Friday, December 23, 2011

Santa Claus ရှိရာအရပ်သို့ ခရီးသွားခြင်း

Santa Claus ရှိရာအရပ်သို့ ခရီးသွားခြင်း
ထက်အောင်ကျော် (၂၃ ၁၂ ၂၀၁၁)

ဆောင်းပါးရဲ့ ခေါင်းစည်းကို ဒီလို ကြီးကြီးကျယ်ကျယ်တပ်လိုက်ပေမဲ့ တကယ်ကတော့ အဲဒီ The Santa Claus Village at the Arctic Circle in Rovaniemi, Lapland ကိုရောက်တဲ့အထိ ဒီနေရာမှာ Santa Claus ရှိမှန်းကျနော်မသိပါ။ နောက်တခါ ခရစ်ယန်ဘာသာနဲ့ အလှမ်းဝေးသူမို့ Santa Claus -ရဲ့ နောက်ကြောင်းကိုလဲ ကျနော်ဘာမှမသိပါ။

ဆောင်းရာသီအားလပ်ရက်မှာ နော်ဝေး ထက်ပိုအေးတဲ့နေရာ။ ဆီးနှင်းပိုထူတဲ့နေရာ။ နောက်တခါ ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ အက်စကီမိုးလူမျိုးတွေရှိတဲ့နေရာဆီသွားနိုင်ရင်
ကောင်းမှာဘဲ့ဆိုတဲ့စိတ်ကူးနဲ့ သူငယ်ချင်းတွေနဲ့အတူ ဖှင်လန်မြောက်ပိုင်းဆီ ခရီးသွားရင်း မမျော်လင့်ဘဲ Santa Claus ရွာထဲ မျက်စိလည်လမ်းမှားပီး ကျ နော် ရောက်သွားခြင်းမျှသာ ဖြစ်ပါတယ်။



တတိယ-နိုင်ငံရောက် ဒုက္ခသည်တွေရဲ့ထုံးစံအတိုင်း အားလပ်ရက်သွားတာတောင် လွတ်လွတ် လပ်လပ်သွားတာမဟုတ်ဘဲ သွားလေရာမှာ မြန်မာတွေနဲ့တွေချင်နေသူပီပီ ကျနော်ရဲ့ခရီးစဉ်ကို မစုစု နွေး -စာသင်ကျောင်းရှိရာ Kuopio မြို့လေးကနေ စတင်ခဲ့ပါတယ်။


အဲဒီမြိုလေးဆီ ကျနော်ရောက်သွား တဲ့အချိန်မှာ နှင်းတွေ တအားကျနေပီး မြိုပြင်တောင်ကုန်းပေါ် က ရေခဲလျောစီးတဲ့ တာဝါဆီ အယင်ဆုံး သွားလည်ခဲ့ပါတယ်။ တောင်ပေါ်တက်တဲ့လမ်းတလျောက်က ထင်းရူးပင်တွေမှာ နှင်းဖတ်တွေကပ်နေ တာ။ ထင်းရူးရွက်ပေါ် နှင်းမုန်တွေကျနေတာက တကယ့်ပန်းချီကားတချပ်လိုပါဘဲ့။

ဒီလိုတောင်ပေါ်ကို တက်လာတဲ့ကားကိုလဲကြည့်ပါဦး။ တာယာ ၄-လုံးစလုံး ဆောင်းတွင်းတာ ယာတွေနဲ့။ မြန်မာနိုင်ငံမှာတော့ တာယာက တမျိုးဘဲ့ရှိတဲ့အတွက် ဆောင်းတွင်းတာယာဆိုတာ အထူး အဆန်းဖြစ်နေနိုင်ပါတယ်။ ဆောင်းရာသီရေခဲပြင်။ နှင်းပြင်တွေမှာ တာယာမချောဘဲ မောင်းနှင်နိုင် အောင် သံဆူးသေးလေးတွေနဲ့ အထူးပြင်ဆင်ထားတဲ့ ကားတာယာကိုဆိုလိုတာဖြစ်ပါတယ်။

တကယ် က ကားတင်မဟုတ်ပါဘူး။ ဆိုင်ကယ်ရော။ စက်ဘီးရော ဆောင်းရောက်ရင်
ဆောင်းတွင်းတာယာ ပြောင်းသုံးကြရပါတယ်။ အဲဒီလို တာယာနဲ့ နှင်းပြင်ကိုယက်ပီးတက်လာတဲ့ကား တောင်ထိပ်ရောက် တော့ လှလိုက်တဲ့ရှုခင်း။ ဘာနဲ့နှိုင်းပြန်ရမှန်းကို မသိအောင်ပါဘဲ့။

