Tuesday, April 22, 2014

ဦးဝင်းတင် အမှတ်တရ

ထက်အောင်ကျော် (၂၃-၀၄-၂၀၁၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက အဖွဲ့ဝင်လဲဖြစ် သတင်းစာဆရာကြီးလဲဖြစ်တဲ့ ဦးဝင်းတင် ကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုကြားတော့ အထူးစိတ်မကောင်း၊ အထူးနှမျောမှုဖြစ်မိပါတယ်။ လူဆို တာအချိန်တန်ရင် သေရမဲ့သူချည်းဖြစ်ပေမဲ့ သူ့ကိုမသေစေချင်သေးပါ။ တိုင်းပြည်ရဲ့လက်ရှိ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ထဲမှာ၊ အထူးသဖြင့် NLD ပါတီရဲ့ မူဝါဒချမှတ်ရေးကိစ္စတွေမှာ ၂၀၁၅ ရွေးကောက်ပွဲအထိ သူကို ဆက်ပြီးရှိနေ စေချင်ပါသေးတယ်။

အာဏာရှင်တွေကို လုံးဝ မစေ့စပ်ပဲ အမှန်တရားပေါ်ယုံကြည့်စွာရပ်တည်ရင်း သူရဲကောင်းဆန်စွာ ကျဆုံးသွားသူတဦးအဖြစ်အများက ဦးဝင်းတင်ကိုမြင်ကြပါတယ်။ ဒါပေမယ့် ကျနော်ကတော့ သူဟာ အာဏာရှင်ကို စေ့စပ်ရေးစကားမပြောတဲ့အပြင် အာဏာရှင်တွေနဲ့စေ့စပ်ရေးစကားပြောတဲ့လူတွေကို လဲ အချက်လက်ပိုင်နိုင်စွာနဲ့ဝေဖန် ထောက်ပြတတ်တာ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ် အစိုးရနဲ့ ပြေရာပြေကြောင်းဖြစ်ချင်လွန်းမှုတွေအပေါ် ဝေဖန်ထောက်ပြရဲမှုက ပိုအရေးကြီးတယ်လို့ ထင် မိပါတယ်။

ဘာကြောင့်လဲဆိုရင် စစ်အစိုးရဝေဖန်ရေးကို လူအတော်များများလုပ်နိုင်ကြ၊ လုပ်ရဲကြပေမဲ့ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင်ရဲ့အားနည်းချက်တွေ၊ လစ်ဟချက်တွေကို ဝေဖန်ထောက်ပြနိုင်သူ၊ ထောက်ပြရဲ သူ။ တခါ ဒီမိုကရေစီခေါင်းဆောင်ဖက်ကလဲ အလေးနက်ထားစဉ်းစားလောက်အောင် လေးစားခံရသူ က မရှိသလောက်နည်းပါးလှပါတယ်။ အခု ဆရာကြီးဦးဝင်းတင်ကွယ်လွန်သွားပြီဆိုတော့ ဒီကွက် လပ် ကိုဖြည့်နိုင်သူ ဘယ်သူရှိပါတော့မလဲ။

ဒီလိုထူးခြားပြီး နိုင်ငံရေးဖက်မှာရော၊ သတင်းပညာဖက်မှာပါ စွမ်းရည်ထက်လှတဲ့ ဆရာကြီး ဦးဝင်းတင် ကို ပုဂ္ဂိုလ်အရ ကျနော်မသိပါ။ ၈၈ အရေးတော်ပုံတော်ပုံနောက်ပိုင်း နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ကျနော် တို့ပါဝင်ပြီး နယ်စပ်ဖက်ရောက်လာတဲ့အချိန်မှာ ဆရာကြီးက ထောင်ထဲရောက်နေပြီ။ ဒါပေမယ့် DVB ဒီမိုကရက်တစ်မြန်မာ့အသံ မှာ တာဝန်ထမ်းစဉ်တလျောက်လုံး ဆရာကြီးရဲ့သတင်းစာဆိုင်ရာဆုတွေ၊ နိုင်ငံရေးဆိုင်ရာ အယူအဆ တွေ၊ ထောင်ဝင်စာကိစ္စတွေအတွက် အမြဲတန်းလိုလို သတင်းမေးနေရလို့ လူချင်းမသိပေမဲ့ ရင်းနှီးပြီး သားမိတ်ဆွေတဦးလိုဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ပြီးခဲ့တဲ့နှစ် မေလတွင်း ရန်ကုန်မြို့ဆီခဏသွားခွင့်ရတဲ့အခါမှာတော့ ဆရာကြီးခေတ္တနေထိုင်ရာ ကျောက်ကုန်းကအိမ်ခန်းလေးဆီ သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ ၁၉ နှစ်ကျော်ထောင်ထဲမှာခံခဲ့ရတဲ့ ဒဏ် ရာတွေကြောင့် ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဦးဝင်းတင်ဟာ ပြုးံပြုံးရွှင်ရွှင်နဲ့ နှုတ်ဆက်ပါတယ်။ သူ့ သားအရွယ်လောက်သာရှိတဲ့ ကျနော်ကို မင်း-ငါ နဲ့ မပြောပဲ ကျနော်-ခင်ဗျားနဲ့ပြောတာကို သတိပြုမိပါ တယ်။

