ပေးဆပ်သူတို့အား ဂုဏ်ပြုပွဲလုပ်တဲ့အခါ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မှ ကျဆုံး၊ သေဆုံး ရဲဘော်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား တစ်ရပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒီလို အခမ်းအနားမျိုး တခြားပြည်နယ်၊ တိုင်းတွေမှာ ကျင်းပလာတာ (၁၀) ကြိမ်ရှိပြီလို့ သိရပေမယ့် ကျွန်တော့်အတွက်တော့ ဒီပွဲဟာ ပထမဆုံး ကြုံခွင့်ရတဲ့ပွဲပါပဲ။
ဝေးရပ်မြေဆီ ရောက်နေသူဆိုတော့ ကိုယ့်တပ်ရင်းက ကျဆုံးရဲဘော်တွေအတွက် ဧပြီလအတွင်း ထားဝယ်၊ ပုလော၊ မြိတ်မြို့တွေမှာ ကျင်းပတဲ့ အခမ်းအနားတွေကို မတက်ရောက်နိုင်ခဲ့ပါ။ ဒီတော့ အခုမြန်မာနိုင်ငံ ရောက်နေတုန်း ကျင်းပတဲ့ တောင်ငူပွဲကိုတော့ အလွတ်ခံလို့မဖြစ်။ ကျွန်တော့်လိုပဲ ပြည်ပရောက် ရဲဘော်ဟောင်း အတော်များများလည်း တောင်ငူပွဲဆီ တက်လာကြတာ တွေ့ရပါတယ်။
တောင်ငူဆိုတော့ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်ဝန်းကျင်မှာ အခြေစိုက်ခဲ့တဲ့ ABSDF တပ်ရင်း ၂၁၀ စောထစခန်းနဲ့ ၂၀၈၊ ၂၀၉ သံလွင်စခန်းက ကျောင်းသားတွေ အများစုပေါ့။ တောင်ငူမြို့တည် မင်းကြီးညို ရုပ်တုနောက်က ရထားလမ်းကို ကျော်လိုက်တာနဲ့ ‘ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ’ ဆိုတဲ့ အနီရောင် ဆိုင်းဘုတ်ကြီးကို တွေ့ရပါတယ်။
ဓား၊ လှံ တံဆိပ်တွေ၊ ခွပ်ဒေါင်းတံဆိပ်တွေပါတဲ့ ဒီဆိုင်းဘုတ်မျိုး မြန်မာနိုင်ငံ အတွင်းပိုင်းက မြို့ကြီးတစ်ခုမှာ အခုလို တွေ့ရဖို့ဆိုတာ အရင်က ဘယ်လိုမှ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှု တစ်ခုပါ။ ဒါပေမဲ့ အခုဒီမြင်ကွင်းက စိတ်ကူးယဉ်မှုမဟုတ်။ အခမ်းအနား ကျင်းပရာ စည်ပင်ဂိုဏ်းအုပ် ကျောင်းဆီဝင်နိုင်တဲ့ လမ်းမကြီးပေါ် ဆိုင်းဘုတ်ကြီး ဒီတိုင်း တင်ထားတာပါ။ ကျောင်းဝင်း အတွင်းမှာတော့ ပရိသတ်က ရာနဲ့ချီရှိနေတာကို တွေ့ရပါတယ်။
အများစုက ချက်ပြုတ်ကြော်လှော်ရေးမှာ လုပ်အားပေးနေကြပြီး အမျိုးသမီးကြီး တချို့က ကျဆုံး၊ သေဆုံးရဲဘော်တွေရဲ့ နံရံကပ်ဓာတ်ပုံတွေကို စိတ်ဝင်တစား ကြည့်နေကြပါတယ်။ ဘယ်ပုံတွေကို သူတို့ အဓိက စိတ်ဝင်စားနေတာလဲဆိုပြီး အနီးကပ် ဝင်ကြည့်မိတော့ ၁၉၉၉ က ဖြစ်ပွားခဲ့တဲ့ ဘန်ကောက်သံရုံး စီးနင်းမှုမှာ အဓိကနေရာက ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ပျောက်ဆုံးသွားတဲ့ ၂၁၀ တပ်ရင်း၊ စောထစခန်းမှ ကျော်ဦး (ခေါ်) ဂျော်နီနဲ့ ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းတို့ပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံ ရဲဘော်မိုးကျော်ဦးရဲ့ ပြောပြချက်အရဆိုရင် ကျဆုံး၊ သေဆုံး ရဲဘော် ၆၅ ဦးအတွက် ဒီပွဲမှာ ဂုဏ်ပြုလွှာ ပေးအပ်ခဲ့တာပါ။ ဒါပေမဲ့ တချို့ကျောင်းသား မိဘတွေက အခုချိန်ထိ အစိုးရကို မယုံရဲသေးဘဲ ကြောက်နေဆဲ ဖြစ်တာကြောင့် ဒီအခမ်းအနားဆီ မတက်ရဲသေးဘူးလို့ သိရပါတယ်။ ဒါကြောင့်လည်း လက်ခံသူ မရှိသေးတဲ့ ဂုဏ်ပြုလွှာ ၁၀ ခုခန့် စားပွဲပေါ်မှာ ကျန်နေခဲ့တာပေါ့။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ABSDF အပါအဝင် နယ်စပ်တစ်ကြောက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၂၀ ကျော်နဲ့ အပစ်ရပ် လက်မှတ်ထိုးပြီးပြီ။ NLD အပါအဝင် နိုင်ငံရေးပါတီ အတော်များများကို လွှတ်တော်ထဲ ဝင်ခွင့်ပြုထားပြီး ဖြစ်ပေမယ့် ဒီအခင်းအကျင်းကို ကျဆုံးသွားတဲ့ ABSDF ရဲဘော်တွေရဲ့ မိသားစုတွေ ကိုယ်တိုင် ယုံကြည်မှု မရှိသေးဘူးဆိုတဲ့ သင်္ကေတပါပဲ။
ဒီလိုသံသယတွေကို ဥက္ကဋ္ဌ ရဲဘော်သံခဲရဲ့ အဖွင့်မိန့်ခွန်းထဲမှာလည်း အတိအလင်း ကြားခဲ့ရပါတယ်။ “အခုအခမ်းအနားဟာ အောင်ပွဲခံနေတာ မဟုတ်ဘူး။ ကျဆုံးသွားသူတွေကို ဂုဏ်ပြုနေတာသာ ဖြစ်တယ်။ ဒီမိုကရေစီ မရသေးပါဘူး။ တပ်ဦးရဲ့ ဦးတည်ချက် လေးရပ်လည်း အထမမြောက်သေးဘူး” လို့ ကိုသံခဲက ပြောပါတယ်။
ဒါပေမဲ့ “နိုင်ငံရေး အခြေအနေဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကြောင်းကနေ ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဘက်ဆီ ပြောင်းလာပါတယ်။ ဒါဟာ အခြေအနေအရ ပြောင်းလာတာသာဖြစ်ပြီး ယုံကြည်မှုအရ ပြောင်းလာတာ မဟုတ်သေးဘူး။ ဒါကြောင့် ယုံကြည်မှုအရပြောင်းတဲ့ အဆင့်ထိ တက်လှမ်းဖို့ လိုနေဆဲ” လို့ တပ်ဦးဥက္ကဋ္ဌက လက်ရှိ နိုင်ငံရေး အခြေအနေကို အဓိပ္ပာယ် ဖွင့်ပါတယ်။
ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ သြစတြေးလျပြန် စောထစခန်းမှ ရဲဘော်ကြီး တစ်ဦးကတော့ ကျဆုံးသူတွေကို ဂုဏ်ပြုတဲ့ပွဲမှာ နိုင်ငံရေးလက်ချာ သိပ်မရိုက်ဘဲ ကျဆုံးရဲဘော်တွေရဲ့ စွန့်လွှတ်မှု အကြောင်းကိုသာ အလေးပေး ပြောသင့်တယ်လို့ ဝေဖန်နေပါတယ်။ ဒါ့အပြင် ဒေါ်လာ ထောင်နဲ့ချီ အကုန်အကျခံပြီး ဒီပွဲဆီ တက်လာကြတဲ့ ပြည်တော်ပြန်တွေကိုလည်း လမ်းကြုံလို့ ဝင်လာသူတွေလို သဘောမထားဘဲ နွေးနွေးထွေးထွေး ဆက်ဆံဖို့ ဗဟိုကော်မတီမှာ တာဝန်ရှိတယ်ဆိုပြီး သူက ထောက်ပြနေပါတယ်။
