Friday, January 30, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၃)

လူအစုံဆုံး အစည်းဝေးနဲ့ Publish Service Broadcast အိုင်ဒီယာ

၂၀၀၈ ခုနှစ်ဟာ DVB-TV ရဲ့ အအောင်မြင်ဆုံးကာလလို့ပြောရမယ်ထင်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးကို အခြေခံရိုက်ကူးခဲ့တဲ့ Burma VJ မှတ်တန်းရုပ်ရှင် အော်စကာဆုရနိုင်တဲ့အထိ နာမည်ကြီးခဲ့သလို အခြားဆုတွေလည်းအများကြီးရခဲ့ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြတ်တလှည့်၊ ငတ်တလှည့်ဖြစ်နေတဲ့ DVB ရဲ့ ဘတ်ဂျက်လည်း နည်းနည်းထူထူထောင်ထောင်ဖြစ်လာပြီး လကုန်ရက်တိုင်း လစာပုံမှန်ဝင်လာတယ်ဆိုပါတော့။


(၂၀၀၈ ခုနှစ် နှောင်းပိုင်းက အော်စလိုရုံးချုပ်မှာတွေ့ရတဲ့ DVB ၀ိုင်းတော်သားများ)

အဲဒီအချိန်မှာ လုပ်ငန်းခွင်နယ်ပယ်အသီးသီးက ၀န်ထမ်းတွေ အော်စလိုရုံးချုပ်မှာစုဆုံဆွေးနွေးနိုင်ရေး အတွက် အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ချင်းမိုင်ရုံးက၀န်ထမ်းတွေကို အော်စလိုရုံးဆီ သင်တန်းခေါ်ယူခြင်းပါ။ အော်စလိုသတင်းခန်းဝန်ထမ်းတွေနဲ့အတူရိုက်ထားတဲ့ မှတ်တန်းဓာတ်ပုံအရ စုစုပေါင်း ၂၄ ဦးရှိပြိး ဒါဟာ DVB သမိုင်းမှာ လူအစုံဆုံး အစည်းဝေးတခုပါပဲ။ 

အော်စလိုရုံးချုပ်က လူတွေကို အရင်မိတ်ဆက်ပေးရမယ်ဆိုရင် ညွန်မှုး ကိုအေးချမ်းနိုင်၊ ဒုညွန်မှုး ကိုခင်မောင်ဝင်း၊ သတင်းအယ်ဒီတာ ကိုမိုးအေး။ သတင်းခန်းမှ ထက်အောင်ကျော်၊ ခင်နှင်းထက်၊ အေးအေးမွန်၊ နန်းခမ်းကယောက်၊ အင်္ဂလိပ်ပိုင်းသတင်းခန်းမှ ကိုပါစကယ်ခူးသွယ်၊ ကျနော်ဆွဲဖွင့်မိသောတံခါးများအစီစဉ်မှုး ကိုနေဇော်နိုင်နဲ့ ၀က်ဆိုက်ဌာနမှ မသီတာတို့ ၁၀ ဦးဖြစ်ပါတယ်။

ချင်းမိုင်ရုံးကနေရောက်လာသူတွေထဲမှာတော့ အပတ်စဉ်ကဏ္ဍတာဝန်ခံ ကိုခင်မောင်စိုး၊ ချင်းမိုင်ရုံး အုပ်ချုပ်ရေးမှုး ကိုတိုးဇော်လတ်၊ သတင်းခန်းမှ ကိုအေးနိုင်၊ ကိုသက်၊ ကိုဇင်မောင်၊ ကိုနေထူး၊ စိုင်းကျော်ခိုင် (ဒီပုံကို ရိုက်ပေးသူဖြစ် တဲ့အတွက် ပုံထဲ မပါပါ) နော်စေးဖော၊ စောလဲ့နန္ဒာ၊ မခင်မင်းဇော်၊၊ အဂ်လိပ်ပိုင်းမှ ကိုရဲတိုက်၊ နည်းပညာဌာနမှ ကိုအောင်ဖြိုး။ Burma VJ မှ ကိုမျိုးမင်းနိုင်နဲ့ ကိုကျော်စွာတို့ ၁၄ ဦးဖြစ်ပါတယ်။

