Thursday, January 1, 2015

ရာဇ၀င်ထဲက စက်ဘီးတစီး

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၉  ရက်နေ့၊ လက်နက်ကိုင်တော်လှန်ရေးထဲမ၀င်ခင်အထိ စီးခဲ့ဖူးတဲ့စက်ဘီး အဟောင်းနဲ့ ၁၉၈၆ ခုနှစ်ကရထားတဲ့ ထားဝယ်မြို့နယ် လက်ရွေးစင် စက်ဘီးအင်္ကျီ ဓာတ်ပုံတွေကို အမှတ်  တရအဖြစ် Facebook တင်လိုက်တော့ မိတ်ဆွေအတော်များများက မှတ်ချက်ရေး အားပေးကြတာကိုတွေ့ ရပါတယ်။ ဒီလို အားပေးမှုတွေက ဟောဒီလို စာတပိုဒ်အဖြစ်ရေးဖြစ်ဖို့ ကျနော်ကို တွန်းအားဖြစ်လာစေခဲ့ တာပါ။


တကယ်တော့ ဒီစက်ဘီး (ဓတ်ပုံထဲက စက်ဘီး) ဟာ ကျနော်ရဲ့ စတုတ္တမြောက် ပြိုင်ဘီးပါ။ ပထမ ဘီးက ၁၉၈၃ ခုနှစ် ဆယ်တန်းစာမေးပွဲအောင်တဲ့နှစ်မှာ ထားဝယ်ကောလိပ်တက်ဖို့ဆိုပြီး ရွာကစက်ဘီးပြင်ဆိုင်မှာ ၀ယ်လိုက်တဲ့ အနီရောင် အကြမ်းထည်ဘီးကြီး။ ဆိုင်ရှင်အမည်က ကိုဆန်းဖေသား။ ပထမ အခေါက် ကျနော်ပြန်တော်ပြန်စဉ်က ကျနော့်အိမ်အထိလာပြီး တကူးတကာလာနှုတ်ဆက်တာကို အမှတ်ရနေပါ တယ်။

အဲဒီဘီးနဲ့ ထားဝယ်ကောလိပ်ကို စတက်တော့ အများအမြင်မှာ တမျိုးထူးနေပုံရပါတယ်။ ဘာကြောင့်လည်း ဆိုရင် ကျောင်းသား အတော်များများက စက်ဘီးအကောင်းစားတွေ၊ ပြိုင်ဘီးဆိုရင်လည်း ထိုင်းလုပ်၊ ထိုင်ဝမ်လုပ် (တာယာအသေး) ဘီးအသေးတွေစီးနေချိန်မှာ ကျနော်က တောစီး-လက်လုပ် (ရွာက စက်ဘီး ဆရာ သူဟာသူ ဖြတ်-ညှပ်-ကပ် လုပ်ထားတဲ့ဘီး) စက်ဘီးကြီးနဲ့။

ဒါပေမယ့် ကံကောင်းတာတခုကတော့ အဲဒီစက်ဘီးဆရာအိမ်နဲ့သိပ်မဝေးတဲ့အရပ်မှာ ကျနော့်လိုပဲ ပြိုင်ဘီး ရောဂါထနေတဲ့ မိတ်ဆွေတဦးကိုတွေ့ရပါတယ်။ သူ့အမည်က ထွန်းလှိုင်။ သူနဲ့ကျနော်တွဲမိပြီး ပြိုင်ဘီး နှစ်စီးနဲ့ ထားဝယ်မြို့ ၀ဲကျွန်းဖက်က လေယဉ်ကွင်းအနီးရောက်တုန်း နောက်ထပ်စက်ဘီးသမားတဦးနဲ့ တိုးပြန်ပါတယ်။ သူ့အမည်က ကိုထိန်ဝင်း။ မတော်တဆ တွေ့ဆုံမှုဆိုပေမဲ့ ကံကောင်းချင်တော့ သူဟာ ထားဝယ်မြိုနယ် စက်ဘီးနည်းပြဖြစ်နေပါတယ်။

