Monday, January 19, 2015

ရာဇ၀င်ထဲက မင်းသမီးကို ပြန်လည်ရှာဖွေခြင်း (၂)

တနသာင်္ရီအပတ်စဉ် ၂-၃၁ (ဇန်နာဝါရီ ၁၉ - ၂၅)


KNU စစ်ဆေးရေးဂိတ်အလွန်ကတည်းက တဖြေးဖြေးတက်လာလိုက်တဲ့တောင်တန်းဟာ ဆုံးတယ်လို့ကိုမရှိပါဘူး။ တောကလည်း တဖြေးဖြေးပိုနက်လာတယ်လို့ထင်ရပါတယ်။ လမ်းကလဲ မြေနီလမ်းကြမ်းဆိုတော့ ဖုန်တထောင်း ထောင်းပေါ့။ ဒါပေမယ့် ဘာဖြစ်ဖြစ် ထားဝယ်မြို့ဝန်းကျင်မှာ မြင်ခွင့်မရနိုင်တော့တဲ့ သဘာဝသစ်တောကြီးကို ကားလမ်းတဖက်တချက်မှာ မြင်နေရတာကိုက တကယ့်ထူးခြားတဲ့ရသတခုပါပဲ။

(ထားဝယ်-ထီးခီးလမ်းမှ အမြင့်ဆုံး ဆင်ချီးပန်းတောင်ထိပ်) ဓာတ်ပုံ-ထက်အောင်ကျော်

‘’ရှေ့ကတောင်အမည်က ဆင်ချီးပန်းတောင်၊ ဒီဒေသမှာအမြင့်ဆုံးပဲ။ ဂီယာကိုသတိထား ကားဆရာ’’ ဆိုပြီး ကျနော် ဘေးမှာထိုင်နေတဲ့ လမ်းပြလို့လည်းဆိုနိုင်တဲ့ဒေသဆိုင်ရာကျွမ်းကျင်သူက သတိပေးပါတယ်။ ‘’မကြာဖူးပါဘူး။ ဒီဒေ သမှာအမြင့်ဆုံးက ရင်ခွဲတောင်မဟုတ်ဘူးလား’’ ဆိုပြီး ဒီလမ်းအကြောင်း သတင်းတွေဖတ်ထားတဲ့ ကျနော်က အတွန့်တက်မိပါတယ်။ ‘’ဟုတ်တယ်လေ။ ရင်ခွဲတောင်က ခရီးသည်တွေခေါ်တာ၊ ဒီဒေသကလူတွေကတော့ ဆင်ချီး ပန်းတောင်လို့ပဲခေါ်ကြပါတယ်’’ တဲ့။ 

အင်းသူ ပြောတဲ့အခေါ်အဝေါ်က ပိုလက်တွေ့ကျတယ်ထင်ပါတယ်။ မင်းသမီးစခန်းကနေ မြိတ်ဘက်ဆင်းတဲ့ လမ်းမှာလည်း ဆင်ငိုတောင်ဆိုတာကိုတွေ့ခဲ့ဖူးပါတယ်။ ဒီဒေသမှာ သစ်တွေကို ဆင်နဲ့ဆွဲနေဆဲဆိုတော့ ဒီလောက် မြင့်လွန်းတဲ့တောင်မှာ ဆင်တွေချီးပန်းပြီး ငိုရိုသွားခဲ့တဲ့သဘောပေါ့။ မြင့်လိုက်တဲ့တောင်ဗျာ။ နော်ဝေးမှာ ဆိုရင် တော့ လိုင်ဂူအဖောက်ခံရမဲ့တောင်မျိုးပါပဲ။ ဒီမှာလည်း လှိုင်ဂူဖောက်မဲ့အစီစဉ်ရှိတယ်၊ အခုကလမ်းကြမ်းမို့လို ဒီတိုင်း ရှိနေတာ၊ စီမံကိန်းတကယ်စရင် ရထားလမ်းနဲ့အတူ လိုင်ဂူဖောက်ဖို့ရှိတယ်လို့လမ်းပြဆရာကဆိုပါတယ်။ လော လောလောဆယ်တော့ စီမံကိန်းက ဘာမှထူးထူးခြားခြားမရှိသေး။