လူစုံတုန်း တနေကုန်လုပ်တဲ့အစည်းဝေးတွေမှာ ဘာတွေဆွေးနွေးဖြစ်သလဲဆိုတာကိုတော့ မမှတ်မိတော့ပါ။ ကြမ်းအားဖြင့်ကတော့ အော်စလို၊ ချင်းမိုင်နဲ့ Burma VJ တို့ တယောက်တနေရာစီဖြစ်နေတဲ့အတွက် အချင်းချင်းနားလည်မှုလွဲခဲ့တာတွေကို ပြန်လည်ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်ဖို့ လုပ်ဆောင်ခြင်းနဲ့ သတင်းအရည်အသွေးဆိုင်ရာ၊ နည်းပညာဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထင်ပါတယ်။ 

ဆွေးနွေးပွဲအပြီးမှာတော့ ဒီလူအုပ်ကို စုခွဲပြီး ဆွီဒင်နိုင်ငံ (Gävle) ယဗလယ်မြို့ရှိ ဆွီဒင်ရေဒီယို စတေရှင်ဆီ သတင်းတပတ်တာ လေ့လာရေးခရီးစဉ်သွားခိုင်းပါတယ်။ ကျနော်တို့ DVB နဲ့ ဒီရေဒီယိုကြား (အဲဒီကာလက) အဓိက ကွာခြားချက်ကတော့ သူတို့ဟာ သတင်းဖြစ်နေတဲ့နေရာမှာအခြေစိုက်ပြီး အဲဒီကသတင်းကို အဲဒီဒေသရှိ သတင်းထောက်တွေက အဲဒီမှာနေတဲ့လူတွေအတွက် လွှင့်ပေးနေခြင်းပါ။ ကျနော်တို့ကတော့ နော်ဝေးမှာ အခြေစိုက်ပြီး ဟိုး မိုင်ပေါင်း ၅၀၀၀ ကျော်ဝေးတဲ့အရပ်မှာ သတင်းယူ၊ အဲဒီကိုပြန်လွှင့်ပေးဆိုတော့ ဒီအချက်က အတော်ထူး ခြားနေပါတယ်။

ဒုတိယ တချက်ကတော့ ကျနော်တို့က Short Wave လှိုင်းတိုရေဒီယို၊ သူတို့က FM ရေဒီယို။ ကျနော်တို့က တရက် မှ ကြိမ်သာလွှင့်နိုင်ပြီး သူတို့က ၁၂ နာရီလောက်လွှင့်ပါတယ်။ ကျနော်တို့ကသတင်းကို အဓိကထားပေမဲ့ သူတို့ Debate အပြန်အလှန်ငြင်းခုံဆွေးနွေးတာ၊ ကွင်းဆင်းသတင်းပေးပို့တာ၊ ရေဒီယို အစီစဉ်အတွင်း ပရိတ်သတ်တွေကို ဖိတ်ခေါ်ဆွေးနွေးတာကို အဓိကထားတယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဆီမှာက သတင်းလွတ်လပ် ခွင့်ရှိပြီးသားဆိုတော့ ကျနော်တို့လို သတင်းကို တကူးတကာ့လိုက်ရှာနေစရာ မလိုတော့ပါ။

ဒါက သတင်းသမားတဦးအနေနဲ့ ကျနော်ရဲ့တွေ့ရှိချက်ပါ။ ဒါပေမယ့် နိုင်ငံရေးအမြင်ရှိသူတွေကတော့ လူထုအခွန် ငွေ၊ သို့မဟုတ် အစိုးရထောက်ပံ့ငွေနဲ့ လည်ပတ်နေတဲ့ Public Service ဒီလိုရေဒီယိုမျိုး မြန်မာနိုင်ငံမှာလုပ်နိုင်ရင် ကောင်းမှာပဲဆိုတဲ့ အမြင်ရသွားတယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုရင် Gävle ကနေ လေ့လာခဲ့တဲ့ Publish Service Broadcast အများပြည်သူဝန်ဆောင်မှု အသံလွှင့်ဌာန၊ အများပြည်သူ ၀န်ဆောင်မှု သတင်းလုပ်ငန်းဆို တာတွေကို အခု မြန်မာအစိုးရဖက်က ကျယ်ကျယ် လာင်လောင်ပြောဆိုလာနေလို့ဖြစ်ပါတယ်။ 


