
လက်ပန်တောင်းအရေး ဆန္ဒပြသဖြင့် အဖမ်းခံထားရသော ဒေါ်နော်အုန်းလှကို မုံရွာမြို့တွင် ရုံးထုတ်လာစဉ် (ဓာတ်ပုံ – ဟန်ဝင်းအောင် ဖေ့ဘွတ်မှ)
နော်အုန်းလှဆိုတာ အရင်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ရွေတိဂုံ ဘုရားပေါ်တက်ပြီး ဆုတောင်းပွဲလုပ်လို့ မကြာခဏ ဖမ်းဆီးခံရဖူးသူပေါ့။ အခုတော့ မုံရွာနယ် လက်ပံတောင်းဒေသက ကြေးနီ တောင်စီမံကိန်းဖျက်သိမ်းရေး ဆန္ဒပြပွဲအတွင်း ပါဝင်မှုနဲ့ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
|
ဘာကြောင့် ဒီလိုလုပ်တာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရဲတွေမှာ ဒီလိုလုပ်ခွင့်ရှိသလား။ ဆန္ဒပြသူတွေကို ဘယ်အဖွဲ့အစည်းကမှ အကာအကွယ် မပေးကြဘူးလား။ ကျနော် စိတ်ထဲမှာတော့ ဒီမြင်ကွင်းဟာ လွန်ခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မဖြစ်ခင်လေးကာလက အဖမ်းဆီးနဲ့ အတူတူဖြစ်နေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီကာလက ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြတဲ့ ကိုထင်ကျော်၊ လုပ်အားပေးကိစ္စပြောတဲ့ မစုစုနွေးတို့ကို စွမ်းအားရှင်ဆိုတဲ့လူတွေက ရန်ကုန်မြို့လယ်ခေါင်မှာ အခု နော်အုန်းလှကို ဖမ်းသလိုမျိုး ဖမ်းသွားခဲ့တာကို ပြန်မြင်ယောင်နေမိပါတယ်။
အချိန် ၇ နှစ်ကြာပြီးတဲ့အထိ သို့မဟုတ် ရွေးကောက်ပွဲမတိုင်မီနဲ့ အခုရွေးကောက်ပွဲပြီးလို့ ဒေါ်အောင်ဆန်းစုကြည်တောင် ပါလီမန်ထဲရောက်နေတဲ့အချိန်ထိတောင် အစိုးရဖက်က အဖမ်းအဆီး တာဝန်ယူရသူတွေရဲ့ လုပ်ရပ်က ဘာမှမပြောင်းလဲသေးဘူးလား။ ယူနီဖောင်းမရှိပဲ ထင်သလိုရမ်းတဲ့ စွမ်းအားရှင်နေရာမှာ ယူနီဖောင်းဝတ်ပြီး ရမ်းတဲ့ ရဲတွေက အစားထိုးလိုက်တဲ့ ပြောင်းလဲခြင်း သဘောလား။ အစိုးရနဲ့ အတိုက်ခံတချို့က အားလုံးကောင်းနေပါပြီလို့ ပြောနေတဲ့လေသံနဲ့ လက်တွေ့တကယ်ဖြစ်နေတဲ့ အခြေအနေတွေဟာ တခြားစီဖြစ်နေတယ်ဆိုတာကို ဒီဖမ်းဆီးမှုက သက်သေပြလိုက်သလိုပါပဲ။
တိုက်ဆိုင်မှုဖြစ်ချင်တော့ မုံရွာမှာ နော်အုန်းလှ အဲဒီလိုအဖမ်းခံနေရတဲ့သတင်း ဟိုးလေးတကျော်ဖြစ်နေစဉ်မှာ ပြည်သူ့ကိုယ်စားလှယ်တွေရှိနေတဲ့ ပါလီမန်ထဲမှာလဲ စစ်တပ်က လယ်သိမ်းမှုကိစ္စကို အကြီးအကျယ် ဆွေးနွေးငြင်းခုန်နေတယ်လို့သိရပါတယ်။ ဒါပေမဲ့ မြေသိမ်းတဲ့ကိစ္စ ခဏခဏဆွေးနွေးတာကို သူတို့ မကြိုက်ဘူးဆိုပြီး စစ်သားကိုယ်စားလှယ်က ထကန့်ကွက်တဲ့အတွက် တပ်သိမ်းလယ်ယာများပြန် လျှော်ပေးရေးကိစ္စဆွေးနွေးချက်ကို ချက်ချင်းရပ်ဖို့ ပါလီမန်နာယကက အမိန့်ပေးလိုက်တယ်လို့ ဆိုပါ တယ်။ ကဲ …ဘယ်လိုပါလီမန်ကြီးလဲ။ လယ်သမားအရေးဆန္ဒပြလို့အဖမ်းခံရသူကိုလွတ်ပေးဖို့တောင်း ဆိုရမဲ့ ပါလီမန်အမတ်တွေကိုယ်တိုင်က လယ်သိမ်းခံရမှုကိစ္စကို ဆက်မဆွေးနွေးရဲတော့ဘူးဆိုတော့ ဒီ ပါလီမန်ကို မြန်မာနိုင်ငံရဲ့လူများစုဖြစ်တဲ့ လယ်သမားတွေက ဘယ်လိုလုပ်အပြည့်အ၀ ယုံကြည်ဖို့ ဖြစ် လာနိုင်တော့မလဲ။
တကယ်က ပါလီမန်အမတ်တွေတင် မကပါဘူး။ လယ်သမားအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူတွေဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူတွေအဖမ်းဆီးခံရတဲ့ သတင်းလောက် အလေးပေးမခံရပါ။ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က မြန်မာဌာနအရာရှိ တဦးရဲ့ အဆိုအရဆိုရင် NLD အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ မှော်ဘီက နော်အုန်းလှ၊ မိတ္တိလာက ဒေါ်မြင့် မြင့်အေးအပါဝင် လယ်သမားအရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံနေရသူဦးရေ ၁၀၀ ကျော်အထိရှိနေပြီ လို့ သိရပါတယ်။ ဒီအတွက် နိုင်ငံရေးအဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ဘာတွေဆောင်ရွက်နေပါလဲ။
