Thursday, January 1, 2015

ပြည်တော်ပြန်တဦးရဲ့ တတိယအကြိမ် ထားဝယ်မြို့အ၀င်

တနသာင်္ရီအပတ်စဉ် ၂-၂၈။
ဒီဇင်ဘာလ ၂၉  ရက်။

ဒီတခေါက် ထားဝယ်သွားရင် ရန်ကုန်ကနေတဆင့်မသွားပဲ ဘန်ကောက်-ကန်ချနပူရီ-ထီးခီးလမ်းကနေ ၀င်မယ်လို့  စိတ်ကူးထားပါတယ်။ ဒါပေမယ့် ဘန်ကောက်သံရုံးက အရင်လို ဆိုရှယ်ဗီဇာ ပေးမပေး မသေချာတာကြောင့် အရေးပေါ် အီးဗီဇာ နဲ့ဝင်လာရတော့ အဲဒီစိတ်ကူးက အထမမြောက်တော့ပါ။


တခါ ရန်ကုန်ရောက်ရင် ထားဝယ်ကို ဘတ်စ်ကားစီးပြီး လမ်းတလျောက်ငေးကြည့်သွားမယ်လို့စိတ်ကူးက လည်း အထမမြောက်ပြန်ပါဘူး။ ဘာကြောင့်လည်းဆိုရင် ကျနော် ရန်ကုန်မရောက်ခင် ရက်ပိုင်းလေးကပဲ ထားဝယ်-ရေး ကား လမ်းမှာ ဓားမြတိုက်ခဲ့လို့ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ - နှစ်အတွင်း တကယ့် ကိုနောက်ပြန်ဆုတ်မှုကြီးပါပဲ။

ဒီလိုနဲ့နောက်ဆုံးတော့ ဈေးကြီးလှတဲ့ လေယာဉ်ကိုပဲ ရွေးစရာမရှိ စီးလိုက်ရပါတယ်။ ဒါပေမယ့် အရင် နှစ်ခေါက်တုန်းက နိုင်ငံခြားသားဆိုပြီး ဆပေးလိုက်ရတဲ့အတွေ့အကြုံအရ ဒီတခေါက်တော့ နိုင်ငံခြားသား ဆက်မလုပ်တော့ပါ။ မြန်မာမှတ်ပုံတင်နံပတ်ပြော၊ ဖုန်းဆက်ပြီး ၀ယ်လိုက်တော့လည်း ပြည်တွင်းနှုန်း အတိုင်း သောင်းကျော်နဲ့ရပါတယ်။ နိုင်ငံခြားသားဆိုရင် ဒေါ်လာ ၁၃၀ လောက်ပေးရပါတယ်။ ဘတ်စ်ကားနဲ့ဆို တသောင်းခွဲလောက်ပဲပေးရတယ်လို့ ခရီးသည် တွေကပြောပါတယ်။ ဒါပေမယ့် စီးရတဲ့အချိန်ကတော့ ကွာတာပေါ့။ 

လေယာဉ်က တနာရီအတွင်း ကိစ္စပြတ်ပြီ။ ဘတ်စ်ကတော့ ရန်ကုန်ကနေ နေ့လည် နာရီထွက်ရင် နောက်တနေ့ မနက် နာရီမှ ထားဝယ်ရောက်တယ်လို့ဆိုပါတယ်။ ထားဝယ်လေယဉ်ကွင်းရောက်ရင် အရင် နှစ်ခေါက်လို နိုင်ငံခြားသားစာအုပ်မပြချင်တဲ့အတွက် ဘယ်သူကိုမှ ကြိုတင်သတင်းပို့မထားပါ။ ရွာကလာကြိုတဲ့ မိတ်ဆွေတွေရဲ့ မော်တော်ဆိုင်ကယ်လေးနဲ့ပဲ စခန်းသိမ်းလိုက်ပါတယ်။

အဲဒီနေ့က တနင်္ဂနွေဆိုတော့ လောင်းလုံးမြို့နယ် လ၀က ရုံးဆီသွားဖို့မလွယ်။ တညအိပ်ပြီး မိုးလင်းတာနဲ့ မြို့နယ် လ၀က ရုံးဆီ ကျနော်ရောက်သွားပါတယ်။ ‘’လူကြီးတွေ အစည်းဝေးရှိလို့ ခဏစောင့်ပါ’’ ဆိုပြိး ရုံးမှာရှိတဲ့ လူငယ် တွေကပြောပါတယ်။ ဒါဟာ ဒီဒေသက လူတွေအတွက် အထူးအဆန်းမဟုတ်ပေမဲ့ နော်ဝေးမှာ ဒါမျိုးမရှိပါ။ 

