နေပြည်တော်အဝေးပြေး လမ်းမကြီးပေါ်မှာ
ဒီတစ်ခေါက် ခရီးစဉ်အတွင်း မြို့တော်သစ် နေပြည်တော်ဆီသွားဖို့ အစီအစဉ် မပါပေမယ့် တောင်ငူမှာ ကျင်းပတဲ့ ABSDF ကျဆုံးရဲဘော်များ ဂုဏ်ပြုပွဲဆီသွားရင်း ပျဉ်းမနားဘက် ရောက်သွားခဲ့ပါတယ်။ ပျဉ်းမနားကနေ ရန်ကုန်အပြန် မနက်စာအတွက် ကျွန်တော်တို့ ရွေးလိုက်တဲ့ဆိုင်က နေပြည်တော် Shopping Complex (ဈေးဝယ်စင်တာ) အတွင်းရှိ ကော်ဖီဆိုင်တစ်ခု။
(ကား အသွားအလာမရှိတဲ့ လွှတ်တော်ရှေ့က ၂၀ လမ်းမောင်း လမ်းမကြီး) ဓာတ်ပုံ- ထက်အောင်ကျော်
ဈေးဝယ်စင်တာ ဆိုပေမယ့် ဒီဆိုင်ကလွဲပြီး ကျန်ဆိုင်တွေမှာ လူမရှိပါ။ မနက် ၁၀ နာရီလောက်ပဲ ရှိသေးတာမို့ လူတွေ မလာသေးတာလား ဆိုပြီး မေးကြည့်တော့ သာမန်လူတွေက ပစ္စည်းအစုံရတဲ့ မြို့မဈေးဆီပဲသွားပြီး ဒီကို တကူးတက ဘယ်သူမှ မလာဘူးလို့ ဒေသခံ ကားဆရာက ပြောပါတယ်။
“ဒါဖြင့် ဒီဆိုင်တွေ အရှုံးပေါ်နေမှာပေါ့” လို့ ကျွန်တော်ကမေးတော့ သူက ဘာမှပြန်မဖြေပါ။ တခြားနေရာတွေလည်း လိုက်ကြည့်ပါဦးလို့သာ ပြောပြီး ကားကို မြို့ထဲဘက် ဆက်မောင်းလာပါတယ်။
ခြံကြီးဝင်းကြီးတွေနဲ့ ထီးထီးကြီးရှိနေတဲ့ ဘဏ်တွေကို ဘဏ်ဇုန်ဆိုတဲ့ ဧရိယာထဲမှာ တွေ့ရပါတယ်။ ATM စက်တွေ ရှိပေမယ့် ငွေထုတ်နေသူ တစ်ဦးမှ မတွေ့မိ။ အဲဒီကအလွန် နောက်တစ်လမ်းတည်းမှာတော့ ဟိုတယ်ပေါင်းများစွာ နေရာယူထားတဲ့ ဟိုတယ်ဇုန်။
ဒီတော့မှ နေပြည်တော်မှာ ကျင့်သုံးနေတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာဟာ ဈေးကွက်လိုအပ်ချက်ပေါ် မူတည်ပြီး လူတွေ အသွားအလာ အဆင်ပြေမယ့်နေရာမှာ ဘဏ်တွေ၊ ဆိုင်တွေ၊ ဟိုတယ်တွေကို ဆောက်တာမျိုး မဟုတ်။ တစ်စုံတစ်ဦးရဲ့ အမိန့်ပေးခိုင်းစေချက်အရ တစ်နည်းအားဖြင့် စစ်သားတွေရဲ့ စိတ်ကူးစိတ်သန်းအရ မျိုးတူရာတွေကို တပ်စုအလိုက် စုပြီး နေရာချပေးထားတဲ့ သဘော ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။
(လုံခြုံရေးဝန်ထမ်းမှအပ သာမန်ပြည်သူတဦးမှမရှိတဲ့ လွှတ်တော်ဝန်းကျင်မြင်ကွင်း) ဓာတ်ပုံ- ထက်အောင်ကျော်
