Wednesday, April 16, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၆)

မင်းသမိးစခန်းထိုးစစ်နဲ့ နိုင်ငံခြားသတင်းထောက်များ

၁၉၉၇ ဖေဖော်ဝါရီလမှာကျင်းပတဲ့ နီဒိုနီထော ခေါ် KNU ရဲ့ နေကြီးရက်ကြီးပွဲတော်ဆီ လာရင်း နိုင်ငံ ခြားသတင်းထောက်တချို့ ကျနော်တို့ကျောင်းသားခစန်းဆီ ရောက်လာကြပါတယ်။ ပထမ ရောက်လာ တာက တီဗွီ သတင်းထောက်တဦးနဲ့ ကင်မရာသမားတဦး။ သူတို့ဟာ နောက်တန်းက ဒီလို စစ်ရေးပြ အခမ်းနားကို ရိုက်ချင်တာမဟုတ်ဘဲ ရှေ့တန်းက တိုက်ပွဲတွေကို ရိုက်ချင်တယ်လို့ ပြောပါတယ်။

(စစ်ပူကာလမှာ မင်းသမီးစခန်းဆီရောက်လာတဲ့ နိုင်ငံခြားသတင်း ထောက် ၂ ဦး ကျောင်းသားတပ်ကို ဓာတ်ပုံရိုက်ယူနေစဉ်)

ခက်တာက ကျနော်တို့က သူတို့ကိုတာဝန်ယူပြီး ရှေ့တန်းအထိ လိုက်မပို့နိုင်။ သူတို့ကလည်း အတင်း လိုက် ပို့ခိုင်းနေပါတယ်။ ကမ္ဘောဒီးယားစစ်ပွဲ၊ ဘော်လကန် စစ်ပွဲတွေတောင် သူတို့သတင်းသွား ယူ ဖူးတယ်။ ဒီလောက်ကတော့ အေးဆေးပဲ၊ လိုက်သာပို့ပေးပါလို့ ပြောပါတယ်။ အခြေနေမျိုးစုံကို ရှင်းပြ ပြီး တာဝန်မယူနိုင်ကြောင်း၊ လိုက်မပို့နိုင်ကြောင်းပြောတော့ ''ဒီကောင်တွေက သူတို့ရဲ့ Big Brother KNU ကို ကြောက်နေရတယ်နဲ့တူပါတယ်'' ဆိုပြီး အဲဒီသတင်းထောက်တွေက ပြောပါတယ်။ နောက်ဆုံး ရှေ့တန်း သွားခွင့်မရလို့ တညအိပ် နှစ်ရက်လောက်နေပြီး ပြန်သွားကြပါတယ်။

သူတို့ပြန်သွားပြီး နောက်ထပ်ရောက်လာတဲ့ သတင်းထောက်နှစ်ဦးကတော့ Asiaweek က ဓာတ်ပုံ ဆရာတဦးနဲ့ ပြင်သစ်ရေဒီယိုက သတင်းထောက်တဦး။ သူတို့ကတော့ ရှေ့တန်းသွားဖို့ မပြော။ နောက် တန်းမှာတွေ့တဲ့ လှုပ်ရှားမှုတွေကိုပဲ အသေချာရိုက်ယူ။ လိုတာတွေမေးမြန်း။ ပြီးတော့ ထီးထားမှာ ကျင်းပဖို့ပြင်နေတဲ့ နီဒိုနီထောပွဲဆီသွားပြီး KNU တာဝန်ရှိသူတွေကိုမေးမြန်း။ အခမ်းနားတွေကို ဓာတ်ပုံ ရိုက်ပြီး ပြန်သွားပါတယ်။