မတ်စောင့်ပြီး ကွေ့ကောက်လှတဲ့ ဆင်ချီးပန်းတောင်ကို ၁၅ မီနစ်ခန့်မောင်းပြီးတဲ့အခါမှာတော့ နတ်စင်ကြီးတခုရှိတဲ့ တောင်ထိပ်ဆီရောက်လာပါတယ်။ အဲဒီမှာ ကားကိုခဏရပ် အနားပေး။ အယုံအကြည်ရှိသူတချို့က နတ်ကွန်းကို ရှိခိုး။ အထူးသဖြင့် ကားဆရာတွေဟာ နတ်ကွန်းတွေကို အလေးထားပူဇော်လေ့ရှိပါတယ်။ ဒါဟာ မြန်မာ နိုင်ငံမှာ တင်မဟုတ်၊ အိမ်နီးချင်းထိုင်းမှာဆို မြန်မာထက်တောင် ပိုဆိုးသလိုပါပဲ။ အခုနတ်စင်မှာတင်ထားတဲ့ လှူ ဘွယ် ပစ္စည်းတွေကလည်း ထိုင်းခရီးသည်တွေ လှူထားတာကများပုံရပါတယ်။

နော်ဝေးနဲ့ဥရောပမှာဆိုရင်တော့ ဒီလိုတောင်ထိပ်မှာ နတ်စင်ထားမှာမဟုတ်။ ရှုခင်းကြည့်နိုင်တဲ့ ကာရပ်နားရန်နေ ရာ၊ အများသုံးသန့်စင်ခန်းတွေ စနစ်တကျလုပ်ပေးထားလိမ့်မယ်လို့ထင်ပါတယ်။ မြန်မာ-ထိုင်း နယ်စပ်မှာတော့ ဒီ လိုစဉ်းစားမိသူ ရှိပုံမပေါ်သး။ ဒီတော့ လမ်းဘေးမှာပဲ အပေါ့သွား၊ မအောင့်နိုင်သူတချို့က ခြုံတိုးပြီး အလေးသွားပေါ့။

ဒီလိုချုံတိုးလုံးကောင်းတုန်း အီတလီ-ထိုင်း တံဆိပ် ပါတဲ့ ဖိုးဝီးကားတစီးဆိုက်လာပြီး လမ်းတိုင်းထွာသူတချို့ ဆင်း လာပါတယ်။ အားလုံး ထိုင်းနိုင်ငံသားတွေချည်းပါပဲ။ လမ်းပစ္စည်းအပြင် ဆက်သွယ်ရေးစက်တွေလည်း သူတို့ ကိုင်ထားတာတွေ့ရပါတယ်။ တခါ ရင်ခွဲတောင်ရဲ့ ဒီဖက်အဆင်း အိုင်ဝိုင်းရွာဝန်းကျင်မှာလည်း အီတလီ-ထိုင်း ဆောက်လုပ်ရေး ကုပ္ဗဏီရဲ့ လုပ်ငန်းခွင်ရုံးခန်းတွေ၊ ကြားဖြတ် ထောက်ပို့စခန်းတွေကိုတွေ့ခဲ့ရပါတယ်။ 

(အမိုရွာဝန်းကျင်မှာတွေ့ရတဲ့ ထိုင်းနံပတ်တပ် သစ်ကားတစီး) ဓာတ်ပုံ-ထက်အောင်ကျော်

ဈေးဆိုင်တန်းတခုအလွန် တောတန်းထဲရောက်တာနဲ့ နောက်ထပ် စစ်တပ်စစ်ဆေးရေးဂိတ်တခုနဲ့ တိုးပြန်ပါတယ်။ ဒီစစ်ဆေးရေးဂိတ်က မေတ္တာရွာအထွက်က ဂိတ်လို အသေချာဆောက်ထားတာမဟုတ်။ ယူနီးဖောင်းဝတ်ထားတဲ့ စစ်သား ဦးက ကားကိုတားပြီးမေးတော့မှ ဂိတ်မှန်းသိတာမျိုး။ ထုံးစံအတိုင်း နောက်ခန်းကလိုက်လာတဲ့ ပုဂ္ဂိုလ် တွေက ဆင်ဖြူတိုင်ကိုသွားလည်ဖို့ ဆိုပြီး အော်ပြောလိုက်ပါတယ်။