ထားတော့။ နေပြည်တော်ဆိုတာ စီးပွားရေးမြို့တော်မှ မဟုတ်ဘဲ။ စစ်ဗိုလ်တွေ၊ စစ်ဗိုလ်ဟောင်းတွေ အများစုနေတဲ့ အရပ်။ စီးပွားရေးမြို့တော်က ရန်ကုန်။ နေပြည်တော်က အုပ်ချုပ်ရေးမြို့တော်သစ် မဟုတ်ပါလား။ ဒီတော့ အုပ်ချုပ်ရေးမြို့တော်ရဲ့ အဓိကပြယုဂ်က လွှတ်တော်အဆောက်အအုံ၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေ အတွက် ဆွေးနွေးငြင်းခုံရာ၊ အများပြည်သူအတွက် ဥပဒေပြုရာ လွှတ်တော်အဆောက်အအုံကြီးရှေ့ ကျွန်တော်တို့ ရောက်လာပါတယ်။
ကျယ်လိုက်တဲ့လမ်းဗျာ။ တစ်ဖက် ၁၀ လမ်းဆိုတော့ လမ်း ၂၀ တောင် ရှိတဲ့ ပါလီမန်လမ်းမကြီး။ လေယာဉ်ကွင်းလား အောက်မေ့ရတယ်။ ကားအသွားအလာကလည်း မရှိသလောက်ပါပဲ။ ကားပေါ်ကဆင်းပြီး ဓာတ်ပုံရိုက်မယ် ပြင်တော့ “နီးနီးသွားမရိုက်နဲ့။ ဟိုမေးဒီမေး လုပ်နေဦးမယ်။ ဒီဘက်နေပဲ လှမ်းရိုက်ပါ” ဆိုပြီး လွှတ်တော်နဲ့ ၁၉ လမ်းဝေးတဲ့ နေရာမှာ ကားဆရာက ကားကို ရပ်ပေးပါတယ်။
အခင်းအကျင်းနဲ့ စိတ်ခံစားမှုက နော်ဝေတို့၊ ထိုင်းတို့ရှိ လွှတ်တော်ရှေ့ ရောက်သွားတာနဲ့မတူ။ လွှတ်တော်ရှေ့ကို ရောက်နေတဲ့အချိန်မှာ လွတ်လပ်စွာ ပြောချင်စိတ် ပေါ်လာတာမျိုး မဟုတ်ဘဲ တစ်ခုခုကို စိုးရိမ်စိတ် ပေါ်လာသလို ခံစားလိုက်ရပါတယ်။ အများပြည်သူအတွက် အလုပ်လုပ်နေတဲ့ လွှတ်တော်အဆောက်အအုံရှေ့မှာ လူတစ်ဦးမှ မရှိတာကတော့ တစ်ခုခု လွဲနေသလိုပါပဲ။
Think Safety Today, Be Alive Tomorrow! ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့မှ အတွေးစပြတ်ပြီး ကားဆရာကို အရှိန်လျှော့ခိုင်းရပါတယ်။ နေပြည်တော်-ရန်ကုန်လမ်း အဝေးပြေးကားလမ်းက လွှတ်တော်ရှေ့က လမ်းလို တစ်ဖက် ၁၀ စီးစီ မောင်းနိုင်တဲ့ လမ်းမျိုး မဟုတ်တော့ပါ။ ကားမရှိတဲ့ နေရာမှာ လမ်းကျယ်ကျယ်ဖောက်ပြီး ကားများများသွားတဲ့ နေရာမှာ လမ်းကျဉ်းကျဉ်းပဲ ဖောက်တာကလည်း ဒီဒေသရဲ့ ထူးခြားချက်ပါပဲ။
(ယဉ်အန္တရာနဲ့မဆိုင်တဲ့ ဆိုင်းဘုတ်တွေကိုလဲ အဝေးပြေးလမ်းမှာ တွေ့ရပါတယ်) ဓာတ်ပုံ- ထက်အောင်ကျော်
လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရ ယန္တရားတစ်ခုလုံး မြို့တော်ဟောင်း ရန်ကုန်ကနေ မြို့တော်သစ် နေပြည်တော်ဆီ ပြောင်းမယ်လို့ ကြေညာတော့ “ကြပ်ပြေးကို ထွက်ပြေးပြီလား” ဆိုပြီး အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ပြည်ပရောက်နေသူတွေဆီက သရော်တော်တော် ဝေဖန်ချက်တွေ အပြင်းအထန် ထွက်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။ ဒါပေမဲ့ အခု ၁၀ နှစ်ကြာပြီးတဲ့ အခါမှာတော့ အဲဒီဝေဖန်မှုတွေကို အကျယ်တဝင့် အသံလွှင့်ပေးခဲ့ဖူးတဲ့ အတိုက်အခံ သတင်းသမား ကျွန်တော်ကိုယ်တိုင် ဒီလမ်းမကြီးပေါ် ရောက်လို့။ အတိုက်အခံ သတင်းဌာန ဖြစ်ခဲ့ဖူးတဲ့ DVB ကိုယ်တိုင်လည်း နေပြည်တော်က ဝန်မင်းတွေဆီ အခစားဝင်လို့။ ဒါတင်လားဆိုတော့ မဟုတ်သေး။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် ဒီမိုကရေစီနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားပြု ပါလီမန်အမတ်တွေ အားလုံး ဒီလမ်းကနေ ကားစီးပြီး ကြပ်ပြေးရွှေမြို့တော်က လွှတ်တော်ဆီ သွားနေကြပြီ မဟုတ်ပါလား။ လွန်ခဲ့တဲ့ ၁၀ နှစ်အထိ စစ်အစိုးရကို အပြင်းအထန် တိုက်ပွဲဝင်ခဲ့တဲ့ ABSDF အပါအဝင် နယ်စပ်တစ်ကြောက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း အခုတော့ အစိုးရသစ်က ပေးထားတဲ့ အကောင်းစား ကားအသစ်တွေကို စီးပြီး ဒီကားလမ်းပေါ်မှာမောင်း၊ ဒီကားလမ်းအဆုံးမှာ ဆောက်ထားတဲ့ သမ္မတရုံး၊ လွှတ်တော်ရုံးတွေဆီ အခစားဝင်နေကြပြီ မဟုတ်ပါလား။
တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ ဒီမိုကရေစီ အင်အားစုတွေက ပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာဟာ အခု ကျွန်တော်ရောက်နေတဲ့ နေပြည်တော်လမ်းမကြီးနဲ့ လွှတ်တော်တွေကို ပြန်လည်ပြင်ဆင်ဖို့ ပြောနေသလိုများ ဖြစ်နေလေမလား။ ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ နေပြည်တော်စီမံကိန်း ဆိုတာတွေဟာ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ လုံးဝဆွေးနွေးတိုင်ပင်မှု မရှိဘဲ စစ်အစိုးရဘက်က တစ်ဖက်သတ် ရေးဆွဲခဲ့၊ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေ ဖြစ်နေလို့ပါ။
ဒါပေမဲ့ သူခင်းထားတဲ့လမ်းပေါ် အားလုံး တက်လျှောက်နေပြီးမှ၊ သူဆောက်ထားတဲ့ လွှတ်တော်ထဲ အားလုံး ဝင်ထိုင်နေပြီးမှ အဲဒီလမ်းကို ပြန်ပြင်ဖို့ ပြောနေတာ၊ အဲဒီလမ်းဟောင်းကို လုံးဝဖျက်ပစ်ပြီး လမ်းသစ်ပြန်ခင်းဖို့ (ဖွဲ့စည်းပုံ အသစ်ပြန်ရေးဖို့) ပြောနေတာတွေဟာ လက်တွေ့ဖြစ်နိုင်ခြေ ရှိရဲ့လားလို့ မေးခွန်းထုတ်ချင်စရာကြီးပါ။
(အဝေးပြေးကားလမ်းပေါ်မှာ စက်ဘီးနဲ့ကျောင်းသွားနေရတဲ့ ကလေးများ) ဓာတ်ပုံ- ထက်အောင်ကျော်