လူကြီးမရှိရင် ရှိတဲ့လူက တာဝန်ခံလုပ်ပေးပေါ့။ သူတို့ရဲ့ အဓိကတာဝန်က အစည်းဝေးတက်ဖို့မှမဟုတ်ပဲ။ သူတို့ ရုံးဆီ ရောက်လာတဲ့ နိုင်ငံသားတွေကို ကူညီပေးဖို့မဟုတ်ပါလား။ သူတို့တင်အစည်းဝေးရှိတာ မဟုတ်။ အခု ရုံး ရှေ့မှာ တန်းစီစောင့်နေရတဲ့နိင်ငံသားတွေမှာလဲ အလုပ်ကိုယ်စီရှိကြတာပဲလေ။ နိုင်ငံသားတွေက အလုပ်ပျက်ခံ တနေကုန် စောင့်နေရရင် အဲဒီအတွက် နိုင်ငံတော်မှာ လုပ်အားဆုံးရှုံး တာပေါ့။ ကုန်ထုတ်လုပ်မှု ကျဆင်းတာပေါ့။

တနိုင်ငံလုံးရှိ အစိုးရရုံးတွေရှေ့မှာ ဒီလို အလုပ်ပျက်ခံပြီး တနေကုန်စောင့်နေကြရတဲ့ လူစာရင်းကိုသာပေါင်းလိုက် မယ်ဆိုရင် ထောင်-သောင်းချီရှိနိုင်ပါတယ်။ ဒီလူတထောင်၊ တသောင်းရဲ့ တနေ့တာ အလုပ်ပျက်သွားတဲ့အတွက် တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုကို ဘယ်လောက်ထိခိုက်သလဲ။ လက်ရှိအစိုးရအဖွဲ့ထဲက ဘယ်ဝန်ကြီး၊ ဘယ်စီမံကိန်း အရာရှိကမှ ဒါမျိုးတွက်မိပုံမရပါ။

လောလောဆယ်တော့ ဘာမှမတတ်နိုင်။ သူ့အရပ်မှာ သူ့ဇတ်တိုင်းကရုံမှတပါး တခြားရွေးစရာမရှိ။ ဒါ ပေမယ့် ဒီလိုထိုင်စောင့်နေရတာ ပျင်းစရာကြီး။ လောင်းလုံးရောက်တုန်း ဟိုနား ဒီနားလျောက်လည်ဦးမှ ဆိုပြီး ဆက်ထွက်လာတော့ တချိန်က သူငယ်ချင်းဟောင်းတွေ တာဝန်ထမ်းနေကြတဲ့ လောင်းလုံးမြို့နယ် ဒီချုပ် NLD ရုံးဆီ ရောက်လာပါတယ်။ 


သူတို့ကလဲ အစည်းဝေးတွေနဲ့အလုပ်ရှုတ်နေပြန်ပါတယ်။ ‘’မြန်မာနိုင်ငံကလူတွေ အစည်းအဝေးတယ် လုပ်ကြပါ လား’’ ဆိုပြီးတောင် တွေးမိပါသေးတယ်။ အေးလေ။ ခေတ်ကိုက တွေ့ဆုံဆွေးနွေးရေးခေတ် ဆိုတော့ အစည်း အဝေးများများလုပ်မှ တော်ကာကျမှာပေါ့။ 

NLD ရုံးကိုကျော်ပြီး မြို့ပြင်ဖက်ထွက်လာချိန်မှာ ထူးဆန်းတဲ့သတင်းတခုကိုကြားရပါတယ်။ ‘’ဟိုရှေ့က ညင်းမော်ရွာမှာ ရေနံချက်စက်ရုံကိုဆန္ဒပြတဲ့အတွက် လမ်းခင်းမပေးပဲချန်ထားတယ်။ သွားကြည့်မလား’’ ဆိုပြီး ကျနော်ကိုလိုက် ပို့တဲ့ ဆိုင်ကယ်သမားကပြောပါတယ်။ ညင်းမော်ဆိုတာ ပထမ အခေါက်ခရီးစဉ်တုန်း က ကျနော်ရောက်ခဲ့တဲ့ရွာ။ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်မှုးဗထူးရဲ့ လေးသွန်းခံရွာဆီသွားတဲ့ လမ်းမပေါ်က ရွာပေါ့။ ဒီလိုနေရာမျိုးကို ကတ္တရာ မခင်းပဲချန်ထားပါ့မလား။ ကျနော်ကတော့ သူပြောတာကို သိပ်မယုံပါ ဘူး။