ထီးခီးသွားမယ်၊ အမရာသွားမယ်လို့ ရိုးရိုးမပြောပဲ ဘာကြောင့် အိုင်ဝိုင်းသွားမယ်၊ ဆင်ဖြူတိုင်သွားမယ်ဆိုပြီး ရွှီးနေ ရတာလဲလို့ လမ်းပြကိုထမ်းမေးတော့ ‘’ထီးခီးသွားမယ်ဆိုရင် ရှမ်းထဲသွားမဲ့ အလုပ်သမားတွေထင်ပြီး ငွေညှစ်ခံ ရမယ်လေ’’ လို့ သူကဖြေပါတယ်။ အင်းဟုတ်သားပဲ။ နေရာတကာ အမှန်တိုင်းပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ။

ဒီလိုပြောလို့ကောင်းတုန်း နောက်ထပ် KNU ဂိတ်တခုနဲ့တိုးပြန်ပါတယ်။ ရှေ့ကဂိတ်တွေအတိုင်းပါပဲ။ စစ်တပ်ဂိတ်နဲ့ KNU ဂိတ်က တမိုင်ကျော်ကျော်လောက်ပဲ ကွာပါတယ်။ မေတ္တာဝန်းကျင်ရှိ KNU ဂိတ်ကငြိမ်သက်သလောက် အိုင်ဝိုင်းဂိတ်က အစစ်အဆေးအမေးအမြန်းထူလှပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့လမ်းပြဆရာက ကရင်ဘာသာကို လည်းကျွမ်းကျင်စွာပြောတတ်သူဆိုတော့ ဘာမှပြသာနာမရှိပါ။

‘’ခရစ်စမတ်ပွဲအတွက် ကားတစီးကို တသောင်းစီအလှူခံနေတယ်တဲ့။ အဲဒါတော့ လှူလိုက်ရင် ကောင်းမယ်ထင် တယ်’’ ဆိုပြီး လမ်းပြဆရာကအကြံပေးတော့ တသောင်းထုတ်ပေးလိုက်ရပါတယ်။ ခရစ်ယန်တွေရဲ့အလှူခံကလည်း ဗုဒ္ဒဘာသာနဲ့သိပ်မထူးခြား။ စေတနာရှိသလောက် ငါးပြားနိုင်နိုင်- ဆယ်ပြားနိုင်နိုင်အလှူထည့်ဝင်ပါဆိုပြီးပြောတဲ့ ခေတ် ဒီဒေသမှာ မရှိတော့ပါ။

အိုင်ဝိုင်းအလွန်မှာတော့ ဆင်ဖြူတိုင်။ ဆင်ဖြူတိုင်အထွက်မှာတော့ ရွာဦးဘုန်းကြီးကျောင်းအတွက် အလှူခံမဏ္ဍပ် တခုနဲ့လာတိုးနေပြန်ပါတယ်။ အဲဒီကအလွန် တတောင်တက်ပြီး တတောအလွန်မှာတော့ အရင်က မကြခဏ ရောက်ခဲ့ဖူးတဲ့ အမိုရွာပါပဲ။ အရင်လို စာသင်ကျောင်းတွေ၊ ဈေးတန်းတွေမတွေ့မိပါ။ အိမ်တွေလည်း အရင်လောက် မများတော့ဘူးလို့ထင်ပါတယ်။ အမိုရွာအလွန်မှာတော့ ထူးထူးခြားခြား ကတ္တရာခီးဆိုတဲ့ ရွာငယ်လေးကို အသေချာ ဆိုင်းဘုတ်တင်ထားတာတွေ့ရပါတယ်။