(ပထမ ဆုံးအကြိမ်ပြုလုပ်တဲ့ DVB နဲ့ မြန်မာအစိုးရ ပြန်ကြားရေးဌာန ပူးတွဲမီဒီယာ ဆွေးနွေးပွဲ)

ဒီအသံကို မြန်မာနိုင်ငံမှာ စတင်ကြားခဲ့ရတဲ့အချိန်နဲ့နေရာကတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် စက်တင် ဘာလမှာဖြစ်ပါတယ်။ စပြောတဲ့သူတွေကတော့ အဲဒီ Gävle အစီစဉ်ကိုမိတ်ဆက်ပေးခဲ့သူ DVB ရဲ့ညွန်မှုးတွေဖြစ်တဲ့ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်းနဲ့ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်တို့ဖြစ်ပါ တယ်။ စပြောတဲ့နေရာက တော့  ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၂-၂၃ တုန်း က ရန်ကုန်မှာကျင်းပတဲ့ Media in Service to the Publish: A Forum on Publish Service Broadcasting ဆိုတဲ့ DVB နဲ့ အစိုးရ ပြန်ကြားရေးတို့ ပထမဆုံးအကြိမ် ပူးတွဲလုပ်တဲ့ မီဒီယာ ဆွေးနွေးပွဲမှာဖြစ်တယ်ဆိုတာကို အမှတ်ရနေပါတယ်။


ကင်မရာတလုံးနဲ့ ဥရောပခရီးစဉ်များ

Gävle ရေဒီယို လေ့လာရေးခရီးစဉ်အပြီးမှာတော့ ခွင့်တလယူပြီး Far from Home: 20 years in Exile ဆိုတဲ့ စာအုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ စာအုပ်ပါ ဆောင်းပါးအများစုဟာ Nation, Bangkok Post, Irrawaddy နဲ့ DVB မှာဖေါ်ပြပြီးသားဖြစ်ပေမဲ့ တောတွင်းဘ၀ဖြတ်သန်းမှုအကြောင်း ဆောင်းပါးအသစ် ပုဒ်လည်းပါရှိပါတယ်။ အဓိကကတော့ လေးလုံးအရေးတော်ပုံ နှစ် ၂၀ ပြည့်နေ့မှာ အမှတ်တရအနေနဲ့ တခုခု လုပ်ချင်တဲ့သဘောမျှသာဖြစ်ပါတယ်။


(၂၀၀၉  ခုနှစ် ဖေဖေါ်ဝါရီလက ဘာစီလိုးနားမြို့မှာကျင်းပတဲ့ ဥရောပရောက် မြန်မာများဆွေးနွေးပွဲ)

ထိုင်းကအပြန် ၂၀၀၉  ခုနှစ်ဖေဖေါ်ဝါရီလထဲမှာတော့ စပိန်နိုင်ငံ ဘာစီလိုးနားမှာပြုလုပ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲအတွင်း စကားပြောဖို့ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီစာအုပ်ပေါ်အခြေခံပြီး အခုလိုဖိတ်ကြားခံရတာဖြစ်ပေမဲ့ အဲဒီမှာ ဥရောပရောက် မြန်မာတွေနဲ့ ဥရောပအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ NGO တွေရဲ့ အစည်းဝေးတွေက လည်းရှိနေပါတယ်။

ဘာစီလိုးနားပွဲအပြီးမှာလား၊ အဲဒီမတိုင်ခင်လေးမှာလား မမှတ်မိတော့ပါ။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ ဌာနချုပ် အပါဝင် ကုလသမဂ္ဂရုံးတွေအတော်များများရှိတဲ့ ဆွင်ဇလန်နိုင်ငံ ဂျာနီဗာမြို့မှာကျင်းပတဲ့ မြန်မာ့အရေးပွဲတခုဆီ တက်ရောက်သတင်းယူဖို့ ဖိတ်ကြားခံရပြန်ပါတယ်။ တကယ်က သတင်းယူဖို့ သက်သက်မဟုတ်။ ဂျီနီဗာအခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ ဆွစ်-မြန်မာကော်မီတီကနေ DVB အတွက် ရန်ပုံငွေရှာပေးရေးအစိစဉ်လည်းပါဝင် ပါတယ်။

