၊Dawei Watch၊ ထားဝယ်၊ ဧပြီ ၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားကို ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်မြို့ ဇေယျဝတီပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
၂၅ နှစ်တာ ကာလအတွင်း ကျဆုံးသွားကြသော ရဲဘော်များအတွက် ရေစက်သွန်ချ အမျှပေးဝေကာ ကျဆုံး ရဲဘော်များအား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များအား ဒီမိုကရေစီ သူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်း ပေးအပ် ခဲ့သည်။
“ရဲဘော်တွေကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်လာနိုင်အောင် မိဘတွေဆီ အပ်နိုင်ဖို့အတွက် ကြိုးပမ်းရဦးမှာပါ”ဟု ABSDF ဒု ဥက္ကဌ ရဲဘော်မျိုးဝင်းက ဆိုသည်။
ကျောင်းသားတပ်မတော် ၂၅ နှစ်တာ ဖြတ်သန်းမှု ကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၈၀၀ ကျော်ရှိကြောင်း ရဲဘော်မျိုးဝင်းက ပြောသည်။
မြိတ်-ထားဝယ်ခရိုင် ကျောင်းသားတပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း တိုက်ပွဲအတွင်း ကျဆုံးသွားသူနှင့် ရောဂါ(သို့) အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် ထားဝယ်ခရိုင်အတွင်းမှ သေဆုံးကျဆုံးသွားသော ရဲဘော် ၂၂ဦး၊
ပုလောမြို့ မှ ၄၆ ဦးနှင့် မြိတ်ခရိုင်မှ ၁၅၀ဦး ကျော်ရှိသည်ဟု ဒုတိယတပ်ရင်းမှူးဟောင်း ဦးအောင်မြင့််ထံမှ သိရသည်။
ယင်းအခမ်းအနားသို့ ABSDF ဒု ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းနှင့် ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အပါအ၀င် တပ်ရင်း ၁ မှ ရဲဘော်များ၊ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံများ အပါအ၀င် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့တွင် ပုလောမြို့နှင့် ဧပြီလ ၆ ရက်နေ့တွင် မြိတ်မြို့တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။
Dawei Watch
.........................................................................................................................
(ထားဝယ် ABSDF အခန်းနားမှ ပေးပို့ထားသော ဓာတ်ပုံမှတ်တန်းများကို ဖေါ်ပြလိုက်ပါတယ်)
...........................................................................................................................

1 comments:
ဂုဏ်သိက္ခာရှိစွာ အိမ်ပြန်နိုင်ခြင်း...ဆိုတဲ့အပေါ် စာဖတ်ပရိသတ်တွေ ဘယ်လိုအမြင်ရှိသလဲ...။ ဘယ်လိုပုံစံနဲ့ ပြန်တာကို ဆိုလိုတာလဲ...။
ထင်မြင်ချက်များ ရေးထားပေးစေချင်ပါကြောင်း...။
Post a Comment