နီဒိုနီထောပွဲတော်ဆိုတာကတော့ KNU ခရိုင်တွေ၊ တပ်မဟာတွေမှာ ၄ နှစ်တကြိမ် ကျင်းပလေ့ရှိတဲ့ ပရိသတ်သောင်းနဲ့ချီတက်တဲ့ ပွဲတော်ကြီးဖြစ်ပြီး အားကစားနဲ့ ယဉ်ကျေးမှုပွဲတွေကို ဦးစားပေးလေ့ရှိတာ တွေ့ရပါတယ်။ ထားဝယ်ဘက်က နာမည်ကြီးဘောလုံးသမား၊ ဘော်လီဘောသမားတွေ ကိုယ်တိုင် လာပြီးကစားကြတာကိုတွေ့ရတော့ အံ့သြမိပါတယ်။ ဒါပေမယ့် သူတို့ သူပုန်နယ်ဆီ ဒိလိုပဲသွားလာနေ တာ ရိုးနေပြီလို့ဆိုပါတယ်။

ကျနော်တို့ကျောင်းသားတွေလည်း အဲဒီပွဲမှာဝင်နွှဲကြပြီး ဇာတ်ကသူက၊ ဈေးရောင်းသူရောင်းပေါ့။ ဒီနှစ် မှာတော့ ထူးထူးခြားခြား ကျနော်တို့ဆီက စစ်ကြောင်းတခု အခမ်းနားဖွင့်ပွဲဆီ ချီတက်ခွင့်ရပါတယ်။

အဲဒီလို ခြိမ့်ခြိမ့်သဲ အခမ်းနားကျင်းပနေချိန်အထိ မင်းသမီးဒေသဆီ န၀တ ဘက်က ထိုးစစ်ဆင်မယ် ဆိုတဲ့ သတင်းမကြားရသေးပါ။ ဒါပေမယ့် နိဒိုနီထောပွဲကျင်းပဆဲ နောက်ဆုံးရက်မှာ န၀တ တပ်တွေ မေတ္တာရွာကနေ ထွက်လာနေပြီဆိုတဲ့သတင်း ကြားရပါတယ်။ ဒီလိုနဲ့ဆိုင်ခန်းတွေ အမြန်သိမ်း၊ စခန်း ကိုပြန်ပြီး ခုခံစစ်အတွက် ဆွေးနွေးမှုတွေလုပ်ရပါတယ်။

ဒီလိုဆွေးနွေးလို့ကောင်းတုန်းမှာ ဗွီဒီယို ကင်မရာတလုံးနဲ့ ကျနော်တို့စခန်းဆီ ရောက်လာသူကတော့ NCGUB ရဲ့ လူ့အခွင့်ရေးမှတ်တန်းဌာနနဲ့ ABSDF နိုင်ငံခြားသတင်းဌာနအတွက်တွဲပြီး အလုပ်လုပ်ပေးနေသူ ကိုအောင်မျိုးမင်း (အခု Equality Myanmar) ဖြစ်ပါတယ်။ ''နိုင်ငံခြားသတင်းထောက်တွေ ၀င်ခွင့် မရလို့ ကျနော်ခိုးပြီးဝင်လာတာ။ တပ်မဟာ ၄ က တိုက်ပွဲသတင်းတွေကို ပြင်ပကမ္ဘာဆီ အမြန်ထုတ် ပေးဖို့လိုနေ တယ်'' လို့ သူကပြောပါတယ်။ ကိုအောင်မျိုးမင်းဟာ အဲဒီအချိန်ထိ ကျနော်တို့ တပ်ရင်း ၁ ရဲ့တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့အပြင် DVB အတွက် သတင်းပေးပို့နေသူတဦးလည်း ဖြစ်ပါတယ်။