ဒီလိုတွေးလို့ ကောင်းတုန်း ကားရှေ့မှာ ကျွဲတစ်ကောင်ကို ရုတ်တရက် မြင်လိုက်ရတဲ့အတွက် ကားဆရာက ဘရိတ်အုပ်လိုက်ပါတယ်။ ဒုက္ခပါပဲ။ ဟိုက်ဝေးလမ်းပေါ် ကျွဲက ဘယ်လိုတက်လာသလဲ။ ကားကို လမ်းဘေးမှာ ခဏရပ်ခိုင်းပြီး လှမ်းကြည့်တော့ ကျွဲတင်ဘယ်ကမလဲ။ လမ်းဟိုဘက်ခြမ်းမှာ နွားလှည်းတွေက ကားလမ်းနဲ့အပြိုင် မောင်းလို့။ ရှေ့ဘက်နားမှာတော့ “ကားလမ်းပေါ် ဆိုင်ကယ်၊ စက်ဘီး စီးနင်းခြင်းမပြုရ” ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု။
ဒါပေမဲ့ အဲဒီဆိုင်းဘုတ်အောက်မှာ ကျောင်းသူလေးသုံးဦးက စက်ဘီး ကိုယ်စီနဲ့။ ဆိုင်ကယ်တွေကလည်း တဝီဝီ ဖြတ်လို့။ သတိပေး ဆိုင်းဘုတ်တွေ၊ လမ်းစည်းကမ်းတွေ လိုက်နာမှုရှိမရှိ ယာဉ်ထိန်းရဲတွေ ဘယ်လို စောင့်ကြည့်သလဲ ဆိုပြီး လိုက်ရှာကြည့်တော့ ရဲတစ်ဦးမှ မတွေ့မိ။ အရှိန်ကျော်ရင် သတိပေးဖမ်းဆီးနိုင်တဲ့ ကင်မရာတွေကိုလည်း ဒီလမ်းမကြီးမှာ မတွေ့မိပါ။
ပြီးတော့ လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်မှာ ခြံစည်းရိုး အသေအချာမရှိပါ။ ဒီတော့ ခုနက ကျွဲ လမ်းပေါ်တက်လာသလို တခြားသတ္တဝါတွေလည်း အချိန်မရွေး တက်လာနိုင်တာပေါ့။ တစ်ခါ စက်ဘီး၊ ဆိုင်ကယ်နဲ့ ခရီးသည် အတင်အချ လုပ်နေတဲ့ ရွာနီးချုပ်စပ်က အနှေးကားတွေကို လည်း ဒီလမ်းမကြီးပေါ် တွေ့နေရပါတယ်။
အဲဒီမြင်ကွင်းကနေ ကားမောင်းပြီး ထွက်လာလို့ သိပ်မကြာခင်မှာ လမ်းမပေါ် စပါးလှန်းနေတဲ့ နေရာတစ်ခုနဲ့ တိုးပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို လွတ်လပ်ရေး ရတယ်ဆိုပြီး လမ်းမပေါ် ဆေးရိုးလှန်းနေတာမျိုး အထိတော့ မဆိုးသေးပါ။ လေးလမ်းသွား လမ်းမကြီးဘေးမှာ ကားတွေအရေးပေါ် ရပ်ဖို့ လုပ်ထားတဲ့ ကွန်ကရစ်အခင်းကြီးပေါ် အခုလို လှန်းနေကြတာပါ။
(အဝေးပြေးကားလမ်းပေါ်မှာ စပါးလှန်းနေကြတဲ့ လယ်သမားများ) ဓာတ်ပုံ- ထက်အောင်ကျော်
ဒါကြောင့်လည်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးဟာ ယာဉ်တိုက်မှု အများဆုံးဖြစ်တဲ့လမ်း၊ လူအသေအပျောက် အများဆုံး ရှိတဲ့လမ်း၊ သေမင်းတမန်လမ်းဆိုပြီး နာမည်ကြီးလာနေတာပေါ့။ အခုတော့ ဒီလမ်းကို ပြန်လည်ပြုပြင်ဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေ အပါအဝင် အရည်အချင်းပြည့်တဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ထားပြီလို့ သတင်းတွေထဲ ဖတ်ရပါတယ်။
တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ စစ်သားတွေက တိုင်းပြည်အပေါ် စေတနာထားပြီး သူ့စိတ်ကူးနဲ့သူ လုပ်ခဲ့တာတွေဟာ နိုင်ငံတကာ စံချိန်စံညွန်းနဲ့မညီပါ။ အများက လက်ခံနိုင်တဲ့ အခြေအနေ မရှိခဲ့ပါ။ ဒါကြောင့် အခုလို ပြုပြင်ပြောင်းလဲရေး ကာလမှာ ဒီလမ်းကြီးကို ပြန်ပြင်ဖို့ လိုနေပြီလို့ စစ်သားတွေဘက်က အသိဝင်လာခြင်းဟာ အကောင်းဘက်ကို တိုးတက်ခြင်း တစ်ခုပါပဲ။ ဒီအမြင်ကို အားလုံးက ကြိုဆိုပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း အားလုံး ဝိုင်းကူဖို့ လိုနေတယ် မဟုတ်ပါလား။
ဒီလိုတွေးလို့ကောင်းတုန်း အဖြူအစိမ်းဝတ် အမျိုးသမီးငယ်သုံးဦးက ကျွန်တော်တို့ ကားကို လက်ရပ်တားနေတဲ့ အတွက် ရပ်ပေးလိုက်ရပါတယ်။ အဝေးပြေးလမ်းမကြီးပေါ် ဘာကြောင့် ဒီလိုဝင်လာပြီး တားရတာလဲ။ တိုက်ကုန်တော့မှာပေါ့ ဆိုပြီး ကြည့်လိုက်တော့ သူတို့ဘေးမှာ ကလေးတွေက အများကြီး။ “ဟိုက် ကျောင်းသားတွေက ဟိုက်ဝေးလမ်းမကြီးပေါ် တက်လာနေကြပါလား”။ ဒီဆရာမတွေလိုပဲ တခြားဆရာမတွေ၊ တခြားကျောင်းသားတွေကလည်း ကျွန်တော်တို့နောက်က လိုက်လာတဲ့ တခြားကားတွေကို တားနေကြလေရဲ့။
“ကျွန်မက ၀ (သုည) မိုင်မှာ ဆင်းပြီး လှည်းကူးကို သွားမှာ။ သူတို့နှစ်ဦးမှာ တစ်ယောက်က ထောက်ကြန့်၊ တစ်ယောက်က တွံတေး” ဆိုပြီး အသက် ၂၀ ကျော် အရွယ်သာ ရှိသေးတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။ ဒီတော့မှ ဒီဆရာမတွေဟာ ရန်ကုန်ကနေ နေ့စဉ် ကားကြုံ၊ လူကြုံနဲ့ ဒီဟိုက်ဝေးလမ်းဘေးက ၁၅ မိုင်ကျောင်းဆီ စာလာသင်နေတဲ့ အလယ်တန်းပြဆရာမတွေ ဖြစ်ကြောင်း၊ တွံတေးက ဆရာမဆိုရင် မနက် ၅ နာရီခန့်ကတည်းက အိမ်ကနေ ထွက်လာတာ ၉ နာရီနီးမှ ဒီကျောင်းဆီ ရောက်တယ်လို့ သိရပါတယ်။
(ပြန်ပြင်ဖို့လိုနေတဲ့ ကတ္တရာမပါတဲ့ ကွန်ကရစ်လမ်းကြီး) ဓာတ်ပုံ-ထက်အောင်ကျော်
အင်း… စာသင်ချိန်က ၈ နာရီ။ ကျောင်းလာချိန်နဲ့ ကျောင်းပြန်ချိန်က ၈ နာရီဆိုတော့ တစ်နေ့တစ်နေ့ ၁၆ နာရီလောက် အလုပ်လုပ်နေရတဲ့ သဘောပေါ့။ လစာ ဘယ်လောက်ရသလဲ၊ ခရီးစရိတ်အတွက် အစိုးရက ထပ်ဆောင်းပေးသလားဆိုပြီး သွားမေးမိပါတယ်။ “လစာ တစ်သိန်း နှစ်သောင်းကလွဲရင် ဘာမှမရဘူးရှင့်” တဲ့။ သေပြီဆရာပဲ။ ကားပေါ်ပါလာတဲ့ အမေရိကန်၊ နော်ဝေနဲ့ သြစတြေးလျက ပြည်တော်ပြန် သုံးဦးစလုံး Shock ဖြစ်သွားပါတယ်။