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး သတင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလလောက် အသံမကျယ်တော့ပါဘူး။ ဘာကြောင့်လဲ။ “ခေတ်ပြောင်း”သွားလို့လား။ ဆိုလိုတာက ဒီနေ့ခေတ်ဟာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အပေးအယူလုပ်ရမယ့် နိုင်ငံရေးခေတ်သစ်ဖြစ်လို့ ဒီလိုဆန္ဒပြတာ၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို အားမပေးသင့်တော့ဘူးဆိုတဲ့ သဘောတွေများလား။
ဒီမေးခွန်းကို ဖြစ်ပေါ်စေတဲ့ နောက်ခံအချက်အလက်တွေကတော့ အခုတလော အဖမ်းခံနေရသူတွေဟာ NLD အပါအ၀င် လွှတ်တော်နိုင်ငံရေးထဲ ပါဝင်နေတဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ အဖွဲ့ဝင်တွေ မဟုတ်ပါ၊ ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်းဝင်တွေလည်း မဟုတ်ပါ၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလည်း မဟုတ်ပါ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ဝင်တွေလည်း မဟုတ်ပဲ လယ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ဒေသအလိုက် ဖွဲ့ထားတဲ့ ကွန်ရက်အဖွဲ့ငယ်လေးတွေရဲ့ အဖွဲ့ဝင်တွေ၊ လူသိ သိပ်မများတဲ့ သာမန်နိုင်ငံသားတွေသာဖြစ်နေတာကို တွေ့ ရပါတယ်။
ထပ်ဖြည့်ပြောရမယ်ဆိုရင် လက်ပံတောင်းဒေသဆီ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရောက်လာပြီး သိမ်းဆည်းခံမြေကိစ္စ၊ စီမံကိန်းဆက်လုပ်ရေးကိစ္စတွေ ကြားဝင်ညှိနှိုင်းပြီးတဲ့နောက် သူပြောတာကို လက်မခံပဲ ဆက်လက်ဆန္ဒပြနေသူတွေအပေါ် Mainstream politic ဂွင်ထဲကလူတွေ သဘောထား တမျိုးပြောင်းသွားတဲ့သဘောလား။ ဒီလူတွေကို စေ့စပ်ရေးကိုလက်မခံပဲ ဆန္ဒပြဖို့ပဲ အားသန်နေသူ တွေအဖြစ် မြင်သွားကြတာလား။ သေချာတာတခုကတော့ နိုင်ငံရေးဆိုတာ အပေးအယူလုပ်တဲ့နည်းနဲ့ အရာအားလုံး အဆင်မပြေနိုင် သလို ဆန္ဒပြတောင်းဆိုတဲ့နည်းနဲ့လည်း အားလုံးအဆင်မပြေနိုင်ပါဘူး။ ဒီတော့ သူသန်တဲ့နည်းသူလုပ်၊ ကိုယ်သန်တဲ့နည်းကိုယ်လုပ်ပေါ့။ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ အချင်းချင်းကြားမှာ ပန်းတိုင်တူနေရင် ပြီးတာပဲမဟုတ်လား။
အရေးကြီးတာက လူဦးရေ သန်း ၆၀ ရဲ့ ရ၀ ရာခိုင်နှုံးကျော်ရှိတဲ့ ကျေးလက်နေ တောင်သူလယ်သမားတွေဘ၀ကို နိုင်ငံရေးသမားတွေ၊ ကွန်ရက်သမားတွေက ဘယ်လောက်အထိ တိုးတက်လာအောင် လုပ်ပေးနိုင်သလဲဆိုတာပဲ မဟုတ်ပါလား။
နှစ်ကုန်ရင် နိုင်ငံရေးအကျဉ်းသားတဦးမှ ထောင်ထဲမှမကျန်စေရပါဘူးလို့ ကတိပေးထားတဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့လည်း ဒီဖမ်းဆီးမှုတွေကို အသေအချာ ဆန်းစစ်ဖို့ လိုပါတယ်။ လူတွေ ထပ်ဖမ်းတာကို ချက်ချင်းရပ်တန့်ပြီး ဖမ်းထားတဲ့လူတွေ၊ စွဲချက်တင်ထားတဲ့လူတွေ၊ ထောင်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွတ်ပေးမှသာ ပေးထားတဲ့ကတိတည်ပြီး အများပြည်သူရဲ့ ယုံကြည်မှုကို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
0 comments:
Post a Comment