နောက်ထပ်သတိထားမိတာတခုက ဒီကားလမ်းတလျောက်ရှိ ကရင်ရွာတိုင်းမှာ ဘုန်းကြီးကျောင်းတွေရှိ လာခြင်း ပါပဲ။ အရင်ကဆိုရင် ခရယန်ဘုရားကျောင်းကလွဲပြီး ဘာမှရှိတာမဟုတ်။ ဒီမိုရေစီသဘောတရားအရ ဘာသာစုံ၊ လူမျိုးစုံတရားထွန်းကာလာခြင်းလား။ ဒါမှမဟုတ် စစ်တပ်ဖက်ကနေ ဘုန်းတော်ကြီးကျောင်း မဖြစ်မနေဆောက်ဖို့ ဖိအားပေးလာခြင်းလားဆိုတာကတော့ သိပ်မကွဲပြားလှပါ။

ကတ္တရာခီးအလွန်မှာတော့ ထီးထာရွာသို့ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ ‘’ဒီလမ်းမဟုတ်ဘူး။ ဒီလမ်းကကြမ်း တယ်၊ အလယ်စတိုကိုအရင်သွားပြီးမှ အဲဒီလမ်းခွဲကနေ၀င်မယ်’’ ဆိုပြီး ကိုသောင်းညွန့်က နောက်ခန်းကနေ အော် ပြောပါတယ်။ ဒီလိုနဲ့ဆက်မောင်းလာတော့ အရင်ကနဲ့ ဘာမှမဆိုင်တဲ့ အလယ်စတိုစခန်းကြီးကိုတွေ့လိုက်ရပါတယ်။

(စက် ယန္တယားတွေနဲ့ပြည့်နေတဲ့ အလယ်စတိုကျေးရွာ) ဓာတ်ပုံ- ထက်အောင်ကျော်

လွန်ခဲ့တဲ့ ၁၇ နှစ်၊ ၁၉၉၇ မှာ မင်းသမီးစခန်းကနေ ကျောင်းသားတပ်တွေဆုတ်ခွာတဲ့အချိန်အထိ အလယ်စတို စခန်းမှာ တဲအိမ် - လုံးထက်ပိုပြီး ဘာမှမရှိပါ။ ဒါပေမယ့်အခုတော့ တိုက်တာ၊ အဆောက်ဦတွေ၊ စက်ယန္တာ ယားကြီးတွေ၊ ဈေးဆိုင်ကြီးတွေ နည်းတာမဟုတ်။ ပြီးတော့ မင်းသမီးချောင်းကို ပိတ်ပြီး ရေကာတာလုပ်ထားတဲ့ အတွက် ကြာပန်းတွေပွင့်တဲ့အထိ လှပနေတဲ့ ရေကန်ကြီးကကြုဆိုလို့။ အလယ်စတိုဟာ အီတလီ-ထိုင်း ဆော က်လုပ်ရေးကုပဏီရဲ့ မြန်မာဖက်ခြမ်း အဓိကရုံးစိုက်ရာနေကြီးဖြစ်နေခဲ့ပေါ့။

အလယ်စတိုကိုကျော်ပြီး တောင်ကုန်းလေးပေါ်တက်လိုက်တာနဲ့ ထီးခီး-ထီးထာ လမ်းခွဲဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရ ပါတယ်။ အဲဒီလမ်းခွဲကနေ ထီးထာဖက်ဝင်လာတော့ လမ်းကအရင်လို မဆိုးပါ။ မင်းသမီးချောင်းကိုလည်း အရင် လိုအကြိမ်ကြိမ်မဖြတ်ရပါ။ ဒီတော့ ထီးထားနဲ့အမရာကိုသွားတဲ့လမ်းကော ဟုတ်ရဲ့လားဆိုပြီး ကျနော်စိတ်ထဲ သံ သယ၀င်လာပါတယ်။ 

‘’ဟိုမှာချောင်းတွေ့ပြီလေ’’ ဆိုပြီး လမ်းပြဆရာကပြောတော့မှ လွန်ခဲ့တဲ့ ၁၇ နှစ်က ပုံရိပ်တွေကို မနည်းပြန်လိုက်ဖမ်း ခဲ့ရပါတယ်။ ထီးခီးနဲ့ အမရာကြား ဆန်အိတ်ထမ်းရင်း ကျနော်တို့နားခဲ့ဖူးတဲ့ ချောင်းဘေးက ကျောက်ဆောင်ကို တွေ့တော့မှပဲ ကောင်းကောင်းမှတ်မိပါတော့တယ်။