သေချာတာ တစ်ခုကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုအကြောင်း အပြောနိုင်ဆုံးသူဟာ ဥက္ကဋ္ဌလည်း မဟုတ်၊ စစ်ဦးစီးချုပ်လည်း မဟုတ်ပါ။ ဒါဟာ ကျောင်းသား တပ်မှမဟုတ်။ အစိုးရတပ်နဲ့ တခြားတပ်အားလုံးမှာလည်း အတူတူပါပဲ။ သူ့စစ်သားတစ်ဦး ကျဆုံးတဲ့အတွက် စစ်ဦးစီးချုပ် ဝမ်းနည်းတယ် ဆိုတာဟာ အဲဒီရဲဘော် ကျဆုံးချိန်မှာ မသေဘဲကျန်ခဲ့တဲ့ သူ့ဘေးက ရဲဘော်လောက် ဘယ်ခံစားရပါ့မလဲ။
ဒါပေမဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ခေါင်းဆောင်ပိုင်းကသာ စင်မြင့်ပေါ်တက်ခွင့် ရနေတဲ့ခေတ် ဆိုတာလည်း ကျန်ရစ်သူ သာမန်အညတရ ရဲဘော်တွေရဲ့ အမြင်ကို ကြားခွင့်ရဖို့ မလွယ်သေးပါ။
မိန့်ခွန်းပြောပွဲနဲ့ ဂုဏ်ပြုလက်မှတ် ပေးပွဲအပြီးမှာတော့ အသက် ၈၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကိုဆန်းလင်းရဲ့အမေ ဒေါ်ဘောက်ခွန်ကို ကျွန်တော် မေးမြန်းခွင့်ရခဲ့ပါတယ်။ “သူသေသွားတယ် ဆိုတာကို အရင်က ကြားတော့ကြားတယ်။ ဒါပေမဲ့ အမေတို့က မယုံဘူး။ မနှစ်က ကိုသန်းထွဋ်ဆွေ ကိုယ်တိုင်လာပြောမှ အတိအကျ သိရတာ” လို့ ဒေါ်ဘောက်ခွန်က ပြောပါတယ်။
ပြီးတော့ “ဒီလို ဂုဏ်ပြုတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မတို့ကို မေ့မထားဘူးဆိုတာ သိရတာပေါ့” လို့ ကိုဆန်းလင်းအတွက် ပေးအပ်ထားတဲ့ ဂုဏ်ပြုလွှာကို ကျစ်ကျစ်ပါအောင် ကိုင်ထားရင်းကနေ သူက ဆက်ပြောနေပါတယ်။ အဘွားအိုက ကြိုးစားပြီး ကျွန်တော့်ကို ပြုံးပြနေပေမယ့် သူ့မျက်လုံးထဲမှာတော့ မျက်ရည်တွေနဲ့။
ကိုဆန်းလင်းအမေလို သားနဲ့ပြန်မတွေ့နိုင်တော့တဲ့ အမေပေါင်း ဘယ်လောက်တောင် ရှိနေပြီလဲ။ ဒီအခမ်းအနား တစ်ခုတည်းမှာတင် ကျဆုံး-သေဆုံးစာရင်းက ၆၅ ဦး။ တစ်နိုင်ငံလုံးက စာရင်းကို ပေါင်းလိုက်ရင် ၈၀၀ ကျော်နေပြီလို့ သိရပါတယ်။ ကျဆုံးသွားတဲ့ သူတို့ရဲ့အမေတွေ၊ ဆွေမျိုးသားချင်းတွေ ဘယ်လိုခံစားရမလဲ။ ပထမအကြိမ် ပြည်တော်ပြန်စဉ်က မြင်ရတဲ့ ကျွန်တော့်အမေ့ရဲ့ မျက်နှာကို ပြေးမြင်မိပါတယ်။
ဘာပြောပြော မသေဘဲကျန်ခဲ့တဲ့ ကျွန်တော်တို့က ဒီရဲဘော် ၈၀၀ ကျော်နဲ့စာရင် အများကြီး ကံကောင်းပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံမျိုး မဟုတ်သေးသည့်တိုင် ကိုယ့်အိမ်ကိုတော့ ပြန်လာနိုင်ခဲ့ပါတယ်။ မိစုံဖစုံနဲ့ ပြန်တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ခုနက ရဲဘော် ၈၀၀ ကျော်က ဘယ်တော့မှ အိမ်ပြန်ခွင့် မရတော့ပါ။ သူတို့တင်လားဆိုတော့ မဟုတ်သေး။