စစ်မြေပြင်သတင်းထောက်

ကိုအောင်မျိုးမင်းရဲ့ တင်ပြချက်ကို ကျနော်တို့ ဗလဖ (ဗဟိုအလုပ်ဖွဲ့) တောင်ပိုင်းမှာ ၀ိုင်းဆွေးနွေးပြီးတဲ့ နောက် သူ့ကိုရှေ့တန်းလိုက်ပို့ဖို့ ပြန်ကြားရေးတာဝန်ခံ ကျနော့်ကို တာဝန်ပေးလိုက်ပါတယ်။ အဲဒီကာ လ ကျနော်တို့ ABSDF တောင်ပိုင်းရဲ့ ဖွဲ့စည်းပုံကိုပြောရမယ်ဆိုရင် တောင်ပိုင်းစစ်ဒေသတာဝန်ခံအဖြစ် ကိုဌေးအောင် (အခု စစ်ရေးအကဲခတ်အဖြစ် လူသိများနေသူ)၊ အဖွဲ့ဝင်တွေအဖြစ်က ကိုမင်းအောင်၊ ကိုသိန်းဆောင်၊ ကိုသောင်းထွန်းနဲ့ ကျနော်တို့ ဖြစ်ပါတယ်။

(နီဒိုနီထောပွဲဆီ ချီတက်လာတဲ့ ABSDF အမှတ် ၁ တပ်ရင်း စစ်ကြောင်း )

တပ်မှူးတွေအဖြစ်ကတော့ တပ်ရင်း ၁ တပ်ရင်းမှူးအဖြစ် ကိုချစ်ကိုကို (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲတွင် ကျဆုံး)၊ ဒုရင်းမှူးအဖြစ် ဆရာအောင်မြင့်၊ ရေး-ထောက်အဖြစ် ကိုဝင်းအောင်၊ ထောက်လှမ်းရေး အရာရှိအဖြစ် ကိုဇော်သန်း (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်းကျဆုံး) တို့ဖြစ်ပါတယ်။ တပ်ရင်း ၇ ရင်းမှူးအဖြစ် ဆလိုင်းယောအောင် (အခု ဗဟိုကော်မတီဝင်)၊ ရေး-ထောက်အရာရှိနဲ့ ဆက်ဆံရေး တာဝန်ခံအဖြစ် ကိုကျော်သူရတို့ဖြစ်ပါတယ်။

ကိုအောင်မျိုးမင်းကို ကျနော်သွားပို့ရမယ့်နေရာက တပ်ရင်းမှူး ဆလိုင်းယောအောင်နဲ့ ကျနော်တို့ တပ်ရင်း ၁ မှ တပ်ခွဲမှူးတဦးဖြစ်သူ ကိုစိုးမင်းအောင်တို့ တပ်စုနေရာယူထားတဲ့ ဆင်ဖြူတိုင်ရွာအနီးက ရှေ့တန်းစခန်း။ ဆင်ဖြူတိုင်မှာ အဓိက တာဝန်ယူဦးဆောင်နေသူက ၀မ်ခတိုက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ စစ်ကြောင်းမှူးတဦးဖြစ်သူ ဗိုလ်မှူးရောဘတ်ဇံ။ စစ်မြေပြင်ဆီ သတင်းသွားယူမှာဆိုတော့ ကျနော်တို့ နှစ်ယောက်တည်း ဆိုင်ကယ်စီးပြီးသွားလို့မဖြစ်။ လုံခြုံရေးအတွက် တပ်စိတ်တစိတ် ခေါ်သွားရပါတယ်။

တပ်စိတ်မှူးက ကိုရဲမင်းအောင်ဖြစ်ပြီး ရဲဘော်တွေအမည်တော့ ကျနော်မမှတ်မိတော့ပါ။ လှေတဆင့်၊ ကားတဆင့်နဲ့ ဆင်ဖြူတိုင်ဆီ ဘယ်လိုသွားရင်ကောင်းမလဲ စဉ်းစားရင်း  KNU ဆီ ကားအကူညီ တောင်းတော့ ကျနော်တို့အဖွဲ့ကို စစ်ကူသွားမယ့်အဖွဲ့ထင်ပြီး 4-Wheel ကားတစီး ချက်ချင်းလွှတ်ကာ အမိုရွာအထိ လိုက်ပို့ပေးပါတယ်။ အမိုရောက်တော့ ရွာထဲမှာလူတွေ သိပ်မရှိတော့။ အကုန်လုံးနီးပါး ထိုင်းနယ်စပ်ဘက်က ဘောတီကျေးရွာနဲ့ ကျနော်တို့ စခန်းအနီးက ထီးထာရွာတွေဘက် ပြေးသွားပြီလို့ သိရပါတယ်။