ဒါတွေကိုကော ဘယ်လိုပြုပြင်ကြမလဲ။ တစ်နေ့ ၁၆ နာရီလောက် အလုပ်လုပ်နေသူတစ်ဦး အတွက် လစာက တစ်လမှ တစ်သိန်းနှစ်သောင်းတဲ့။ ဒေါ်လာနဲ့ဆို ၁၂၀ ပဲ ရှိမှာပေါ့။ အခု ကားကြုံစီးလာလို့ ကားခမပေးရသည့်တိုင် ရန်ကုန်ကနေ လှိုင်သာယာ၊ အဲဒီကနေ တွံတေး၊ အနည်းဆုံး ၅၀၀ လောက်တော့ ထပ်ကုန်ဦးမယ် ထင်ပါတယ်။ အသွားမှာ ကားကြုံမရဘူးဆိုရင် ၁၀၀၀ ပဲထား။ တစ်နေ့ ခရီးစရိတ် အနည်းဆုံး ၁၅၀၀ ကုန်နေပြီ။ တစ်လအတွက် လေးသောင်းဝန်းကျင်။ စားစရိတ်ကိုလည်း တစ်ရက် ၁၅၀၀ ပဲထား။ တစ်လ လေးသောင်းခွဲ။ အိမ်ခန်းခက ဘယ်လောက်ရှိမလဲ။
ဒီဆရာမ ဘယ်လိုများ ရှင်သန်နေပါလိမ့်။ တစ်လောတုန်းကတော့ လွှတ်တော်အမတ်တွေကို ၁၀ သိန်းအထိ လစာတိုးပေးဖို့ လွှတ်တော်အမတ်တွေ ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ ကြားမိပါတယ်။ ဒါပေမဲ့ ဒီလို ဆရာမတွေကျတော့ ဘာကြောင့်များ လစာ မတိုးသေးတာလဲ။ ဘာတွေများ လွဲချော်နေခဲ့သလဲ။
ဒီလမ်းပေါ် နေ့စဉ်လိုလို သွားနေတဲ့ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေ၊ ငြိမ်းအဖွဲ့တွေရဲ့ကားကို ဒီဆရာမတွေ တစ်ခါမှတားပြီး မစီးမိဘူးလား။ ဒါမှမဟုတ် ပါလီမန်အမတ်တွေ၊ ဝန်ကြီးတွေဆိုတော့ လုံခြုံရေး အကြောင်းပြပြီး လမ်းကြုံကားတားစီးတဲ့ သာမန်ပြည်သူတွေကို တင်လေ့မရှိတာကြောင့် ဒါတွေကို အမတ်မင်းနဲ့ ဝန်ကြီးတွေ မသိသေးတာများလား။
ပညာရေးစနစ်၊ ဝန်ထမ်းလောကနဲ့ တစ်နေ့ လုပ်အားခ အနည်းဆုံး ဘယ်လောက်ဆိုတာကို အရင်ဆုံး ပြုပြင်မလား။ သေမင်းတမန်လမ်းလို့ နာမည်ကြီးလာနေတဲ့ အဝေးပြေးကားလမ်းကြီးကိုပဲ နိုင်ငံတကာစံချိန်မီအောင် အမြန်ပြုပြင်မလား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဦးစားပေး ပြုပြင်ကြမလား။ အားလုံးကို တစ်ပြိုင်တည်း ပြုပြင်ဖို့ လိုနေလေမလား။ အုပ်ချုပ်ရေး မြို့တော်သစ်က အမတ်မင်းများ၊ အစိုးရဝန်ကြီးများ၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ အမြန်ဆွေးနွေးပြီး တစ်ခုခုလုပ်ပေးဖို့ အရေးပေါ် လိုအပ်နေကြောင်းပါ။
ထက်အောင်ကျော်
0 comments:
Post a Comment