  
ဖှင်လန်နိုင်ငံရောက် ထန်းမနိုင်ရွာသူ မစုစုနွေး

နေ့လည်ပိုင်းမှာတော့ မြိုလယ်က မစုစုနွေး-ကျောင်းဆီ ကျနော်ရောက်သွားပါတယ်။ ဒီကျောင်း ကို ၂၀၀၅- ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပီး ဖွင့်ကာစ အမည်ကတော့ အရုဏ်ဦး ကျောင်း (Dawn School) ဖြစ်တယ်လို့ ကျောင်းကော်မီတီဝင်တဦးဖြစ်သူ ကိုသားဆွေက ကျနော်ကိုရှင်းပြပါတယ်။ ဒီအမည်ဟာ ထိုင်းနိုင်ငံ ရတ်ချပူရီခရိုင် မနီလွိုင်-ကျောင်းသား ဒုက္ခသည်စခန်းမှာဖွင့်ခဲ့ဖူးတဲ့အမည်ကို ယူလာတာဖြစ် ပီး နိုဝင်ဘာလမှာတော့ လုပ်အားပေးကိစ္စကို ကမ္ဘာသိအောင်လုပ်ခဲ့တဲ့ မစုစုနွေး-ကို ဂုဏ်ပြုတဲ့အနေနဲ့ အရုဏ်ဦးကနေ စုစုနွေး-ကျောင်းအဖြစ် အမည်ပြောင်းလိုက်တာလို့ သိရပါတယ်။

(ဓါတ်ပုံ... http://susunwayschool.blogspot.com)

မူလတန်းကျောင်းဆိုပေမဲ့ ကျနော်တို့မြန်မာနိုင်ငံကကျောင်းတွေလို နေ့စဉ်သင်နေတဲ့ ကျောင်း မျိုးတော့မဟုတ်ပါဘူး။ ဒီမြိုမှာရောက်နေနဲ့ မြန်မာကလေးငယ်တွေ မြန်မာစာနဲ့ မြန်မာစကား ရေးတတ်။ ဖတ်တတ်။ ပြောအောင်ဖြစ်လာအောင် အပါတ်စဉ် စနေ-တနဂ်နွေမှာ နေ့လည် ၂-နာရီကနေ ၄-နာရီ အထိ တပါတ် ၄-နာရီသင်ပေးနေတဲ့နေရာဖြစ်ပါတယ်။ ဒီစာသင်ဆောင်ဟာ Kuopio မြိုရဲ့ လူငယ်ရိပ် သာတခုဖြစ်ပီး စနေ တနင်္ဂနွေမှာ မြန်မာကလေးတွေစာသင်ဖို့ နေရာပေးထားတာဖြစ်ပါတယ်။

ကျောင်း လာတက်နေတဲ့ကလေးတွေထဲမှာတော့ ၄-၅-နှစ်အရွယ်ကနေ ၁၄-၁၅-အရွယ်လောက်ထိတွေ့ရပီး သူ ငယ်တန်းကနေ ၄-တန်းအထိ ကျောင်းသားကျောင်းသူ ၃၀-၀န်းကျင်ကို သင်ပေးနေတာတွေ့ရပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် သင်ပေးနေတဲ့ဆရာတွေထဲကအများစုဟာ မနီလွိုင်စခန်းမှာကတည်းက ကျောင်းဆရာလုပ်လာသူတွေဖြစ်ပီး လက်ရှိကျောင်းအုပ် ဆရာမြတ်သစ်ဆိုရင် မနီလွိုင် -Dawn School မှာလဲ ကျောင်းအုပ်လုပ်ခဲ့သူလို့သိရပါတယ်။

ဆရာတွေက တက်ကြွစွာသင်နေပေမဲ့ ကျောင်းသားတွေကတော့ အဖေ-အမေ ပို့လိုက်လို့သာ ဒီကျောင်းကိုရောက်နေတယ်လို့ ပြောရမလားပါဘဲ့။ ဘာကြောင့်လဲဆိုရင် ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ ဒုတိယတန်းကျောင်းသားတဦးက "ဖှင်းစာထက် မြန်မာစာကပိုခက်တယ်။ ယပင့်တွေ။ ယရင့်တွေ။ တ ချောင်းငင်တွေ။ လုံးကြီးတင်တွေနဲ့အတော်ရှုပ်တယ်" လို့ပြောပါတယ်။ ဒါဆိုရင် မင်း ဘာလို့သင်နေလဲ ဆိုပီး ကျနော်ကထပ်မေးတော့. "အဖေတက်ခိုင်းလို့တက်နေရတာပါ" ဆိုပီး ဖြေသွားပါတယ်။

တကယ်ကတော့ ဒီကလေးငယ်ပြောတာ အမှန်ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် အ လားတူကျောင်းတက်နေတဲ့ တတိယ-နိုင်ငံရောက် ကလေးငယ်တချို့ကို ကျနော်မေးကြည့်တဲ့အခါတိုင်း ဒီလိုခပ်ဆင်ဆင်အဖြေတွေကိုပေးလေ့ရှိပါတယ်။ နောက်တခါ မြန်မာစာနဲ့ မြန်မာစကားဟာ သူတို့အ တွက် တတိယ-နေရာလောက်မှာသာရှိတော့တဲ့ ဘာသာစကားတခုဖြစ်ပီး မတတ်ရင်လဲ ဘာမှမဖြစ်။ သူတို့နေ့စဉ်ဘ၀နဲ့ မြန်မာစာ မြန်မာစကား ဘာမှမဆက်စပ်သလိုဖြစ်နေပါတယ်။