ရှင်နေရဲ့နဲ့ အခုချိန်ထိ အိမ်ပြန်ခွင့် မရသေးတဲ့၊ အိမ်မပြန်ရဲသေးတဲ့ ရဲဘော်တွေ တတိယနိုင်ငံတွေမှာ ဒုနဲ့ဒေး ရှိနေဆဲပါ။ တချို့ရဲဘော်တွေဆိုရင် မိဘသေလို့ သေမှန်းမသိလိုက်။ သိတဲ့ အချိန်ကျတော့ ပြန်တွေ့စရာ အဖေ အမေက မရှိတော့။ ဘယ်လောက် ရင်နာဖို့ ကောင်းသလဲ။ ဘယ်သူတွေကြောင့် ဒီလိုဖြစ်သွားရတာလဲ။ စနစ်ဆိုးရဲ့အမွေတွေကို ကျွန်တော်တို့ မျိုးဆက် ကောင်းကောင်း ခံနေရဆဲပါ။
တကယ်တော့ ပြည်တွင်းစစ်အတွင်း ဒီလို ကျဆုံးသွားရသူတွေထဲမှာ ABSDF ကျောင်းသားတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ဝင်တွေသာမက အစိုးရတပ်ဘက်က ကျဆုံးသူတွေလည်း မနည်းလှပါ။ သူတို့ရဲ့ ပေးဆပ်မှုတွေအတွက် ကျွန်တော်တို့ ဘာလုပ်ပေးကြမလဲ။ ဒီလို ဂုဏ်ပြုလက်မှတ်လေး ပေးလိုက်ရုံနဲ့ လုံလောက်ပါ့မလား။ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့မိသားစုဝင်တွေ၊ ထိခိုက်ဒဏ်ရာရပြီး ဒုက္ခိတ ဖြစ်သွားတဲ့ ရဲဘော်တွေအတွက် ကျွန်တော်တို့ ဘာလုပ်ပေးကြမလဲ။ လက်ရှိ အစိုးရနဲ့ နောက်တက်လာမယ့် အစိုးရတွေ၊ နိုင်ငံရေး ပါတီတွေကကော ဒီအတွက် ဘာများစဉ်းစားထားသလဲ။ နေပြည်တော်ရှိ လွှတ်တော်ကကော ဒီအတွက် ဘာများဆွေးနွေး နေပါသလဲ။
ငြိမ်းအဖွဲ့ခေါင်းဆောင်တွေကို ကားပါမစ်အစီး ၆၀ ကနေ ၁၂၀ အထိချပေးတာ။ စီးပွားရေး လုပ်ခွင့်ပါမစ် ပေးတာကလွဲရင် ကျဆုံး၊ သေဆုံး ရဲဘော်တွေ၊ ထိခိုက်ဒဏ်ရာ ရသူတွေအတွက် ဘာမှလုပ်ပေးတာ၊ ဆွေးနွေးတာ မကြားမိသေးပါ။ ဒီကြားထဲ “တစ်ချိန်က သူတို့ အသေခံ တိုက်ခဲ့တဲ့ ရန်သူကပေးထားတဲ့ လက်ဆောင်တွေနဲ့ သူတို့ကို ပြန်ဂုဏ်ပြုတယ် ဆိုတာဟာ တော်လှန်ရေးကို စော်ကားသလို ဖြစ်နေတယ်” လို့ ဝေဖန်သူတွေကလည်း မနည်းလှပါ။
ဒါပေမဲ့ လက်ရှိ အခြေအနေအရ ဒီလိုမလုပ်ရင် ဘယ်လိုလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ အခြေအနေမှာ ABSDF တစ်ဖွဲ့တည်းထွက်ပြီး လက်နက်ကိုင် တော်လှန်ရေး ဆက်လုပ်နေလို့ ဘယ်ဖြစ်မလဲ။ ပြောင်းလဲနေတဲ့ နိုင်ငံရေး လမ်းကြောင်းမှာ အများနဲ့အတူ ပူးပေါင်းပါဝင် လက်တွဲမှ ဖြစ်မယ်ဆိုတဲ့ အယူအဆက အများစု ဖြစ်နေတယ်လို့ ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန် အစိုးရနဲ့ MPC ငြိမ်းချမ်းရေး စင်တာက ပေးထားတဲ့ ဖိုးဝီးကားကို ခွပ်ဒေါင်းအလံတွေ၊ ဓားလှံ ဘက်တံဆိပ်တွေနဲ့ ဆင်မြန်းပြီး ABSDF ဗဟိုခေါင်းဆောင်တွေက စီးပြီး ထွက်ခွာသွားချိန်မှာ သူတို့ရဲ့သားတစ်ဦး ဆုံးရှုံးခဲ့ရတဲ့ ကျေးလက်ဒေသက မိဘတွေခမျာတော့ ဒီအဖွဲ့က ထုတ်ပေးတဲ့ လမ်းစရိတ်ငွေ ထောင်ဂဏန်းလောက်ကို ရင်မှာပိုက်ပြီး သူ့သား ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ ရွာကအိမ်ကို ဘတ်စ်ကား တိုးစီးပြီး ပြန်ရမယ့် မြင်ကွင်းက ဘယ်လိုမှ စိတ်သက်သာဖွယ် မရှိပါ။