ဒါပေမယ့် မယုံလို့မဖြစ်။ လောင်းလုံးမြို့အလွန် ညင်းမော်ရွာအ၀င်ဝကနေ ဟိုဖက် ရွာအထွက် ဘုန်းကြီး ကျောင်းရှေ့နားအထိ ကတ္တရာမခင်းပဲ ဒီတိုင်းချန်ထားတာကို ထူးဆန်းစွာမြင်ခဲ့ရပါတယ်။ အင်း ဒုက္ခပါပဲ။ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကလည်း သူကိုကန့်ကွက် ဆန္ဒပြရင် လမ်းခင်းမပေးပဲ ချန်ထားတတ်ပါလား။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကကျင့်သုံးခဲ့တဲ့ ‘’လမ်းတခြမ်းခင်း အောင်သိန်းလင်း’’ ပေါ်လစီကိုများ ဒီလူတွေ လိုက်နာနေဆဲလား။

ဆန္ဒပြသူတွေဖက်ကလည်း လျော့ပေးမဲ့လက္ခဏာမရှိ။ မနေ့တနေ့ကတောင် ဒီရွာရဲ့အောက်ဖက် ၁၀ မိုင်ခန့် အကွာရှိ သကျက်တောရွာမှာ အလားတူ ဆန္ဒပြပွဲလုပ်ခဲ့ကြသေးတယ်မဟုတ်ပါလား။ ဒီတကြိမ်ဆန္ဒပြ တာကတော့ ရေနံချက်စက်ရုံကိုမဟုတ်။ အဲဒီဒေသမှာဆောက်ဖို့ပြင်နေတဲ့ ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တဲ့ ဆန္ဒပြတာပါ။

ဆန္ဒပြတဲ့ရွာတိုင်းကိုသာ လမ်းခင်းမပေးပဲ ချန်ထားရင် လောင်းလုံးမြို့နယ်တခုလုံး မြေနီလမ်းပြန်ဖြစ်မဲ့ပုံပါပဲ။နေပူလွန်းလို့ ဆီအုန်းပင်တွေအောက်ခဏထိုင်နေစဉ်းစားနေတုန်း လ၀က ရုံးက ဖုန်းဝင်လာပါတယ်။ လူကြီးတွေ ရောက်လာပြီ။ ရုံးကိုပြန်လာပါတဲ့။ ကျနော်ကိုယ်တိုင်လိုက်လာလို့လား။ ဒါမှမဟုတ် အရင် တခေါက်က စာအုပ်ကြီး အတိုင်း ခပ်တင်း တင်းဆက်ဆံတဲ့ လ၀က အရာရှိကို မီဒီယာပေါ် တက်ပြီးဝေဖန် မိလို့လားမသိပါဘူး။ ဆက်ဆံရေး က အရင်တခေါက်နဲ့ဘာမှမဆိုင်။

မိတ်ဟောင်းဆွေဟောင်းတဦးလို ပြုံးပြုံးရွှင်ရွှင်နဲ့ပြောဆိုဆက်ဆံပြီး ‘’ဟောဒီနေရာမှာသာ လက်မှတ်ထိုး ပေးခဲ့ပါ။ အားလုံး အိုကေ ပါတယ်’’ လို့ပြောပါတယ်။ တယ်ဟုတ်ပါလားပေါ့။ အစိုးရ၀န်ထမ်းတွေရဲ့ အာဏာပြမှုကို မီဒီယာပေါ် တက်အော်ရင် အကျိုးရှိတဲ့သဘောများလား။ မအော်ဘူးဆိုရင် အရင်တခေါက် လိုပဲ နှစ်ချိုံ့ ဥပဒေ စာအုပ်ကြီးနဲ့ ဖိနှိပ်ခံနေရလေဦးမလားမသိပါ။