"မင်းတို့က လူသစ်တွေလား။ မြို့နယ်လူရွေးပွဲ ၀င်ပြိုင်ဖို့လေ့ကျင့်နေတာလား" ဆိုပြီး သူကမေးပါတယ်။ တောသားကျနော်တို့က မြို့နယ်လူရွေးပွဲပွဲဆိုတာကို ဘာမှန်းမသိ။ လွတ်လပ်ရေးနေ့ ပြိုင်ပွဲပြောနေတာလား ဆိုပီးပြန်မေးတာ့မှမကြာခင် ထားဝယ်မြို့နယ် လူရွေးပွဲရှိကြောင်း၊ ပြီးရင် ၁၀ မြို့နယ်ပါဝင်တဲ့ တနသာင်္ရီ တိုင်းလူရွေးပွဲရှိကြောင်း၊ အဲဒီမှာအရွေးခံရရင် ရန်ကုန်မှာ ပြည်နယ်-တိုင်းအဆင့် ပြိုင်ပွဲကို သွားပြိုင်ရမယ်လို့ သူက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ပါတယ်။

ဒီတော့မှတောသား ကျနော်တို့လည်း ထားဝယ်မှာ အရှေ့တောင်ရှပြိုင်ပွဲတွေအထိ သွားပြိုင်ဖူးခဲ့တဲ့ ''နောင်ဖား" ဆိုတဲ့ နာမည်ကြီးစက်ဘီးသမားနဲ့ ‘’အောင်သိန်း’’ ဆိုတဲ့ စက်ဘီးသမားတွေ ရှိနေတယ်ဆိုတာ ကို သိခွင့်ရခဲ့ပါတယ်။ ၁၉၇၀ ၀န်းကျင်က နာမည်ကြီးခဲ့တဲ့ နောင်ဖားဟာ အဲဒီချိန်မှာတော့ ပန်းထိမ်ခတ်တာ ကလွဲပြီး အားကစားမလုပ်တော့တဲ့အတွက် သူ့ကိုဆရာတင်လို့မရတော့။ ဒါပေမယ့် ၀ဲကျွန်းမှာနေတဲ့ ဦးအောင်သိန်းကတော့ တခါတလေ စက်ဘီးစီးနေဆဲဖြစ်တဲ့အတွက် သူအိမ်ကိုသွားပီး ဆရာတင်ပါတယ်။ အမှန်တိုင်းဝန်ခံရရင် သူ့ရဲ့ပြိုင်ဘီးကိုတွေ့ တော့မှဘဲ့ ပြိုင်ပွဲဝင်ပြိုင်ဘီးဆိုတာ ဒီလိုပါလားဆိုပြီး ကျနော် သဘောပေါက်ခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပထမ အခေါက် ပြည်တော်ပြန်စဉ်က ကိုထိန်ဝင်းနဲ့ ဦးအောင်သိန်းတို့ နှစ်ဦးစလုံး ကို ၀ဲကျွန်းလမ်းပေါ်မှာ ကျနော်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ဦးအောင်သိန်းက ကျနော်ကို သိပ်မမှတ်မိတော့ပေမဲ့ ကိုထိန်ဝင်းကတော့ စက်ဘီးလောကထဲမှာရှိနေဆဲ။ သူတို့ နှစ်ဦးဆီ ကျနော်ကိုလိုက်ပို့သူတွေက ကျနော့် ရဲ့ပြိုင်ဖက်တွေဖြစ်တဲ့ တာဝေးသမား ကိုသက်ဝေနဲ့ ကိုသိန်းရီ။