တစ်လောတုန်းကတော့ အာဏာရှင် ဦးနေဝင်းရဲ့မြေးတွေဖြစ်တဲ့ ကိုအေးနေဝင်းတို့ ဦးစီးပြီး အစိုးရဘက်က ကျဆုံးသွားတဲ့ အညတရ စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတစ်ခု အာဇာနည်ကုန်းနားက သူရဲကောင်း ဗိမာန်မှာ ကျင်းပခဲ့တယ်လို့ ကြားရပါတယ်။ ဒီလုပ်ရပ်ကို မှားတယ်၊ မှန်တယ် အကဲမဖြတ်ချင်ပါ။ တကယ်ဆို နှစ်ဖက်စလုံးက အောက်ခြေစစ်သည်တွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေပဲ မဟုတ်ပါလား။
ဒါပေမဲ့ ဂုဏ်ပြုတယ် ဆိုတာဟာ အခုလို ၂၅ နှစ်ကြာမှ အခမ်းအနား တစ်ခါလုပ်ပြီး မှတ်တမ်းစာရွက်လေး တစ်ရွက် ပေးလိုက်တာမျိုးကို မဆိုလို။ လူစုတန်းစီပြီး ကြွေးကြော်သံ အော်တာလောက်နဲ့ မလုံလောက်။ ဒီကျဆုံးသွားတဲ့၊ ပေးဆပ်သွားတဲ့ အညတရ စစ်သည်တွေအတွက် အမှန်တကယ် ဘာလုပ်ပေးနိုင်မလဲ။ သူတို့မိသားစုတွေ၊ သားသမီးတွေကို ငွေကြေးအရ ကူညီပေးနိုင်မလား။ ကျောင်းထား ပေးနိုင်မလား။ လုပ်ငန်းတစ်ခုခု တည်ထောင် ပေးနိုင်မလား။ တစ်ခါ မသေဘဲနဲ့ ဒုက္ခိတဖြစ်ပြီး ကျန်ခဲ့တဲ့ ရဲဘော်တွေကိုကော ဘာလုပ်ပေးကြမှာလဲ။
ဒါတွေကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လုပ်နေတဲ့ MPC က ABSDF လူထွက်တွေက ကျွန်တော်တို့ထက် ပိုသိမှာပါ။ ဘာကြောင့်လဲဆို သူတို့က နှစ်ဖက်စလုံးကို အနီးကပ်ရော၊ အတွင်းရေးရော မြင်ခွင့်ရထားသူတွေ မဟုတ်ပါလား။ ဒါပေမဲ့ သူတို့ဆီက ဒီလို ကျဆုံးသေဆုံး၊ ထိခိုက်ဒဏ်ရာရ ရဲဘော်တွေအတွက် ဘာလုပ်ပေးသင့်တယ်ဆိုတဲ့ အကြံပြုချက် တစ်ခါမှ မကြားမိသေးပါ။
ဥရောပသမဂ္ဂနဲ့ အနောက်တိုင်းက ငြိမ်းချမ်းရေးအတွက် ပေးတဲ့ အကူအညီထဲ ဒီလို အောက်ခြေရဲဘော်တွေ ဘဝကို ထောက်ပံ့ရေး၊ ပြန်လည် ထူထောင်ရေးအတွက် ဘာမှမပါဘူးလား။ စင်လုံးငှား လေယာဉ်စီးပြီး အခါတစ်ရာမကတဲ့ လူစုဆွေးနွေးပွဲတွေ လုပ်နေတဲ့ ဘတ်ဂျက်ထဲကနေ နည်းနည်းဖယ်ပြီး ဒီရဲဘော်တွေအတွက် တစ်ခုခု မလုပ်ပေးနိုင်ဘူးလား။
တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာ တပ်ခေါင်းဆောင် အသီးသီး၊ ရဲဘော်ရဲဘက် အသီးသီးကလည်း ကိုယ်နိုင်တဲ့ဘက်ကနေ ပေးဆပ်သွားတဲ့ ‘ရဲဘော်သူငယ်ချင်း’ တွေအတွက် တစ်ခုခုလုပ်ပေးဖို့ အရေးပေါ် လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
ထက်အောင်ကျော်
0 comments:
Post a Comment