ထူးခြားတာကတော့ ဆွင်ဇလန်ဟာ ဒီလို ကုလသမဂ္ဂရုံးတွေရှိနေပေမဲ့ EU အဖွဲ့ဝင်မဟုတ်သလို Schengen ဗီဇာ လို့ခေါ်တဲ့ ဥရောပအတွင်းသွားနိုင်တဲ့ ဗီဇာနဲ့လည်း သူ့နိုင်ငံအတွင်း ၀င်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ အဲဒီအချိန် ကျနော်တို့ကိုင်ထားတဲ့ နိုင်ငံကူးလက်မှတ်က နော်ဝေးနိုင်ငံသားမဟုတ်သေး။ ခရီးသွားလက်မှတ်အဆင့်သာရှိသေးတဲ့ အတွက် ဗီဇာလျောက်ရမယ်လို့ဆိုပါတယ်။ အော်စလိုရှိ ဆွစ်သံရုံးဆီသွားပြီး ဗီဇာလျောက်တော့ ဒီစာအုပ်အဆင့် အတန်းကို သူတို့နိုင်ငံက ဗီဇာမပေးဘူး လို့ငြင်းပါတယ်။ 

ဒီလိုနဲ့နောက်ဆုံးတော့ စာအုပ်ပေါ်မှာ ဗီဇာ မထုပဲ သီးခြားစာရွက်ပေါ်ဗီဇာကပ်ပြီး ကျနော်တို့ကိုပေးလိုက် ပါတယ်။ ကျနော်တို့ဆိုတာက သတင်းယူမယ့်ကျနော်နဲ့ ဆုယူမဲ့ ညွန်ချုပ် ကိုအေးချမ်းနိုင်တို့ ဦးပါ။ (အဲဒီကာလကတော့ ဒါဟာ အတော်ထူးခြားတဲ့ဖြစ်စဉ်လို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံ ဆီဝင်နေကြတဲ့ ပြည်ပရောက် အတော်များများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲသွားနေသူတော်တော်များများ စာရွက်ပေါ် ဒီလိုပဲ ဗီဇာကပ်ပြီး ၀င်နေကြတယ်လို့သိရပါတယ်)

ဂျီနီဗာဆီရောက်တဲ့အခါ ပထမ ဆုံးထူးထူးခြားခြားသတိထားမိတာကတော့ ကုလသမဂ္ဂရုံးရှေ့က ခြေတောက် ဖက်သာရှိတဲ့ ဧရာမကုလားထိုင်ကြီးပါပဲ။ မြေမြှုပ်မှိုင်းရဲ့ဆိုးကျိုးကိုပြသတဲ့အနေနဲ့ ခြေတဖက်ပြတ်နေတဲ့ ကုလားထိုင်ကြီးကိုတမင်ပြသထားတာလို့ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီထိုင်ခုံရှေ့ဆီ မြန်မာသံဃာင်္တော်တွေလည်း ရောက်နေတာနဲ့ အင်တာဗျုးလုပ်ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အိုအယ်အို ရုံးဆီသွားပြီး မြန်မာနိုင်ငံဆိုင်ရာ အိုင်အယ်အို အရာရှိ စတိမာရှယ်နဲ့ ကာရီတာပီရိုလာတို့နဲ့ ဗီဒီယို အင်တာဗျုးလုပ်ခဲ့ပါတယ်။

ပြည်ပရောက်နိုင်ငံရေးလှုပ်ရှားသူတွေ၊ မြန်မာတွေအချင်းချင်းကြားမှာ ကင်မရာမင်းမပါပဲ တဦးတည်း ကင်မရာထောင်၊ တဦးတည်းမေး၊ တဦးတည်းပြန်သရုပ်ဆောင်လုပ်ရတဲ့ All in One ပေါ်လစီဟာ သိပ်ပြသနာမရှိပေမဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဗျုးတဲ့အခါမှာတော့ ဒီနည်းက သူများကိုအားနာစရာ ကြီးဖြစ်နေပါတော့တယ်။ ဒီအတွက် ပထမ ပိုင်းမှာ အိုင်အယ်အို ပြန်ကြားရေးဌာနမှ ကင်မရာမင်းတဦးက ကျနော်ကို ကူညီရိုက်ပေးပါတယ်။ ဒါပေမယ့် သူလဲ သူ့အလုပ်နဲ့သူဆိုတော့ အစ-အဆုံးတော့ မကူညီနိုင်။ စတိမာရှယ်နဲ့ ဗျုးတာတခုလုံးကို ကျနော်တယောက်တည်း လုပ်ခဲ့ရပါတယ်။