ထားတော့။ စက်ဘီးအကြောင်းပြန်ကောက်ရမယ်ဆိုရင် အဲဒီ အနီရောင်အကြမ်းထည်ကြီးနဲ့ လောင်းလုံးမြို့ နယ်ကို ကိုယ်စားပြုပြိး ကျနော်တို့ နှစ်ဦးဝင်ပြိုင်လိုက်တာ ကံကောင်းထောက်မစွာနဲ့ တနသာင်္ရီလက်ရွေးစင် အဖြစ် ကျနော် အရွေးခံလိုက်ရပါတယ်။ ကံကောင်းတယ်ဆိုတာက ဒီလို။ မီတာ ၈၀၀၊ ၁၀၀၀၊ ၁၆၀၀၊ ၄၀၀၀-အမီလိုက်၊ ၄၈၀၀ နဲ့ တသောင်း စသဖြင့် ကွင်းတွင်းပြိုင်ပွဲ မျိုးစလုံးမှာ ကံကောင်းထောက်မစွာနဲ့ မီတာ ၁၆၀၀ မှာ ကျနော်ဗိုလ်စွဲသွားပါတယ်။

မီတာ ၈၀၀ ပြိုင်ပွဲရောက်တဲ့အခါမှာတော့ ၀ါရင့်ပြိုင်ဖက်တဦးရဲ့ ညစ်ပတ်မှုကြောင့် ဒလိမ့်ခေါက်ကွေးလဲ ကျပြိး တာဝေး ၆၂ မိုင်ပြိုင်ပွဲနဲ့ အခြားပွဲတွေကို ဆက်မ၀င်နိုင်တော့ပါ။ ဒါပေမယ့် လူသစ်ဖြစ်နေတာ၊ တက်လူဖြစ်နေတာကြောင့် အတွေ့အကြုံရအောင်ဆိုပြီး ကျနော့်ကိုရွေးလိုက်တာလို့ နောက်ပိုင်းကျမှသိရ ပါတယ်။ ဒီလိုနဲ့ မမျှော်လင့်ပဲ တနသာင်္ရီတိုင်း လက်ရွေးစင်ဖြစ်သွားပြီး အောင်ဆန်းကွင်းမှာကျင်းပတဲ့ ပြည်နယ်-တိုင်း စက်ဘီးပြိုင်ပွဲ ဆီရောက်သွားခဲ့ပေါ့။

အဲဒီစက်ဘီးစုတ်နဲ့ လောင်းလုံး၊ ထားဝယ်၊ တနသာင်္ရီလက်ရွေးစင်အဖြစ် နှစ်ဆက်တိုက်ပြိုင်ပွဲဝင်ပြီးတဲ့ အခါမှာတော့ ထားဝယ်ကောလိပ်ကနေ မော်လမြိုင်တက္ကသိုလ်ဆီပြောင်းဖို့ဖြစ်လာပါတယ်။ ဒီတော့ ဒီစက်ဘီးကိုရောင်းပြီး မော်လမြိုင်ရောက်မှ အသစ်တစီးပြန်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော့် စက်ဘီးအစုတ်ကို ကျပ် ၁၀၀၀ နဲ့ ၀ယ်သွားသူက ထားဝယ်ကောလိပ် ပြေးခုန်ပစ်နဲ့ ဘာလုံးလက်ရွေးစင် တဦးဖြစ်သူ ပန်းတက်အင်းက ကိုစိုးလွင်။ 

ဒါပေမယ့် မော်လမြိုင်မသွားခင် တနသာင်္ရီတိုင်းလူရွေးပွဲရှိတာနဲ့ ကိုယ်ရောင်းထားတဲ့ စက်ဘီးကို ပြန်ငှားပြီး အရေးပေါ်ပြိုင်ပွဲဝင်ခဲ့ဖူးတာကို အမှတ်ရနေပါတယ်။ ဒီလိုနဲ့ ပထမ စက်ဘီးက ၁၉၈၇ အစောပိုင်းမှာ အဆုံး သတ်သွားခဲ့ပါတယ်။ မောလမြိုင်တက္ကသိုလ်ကိုရောက်ပြီးတဲ့အခါမှာတော့ အရေးပေါ်လေ့ကျင့်ဖို့အတွက် စက်ဘီးအကြီးတစီး ပြန်ဝယ်လိုက်ပါတယ်။ ဒါပေမယ့် ဒီဘီးကမကောင်းဘူး။ အချိုအစားမပြေတဲ့အပြင် စီးရ တာအလွန်လေးပါတယ်။

