Thursday, August 15, 2013

ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ၏ ထိုင်းနံပါတ်ပြားတပ်ယာဉ်များ ထားဝယ်တွင် ဖမ်းဆီး


|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၄ 

ထိုင်းမော်တော်ယာဉ်နံပါတ်ပြားများ တပ်ဆင်ကာ ဒေသအတွင်း မောင်းနှင်နေသော ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီ အီတလျှံ-ထိုင်းကုမ္ပဏီ (ITD ) ပိုင် မော်တော်ယာဉ် ၁၅ စီးခန့်ကို  သြဂုတ်လအတွင်း ဖမ်းဆီးထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းကပြောကြားသည်

 ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာအတွင်းတွေ့ရတဲ့ ထိုင်းနံပတ်တပ် ကားတစီး (ဓာတ်ပုံ-ထက်အောင်ကျော်)

ထားဝယ်စီမံကိန်း အကောင်အထည်ဖော်နေသော ယင်းကုမ္ပဏီသည် စီမံကိန်းစတင်ကတည်းက အချို့ယာဉ်များကို မြန်မာနံပါတ်သို့ ပြောင်းလဲတပ်ဆင်ခြင်းမရှိဘဲ ထိုင်းနံပါတ်ပြားဖြင့် နှစ်ချီ၍စီနင်းလေ့ရှိသော်လည်း ပြီးခဲ့သည့် မေလ ထီးခီးနယ်စပ်ဖွင့်ပြီးနောက်ပိုင်း စတင်ဖမ်းဆီးလာခဲ့ခြင်းဖြစ်သည်။ 

နယ်စပ်တွင် အခွန်ဆောင်ကာ ယာယီထုတ်ပေးလိုက်သည့် နံပါတ်ပြားများ၊ စတစ်ကာများကို တပ်ဆင်ပြီး ထားဝယ်ဒေသ အတွင်းသို့ မောင်းနှင်ရမည်ဖြစ်သော်လည်း နယ်စပ်တွင် အခွန်ဆောင်ခဲ့ပြီး  ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာနတွင် ထပ်မံအခွန်မဆောင်ဘဲ ထိုင်းနိုင်ငံ မှ ထုတ်ပေးထားသော မော်တော်ယာဉ်နံပါတ်ပြားများကို တပ်ဆင်ကာ ကုမ္ပဏီမှ မော်တော်ယာဉ်များ ဒေသအတွင်း ဖြတ် သန်းမောင်းနှင်ခဲ့သည်။

ထိုင်းနိုင်ငံဘက်တွင် မြန်မာနိုင်ငံမှ မော်တော်ယာဉ်တွေ မောင်းနှင့်ခွင့်မပြုထားသကဲ့သို့ မြန်မာနိုင်ငံဘက်တွင် လည်း ထိုင်းမှယာဉ်များ ခွင့်မပြုကြောင်း၊ သြဂုတ်လအထိစာရင်းများအရ အခွန်ဆောင် မောင်းနှင်ခွင့်ပြုထားသော ထိုင်းကုမ္ပဏီ ၃၀၀ ကျော်ရှိကြောင်း ရဲမှူးကြီးက ရှင်းပြသည်။ 

“ITD ကုမ္ပဏီမော်တော်ယာဉ်တွေ မြန်မာနံပါတ်များတပ်ပြီး မောင်းနှင်ရမယ်”ဟု ရဲမှူးကြီးက ဆိုသည်။
ITD ကုမ္ပဏီမှ ယာဉ်မောင်းအားလုံး မြန်မာနိုင်ငံ၏ ဥပဒေကိုလိုက်နာရမည်ဖြစ်ပြီး မလိုက်နာလျှင် နိုင်ငံ၏ ဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကာ သတ်မှတ်ထားသည့်စတစ်ကာ၊ မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်(အုံနာဘုတ်)၊ လိုင်စင်ပါရှိ ရမည်ဖြစ်ကာ မလိုက်နာလျှင်  ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရဲမှူးကြီးက ရှင်းပြသည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းပြရန် ယာဉ်ပိုင်ရှင်နှင့် ITD ယာဉ်မောင်းများကို လာမည့်အပတ်အတွင်း
တွေ့ဆုံသွားမည်ဟု တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးထံမှသိရသည်။


ထားဝယ်-ကန်ချနပူရီကားလမ်း (ရေဖြူမြို့နယ်အတွင်း) ပေါ်တွေ့ရတဲ့ ထိုင်းနံပတ်တပ် ယဉ်တစီး ( ဓာတ်ပုံ-ထက်အောင်ကျော်)

အလားတူ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တရားမ၀င်မော်တော်ယာဉ်များလည်း ထားဝယ်ဒေသအတွင်း ၀င်ရောက်နေသောကြောင့် စာလေးကြိမ်ပေးပို့ကာ ကန့်ကွက်ထားပြီး KNU ဘက်မှ အရေးယူမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားထားကြောင်း ရဲမှူးကြီးက ဆိုသည်။ 

မြန်မာနိုင်ငံထုတ်ပေးသော တရားဝင်နံပါတ်မရမီ  ယာယီနံပါတ်များကိုတပ်ဆင်ကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ အညီမောင်းနှင်သင့်သလို  မြန်မာနိုင်ငံ၏ ဥပဒေကိုလည်း လေးစားလိုက်နာပြီး
နေထိုင် သင့်ကြောင်း ထားဝယ်ဒေသခံဦး ဦးမင်းအောင်သူက ဆိုသည်။


အကောက်ခွန်ဌာန၏ဥပဒေအရ အကောက်ခွန်ဆောင်ထားသော မော်တော်ယာဉ်သည်
စီမံကိန်းကာလ အကြမ်းပြင်း နှစ် နှစ်သတ်မှတ်ထားလျှင် နှစ်နှစ်ပြီးလျှင် သက်တမ်းတိုးရမည်ဖြစ်သည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More