သူတို့အဖို့အရေးကြီး တာက သူတို့ရောက်နေတဲ့နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်ရေးက ပထမ။ ပီးရင် ဒုတိယ-ဘာသာစကားအဖြစ် အင်္ဂလိပ်ဖြစ်ဖြစ်။ ပြင်သစ်ဖြစ်ဖြစ်။ စပိန်ဖြစ်ဖြစ်။ ဂျာမနီဖြစ်ဖြစ် တခုခုကို ဒုတိယ-ဘာသာစကားအဖြစ် သင်ရပါလိ့မ်မယ်။ အဲဒီစကား ၂-ခုက သူတို့ဘ၀ရဲ့ရှေ့ရေးကို ဆုံးဖြတ်ပေး မှာဖြစ်ပီး မြန်မာစကားကတော့ သူတို့ရှေ့ရေးနဲ့ဘာမှမဆိုင်တော့ဘဲ မြန်မာ အသိုင်းဝိုင်းသေးသေးလေး ကြားမှာ သုံးဖို့သက်သက်ဖြစ်တယ်လို့ သူတို့က ထင်နေပုံရပါတယ်။

ကလေးငယ်တွေ ဒီလိုထင်နေတာကို အပြစ်မဆိုသာပေမဲ့ တတိယ-နိုင်ငံရောက် မျိုးဆက်သစ် တွေကြား မြန်မာစာ။ မြန်မာစကားနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ဆက်လက်ရှင်သန်ရေးအတွက် ကလေး မိဘတွေက ကျိုးစားဖို့တာဝန်ရှိတယ်လို့ကျနော်မြင်မိပါတယ်။ နောက်တခါ မိဘတွေအပြင် နိုင်ငံရေး လုပ်နေပါတယ်။ တော်လှန်ရေးလုပ်နေပါတယ်။ မြန်မာနိုင်ငံ ဒိမိုကရေစီရရှိရေးအတွက် လုပ်နေပါတယ် လို့ နေ့စဉ်ကြွေးကြော်နေတဲ့လူတွေမှာလဲ ဒီတာဝန်ရှိတယ်လို့ ကျနော်မြင်မိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တော့ ဥရောပတလွားမှာ ဒီ စုစုနွေး ကျောင်းကလွဲပီး တခြားနိုင်ငံတွေမှာ ဒီလိုအပါစဉ် ပုံမှန်သင်ပေးနိုင် တဲ့ကျောင်းမျိုး ကျနော်မတွေ့ရသေးပါဘူးခင်ဗျား။


    အီကွေတာအရပ်ကသူငယ်ချင်းများနဲ့ မြောက်ဝင်းရိုးစွန်းမှာတွေ့ဆုံခြင်း

စုစုနွေးကျောင်းကနေ အပြန်မှာတော့ ကျနော်နဲ့ မင်းသမီးစခန်းမှာ ၁၀-နှစ်နီးပါး အတူနေခဲ့ဖူး တဲ့ ရေဇင်းစိုက်ပျိးရေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုအောင်မော်-အိမ်မှာ ကျနော်တို့ စခန်းချပါ တယ်။ သူ့အိမ်ဟာ Kuopio မြိုနဲ့ ၂-နာရီကျော်ကားမောင်းရတဲ့ Mikkeli မြို့လေးမှာရှိပီး သူ့ကား အားကိုးနဲ့ ကျနော် လျောက်သွားနေတာဖြစ်ပါတယ်။ တကယ်ကတော့ ဒီခရီးစဉ်ဖြစ်လာတာကိုက ကို အောင်မော် ရဲ့အကြံပေးချက်အရစတင်လာတာပါ။ တောထဲကထွက်လာကတည်းက မတွေ့ရတာကြာပီ ဖြစ်တဲ့ တတိယ-နိုင်ငံရောက် ရဲဘော်ဟောင်းတွေ စုတွေ့ရေး အစီစဉ်ရဲ့ တစိပ်တဒေသလဲဖြစ်ပါတယ်။

ဒီအစီစဉ်အရ ဘယ်သူတွေလာနိုင်မလဲဆိုပီး ဆက်သွယ်လိုက်တော့ ဟိုး ကမ္ဘာကြီးရဲ့ တောင်ဖက်ခြမ်း။ အိုဇိုးလွှာ ပေါက်နေတဲ့ ပူပြင်းဒေသ သြစတေလျမှ ကိုဖိုးချိုနဲ့ ဖှင်လန်နဲ့သိပ်မဝေးတဲ့ နော်ဝေး ရေခဲပြင် မှာ သောင်တင်နေသူ ကျနော်တို့ ၂-ဦး ဖှင်လန်ကိုရောက်လာပီး သတင်း ၂-ပါတ်ကြာ ရေခဲပြင် ခရီး စဉ်ကို စတင်ခဲ့တယ်ဆိုပါတော့။


