Tuesday, April 8, 2014

ပုလော ယာဉ်တိုက်မှု ABSDF စစ်ရေးချုပ် ပွဲချင်းပြီး သေဆုံး

|Dawei Watch| မြိတ်၊ ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ထမင်းမစားရွာအနီး
တော်ဝင်ကျေးရွာတွင် ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ABSDF
ကျောင်းသားတပ်မတော်မှ စစ်ရေးချုပ် စီးနင်းလာသည့် ကားနှင့်
မှန်လုံယာဉ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ABSDF
စစ်ရေးချုပ်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ပုလောမြို့နယ်
ရဲစခန်းမှ သိရသည်။

 (ဓာတ်ပုံ- ABSDF-Files)

ဧပြီလ ၆ ရက်နေ့က ကျင်းပသည့် မြိတ် ABSDF ၂၅ နှစ်မြောက် အခမ်းအနားမှ
ထားဝယ်သို့ ပြန်လာအပြန် ABSDF တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်
စစ်ရေးချုပ် ရဲဘော်ခွန်ဒီးယူ အသက် ၃၉ နှစ် အပါအ၀င် ၆ ဦးပါ
ဟိုက်ဂျက်ကားနှင့် ထားဝယ်မှ မြိတ်သို့ ဦးတည်မောင်းလာသည့် ခရီးသည်တင်
မှန်လုံယာဉ်တို့ ထားဝယ် - မြိတ် ကားလမ်း မိုင်တိုင် အမှတ် ၈၄/၅ ရှိ
လမ်းကွေ့တစ်ခုတွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟိုက်ဂျက်ကားမှာ အတော်လေး ပျက်စီးခဲ့ပြီး ယင်းကားတွင် ယာဉ်မောင်းအပါအ၀င်
အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်း ၆
ဦး လိုက်ပါလာသည်ဟု ထားဝယ် ၈၈ ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရသည်။

ထို့အပြင် ဟိုက်ဂျက်ကားတွင် လိုက်ပါလာသည့် အသက်(၂၀) ရှိ အမျိုးသမီးမှာ
ခြေသလုံးနှစ်ဖက်စလုံး ကျိုးကြေကာ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာရရှိပြီး ၉
နှစ်အရွယ် မိန်းကလေးမှာ ညာမျက်ခုံးနှင့် ညာလက်မောင်းတွင် ဖူးရောင်ဒဏ်ရာ၊
ယာဉ်မောင်းမှာ နဖူးပေါက်ပြဲဒဏ်ရာခဲ့ကာ ပုလောက်မြို့နယ်ခွဲဆေးရုံသို့
တင်ပို့ထားခဲ့သည်ဟု ပုလောမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

ယင်း လူနာများအနက် ဒဏ်ရာပြင်းထန်စွာရရှိထားသော အထက်ပါ အမျိုးသမီးနှင့် ၉
နှစ်အရွယ် ကလေးငယ်တို့ကို ဧပြီလ ၈ ရက် နံနက်ပိုင်းတွင်
ထားဝယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး မှန်လုံအမြန်ယာဉ်မှ ယာဉ်မောင်းကို
ယာဉ် (ပ) ၈/၂၀၁၄ ၊  ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈/၃၄၀-က အရ အမှုဖွင့်
အရေးယူဆောင်ရွက်ထားသည်ဟု ပုလောရဲစခန်းမှ သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More