သတင်းသမားတွေအဆင်ပြေတာနဲ့ပဲ အားလုံးအဆင်ပြေသွားပြီလို့ ဘယ်ပြောလို့ဖြစ်ပါ့ မလဲ။ သတင်း သမားရဲ့ တာဝန်ကိုယ်နှိုက်က ကိုယ့်အတွက်အဆင်ပြေဖို့မဟုတ်။ တိုင်းပြည်ကြီးတခုလုံး အဆင်ပြေအောင် ဝေဖန်ပြော ဆိုထောက်ပြရေးမဟုတ်ပါလား။

ဒါပေမယ့် ဘာဖြစ်ဖြစ်။ ဒီလိုခပ်မြန်မြန်နဲ့အဆင်ပြေအောင်လုပ်ပေးတဲ့အတွက် လ၀က အရာရှိတွေကို ကျေးဇူးတင် ရမှာပါ။ ဒါကို တိုးတက်မှုတခုအဖြစ်လည်း အသိမှတ်ပြုရမှာပါ။ နောက်ထပ်တိုးတက်မှုတွေ ကော ဘာရှိသေးလဲ။ 

နှစ် ၅၀ ကျော်ခေါက်ရိုးကျိုးနေတဲ့ စစ်အာဏာရှင်လက်အောက် ပုံစံခွက်ထဲက ၀န်ထမ်းတွေရဲ့ စဉ်းစားပုံတွေ ကို ချက်ချင်းပြောင်းဖို့မလွယ်သေးပါ။ ဒါပေမယ့် ပိုက်ဆံရှိရင် ချက်ချင်းထလုပ်နိုင်တဲ့ လမ်း၊ တံတားပြုပြင် ရေးတွေကတော့ လောင်းလုံးနဲ့ ထားဝယ်တခွင်မှာ အတော်တိုးတက်နေတာကို သတိပြုမိပါတယ်။

လ၀က ရုံးဝန်းကျင်ရှိ လောင်းလုံးမြို့အ၀င် လမ်းမကြီးတခုလုံးကို ဘူဒိုဇာနဲ့ထိုးပြီး ချဲ့ထွင်ပြုပြင်နေပါတယ်။ တခါ လောင်းလုံးကနေ ထားဝယ်မြို့အကြားရှိ ကားလမ်းတလျောက်ကလဲ မနှစ်ကထက် နှစ်ဆနီးပါး ကျယ်ဝန်ကောင်း မွန်လာတာတွေ့ရပါတယ်။ 

သိန်းရာနဲ့ချီတန်တဲ့ ကားအကောင်းစားတွေ၊ အ၀ါရောင်နံပတ်ပါတဲ့ ဘုန်းကြီးကားတွေ၊ ဘတ်စ်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေလည်း မနှစ်ကထက် ပိုများလာပါတယ်။ ဒါပေမယ့် အဲဒီကားအကောင်းစားတွေကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်ထားကြသလဲ။ ၀န်ထမ်းလစာ သိန်းဂဏန်းနဲ့တော့ ဒီကားတွေ ၀ယ်ဖို့မဖြစ်နိုင်။ 

ဒါဖြင့် ဒီလူတွေ လာဘ်စားနေဆဲလား။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှာ လာဘ်စားမှု ပပျောက်ရေး စီမံကိန်း မပါသေးဘူးလား။ ဒါမှမဟုတ် ရွာကလူကြီးတွေပြောနေကြစကားအတိုင်း ရှေးဘ၀က ကုသိုလ်ကံကြောင့် ဒီလူတွေကချမ်းသာသွားပြီး ရွာသားတွေက ဆက်ဆင်းရဲနေရတာလား။ မြန်မာနိုင်ငံမှာ ဆင်းရဲချမ်းသာမှုက ဘာကြောင့် ဒီလောက်ကွာခြားသွားတာလဲ။

ဘုန်းကြိးကျောင်းတွေအင်မတန်များပြီး ဘာသာရေးကိုကိုင်းရှိုင်းလှတဲ့ ဒီဒေသမှာ လာဘ်စားခြင်းကို ပါးသီလ ဖောက်ဖျက်ခြင်း၊ သို့မဟုတ် သူတပါး ပစ္စည်း ကိုခိုးယူခြင်း သို့မဟုတ် သူတပါးရဲ့ ပစ္စည်းဥစ္စာကို မတရားတဲ့ နည်းနဲ့ရအောင်ယူထားခြင်းလို့ မမြင်ကြသေးဘူးလား ဆိုပြီး ကျနော်စဉ်းစားနေမိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More