"တာထဲကအကြောင်း မပါရင် မင်းဆောင်းပါး မရေးတတ်ဘူးလား" လို့ စာဖတ်ပရိ သတ်တဦးဦးကမေးမယ်ဆိုရင်လဲ ကျနော်အပြစ်မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီတောထဲမှာ နေခဲ့တဲ့ ၁၀-နှစ်တာဝန်းကျင်ဟာ ကျနော်တို့ဘ၀ရဲ့ အတောက်ပဆုံးကာတွေကို ပေးဆပ်ခဲ့ရလို့။ ကျ နော်တို့နဲ့အတူတူ တက္ကသိုလ်စာသင်ခန်းကနေ တောတောင်တွေထဲထွက်လာတဲ့ သူငယ်ချင်းတချို့ တောတွင်းတိုက်ပွဲတွေမှာ လူမသိသူမသိနဲ့ ကျဆုံးသွားကြလို့။ ဒီ ၁၀-နှစ်တာဟာ ကျနော်တို့ဘ၀ရဲ့ အရေးအကြီးဆုံးကာလ။ ဦးနှောက်ထဲမှာရော။ နှလုံးသားထဲမှာရော ဒီ ၁၀-နှစ်တာ ဖြစ်စဉ်က အမြဲတန်း လွမ်း မိုးနေတယ်လို့ကျနော်ထင်ပါတယ်။

အခု ကျနော်ရောက်နေတဲ့ ဖှင်လန်နိုင်ငံမှာ (ကျနော်အခန်းဆက်ရေးနေတဲ့ သူပုန်ကျောင်းသား တဦးရဲ့ မာသရသွန်ခရီးထဲမှာပါတဲ့) မင်းသမီးစခန်းက ရဲဘော်ဟောင်း ၈-ဦးရောက်နေပါတယ်။ သူပုန် ကျောင်းသားဆောင်းပါးတွေရဲ့ ပထမ-ဆုံးအခန်းတွေမှာပါတဲ့အတိုင်း အခု သြစီကနေရာက်နေတဲ့ ကိုဖိုးချို။ နောက်တခါ ဆွီဒင်နယ်စပ်အနီးက Vaasa မြိုမှာရောက်နေတဲ့ ကိုမိုးဇော်အောင် တို့ဟာကျ နော်နဲ့အတူ ရှင်မုတ္တီး။ ဘန်းချောင်းဖက်ကနေ တောထဲ အတူတူဝင်လာသူတွေဖြစ်ပါတယ်။ အလားတူ ကိုအောင်မော်။ ကိုသန်းဌေးတို့ဟာလဲ နတ်အိမ်တောင်ဖက်ကနေ တချိန်တည်းဝင်လာသူ တွေဖြစ်ပါ တယ်။ ကိုရဲမင်းအောင်။ ကိုဝင်းဌေးနဲ့ ကိုမိုးနိုင်တို့ကတော့ ၁၉၉၀-ရွေးကောက်ပွဲနောက်ပိုင်း ၀င်လာသူ တွေဖြစ်ပါတယ်။

ကျနော်တို့တောထဲမှာရှိစဉ်က အသက် ၁၀-နှစ်ကျော်သာရှိသေးတဲ့ ကိုဝေထွန်းဆိုရင် မင်းသ မီးစခန်းမှာဖွင့်ထားတဲ့  "ပြုံးပန်းဝေ" မိဘမဲ့စာသင်ကျောင်းတက်ဖို့ရောက်လာတဲ့ ကလေးလေးပေါ့။ အခု တော့ ဒီပုဂိုလ်တောင်မှ အသက် ၃၀-ကျော်စပြုနေပီဖြစ်ပီး ကလေးတောင် ၃-ယောက် လောက်ရနေပီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ဆက်ဆံရေးကတော့ တောထဲကအတိုင်း ရဲဘက်ရဲ ဘက်ဆက်ဆံ ရေး ပါဘဲ့။ ဒီလို ဒီလို ကျနော်တို့တပ်ရင်းက ရှိသမျှလူတွေနဲ့တွေဆုံရင်း။ ဖင်လန်မြောက် ပိုင်းဒေသရဲ့ ရေခဲ ပြင်အလှကိုရှုစားရင်းနဲ့ ဒီခရီးစဉ်ထွက်လာဖြစ်တယ်ဆိုပါတော့။

ကိုအောင်မော်ရဲ့အိမ်ဟာ ထင်ရူးတောတန်းရဲ့ဘေးမှာ။ အင်းလျားကန်ရဲ့ ၄-ပုံတပုံလောက်အ ကျယ်ရှိတဲ့ ရေကန်ကြီးရဲ့ဘေးမှာရှိတဲ့အတွက် သဘာဝ-အလှတွေနဲ့ပြည်စုံတဲ့။ ဥရောပမဲဇာ-ကလူတွေ သိပ်ကြိုက်တဲ့နေရာမျိုးပေါ့။ အဲဒီနေ့ အပူချိန်က ရေခဲအမှတ်အောက် အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ် နေပါတယ်။ ဒီလောက်အေးတဲ့စံချိန်မျိုး အော်စလိုမှာနေတဲ့ ၁၀-နှစ်တာအတွင်း ကျနော်မကြုံဘူးသေးပါ ဘူး။ ဒါပေမဲ့ ရေခဲပြင်မှာ ဟန်ရေးပြ စကီးစီးပီး ဓါတ်ပုံရိုက်ချင်နေတဲ့ ကျနော်နဲ့ ကိုဖိုးချိုဟာ ကိုအောင် မော်ကို မရမက အိမ်ထဲကနေဆွဲခေါ်ပြီး ရေခဲပြင်ဖြစ်နေတဲ့ ခုနက ရေကန်ကြီးပေါ် စကီးထွက်စီးကြပါ တယ်။