ပြည်နယ်-တိုင်း ပြိုင်ပွဲအတွက် ရန်ကုန်ရောက်ချိန်မှာ ဒီဘီးကြီးကိုရောင်းထုတ်ပြီး မွန်လက်ရွေးစင်တဦးဖြစ် သူ ‘’မင်းသိန်းချစ်’’ ဆီက အကောင်းစားပြိုင်ဘီးတစီးကို ထောင်ကျော်နဲ့ဝယ်လိုက်ပါတယ်။ အဲဒီကာလက ထောင်ဆိုတာ နည်းတာမဟုတ်။ ကျနော်ရဲ့ လစဉ်ကျောင်းစရိတ်က ကျပ် ၃၀၀ ပဲရှိပါတယ်။ စက်ဘီး အဟောင်းရောင်းတာက ကျပ် ၁၅၀၀ ထက်မပို။ ဒီတော့ အမေပေးထားတဲ့ လည်ပင်းကရွှေဆွဲကြိုးကို ထုခွဲပြီး ထောင်တန်စက်ဘီးနဲ့ လဲခဲ့ရပေါ့။

စက်ဘီးကောင်းပေမယ့် အတွေ့အကြုံနည်းသေးလို့လားမသိ။ ၁၉၉၇ ဖေဖေါ်ဝါရီလ ပြည်နယ်-တိုင်း ပြိုင်ပွဲမှာ လည်းအရင်နှစ်တွေလိုပဲ ရွှေတွေ၊ ငွေတွေ မချိတ်နိုင်ခဲ့ပါ။ ဒါပေမယ့် မီတာ ၁၆၀၀ ပြိုင်ပွဲမှာ နံပတ် နေရာ လောက် တော့ချိတ်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအပြီး မော်လမြိုင်တက္ကသိုလ်ဆီပြန်လာတဲ့အခါမှာတော့ ‘’မင်းစက် ဘီးက မတန်ဘူး၊ သိန်းချစ်ဆီပိုက်ဆံပြန်တောင်းပြီး အသစ်တစီးထပ်ဝယ်ပါလား’’ လို့ မင်းအောင်ကျော် ကျော် အပါဝင် မွန်ပြည်နယ်ရှိ စီးဖေါ်စီးဖက်တွေက ကျနော့်ကို တိုက်တွန်းပါတယ်။

မင်းသိန်းချစ်နေတဲ့ ဂွေးကုန်ရွာဆီ ခဏခဏသွားပြီး ပိုက်ဆံပြန်တောင်းပေမယ့် သူကလဲ စီးပွါးရေးအဆင် ပြေလှသူ မဟုတ်။ ပြီးတော့ ရောင်းပြီးသားကိစ္စကို ဘယ်ပြန်ပေးချင်ပါ့မလဲ။ သူဆီကရသလောက်ငွေ ကိုပြန်ယူပြီး နောက်ထပ်ဝယ် လိုက်တဲ့စက်ဘီးက သံဖြူဇရပ်က မွန်လက်ရွေးစင်တဦးဖြစ်သူ မင်းအောင်ဆန်း ဆီက။ နောက်ပိုင်း သတင်းတွေအရဆိုရင် ကိုအောင်ဆန်းဟာ ၁၉၈၈ နောက်ပိုင်း မြန်မာ့လက်ရွေးစင်ဖြစ်သွားပြီး အရှေ့တောင်အာရှပြိုင်ပွဲဝင်တဲ့အထိ အောင်မြင်သွားခဲ့တယ်လို့သိရပါတယ်။