ချောင်းတန်းလေးအလွန်မှာတော့ ထီးထာ-အမရာလမ်းခွဲဆိုင်းဘုတ်ကိုတွေ့ရပြီး အမရာဖက် ကျနော်တို့ ဆက် မောင်းလာပါတယ်။ ‘’ဒီနေရာပဲ ထင်တယ်နော်၊ ဘာမှလည်းမရှိတော့ဘူး’’ ဆိုပြီး ကျနော်က အော်ပြောတော့ ကိုသောင်းညွန့်က စန်းဟောင်းနေရာဆီ မရောက်သေးဘူးလို့ ငြင်းပါတယ်။ ကျနော်က ကားကိုအတင်းရပ်ခိုင်းပြီး အားလုံးဆင်းကြည့်ရအောင်လို့ပြောပါတယ်။ 

(အလယ်စတိုနဲ့ ထီးထာလမ်းခွဲဆိုင်းဘုတ်) ဓာတ်ပုံ- ထက်အောင်ကျော်

တကယ်တော့ အဲဒီလိုကားရပ်ပြီး ကျနော်တို့ဆင်းကြည့်မိတဲ့နေရာဟာ မင်းသမီးခစန်းဌာနချုပ်ကနေ ၂၀၁ တပ်ရင်း စစ်သင်တန်းကျောင်းဆီဝင်တဲ့ အပေါက်ဝ တည့်တည့်ပါပဲ။ ဒါပေမယ့် ကားလမ်းကလွဲပြီး ကျန်နေရာအားလုံး တော ထူနေတာဆိုတော့ ဘာအမှတ်သားမှမရှိပါ။ ‘’အရင်တခေါက်လာတုန်းက ဒီမှာပဲ ကားရပ်တာလေ။ ရှေ့က အမရာရွာ အ၀င်မှာ KNU ဂိတ်တခုရှိသေးတယ်’’ ဆိုပြီး ကိုခင်မောင်သိန်းကပြောပါတယ်။

ဒီတော့မှ ကားကိုပြန်လှည့်၊ ဘုန်းကြီးကျောင်းဟောင်းနေရာနဲ့ အာဇာနည်ကုန်းရှိရာတောင်ကုန်ဖက်တက်မယ်ပြင် တော့ အဲဒီဖက်မှာ မိုင်းတွေရှိနေနိုင်သေးတယ်လို့ ကိုခင်မောင်သိန်းက သတိပေးပါတယ်။ ကျနော်စိတ်ထဲ ထင်ထား တာက ဒီလိုမဟုတ်။ စခန်းကြီးတခုလုံး တောထနေရင်တောင် ဘာမှမတို့မထိပဲ ချန်ထားခဲ့တဲ့ ဘုန်းကြီးကျောင်း တော့ ဒီတိုင်း ရှိနေဦးမယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အခုတော့ ဘာအဆောက်ဦမှမရှိ။ ပတ်ဝန်းကျင်တခုလုံး တောကြီးမျက်မည်း။ သစ်ခုတ်၊ ၀ါးခုတ် လုပ်ထား တဲ့လက်ရာတောင်မရှိ။ အများသွားတောင်ကြားလမ်းလို့ယူဆရတဲ့ တောနည်းနည်းရှင်းနေတဲ့နေရာမှာတော့ အနီ ရောင်အလံတိုင်ငယ်လေးတခုတွေ့ရပါတယ်။ ဒါဟာ အပေါ်မှာ စစ်တပ်စခန်းရှိတယ်ဆိုတဲ့ သင်္ကေတဖြစ်တယ်လို့ တယောက်ပြောပါတယ်။ ဒါပေမယ့် မေးမြန်းဖို့ကလဲ ဘယ်သူမှမရှိ။ ကျနော်တို့ ၁၁ ဦးနဲ့ ကားတစီးကလွဲပြီး ဒီပတ် ၀န်းကျင်မှာ ဘယ်သူမှ ရှိပုံမရပါ။