မှတ်မှတ်ရရ အဲဒီနေ့ဟာ မေလ ၃ ရက်၊ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ပါ။ ယူနက်စကိုက ဦးစီးကျင်း ပတဲ့ သတင်းလွတ်လပ်ခွင့်နေ့ မနက်ပိုင်းအခန်းနားကိုတက်ပြီးလို့ ဆရာအိမ်မှာ ခဏနားနေစဉ် ကျနော် ရောက်သွားတာပါ။ အပြာရောင် ထောင်ဝတ်စုံကို မချွတ်တန်းဝတ်ထားတဲ့၊ ပါဝါမျက်မှန်အထူကိုတပ်ပြီး နေ့စဉ်ထုတ်သတင်းစာတွေ၊ ဂျာနယ်တွေကိုဖတ်ရင်း တယ်လီဖုန်းပေါ်က အင်တာဗျုးတွေကိုဖြေကြား နေတဲ့ဆရာကို ကျန်းမာရေးအခြေနေမေးတော့ ''လူကြီးကောင်းပေါ့ဗျာ၊ ဟိုက (ထောင်ထဲက) ပါလာတဲ့ ဒဏ်ရာတွေက ဒုက္ခပေးနေတာပေါ့'' လို့ ခပ်ပေါ့ပေါ့ပဲဆရာကဖြေပါတယ်။

''ထောင်ဝတ်စုံပြန်တောင်းတဲ့ကိစ္စကော ဘယ်လိုဖြစ်သွားပြီလဲဆရာ'' လို့ သူရဲ့ဝတ်စုံကိုကြည့်ပြီး ကျ နော်ကမေးတော့ ''အလကားလျောက်ပြောနေတာပါဗျာ။ ဒီကောင်တွေ ကျနော်ကိုတရားမစွဲရဲပါဘူး'' လို့ ဆရာကြီးက ရည်ပြီးဖြေပါတယ်။ ကျနော်မရောက်ခင်ရက်ပိုင်းအတွင်းကပဲ ၂၀၀၈ ခုနှစ် ထောင်က လွတ်စဉ်ကတည်းက မချွတ်ပဲယူလာတဲ့ ထောင်ဝတ်စုံကိုပြန်အပ်ဖို့၊ အချိန်မှီမအပ်ရင် နိုင်ငံပိုင်ပစ္စည်း ခိုး ယူမှုနဲ့ တရားစွဲမယ်ဆိုပြီး အာဏာပိုင်တွေဖက်က သူ့ကို ခြိမ်းခြောက်ထားတာပါ။

ဒါပေမယ့် ဆရာဦးဝင်းတင်ကတော့ သူဟာ နံရံလေးဖက်ရှိတဲ့အကျဉ်းထောင်ကနေ လွတ်လပ်ပေမဲ့ နံရံမရှိတဲ့ အကျယ်ချုပ်ထဲမှာ ထောင်ကျနေဆဲ။ မြန်မာတနိုင်ငံလုံးဟာလဲ စစ်အစိုးရရဲ့ဖိနှိပ်မှုအကျဉ်း ထောင်ထဲမှာရှိနေဆဲဆိုတာ ကိုပြသချင်တဲ့အတွက် ဒီထောင်ဝတ်စုံကိုပြန်မအပ်တဲ့အပြင် အမြဲတန်းဝတ် ဆင်နေတာဖြစ်ပါတယ်။ အခု ဒီမနက်တက်လာတဲ့ ယူနက်စကိုက သတင်းလွတ်လပ်ခွင့်အခန်းနားကို တောင် ဒီဝတ်စုံနဲ့ဆရာက တက်ခဲ့ပြီး ညနေပိုင်းကျင်းပမဲ့ မြန်မာသတင်းသမားတွေရဲ့ သတင်းလွတ် လပ်ခွင့်ဆုပေးပွဲကိုလဲ ဒီအပြာရောင်ဝတ်စုံနဲ့ပဲ တက်ဦးမှာဖြစ်ပါတယ်။