ကိုအောင်ဆန်းရဲ့စက်ဘီးနဲ့ မော်လမြိုင်-ကျိုက်မရော။ မော်လမြိုင်-မုဒုံ-သံဖြူဇရပ်-ကျိုက်ခမီလမ်းမတွေပေါ် အပြင်းအထန်လေ့ကျင့်ပြီးတဲ့နောက် ၁၉၈၈ ဖေဖေါ်ဝါရီလ ပြည်နယ်-တိုင်း ပြိုင်ပွဲမှာ ပထမ ဆုံးအကြိမ် မီတာ ၁၆၀၀ မှာ ကျနော်ရွှေတံဆိပ် စရပါတယ်။ မီတာ ၈၀၀ မှာတော့ မန္တလေးသား ကိုစိုးနိုင်ကို မယှဉ်နိုင် တဲ့အတွက် ဒုတိယနဲ့ ကျေနပ်လိုက်ရပါတယ်။ အဲပြောစရာဖြစ်သွားတာကတော့ ကီလိုမီတာ ၁၀၀ သို့မဟုတ် ၆၂ မိုင် တာဝေးပွဲပါပဲ။

ရှေ့မှာတင်ပြခဲ့တဲ့ ကိုသက်ဝေဟာ တာဝေးအလွန်ကောင်းသူပါ။ ဒါပေမယ့် လူကောင်သေးပြီး သက်လုံ မကောင်းဘူးထင်တဲ့အတွက် သူကိုအရံနေရာမှာသာထားဖို့ နည်းပြ ကိုထိန်ဝင်းကို ကျနော်ကသွားပြီး အကြံပေးမိပါတယ်။ နည်းအားဖြင့် မီတာ ၁၆၀၀ မှာရွှေရထားတဲ့ တာတိုသမားကျနော်က တာဝေး ၆၂ မိုင်ကိုလည်း အဓိကနေရာက စီးနိုင်ပါတယ်ဆိုပြီး စိတ်ကြီးဝင်မှုပေါ့။ ဒါပေမယ့် တကယ်တန်းပြိုင်ပွဲလုပ်တဲ့ အခါမှာတော့ ကျနော်က နောက်ကျကျန်ခဲ့ပြီး ကိုသက်ဝေက တတိယ နေရာလောက်မှာ ပန်းဝင်သွားပါ တယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းကမ်းအရ အရံလူကိုအမှတ်မပေးတဲ့အတွက် အဲဒီ တတိယက အလကား ဖြစ်သွားခဲ့ရပါတယ်။


ဒါကို မမေ့နိုင်ပဲဖြစ်နေတဲ့ ကိုသက်ဝေက အခု ၂၆ နှစ်ကြာပြီးချိန် ကျနော်နဲ့ ထားဝယ်မှာပြန်တွေ့ချိန်မှာ အဲဒီကိစ္စကို ပြန်ပြောပြီး ရီနေပါတယ်။ အခုတော့ သူလည်း ထာဝယ်မြိ့နယ်နဲ့ တနသာင်္ရီတိုင်း စက်ဘီး နည်းပြဖြစ်နေခဲ့ပါပြီ။ အသက်တွေလည်း ဘယ်ငယ်တော့မလဲ။ ဒါပေမယ့် အခုနောက်ပိုင်း ပြိုင်ဘီးထက် တောင်တက်ဘိန်းတွေကိုသာ လူငယ်တွေပိုစိတ်ဝင်စားလာတယ်။ အများစုက ဆိုင်ကယ်ပဲစီးပြီး စက်ဘီးမစီးတော့ဘူးဆိုပြီး သူက ငြီးတွားနေပါတယ်။