အာဇာနည်းကုန်းဆီဝင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတော့ ကားလမ်းပေါ်ကနေပဲ ဓာတ်ပုံလှမ်းရိုက်ရပါတယ်။ ‘’ဟိုး ၀ါးရုံပင် အမြင့်ကြီးတွေရှိတဲ့နေရာဟာ အာဇာနည်ကုန်းပဲလေ’’ ဆိုပြီး ကိုခင်မောင်သိန်းက လက်ညှိုးထိုးပြနေပါတယ်။ ‘’ဟေး ကက္ကူပင်ကြီးကိုအရင်ရှာလေ။ ကုက္ကူပင်ကိုမြင်ရင် ငါတို့စခန်းကိုတွေ့ပြီ’’ လို့ ကိုသောင်းညွန့်က အော်ပြောပါတယ်။ 

(အာဇာနည်းကုန်းဝင်ပေါက်ရှိ တောထူနေတဲ့အများသွားတောင်ကြားလမ်း) ဓာတ်ပုံ- ထက်အောင်ကျော်

ဒါပေမယ့် သူလက်ညှိုးပြနေတဲ့ ကုက္ကူပင်က အများသွားတောင်ကြားလမ်းနဲ့အဝေးကြီး၊ ကျနော်စိတ်ထဲ အရင် ၂၀၃ တပ်ရင်းအခြေစိုက်တဲ့ဖက်တောင် ရောက်နေသလိုပါပဲ။ နောက်ဆုံးတော့ ၂၀၃ နဲ့ ၂၀၁ အစပ်မှာ တောင်ယာခင်း လိုလို၊ ကျောက်ဖရိုသီးစိုက်ခင်းလိုလိုတခုကိုတွေ့ရပါတယ်။

တောနည်းနည်းရှင်းတာဆိုလို့ ဒီနေရာတခုသာရှိတဲ့အတွက် အဲဒီထဲအရင်ဝင်ပြီးမှ ၂၀၁ ဖက်ဆက်တိုးမယ်လို့ ကျနော်တို့ဆုံးဖြတ်လိုက်ပါတယ်။ ခက်တာက ကျနော်တို့မှာ ဒါးတွေ၊ ပေါက်တူးတွေ ပါမလာပါဘူး။ အရင်လိုပဲ ကားလမ်းကနေ၀င်လိုက်ရင် စခန်းဟောင်းနေရာကိုချက်ချင်းတွေ့ရလိမ့်မယ်အထင်နဲ့ထွက်လာတာဆိုတော့ ဒါး မပါတဲ့အပြင် တောစီးဖိနပ်၊ တောတိုးဘောင်းဘီတွေတောင် ပါတာမဟုတ်။ ဘောင်းဘီတိုတွေ၊ ကတ္တီပါ ဖိနပ်တွေနဲ့။ 

ဒါပေမယ့် ကံကောင်းတာက ကျနော်တို့ရဲ့လမ်းပြဆရာမှာ ဒါးတိုတချောင်းပါလာပါတယ်။ သူက ရှေ့ကနေ တောရှင်း၊ ကျနော်တို့က နောက်ကနေလိုက်ပေါ့။ ဒီလိုတောတိုးလို့ကောင်းတုန်း ‘’အင်းအရင်ကထောင်ထားတဲ့မိုင်းတွေ မပေါက်ပဲကျန်နေသေးရင်တော့ ဒုက္ခပါပဲ’’ ဆိုပြီး ကြောက်စိတ်က ၀င်လာပါသေးတယ်။ ဒါပေမယ့် ဒီလို ထုတ်ပြော လိုက်ရင် ကျန်တဲ့လူတွေပါစိုးရိမ်ပြီး ဆက်မသွားရဲတော့ဘူးဆိုရင် လာရင်းကိစ္စပျက်စီးသွားမှာစိုးတာနဲ့ အပြင်ကို ထုတ်မပြောပဲ တယောက်ထည်းကြိတ်စိုးရိမ်ခဲ့ရပေါ့။