ရွာလယ်ရှိ KNLA တပ်ရင်း ၁၀ တပ်ထောက်ဗိုလ်ကြီးရဲ့ အိမ်မှာ ခဏတည်းပြီးတဲ့နောက် စက်လှေတစီး နဲ့ တပ်ရင်း ၁၀ ဌာနချုပ်ရှိရာ ကမိုဟောရွာဆီ ကျနော်တို့ တပ်စိတ်ရောက်လာပါတယ်။ စစ်ပူကာလ ဆိုတော့ သေနတ်တွေကိုင်ပြီး ယူနီဖောင်းအပြည့်အစုံနဲ့ ရောက်လာတဲ့ ကျနော်တို့အဖွဲ့ကို စစ်ကူလာတဲ့ အဖွဲ့ချည်း အားလုံးကထင်နေလို့ မနည်းရှင်းပြနေရပါတယ်။ တပ်ရင်း ၁၀ မှူး ဗိုလ်မှူးကြီးကက်နက် ကိုယ်တိုင်က ကျနော်တို့ကို သိပ်မကြည်လင်။ ဒီလောက်စစ်ပူနေတဲ့ကြားထဲ စစ်ကူလာတာမဟုတ်ဘဲ သတင်းလာမေးတဲ့အဖွဲ့ဖြစ်နေတာကို သူသိပ်သဘောကျပုံမရ။ ဒါပေမယ့် ထားဝယ်စကားနဲ့ နှုတ်ဆက် လိုက်တော့ သူပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီး ကျနော့်ကို DVB သတင်းထောက်မှန်း မှတ်မိသွားပါတယ်။

စစ်ပွဲအခြေနေကို ပြင်ပမီဒီယာက သိခွင့်ရဖို့ အရေးကြီးတဲ့အကြောင်း၊ နိုင်ငံခြားသတင်းထောက်တွေ ၀င်ခွင့်ကို ထိုင်းနယ်စပ်ရှိ တပ်မ ၉ က ပိတ်ထားတဲ့အတွက် သူတို့ကိုယ်စား ကိုအောင်မျိုးမင်း ၀င်လာ တာဖြစ်ကြောင်း၊ ဗွီဒီယိုမှတ်တမ်း ရိုက်ချင်ကြောင်း အသေအချာတင်ပြတော့ ဗိုလ်ကက်နက်က ကျနော် တို့အဆိုကို လက်ခံလိုက်ပါတယ်။ မီးစိမ်းပြတာနဲ့ ကိုအောင်မျိုးမင်းက ကင်မရာထုတ်ပြီး ဗိုလ်ကက် နက်ကို ချက်ချင်း ဗျူးတော့တာပါပဲ။

ကျနော်လည်း ဘေးကနေ ၀င်ထောက်ပေးပါတယ်။ အဲဒီလိုထောက်ပြီး မေးတဲ့မေးခွန်းတွေထဲ ဒီထိုးစစ် ဟာ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ကန်ချနပူရီ-ထားဝယ် ကားလမ်း စီမံကိန်းတွေနဲ့ ဆက်စပ်နေ သလားဆိုတဲ့ အချက်ပါဝင်တာကို ကျနော်အမှတ်ရနေပါတယ်။  ပြီးတော့ ရင်းအရာခံဗိုလ်နဲ့ နောက် တန်းရှိ ရဲဘော် ၁၀ ဦးကျော်ကို တပ်ရင်းဘောလုံးကွင်းအတွင်း သေနတ်ကိုင် လမ်းလျှောက်ခိုင်းပြီး  ဆက်ရိုက်ပါတယ်။