ကိုအောင်ဆန်းရဲ့ တတိယ ဘီးကနေ အခု ဓာတ်ပုံထဲမြင်နေရတဲ့ စတုတ္တဘီးဆီ ဆက်ရမယ်ဆိုရင်တော့ ၁၉၈၇ မှာ ငွေစက္ကူအရေးခင်းကြောင့် တက္ကသိုလ်တွေပိတ်တဲ့အချိန်မှာ ထားဝယ်ပြန်ပြီး စက်ဘီးကို အသည်းအသန်လေ့ကျင့်ခဲ့ပါတယ်။ ကျောင်းပြန်ဖွင့်ချိန် မော်လမြိုင်ကို တိုက်ရိုက်မသွားပဲ ရန်ကုန် ၂၅ လမ်းမှာ စက်ဘီးပစ္စည်းတွေ မှောင်ခိုသွားရောင်းပါတယ်။ အဲဒီကာလက မှောင်ခိုပစ္စည်းသယ်တဲ့အလုပ်ဟာ စီးပွါးဖြစ်လုပ်ငန်းတခုပါ။

ထားဝယ်ကနေ ရန်ကုန်သွားသူတိုင်း အုန်းပင်လုံချည်တွေ၊ အချိုမုန့်တွေ၊ ခေါက်ထီးတွေအပါဝင် ထိုင်းဖက် က ၀င်တဲ့ပစ္စည်းတွေကို လေယဉ်နဲ့သယ်သွားကြပါတယ်။ ဒီအတွက် အထူးအထွေ ဘာမှပြင်နေစရာမလို။ လေယဉ်ကွင်းမှာစောင့်နေတဲ့ ပွဲစားကို ကိုယ့်အမည်ပေးလိုက်ရုံပါပဲ။ သူပေးလိုက်တဲ့စာကို ရန်ကုန်လေဆိပ် မှာ စောင့်နေတဲ့ သူ့ကိုယ်စားလှယ်ဆီ ပေးလိုက်။ အဲဒီကိုယ်စားလှယ်က ကျပ်ငွေ ၃၀၀ လောက် ကိုယ့်လက် ထဲ ထည့်ပေးပါလိမ့်မယ်။ အဲဒီကာလက ၃၀၀ ဆိုတာ နည်းတာမဟုတ်ဘူးလေ။ တလစာ ကျောင်းစရိတ် အတွက် ကောင်းကောင်း ကာမိတာပေါ့။

ကျနော်က စက်ဘီးသမားဆိုတော့ အဲဒီလိုပွဲစားတွေနဲ့သယ်မနေတော့ပါ။ စက်ဘီးပစ္စည်းကို ကိုယ့်ဘာသာ ၀ယ်ပြီး ၂၅ လမ်းမှာ ကို်ယ်တိုင်သွားသွင်းပါတယ်။ ဒီတော့ ၅၀၀ လောက်အမြတ်ရတာပေါ့။ အား-ကာ ကထုတ်ပေးထားတဲ့ လက်မှတ်နဲ့ ပြိုင်ဘီးကိုလဲ လေယဉ်ပေါ် အခမဲ့တင်ခွင့်ရထားတယ်လေ။ ဒီတော့ သွားလေရာ ပြိုင်ဘီးပါနေတဲ့ ကျနော့်ကို ကျန်ကျောင်းသားတွေက ထူးထူးခြားခြားမှတ်မိနေ သို့မဟုတ် မျက်စိနောက်နေမှာပေါ့။

အဲဒီကရတဲ့အမြတ်ငွေရယ်၊ စက်ဘီးအဟောင်းရယ်ကိုအလိုက်ပေးပြီး အောင်ဆန်းကွင်းအနီးရှိ ပြိုင်ဘီးပြင် ဆရာ ကွမ်းဘီလူးဆီမှာ ဒီစက်ဘီးကိုဝယ်လိုက်တာပါ။ ဖရိန်က ရွှေအိုရောင် လက်ချိုး (ကွမ်းဘီးလူး ကိုယ်တိုင် ဖြတ်-ညှပ်-ကပ် လုပ်ထား) လက်ကိုင်က GB (ဗြိတိန်ထုတ် အလူမီနီယံ လက်ကိုင်) ထိုင်ခုံက ဂျပန်၊ ဂွေနဲ့ ပဒေါင်းက အီတလီ လို့ထင်ပါတယ်။ ခြေနင်းက ဂျပန်လုပ် Shimano တံဆိပ်။ ဂီယာနဲ့ ဆင်စွယ် က မောင်ဗမာဘိန်းကနေ ယူထားတာဆိုတော့ တကယ်ကို စုပေါင်းစပ်ပေါင်းပါပဲ။