‘’ဒီမှာတွေ့လား၊ အိမ်သာကျင်းကြီး။ ဒါ ဆေးရုံနောက်က အိမ်သာကျင်းဖြစ်မယ်’’ လို့ ကိုသောင်းညွန့်က အော်ပြောပါ တယ်။ အမှတ်အသားဆိုလို့ ဒီအိမ်သာကျင်းဟောင်းကလွဲပြီး တခြားဘာမှမရှိ။ ထူလိုက်တဲ့တောဗျာ။ ကျနော်တို့ တောခိုစဉ်ကထက်တောင် ပိုထူနေပါတယ်။ အရင်က ဘောလုံးကွင်းတခုလို ရှင်းလင်းနေပြီး စိုက်ခင်းတွေ၊ ဘား တိုက်တွေနဲ့စည်ကားခဲ့ဖူးတဲ့နေရာမှာ အခုတော့ ပေ ၂၀ လောက်အမြင့်ရှိတဲ့ သစ်ပင်ကြီး တွေက အပြည့်နေရာယူ ထားလိုက်ပါပြီ။ 

‘’ဟောဒီမှာတွေ့ပြီ၊ ကုက္ကူပင်ကြီး’’ ဆိုပြီး လမ်းပြဆရာက အော်ပြောပါတယ်။ ကျနော်တို့အားလုံးလည်း အားရ၀မ်း သာနဲ့ ကုက္ကူပင်ကြီးရှေ့ဆီပြေးပြိး တန်းစီဓာတ်ပုံရိုက်ပေါ့။ အားလုံးဆိုပေမဲ့ ၁၁ ဦးစလုံး ဒီနေရာအထိ လိုက်လာတာ မဟုတ်။ တချို့က ကားနဲ့အတူလမ်းမပေါ်စောင့်ကျန်နေခဲ့ပြိး ကျနော်နဲ့ပါလာသူက ဦးတည်း။ ‘’ဒီအပင်က သိပ်မ ကြီးသေးဘူးနော်၊ ဟိုဖက်ထိုးထွက်နေတဲ့ ခွလည်းမတွေ့ဘူး။ ဘုန်းကြီးကျောင်းဘေးက မူလအပင်ကြီး မဟုတ်သေး ဘူးနဲ့တူတယ်’’ ဆိုပြီး ကျနော်က သံသယနဲ့ပြောပေမဲ့ ကိုသောင်းညွန့်က လက်မခံပါဘူး။

အဲဒါဆို ပိုသေချာအောင် တသာင်္ရီမြစ်ထဲကိုလည်း ဆင်းမှဖြစ်မယ်။ ချောင်းဘေးက ခမောင်းပင် (ပျဉ်းမပင်) ကိုတွေ့ ရင်တော့ မှားစရာမရှိတော့ဘူးဆိုပြီး ကိုခင်မောင်သိန်းက အဆိုတင်ပါတယ်။ အိုကေ ဆိုပြီး တောဆက်တိုးတော့မှ တမာပင်ကြီးတပင်ကိုတွေ့ပါတယ်။ ‘’ဒီအပင်က စာကြည့်တိုက်ဘေးကအပင်ပဲ၊ ကုက္ကူပင်ကြီးလည်း ဒီနားရှိရ မှာ ပေါ့’’ ဆိုပြီးလိုက်ရှာမှ ငှက်ပျောပင်တွေ၊ တောအုပ်တွေကြား ပိတ်မိနေတဲ့ မူလ ကုက္ကူပင်ကြီးကို ဘွားကနည်း လှမ်း မြင်လိုက်ရပါတယ်။

(မင်းသမီးစခန်းရဲ့အမှတ်အသား ကုက္ကူပင်ကြီးနဲ့ စိန်ပန်းပင်များ) ဓာတ်ပုံ- ထက်အောင်ကျော်

ဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ဒီတော့မှတခါ ဒုတိယအကြိမ် မှတ်တန်းဓာတ်ပုံရိုက်ရပြန်ပါတယ်။ ဓာတ်ပုံရိုက်ပြီးလို့ ချောင်းထဲဆင်းမယ်ပြင်တော့ ကြာခတ်ဝါးရုံတွေက နည်းတာမဟုတ်။ လမ်းပြဆရာက သူရဲ့ဒါးငယ်နဲ့ နည်းနည်းစီ ခုတ်ပြီးရှင်းသွားပေမဲ့ အောက်မှာက ဆူးတွေနဲ့။ ကတ္တိပါဖိနပ်စီးလာမိတဲ့ကျနော်ဟာ တောင်စောင်းမှာ ဆင်လမ်း လျောက်သလိုဖြစ်နေခဲ့ပေါ့။ နောက်ဆုံးတော့ မထူးတော့ဘူးဆိုပြီး ဖိနပ်ချွတ် ဆူးစူးခံပြိး လျောက်မှ မြစ်ကမ်းနားဆီ ရောက်သွားပါတော့တယ်။

တကယ်က ကားနဲ့မလာပဲ လှေနဲ့သာလာမယ်ဆိုရင် အခုလို သက်စွန့်ဆံဖျားတောတိုးနေစရာလိုမယ် မထင်ပါ။ ဘာ ကြောင့်လဲဆိုရင် စခန်းလှေဆိပ်ရှိ ခမောင်းပင် (ပျဉ်းမပင်) ကြိးကို တနသာင်္ရီမြစ်ထဲကနေ ရှင်းလင်းစွာမြင်တွေ့နိုင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် ထီးထားကိုမ၀င်ပဲ စခန်းအထိ ကားစီးလာတဲ့ကျနော်တို့ကတော့ လှေစီးလာရင် ပိုကောင်း မယ်ဆိုတာမျိုး ကြိုတင်စိတ်ကူးမရခဲ့ကြပါ။

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာစိတ်ကူးယဉ်ခဲ့တဲ့ ရာဇ၀င်ထဲက မင်းသမီးစခန်း ပြန်လည်ရှာဖွေရေး အိပ်မက်က တော့ အထမြောက်သွားခဲ့ပါပြီ။ ပြည်တော်ပြန်ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တခု အောင်မြင်သွားခဲ့ပါပြီ။ ရဲဘော် ဟောင်းတွေ၊ သူငယ်ချင်းတွေစုပြီး ဆင်ကန်းတောတိုး အရဲစွန့်လာရကျိုး နပ်သွားခဲ့ပြီပေါ့။
(မင်းသမီးစခန်းရဲ့ အမှတ်သားတခုဖြစ်တဲ့ တနသာင်္ရီမြစ်ဘေးက ပျဉ်းမပင်)

ဒါပေမယ့် ဒီစခန်းမှာအခြေစိုက်ပြီး ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ရတဲ့ ‘’ရဲဘော်သူငယ် ချင်း’’  ၈၀ ကျော်။ ABSDF တခုလုံးရဲ့ အကျအဆုံးစာရင်း ၈၀၀ ကျော်အတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆို တာကတာ့ အခုမှ မေးခွန်းအစပါ။ 


သက်ဆိုင်ရာ တိုင်းအစိုးရအာဏာပိုင်တွေ၊ စစ်တပ်နဲ့ နယ်မြေခံလက်နက်ကိုင်အဖွဲ့တွေဆီမှာ ဒီမင်းသမီးစခန်း နေရာကို ပြန်လည်တောင်းယူပြီး ‘’အမှတ်တရ မင်းသမီးစခန်း’’ အဖြစ် ထိမ်းသိမ်းထားမလား။ ‘’အာဇာနည်ကုန်း’’ အဖြစ် အုတ်ဂူတွေ လုပ်ကြမလား။ ABSDF ရဲဘော်ဟောင်းတွေ၊ လက်ရှိ ဗဟိုကော်မီတီ တာဝန်ယူထားသူတွေနဲ့ ဆက်လက် ဆွေးနွေးရဦးမှာဖြစ်ပါတယ်။
(မင်းသမီးခစန်းဘေးက တနသာင်္ရီမြစ်) ဓာတ်ပုံ- ထက်အောင်ကျော်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More