ဒီလိုရိုက်လို့ကောင်းတုန်း ဒီတပ်ရင်းရုံးရဲ့ အရှေ့ဘက် ၃ ကီလိုမီတာခန့် အကွာလောက်က လက်နက် ကြီးပေါက်ကွဲသံတွေ ကြားနေရပါတယ်။ သိပ်မကြာပါဘူး။ လူနာလှေတစီး ရင်း ၁၀ ဂိတ်ဆီ ဆိုက်လာ ပါတယ်။ ဒီလူနာကို ဗွီဒီယို ရိုက်ဖို့ပြင်တော့ KNU ဘက်က သိပ်မကြိုက်။ အသေအချာ စဉ်းစားမယ် ဆိုရင်တော့ တိုက်ပွဲတခုမှာ ကိုယ့်ဘက်က ဒဏ်ရာရတဲ့ ရဲဘော်ပုံကို ဘယ်တပ်မှူးက မီဒီယာကို ပြချင် ပါ့မလဲ။ ဒါပေမယ့် နိုင်ငံခြားသတင်းထောက်တွေနဲ့ အလုပ်အတူတူလုပ်နေတဲ့ ကိုအောင်မျိုးမင်းကတော့ ဒီလိုအချိန်ကုန်ခံစဉ်းစားနေပုံမရ။ သူ့အလုပ်သူလုပ်တဲ့သဘောနဲ့ ဒဏ်ရာရ စစ်သည်ပုံကို ရအောင်ရိုက် ယူသွားပါတယ်။

အဲဒီအချိန်မှာ ရှေ့က တိုက်ပွဲကလည်းပြင်းလာ၊ ဒဏ်ရာရသူကလည်း များလာတဲ့အပြင် ရင်း ၁၀ ဌာန ချုပ်ကိုတောင် စွန့်ခွာရမယ့် အခြေနေမျိုးအထိ ဖြစ်လာနိုင်တဲ့အတွက် တပ်ရင်းမှူးနဲ့အဖွဲ့ အတော်အလုပ် ရှုပ်ကုန်ပြီး ကျနော်တို့တပ်စိတ်ကို ဘယ်သူကမှ ဂရုမစိုက်နိုင်တော့ပါဘူး။ ကျနော်တို့စီးလာတဲ့ လှေ ကိုလည်း လူနာအရေးပေါ်ပို့ဖို့ ဆွဲသွားတဲ့အတွက် ကျနော်တို့မှာ ပြန်စရာလှေမရှိတော့ပါ။ အချိန်က လည်း ညနေ ၅ နာရီလောက်ရှိနေပြီ။ ကျနော်တို့ မူလလာစဉ်က စိတ်ကူးခဲ့တဲ့ ABSDF တပ်တွေရှိရာ ဆင်ဖြူတိုင်၊ လယ်အော်ဘက်အထိသွားပြီး သတင်းယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။


စစ်ပူချိန်မှာ ကတိတည်ဖို့မလွယ်ပါ

ဒီလိုနဲ့ ရင်း ၁၀ ဌာနချုပ်ကနေ အမိုရွာဆီကုန်းကြောင်းလျှောက်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကားလမ်း ကြမ်းအတိုင်းပြန်လာလို့ လမ်းမှားစရာမရှိဘူးဆိုပေမယ့် အခြေနေက ပုံမှန်မဟုတ်။ ဆင်ဖြူတိုင်ဘက်က န၀တတပ်တွေ နယ်ကျွံပြီး ဒီကားလမ်းဝန်းကျင်ဆီရောက်လာနိုင်သလို KNU ဘက်က စစ်ကူလိုက်လာ တဲ့တပ်တွေနဲ့ လမ်းမှာတိုးပြီး လူမှားပစ်ခံရနိုင်တဲ့ အခြေအနေရှိနေပါတယ်။ ကံကောင်းထောက်မစွာနဲ့ ဘာတပ်နဲ့မှမတိုးဘဲ ည ၆ နာရီခွဲလောက် မှောင်စပြုချိန်မှာ အမိုရွာဆီ ကျနော်တို့ တပ်စိတ်ပြန် ရောက် လာပါတယ်။ အသွားတုန်းက စခန်းချခဲ့တဲ့ ရင်း ၁၀ တပ်ထောက်ဗိုလ်ကြီးအိမ်ဘေးက အိမ်သေးသေး တအိမ်မှာစခန်းချပြီး တပ်ထောက်ဗိုလ်ကြီးအိမ်မှာပဲ ထမင်းတောင်းစားရပါတယ်။