သူများတွေ စကီးစီးနေတာကိုကြည့်ပီး ဒီအားကစားက သိပ်မခက်ဘူးလို့ထင်ရပေမဲ့ တကယ် တန်း ကိုယ်တိုင်စီးတဲ့အခါမှာတော့ မလွယ်ဘူးခင်ဗျား။ ကျနော်ဆိုရင် အခုထိ မစီးတတ်သေးပါဘူး။ နောက်တခါ ကိုယ်ပိုင် စကီး။ စကီးဖိနပ်။ စကီးဝတ်စုံတွေလဲ အခုထိ မ၀ယ်နိုင်သေးပါဘူး။ ဒီမှာတော့ ကိုအောင်မော်ဆီမှာ စကီးက ၂-စုံတောင်ရှိတဲ့အတွက် အဲဒါကြီးကို နှင်းတောထဲ ဟန်ရေးပြစီးပီး ကျ နော်နဲ့ ကိုဖိုးချို ဓါတ်ပုံအရိုက်ခံကြပါတယ်။ အေးလွန်းပီး နှင်းတွေတအားကျနေတဲ့အတွက် ဘေးပါတ် လည်မှာ ဘယ်သူမှမရှိ။


နောက်မှသိရတာက ဒီလိုရာသီတုဟာ နှင်းလျောစီးဖို့ ကောင်းတဲ့ရာသီမျိုးမ ဟုတ်။ အအေးဓါတ်နဲနဲကျပီး နှင်းဖွဖွလေးကျကာ နေနဲနဲသာနေတဲ့အချိန်ကျမှ ဒီကလူတွေက အုပ်စု လိုက်ထွက်ပီး ဒီရေကန်ပါတ်လည်မှာ စီးကြတာလို့သိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အဲဒီလိုအ ချိန်ကိုစောင့်မနေနိုင်။ ၁-ပေကျော်လောက်အထူရှိတဲ့ အဲဒီနှင်းပြင်ထဲမှာ စကီးကို ဖြစ်သလိုစိးပီး ဓါတ်ပုံ အရိုက်ခံရေး တို့အရေးဖြစ်နေခဲ့ပါတယ်။

ရေခဲပြင်မှာနေတာချင်းအတူတူတောင် ဖှင်လန်နဲ့ နော်ဝေး မတူတဲ့အချက်ကတော့ ဖှင်လန်က အိမ်တိုင်းမှာ ဆောင်နာ- Sauna ရှိပီး ကျနော်တို့နော်ဝေးမှာတော့ အဲဒါကြီးတွေ အိမ်မှာမပါတဲ့အတွက် ချွေးထုတ်ချင်ရင် ပစ်ဆံပေးပီး အားကစားရုံတွေ။ ရေကူးကန်တွေဆီမှာရှိတဲ့ - Sauna ကိုသွားကြာရပါ တယ်။ မြန်မာနိုင်ငံနဲ့ ဘန်ကောက်မှာနေတုန်းက ရာသီဥတုပူလွန်းလို့ ချွေးထွက်ရင် စိတ်ညစ်တဲ့ကျနော် အခု မြောက်ဝင်းရိုးဒေသမှာတော့ ချွေးမထွက်လို့စိတ်ညစ်နေရပါတယ်။ ဒါကြောင့် ဒီ Sauna ကိုတွေ့ တုန်း ညနေတိုင်းလိုလို ချွေးထုတ်ဖြစ်ခဲ့ပါတယ်။


    ရေခဲရဲတိုက်မှာ အဘိဓာန်ရေးနေသူ

နေ့ခင်းဖက် ရေခဲပြင်မှာချော်လဲလိုက်။ ညနေဖက်ကျရင် ဗော်လကာခွက်လေးကိုင်ပီး Sauna -ထဲဝင် ချွေးထုတ်လိုက်နဲ့ ၃-ရက်လောက်ကြာပီးတဲ့အခါမှာတော့ ရေခဲရဲတိုက်ရှိရာ မြောက်ဝင်းရိုးစွန်း အရပ်ဆီ ကျနော်တို့ခရီးနှင်လာခဲ့ပါတယ်။ ဖှင်လန်ဟာလဲ နော်ဝေးနဲ့ ဆွီဒင်လိုဘဲ့ အရှေ့-အနောက် ဧရိ ယာက တိုတောင်းပီး တောင်-မြောက်ဧရိယာက အတော်ရှည်လျားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့ဖက်မှာ ရုရှားနိုင်ငံ။ အနောက်ဖက်မှာ ဘောလတစ်ပင်လယ်။ မြောက်ဖက်မှာတော့
ရေခဲပြင်တွေရှိတဲ့။ ရှေ့မှာကျ နော်ပြောခဲ့တဲ့ အက်စကီးမိုးလူမျိုးတွေနေထိုင်တဲ့ နော်ဝေး။ ဆွီဒင်။ ဖှင်လန်။ ရုရှား ၄-နိုင်ငံဆုံရာ ဆာမီး Sami people ဒေသပေါ့။


