Wednesday, August 14, 2013

ထားဝယ် - ကန်ချနာဘူရီ နေ့ချင်းပြန် ခရီးသွားနိုင်


|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၃ 

ထားဝယ်မှ ထိုင်းနိုင်ငံ ကန်ချနာဘူရီသို့ ထီင်္းခီးနယ်စပ်ဂိတ်မှ တဆင့် နေ့ချင်းပြန် တစ်နေ့တာ သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း ထားဝယ်-ထီးခီး ယာဉ်လိုင်းများထံမှ သိရသည်။

 စီမံကိန်းသုံး ကားတစီးကို ထီးခီးနယ်စပ်အနီးတွေ့ရစဉ် (ဓာတ်ပုံ-ထက်အောင်ကျော်)

နေ့ချင်းပြန် သွားနိုင်ရန်အတွက် ထားဝယ်မှ နံနက် ၄ နာရီ ခန့်အချိန်တွင် ထွက်ခွာရန် လိုအပ်ကာ ထီးခီးသို့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး ထီးခီးမှတဆင့် ဆက်လက်ထွက်ခွာလျှင် နံနက် ၉ နာရီခန့်တွင် ကန်ချနာဘူရီသို့ ရောက်ရှိမည်ဟု အဆိုပါ ယာဉ်လိုင်း တာဝန်ခံများက ရှင်းပြသည်။ 

ထို့နောက် ကန်ချနာဘူရီတွင် လည်ပတ်ပြီး နေ့လည် ၂ နာရီ သို့မဟုတ် ၃ နာရီခန့်တွင် ပြန်ထွက်ခွာလာပြီး ထားဝယ်မြို့သို့ ည ၇ နာရီ သို့မဟုတ် ၈ နာရီခန့်တွင် ပြန်ရောက်နိုင် ကြောင်း ၎င်းတို့က ထပ်လောင်း ရှင်းပြသည်။
  
“ဟိုမှာ ၅ နာရီလောက် တော့ လည်ပတ်ခွင့် ရတာပေါ့” ဟု တောင်ပေါ်သား ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ခံ ဦးသန်းနိုင်က ဆိုသည်။

မြန်မာနယ်စပ် ထီးခီး ဂိတ်တွင် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်များကို လွယ်ကူစွာ ပြုလုပ်ပြီး ကန်ချနာဘူရီခရိုင် အတွင်း လွတ်လပ်စွာ လည်ပတ်နိုင်ကြောင်း ၎င်းကဆိုသည်။ 

  ဖုနန်းရွန် နယ်စပ်ဖြတ်ဂိတ်စခန်း (ဓာတ်ပုံ- ထက်အောင်ကျော်)

တစ်ဦးစ နှစ်ဦးစ နေ့ချင်းပြန်သွားလိုသူများအနေဖြင့် ထားဝယ်မှ ထီးခီးအထိ ပြဿနာ မရှိသော်လည်း ထီးခီးမှ ကန်ချနာဘူရီ ခရိုင်အတွင်း လည်ပတ်ရာတွင် လူအနည်းအငယ်ဖြင့် ကားစီးရမည်ဖြစ်၍ အုပ်စုလိုက်သွားသူများထက် ကုန်ကျစရိတ် ပိုများမည်ဖြစ်ကြောင်း စွမ်းသစ်ခရီးသည် ပို့ဆောင်ရေး တာဝန်ခံ ဦးမျိုးပိုင်သိန်းက ရှင်းပြသည်။

“တစ်ယောက်တည်း သွားတာထက် အဖွဲ့နဲ့ ဒါမှမဟုတ် မိသားစုနဲ့သွားမယ်ဆိုရင် ပိုကောင်းမယ်” ဟု ဦးမျိုးပိုင်သိန်းက ဆိုသည်။

မိမိတို့အနေဖြင့် ပွင့်လင်း ရာသီရောက်လျှင် နေ့ချင်းပြန် ခရီးစဉ်ဟူ၍ သီးသန့်ထားရှိရန် စီစဉ်ထားကြောင်း၊ အဆိုပါ ခရီးစဉ်များကို ခရီးသည် အနည်းအများအပေါ် မူတည်၍ ဆယ်ရက်တစ်ခေါက် သို့မဟုတ် တစ်ပတ် တစ်ခေါက်စသည်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းများထံမှ သိရသည်။

  ထီးခီးနယ်စပ်ရှိ ထားဝယ်-ကန်ချနပူရီ လမ်းပြမြေပုံ (ဓာတ်ပုံ- ထက်အောင်ကျော်)

လက်ရှိတွင် ထားဝယ်မှ ကန်ချနာဘူရီ ခရီးစဉ်ပြေးဆွဲရာတွင် မိုးရာသီဖြစ်သည့်အတွက် သတိထားမောင်းနှင်နေရပြီး ထားဝယ်မှ ထီးခီးအထိ ၄ နာရီခန့်၊ ထီးခီးမှ ကန်ချနာဘူရီအထိ ၄၅ မိနစ်ခန့် မောင်းနှင်ရကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရီးအကွာအဝေးမှာ ထားဝယ်မှ ထီးခီးအထိ ၉၇ မိုင်ရှိပြီး ထီးခီးမှ ကန်ချနာဘူရီအထိ ၆၂ မိုင်ရှိသည်ဟု သိရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More