည်ကြိးလူရွှင်တော် ကိုဇာဂနာလည်း ဒီစာ ရင်းထဲမှာပါသွားခဲ့ပါတယ်။

ဒါပေမယ့် ဒီနည်းကိုမသုံးလို့မဖြစ်။ ဘာကြောင့်လည်းဆိုရင် ဆန္ဒပြပွဲအတွင်း ရိုက်ထားတဲ့ Footage ရုပ်ကဒ်တွေကို အီးမေးနဲ့မပို့နိုင်ရင် လူကိုယ်တိုင် ထိုင်းနယ်စပ်အထိထွက်လာပြီး ပို့ရပါတယ်။ ဒါမှမဟုတ် ဘန်ကောက်အထိ လေ ယဉ်နဲ့ထွက်လာပြီးပို့ရပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်၊ လုံခြုံရေးစရိတ်၊ ကြန့်ကြာချိန်တွေက နည်းတာမဟုတ်။ ပြီးတော့ လမ်းခရီးမှာ အချိန်မရွေးအဖမ်းခံရနိုင်ပါတယ်။


ဒီလိုပြောနေလို့ ဒီလုပ်ငန်းစဉ်ကြီးတခုလုံးကို အော်စလိုသတင်းခန်းအယ်ဒီတာတွေက ကြီးကြပ်နေတယ်လို့ မထင် လိုက်ပါနဲ့။ အဲဒီကာလက ပြည်တွင်းလုပ်ငန်းဆိုတာ တကယ့် UG မြေအောက်လုပ်ငန်းပါ။ ကျနော်တို့သတင်းသမား ဆိုတာက OG မြေပေါ်လုပ်ငန်းဆိုတော့ ဒီနှစ်ခု ချိတ်ထားလို့မရဘူးဆိုပြီး အဲဒီကာလ ညွန်မှုးတွေကဆိုပါတယ်။ ဒီလိုနဲ့ DVB ရဲ့ UG လုပ်ငန်းတွေကို အဓိကဆောင်ရွက်ပေးတဲ့ Burma VJ အဖွဲ့ဆိုတာ ပေါ်ပေါက်လာခဲ့ပေါ့။
................................................................................................................


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More