အဲဒီ တောင်-မြောက် ရှည်မျောမျော ဟိုက်ဝေးလမ်းပေါ်မှာ တနေကုန်နီးပါး မောင်းပီးတဲ့အခါ မှာတော့ ရှေ့မှာပြောခဲ့တဲ့ ဘန်ချောင်းဒေသဆီ ကျနော်တို့နဲ့အတူတူ တောစခိုတဲ့အထဲပါလာတဲ့ ကိုမိုး ဇော်အောင် နေအိမ်ရှိရာ ဘောလတစ်ပင်လယ်ဘေးက Vaasa မြိုလေးဆီ ကျနော်တို့ရောက်သွားပါ တယ်။ သူနဲ့အတူ ကိုဝင်းဌေးကိုပါတွေ့ရပိး ကိုမိုးဇော်အောင်ဟာ ထူးထူးခြားခြား ကိုယ်ပိုင်စီးပွါးရေး လုပ်ကိုင်နိုင်ဖို့ ကျိုးစားနေသူအဖြစ် ကျနော်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆွေးနွေးဖြစ်တဲ့ ဘာသာ ရပ်တွေထဲမှာတော့ လက်ရှိအခြေနေနဲ့ အနာဂါတ်ခရီးစဉ်ကိစ္စက သိပ်နေရာမရပါဘူး။ ကုန်လွန်ခဲ့တဲ့ တောတောင်တွေထဲက ၁၀-နှစ်တာ ဘ၀အခြေနေတွေကိုဘဲ့ ပြန်ပြောင်းပြောရင်းနဲ့ အချိန်တွေကုန်သွား ခဲ့ပါတယ်။

အဲဒီမြိုကနေအထွက် နောက်တနေ့ နေလည်လောက်မှာတော့ ရေခဲရဲတိုက်ရှိရာ Kemi မြိုကို ကျနော်တို့ရောက်သွားပါတယ်။ မြိုအ၀င်မှာ ကျနော်တို့ကိုလာကြိုသူက ကိုရဲမင်းအောင်။ သူပုံက တော ထဲမှာတွေ့စဉ်ကပုံနဲ့အတော်ကွာသွားပီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ ဖြစ်နေပါတယ်။ သူ့ ကားဦးဆောင်ရာနောက်ကိုလိုက်ရင်းနဲ့ ရေခဲရဲတိုက်ဆီ ကျနော်တို့ရောက်တော့ နေလည် ၂-နာရီ လောက်ရှိနေပါပီ။ ဘောလတစ်ပင်လယ်ကမ်းစပ်မှာဆောက်ထားတဲ့ အဲဒီ ရေခဲရဲတိုက်ကတော့ အပူ ပိုင်းဒေသကလာတဲ့ ကိုဖိုးချိုအတွက်တင်မကဘဲ ရေခဲပြင်မှာ ၁၀-နှစ်လောက်နေဖူးတဲ့ ကျနော်အတွက် ပါအထူးအဆန်းဖြစ်နေခဲ့ပါတယ်။