ကြည့်လိုက်ရင် သိပ်အပန်းမကြီးလှဘူးလို့ထင်ရပေမဲ့ ကင်မရာအိတ်ကအတော်လေးပါတယ်။ ကင်မရာထင် ဒေါင့်တိုင်က ကင်မရာထက်ပိုလေးပါတယ်။ အဲဒီလိုလေးလံတဲ့ ပစ္စည်း ခုကိထမ်းပိုသွားရတဲ့အပြင် ကိုယ်ပုံကိုလည်းပါအောင် ထည့်ရဦးမှာဆိုတော့ အနောက်တိုင်းဝတ်စုံတွေ၊ ကြောင်ရှာသီးတွေကိုလည်း ဆင်မြန်းသွားရပါသေးတယ်။ ဂျီနီဗာ ရာသီ ဥတုသာမအေးဘူးဆိုရင် ချွေးပြန်မဲ့ကိစ္စ။ ပြီးတော့ ကင်မရာဆင်၊ တဖက်လူကို မိုက်တွေဆင်ပေး၊ အသံတွေ ချိန်ရ၊ လိုချင်တဲ့ပုံ၊ လိုချင်တဲ့အသံရ မရ သိနိုင်ဖို့ မေးနေရင်းနဲ့ ကင်မရာစခရင်ကို ခဏခဏ လှမ်းကြည့်နေရတဲ့ ဒုက္ခက သိပ်မသေးလှဘူးပေါ့ခင်ဗျား။

နောက်ထပ်ကြုံရတဲ့ ကင်မရာပြသာနာတခုကတော့ ဟိုတယ်ခန်းထဲ အင်တာဗျုးလုပ်တဲ့အခါ ကုတင်ပုံကြီး ပါ ပါလာတဲ့ကိစ္စပါပဲ။ အဲဒီပွဲဆီရောက်နေတဲ့ ညွန့်ပေါင်းအစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ကုလသမဂ္ဂ ဆိုင်ရာကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းတို့ကို အင်တာဗျုးလုပ်စဉ်မှာ အဲဒီအကွက်တွေက သတိမထားမိပဲပါလာတာပါ။ ပြင်မှာရိုက်မယ်ဆိုရင်လဲ ဘေးအသံတွေပါမှာစိုးတာနဲ့ အခန်းထဲပဲရိုက်ဖြစ် တာများပါတယ်။

အလားတူအမှား ခုကို ဘာစီးလိုးနားပွဲမှာ FDB မှ ကိုစိုးအောင်နဲ့ရိုက်စဉ်မှာနဲ့ နယ်သာလန်နဲ့ ဒိန်းမတ် ကပွဲတခုကို သွားစဉ်ကလည်း (အခုကွယ်လွန်သွား ပြီဖြစ်တဲ့) KNU မှ ပဒိုဒေးဗစ်ထောနဲ့ အင်တာဗျုးမှာ အဲဒီလိုပဲ ကုတင်ပုံကြီးက ပါနေပြန်ပါတယ်။ ဒီတော့ သူပုံကိုပဲ တခြမ်းဖြတ်ယူပြီး တောထဲကပုံတွေ၊ ဗိုလ်ချုပ်မြနဲ့ ဗိုလ်ချုပ်ခင်ညွန့်ဆွေးနွေးနေတဲ့ပုံတွေကို တခြမ်းစီတွဲပေးလိုက်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖလင် ခြမ်းတွဲတဲ့ ပရိုဂရမ်က DVB မှာမရှိသေးပါ။ ဒီတိုင်း ဖြတ်-ညှပ် တွဲပြီး ထုတ်လွင့်ခဲ့တာကြာင့် ရုပ်-သံ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ခံရတာကို အခုချိန်ထိအမှတ်ရနေပါတယ်။
...........................................................

.............................................................

..............................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More