(မင်းသမီးစခန်း ခွာစစ်အစ အိမ်ထောင်သည်လိုင်း မီးလောင်နေစဉ်)

နေ့ချင်းပြန်ဆိုပြီး ထွက်လာတဲ့အတွက် ကျနော်တို့မှာ ဆန်နဲ့ရိက္ခာတွေ ဘာမှပါမလာပါဘူး။ နောက် တနေ့မိုးလင်းတော့ လှေကြုံတစီးကိုတားပြီး ကိုအောင်မျိုးမင်းနဲ့အတူ ကျနော်နဲ့ ရဲဘော် ၃ ဦး လိုက်လာ ခဲ့ပါတယ်။ တပ်စုမှူး ကိုရဲမင်းအောင်နဲ့အဖွဲ့ကိုတော့ လှေမဆံ့တဲ့အတွက် အမိုမှာပဲ ခဏနေခဲ့ဖို့၊ ကျနော် တို့ စခန်းရောက်ပြီးမှ တပ်ရင်းလှေကို အကြိုလွှတ်လိုက်မယ်လို့ပြောပြီး ဆင်းလာခဲ့ပါတယ်။

ဒါပေမယ့် အမိုကနေ ၁၅ မိနစ်လောက် မောင်းပြီးတာနဲ့ ၀န်များလို့ လှေမနိုင်ဘူး။ ရဲဘော်တွေ ဆင်းပေး ပါဆိုပြီး လှေသမားက ဖောက်ပါလေရော၊ လှေသမားကို ကြည့်ရတာ မျက်စိမျက်နှာ အတော်ပျက်နေ ပြီး န၀တ ထိုးစစ်ကို အလွန်ကြောက်နေပုံရပါတယ်။ သူဟာ ဆင်ဖြူတိုင်ဘက်ကနေ ပစ္စည်းတွေသယ် ပြီး ထီးထာဘက် ပြေးဆင်းလာစဉ် KNU က တားကာ ကျနော်တို့ကို ထည့်ပေးလိုက်တာ ဖြစ်ပုံရပါ တယ်။ KNU ရှေ့မှာ ကျနော်တို့ကို လက်ခံလာပေမယ့် အခု KNU တပ်မရှိတဲ့ နေရာမှာတော့ ကျနော်တို့ “ကျိုးဖိုးတပ်” ကို ကြောက်ရွံ့ပုံမပြဘဲ လှေပေါ်က မောင်းချနေပါပြီ။

အားနာတတ်တဲ့ မောင်ကျိုးဖိုးတွေကလည်း နှစ်ခါမပြောရပါဘူး။ “အရေးပေါ် သတင်းပို့စရာရှိတဲ့ သူ့ကို သာ ရအောင်သယ်သွားပေးပါ” လို့ ပြောပြီး ကျနော်နဲ့ ရဲဘော် ၃ ဦး လှေပေါ်ကဆင်း၊ မင်းသမီးစခန်း ဆီ ကုန်ကြောင်းခရီးရှည်လျှောက်ဖို့ ပြင်လိုက်ပါတယ်။ အမိုနဲ့မင်းသမီကြား လှေစီးပြီး၊ ကားစီးပြီး မကြာ ခဏသွားဖူးပေမယ့် ကုန်းကြောင်းတခါမှ မလျှောက်ဖူးပါ။ သစ်မောင်ခိုကားလမ်းရဲ့ ဖုန်ထူထူကို နေပူပူ အောက်မှာလျှောက်ဖို့ အားတင်းလိုက်ပါတယ်။ ဖုန်ထူ နေပူတဲ့အပြင် စစ်ကလည်း ပူချိန်၊ ကျနော်တို့ အင်အားကလည်း ၄ ဦးတည်းဆိုတော့ စိတ်ထဲမှာ သိပ်ဂဏာမငြိမ်လှ။