"ရေမှာအရုပ်ရေးလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး" ဆိုတဲ့စကားလုံးကို ကြားဖူးပေမဲ့ အဲဒီရေ ကို ခဲအောင်လုပ်ပီး အဲဒီရေခဲကိုပန်းပုထုရင် ကမ္ဘာကျော်နိုင်တယ်ဆိုတာကို ကျနော်မသိခဲ့ရိုးအမှန်ပါ။ သဘာဝအလျောက်ကျလာတဲ့နှင်းကနေဖြစ်သွားတဲ့ရေခဲတွေ။ ဘောလတစ်ပင်လယ် ထိပ်ပိုင်းမှာခဲနေ တဲ့ရေတွေကိုယူပီးဆောက်ထားတဲ့ ဒီရေခဲရဲတိုက်ဟာ တကယ့်ကိုအံသြစရာပါဘဲ့။ ရဲတိုက်အ၀င်ဝ ကို ရေခဲမြိုရိုးနဲ့ကာထားပီး အထဲမှာတွေ့သမျှအဆောက်ဦးတွေ။ ပစ္စည်းတွေအားလုံးဟာလဲ ရေခဲ တွေ ချည်းဖြစ်နေပါတယ်။ ရေခဲတိုင်။ ရေခဲအကာ။ ရေခဲအမိုး။ ရေခဲကုတင်။ ရေခဲစားပွဲ။ ရေခဲ ကုလားထိုင်။ ရေခဲ ဆွဲကြိုး။ ရေခဲလက်စွပ်။ ရေခဲဘုရားပုံ။ ရေခဲလူပုံ။ ရေခဲသစ်ပင်ပုံ... စသဖြင့် စုံလို့ပါဘဲ့။ မီးရောင်စုံ တွေနဲ့ပြထားတဲ့ရေခဲရဲတိုက်ဟာ အတော်ကို လှပနေပါတယ်။
    အဲဒီနန်းတော်ထဲရှိ ရေခဲကော်ဖီဆိုင်က ရေခဲကုလားထိုင်မှာထိုင်းပီး ရေခဲစားပွဲပေါ်မှာ ကော်ဖီ သောက်ရင်းနဲ့အအေးဓါတ်ကို လျော့ချရပါတယ်။ အပူဓါတ်ဆိုလို့ ကော်ဖီခွက်ကလွဲပီး ဘာမှမရှိ။ အဲဒီ ရေခဲကော်ဖီဆိုင်မှာထိုင်ရင်း ကျနော်စကားပြောခွင့်ရခဲ့တဲ့ပုဂိုလ်တချို့ကတော့ စပိန်ကနေလာလည်တဲ့ လူငယ်တွေပါ။ တကယ်ကတော့ ဒီလိုရေခဲရဲတိုက်နဲ့ ဆီးနှင်းတွေဟာ အာရှနဲ့အပူပိုင်းဒေသကလာတဲ့ သူတွေအတွက်တင် အထူးအဆန်းမဟုတ်။ စပိန်။ ပေါ်တူဂိ။ ဂရိဖက်က လူတွေအတွက်ပါ အထူးအ ဆန်းဖြစ်နေပါတယ်။ ဥရောပချင်းတူပေမဲ့ သူတို့ဖက်မှာ ဒီလိုဆီးနှင်းမရှိ။ ရေခဲမရှိပါ။ ကျန်တဲ့ နယ်သာ လန်။ ဘလဂျီယံ။ အဂ်လန်။ ဂျာမဏီ။ ဒိန်းမတ်ဖက်မှာလဲ နဲနဲအေးပေမဲ့ ဒီလို ရေခဲရဲတိုက်နဲ့ ဆီး နှင်းတွေမရှိဘူး လို့သိရပါတယ်။

 အဲဒီလို ထူးဆန်းတဲ့သဘာဝအလှတရားတွေရှေ့မှာ ဓါတ်ပုံအရိုက်ခံမှုလုပ်ငန်းစဉ်ပီးဆုံးတဲ့ အခါ မှာတော့ ကိုရဲမင်းအောင်ရဲ့ အိမ်ကို ကျနော်တို့သွားလည်ခဲ့ပါတယ်။ ဒီတော့မှ တောထဲမှာ တပ်စုမှုးတဦး အဖြစ်တာဝန်ယူခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော်ကြီးက ဖှင်လန်-မြန်မာ။ ဖှင်လန်-ကရင် အဘိဓန် ပြုစုနေသူ မှန်းသိခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ အဘိဓန်-ပြုစုတယ်ဆိုတာဟာ ဦးထွန်းငြိမ်းတို့ လို။ ဆရာယုဒသန်တို့လို။ ဆရာတက်တိုးတို့လို ပုဂိုလ်ကြီးတွေနဲ့သာဆိုင်ပီး ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ ထင်ထားပေမဲ့ ဒီမှာတော့ အဲဒီလိုမဟုတ်တော့။

အစဉ်အလာအရ မြန်မာနိုင်ငံသားတွေ တခါမှမရှိခဲ့ဖူးတဲ့။ ရှိရင်လဲ ဆယ်ဂဏန်းထက်မပိုခဲ့ဖူး တဲ့။ မြန်မာသံရုံးလဲ တခါမှမဖွင့်ဖူးသေးတဲ့ ဒီ စကင်ဒီနေဗီယန်းဒေသမှာ သက်ဆိုင်ရာဘာသာစကားကို သင်ဖို့ ဘာအဘိဓန်မှမရှိသေးပါ။ အနောက်တိုင်းသားအားလုံး အင်္ဂလိပ်စကားပြောတယ်လို့ ထင်ထားခဲ့ တဲ့ ဟိုးရှေးရှေးကအမြင်တွေဟာလဲ ဒီရောက်တော့မှ လက်တွေ့နဲ့အထင် တလွဲစီဖြစ်နေခဲ့ပေါ့။ ဥရောပ ဟာလဲ ကျနော်တို့ အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေလိုပါဘဲ့။ တနိုင်ငံချင်းစီအလိုက် ကိုယ်ပိုင် ဘာသာစကားတခုစီရှိနေတဲ့အတွက် အဲဒီနိုင်ငံမှာနေရင် အဲဒီစကားကိုမတတ်လို့မဖြစ်။ ဆိုလိုတာက တော့ အင်္ဂလိပ်စကားတတ်နေယုံနဲ့ ဒီနိုင်ငံတွေမှာ အလုပ်မဖြစ်ပါ။