ထောင်ဝတ်စုံကိစ္စပြီးတော့ New York Time နဲ့ Washington Post တွေမှာပါလာတဲ့ ဆောင်းပါးတွေ ဖက်ရောက်သွားပါတယ်။ ''အဲဒါတွေက ဘယ်လိုဖြစ်တာလဲဆရာ။ မီဒီယာအပေါ် ဒီလိုပြောတာထက် ဒေါ်စုနဲ့ ရုံးမှာတွေ့တုန်း တိုက်ရိုက်ပြောရင် ပိုမကောင်းဘူးလား'' ဆိုပြီး ကျနော်က မေးမိပါတယ်။ ''မရ လို့ပေါ့ဗျာ။ သူနဲ့တွေ့ဖို့အရေးက အိုဘားမားနဲ့တွေ့ဖို့ထက်တောင် ခက်နေသေးတယ်'' ဆိုပြီး ဆရာက ဘု ပြောပါတယ်။

ပြီးတော့ ”ပါတီထဲမှာလည်း ပြောရဲဆိုရဲသူ သိပ်မရှိဘူးဗျာ။ နိုင်ငံခြားသတင်းထောက်တွေက ကျနော့် ဆီချည်းပဲ လာမေးနေကြတယ်” လို့ ဆရာကဆိုပါတယ်။

အဲဒီကာလက ဒီသတင်းစာကြီးနှစ်စောင်မှာ ဘာပါလာသလဲဆိုရင် Veteran Burmese activist Win Tin says democracy icon Suu Kyi is too conciliatory ''ဒေါ်အောင်ဆန်စုကြည်ဟာ (အာဏာပိုင် တွေနဲ့) ပြေရာပြေကြောင်း သိပ်ဖြစ်ချင်နေတယ်လို့ ဦးဝင်းတင်ကပြော'' ဆိုတဲ့ဆောင်းပါးနဲ့ “Nobody dares to speak out in front of Daw Aung San Suu Kyi, and that is a very bad thing,” said U Win Tin ''ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ စကားပြောရဲသူတဦးမှမရှိဘူးဖြစ်နေတယ်။ ဒါဟာ သိပ်ဆိုး တဲ့ အချက်ပဲဟု ဦးဝင်းတင်ကပြော'' ဆိုတဲ့ဆောင်းပါး နှစ်ပုဒ် ဆက်တိုက်ပါလာပါတယ်။

ဒီဆောင်းပါးတွေကြောင့် မြန်မာ့နိုင်ငံရေးလောကအတွင်း အတော်ကရက်ရိုက်သွားပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးဝင်းတင်အကြား သဘောထားကွဲနေပြီလားလို့ တချို့ကမေးခွန်းထုတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ သဘောထားကွဲတာမဟုတ်။ မတူတဲ့အမြင်တွေကိုပါ ထည့်သွင်းစဉ်းစားနိုင်အောင် ပွင့် လင်းစွာထုတ်ပြောခြင်းသာဖြစ်တယ်လို့ ဆရာကဆိုပါတယ်။

အခုတော့ အဲဒီလို မတူတဲ့အမြင်တွေကို ပွင့်လင်းစွာပြောတတ်တဲ့၊ ပြောရဲတဲ့ ဆေရာကြီးဦးဝင်းတင် ကွယ်လွန်သွားခဲ့ပါပြီ။ အဲဒီကွက်လပ်ကို ဘယ်သူဖြည့်နိုင်မလဲ။ စစ်ဗိုလ်ဟောင်းတွေကြီးစိုးတဲ့ လက်ရှိ အစိုးရသစ်ကို ဝေဖန်ရဲသူ၊ ဝေဖန်နိုင်သူတွေများလှပေမဲ့ ဒီမိုကရေစီခေါင်းဆောင်ကို ဝေဖန်ရဲသူ၊ ဝေဖန် နိုင်သူ၊ တခါ ဒီမိုကရေစီခေါင်းဆောင်ဖက်ကနေလဲ အလေးထားပြီးထည့်သွင်းစဉ်းစားနိုင်လောက်တဲ့ ဝေဖန်မှု၊ အကြံပြုမှုမျိုးကိုပေးနိုင်တဲ့ ဆရာဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို အရမ်းနှမျောနေမိပါတယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More