သတိဝိရိယကြီးစွာနဲ့ တနာရီနီးပါး လျှောက်ပြီးချိန်မှာတော့ စစ်ကူလိုက်လာတဲ့ KNU စစ်ကြောင်းကြီး တခုနဲ့ လမ်းမပေါ်မှာ တည့်တည့်ကြီး သွားတိုးပါတယ်။ ကျနော်တို့မှာ ဘာဆက်သွယ်ရေးစက်မှ မပါတဲ့ အတွက် ဒီလမ်းပေါ် သူတို့လာနေမှန်းလည်း ကြိုသိမထားပါဘူး။ ဒါပေမယ့် ကံကောင်းတာက စစ် ကြောင်းရှေ့မှာ ဆိုင်ကယ်တစီး ရှေ့ပြေးပါလာလို့ တော်ပါသေးတယ်။ “ကျိုးဖိုး၊ ကျိုးဖိုး” လို့ အော်ပြီး ပြောတော့ ဆိုင်ကယ်စီး ကရင်ဗိုလ်က ကျနော့်ကို မှတ်မိသွားပါတယ်။

သူများတွေ ရှေ့တန်းကို စစ်ကူသွားဖို့ တက်လာချိန်မှာ ကျနော်တို့က အဲဒီရှေ့တန်းကနေ စစ်မတိုက်ဘဲ ပြန်လာသူတွေလိုဖြစ်နေတော့ စိတ်ထဲမှာ သိပ်မလုံလှ။ ဒါပေမယ့် ဒီစစ်ကြောင်းကို ဦးစီးလာတဲ့ ဗိုလ် ဒူးနာ (အခု ရင်း ၁၀ တပ်ရင်းမှူးလို့ ထင်ပါတယ်) ဟာ အရင် DAB စစ်ကြောင်းတုန်းက ကျနော်နဲ့ တွေ့ ဖူးသူဖြစ်တဲ့အပြင် DVB သတင်းထောက်မှန်းလည်း ကျနော့်ကို သိနေသူဖြစ်ပါတယ်။ သူတို့တပ်ဖွဲ့နဲ့ ခဏ ရပ်စကားပြောပြီးတဲ့နောက် “လှေအဆင်မပြေလို့ ကျနော်တို့အဖွဲ့ ကုန်းကြောင်းလျှောက်နေရတဲ့ အကြောင်း၊ တပ်ရင်းလှေ ဒီနေ့ပို့နိုင်ဖို့ အချိန်မမီနိုင်တော့ကြောင်း” ပါဝင်တဲ့ စာတိုတစောင်ရေးပြီး အမိုမှာကျန်နေတဲ့ ကိုရဲမင်းအောင်တို့တပ်စိတ်ဆီ ပို့ပေးဖို့ ဗိုလ်ဒူးနာနဲ့အတူ ကျနော်ရေးပေးလိုက် ပါ တယ်။

ဒါပေမယ့် ကံဆိုးချင်တော့ စစ်ပူချိန်မှာ အရင်လို အေးအေးဆေးဆေး စာသွားပေးနေဖို့ ဘယ်အချိန်ရပါ့ မလဲ။ အဲဒီစာကို သူလက်ခံရရှိခြင်းမရှိသလို ဗိုလ်ဒူးနာနဲ့လည်း သူမတွေ့လိုက်ရတဲ့အတွက် အဲဒီနေ့ ည နေအထိ သူတို့လှေစောင့်နေခဲ့ကြကြောင်း။ အချိန်မီ လှေပေါ်မလာလို့ ကျနော်တို့အပေါ် ကတိမတည် သူတွေအဖြစ် သူမြင်ခဲ့ကြောင်း ကိုရဲမင်းအောင်က နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More