ဒါပေမယ့် အဲဒီကာလက ပြိုင်ဘီးအားလုံးနီးပါးဟာ ဒီလို စုပေါင်းစပ်ပေါင်းချည်းပါပဲ။ အခုခေတ်လို ပိုက်ဆံရှိ တိုင်း ပစ္စည်းဝယ်လို့ရတဲ့ခေတ်မဟုတ်သေး။ ခြေနင်းနဲ့ တိုးကလစ်ဆိုရင် ဆုရတဲ့အချိန်မှာ တသာင်္ရီတိုင်း အား-ကာ က ထုတ်ပေးလို့ရထားတာ။ အခြားပစ္စည်းတွေလည်း ဒိလိုပါပဲ။ ဆယ်ခါတခါထုတ်ပေးတဲ့ အား-ကာက စေတနာ ကောင်းချိန်မှာ စုပြီးပြန်ရောင်းထားတဲ့ပစ္စည်းတွေချည်းပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၃ အတွင်း နေပြည်တော်မှာကျင်းပနေတဲ့ အရှေ့တောင်အာရှ စက်ဘီးပြိုင်ပွဲဆီ ကျနော်ရောက် သွားတော့ အခြေနေတွေက အရင်လိုမဟုတ်တော့။ မြန်မာ့လက်ရွေးစင် ချစ်ကိုကိုတို့စီးနေတဲ့ဘိန်းက Tour De Frence မှာ နိုင်ငံတကာစက်ဘီးသမားတွေစီးနေတဲ့ တကယ့်ကာဘွန်ဘီး။ ဒေါ်လာ ထောင် သို့မဟုတ် မြန်မာကျပ်ငွေ သိန်း ၅၀ နီးပါးတန်တဲ့ဘီးတွဖြစ်နေတာကိုတွေ့ရပါတယ်။


သူများတွေ သိန်း ၅၀ တန်စက်ဘီးကို ဘယ်လိုပဲစီးနေပါစေ။ ကျနော့်အတွက်တော့ ထောင်ကျော်တန် စက်ဘီးက တန်ဖိုးရှိနေဆဲပါ။ ဒီတခေါက် အိမ်ပြန်ရောက်တုန်း စက်ဘီးသိမ်းထားတဲ့ ဂိုဒေါင်ထဲဝင်ပြီး အသေချာရှာကြည့်တော့ ကိုယ်ထည်တခြား၊ ထိုင်ခုံတခြား၊ ဘီးတခြားဖြစ်နေတဲ့ နံရံပေါ်ကစက်ဘီး အဟောင်းကိုတွေ့ရပါတယ်။ 


ပြီးတော့ မှတ်မှတ်ရရ အမေကလည်း ၂၆ နှစ်ကြာ သူသိမ်းထားတဲ့ ၁၉၈၆ ခုနှစ်က ထားဝယ်မြို့နယ် လက်ရွေးစင် စက်ဘီးစီးအကျီတထည်ကို ထုတ်ယူလာပေးပါတယ်။ ဒီနှစ်ခုဟာ ဒီတခေါက်ခရီးစဉ်အတွင်း ကျနော့်အတွက် ထူးခြားဆုံး လက်ဆောင်တွေပဲမဟုတ်ပါလား။

(http://www.htetaungkyaw.net/2012/06/blog-post_6934.html) 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More