အမေရိကန်။ ကနေဒါ။ ဗြိတိန်။ တောင်အာဖရိက။ သြစတေလျနဲ့ နယူးဇီလန်ကလွဲရင် ကျန် တဲ့နိုင်ငံတွေမှာ အင်္ဂလိပ်စကားက ဒုတိယ-တန်းစား ဆက်သွယ်ရေးကရိယာမျှသာဖြစ်ပါတယ်။ နောက် တခါ စပိန်ဘာသာစကားကို အမေရိကန်အပါဝင် လက်တင်အမေရိကားနိုင်ငံအတော်များများမှာ အသုံး ပြုကြတာ။ ပြင်သစ် စကားကို အာဖရိကတိုက်အတော်များများမှာ အသုံးပြုကြတာ။ အာရဗစ်။ အူရဒူ။ ပါ ရှန် စကားတွေတတ်ရင် အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတခုလုံးအတွက် အသုံးတည့်တယ်ဆို တာတွေကို မြန်မာနိုင်ငံအပြင်ဖက်ကိုရောက်ပီး ၁၀-နှစ်ကျော်ကြာမှ ကျနော်သိလာခဲ့ရပါတယ်။



ဆိုလိုတာကတော့ အင်္ဂလိပ်စကားတတ်နေယုံနဲ့အလုပ်မဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ စာပေနဲ့ မြန်မာစာပေအကြား ပေါင်းကူးသင်ပြနိုင်အောင် အဘိဓန်တွေကို အခုမှရောက်လာတဲ့လူတွေ ကိုယ်တိုင် ဦးစီးပီး ပြုစုနေရတယ်ဆိုပါတော့။ အလားတူ ပြုစုနေမှုတွေကို နယ်သာလန်ရောက်စဉ်ကလဲ ကျနော်တွေ့ခဲ့ရပီး ကျနော်တို့ နော်ဝေးမှာလဲ မကြာသေးခင်ကဘဲ့ နော်ဝေး-မြန်မာ အဘိဓန် ထုတ်ဝေ လိုက်ပီဖြစ်ပါတယ်။ ဒီအဘိဓန်တွေဟာ ရှေ့မှာပြောခဲ့တဲ့ ဦးထွန်းငြိမ်းတို့။ ယုဒသန်တို့လို ပညာရှင်တွေ ပြုစုတဲ့အဘိဓန်မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကလူတွေ တကယ်လိုအပ်ချက်အရပြုစုထား တာဖြစ်တဲ့ အ တွက် ဘာသာဗေဒအရ အားနဲချက်တွေရှိနေနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေမှာတော့ တတိယ-နိုင် ငံရောက် ပုဂိုလ်တွေအတွက် မရှိမဖြစ်လိုနေတဲ့ စာအုပ်တွေဘဲ့ဖြစ်ပါတယ်။

"ဒီစကားက မသိရင် အင်္ဂလိပ်စာလုံးတွေလိုဘဲ့ထင်ရတယ်။ အသေချာဖတ်ကြည့်တော့ တလုံး မှနားမလည်ဘူးဗျ" ဆိုပီး ကိုရဲမင်းအောင်ကပြောပါတယ်။ အင်္ဂလိပ်စာအခြေခံရှိသူတောင် ဒီလိုဖြစ်နေ ရင်အခြေခံမရှိသူဆို ပိုဆိုးမယ်။ ဖှင်လန်-မြန်မာ အဘိဓန်ရေးမှဖြစ်မယ်ဆိုပီး သူထိုင်ရေးလိုက်တာ ၂-နှစ်ကျော်ကြာတယ်လို့သိရပါတယ်။ အခုတော့ သူရေးသားပြုစုထားတဲ့ ဖှင်လန်-မြန်မာ။ ဖှင်လန်-ကရင် အဘိဓန်တွေက ဖှင်လန်ရောက် ABSDF ကျောင်းသားဟောင်းတွေ။ နိုင်ငံရေးအကျဉ်းသားဟောင်း တွေနဲ့ ကရင်နီဒုက္ခသည်စခန်းကနေရောက်လာသူတွေအတွက် အတော်အသုံးဝင်နေပီဖြစ်ပါတယ်။


ခရစ်စမတ်ဘိုးဘိုး Santa Claus နဲ့တွေဆုံခြင်း

ကိုရဲမင်းအောင်နဲ့ အဘိဓန်ကိစ္စ။ ဘာသာစကားကိစ္စတွေ ဆွေးနွေးပီးနောက်မှာတော့ နောက် တမြိုဆီခရီးဆက်ထွက်ပီး ဟိုက်ဝေးကားလမ်းဘေးတနေရာက ရေခဲပြင်မိုတယ်မှာ ကျနော်တို့အုပ်စု ညအိပ် စခန်းချပါတယ်။ အဝေးကကြည့်လိုက်ရင် ရေခဲပြင်ထဲက သစ်သားအိမ်သေးသေးလေးတွေ အဖြစ်သာ မြင်ရပေမဲ့ အခန်းထဲမှာတော့ မဆိုးပါဘူး။ ရေချိုးခန်း။ အိမ်သာနဲ့ မီးဖိုးချောင်ပါ ပါတယ်။ အားလုံးကို သစ်သားနဲ့ ဆောက်ထားပီး လျှပ်စစ်အပူပေးကရိယာရောမပါဘဲ ထင်းမီးဖို အပူးပေးကရိယာတခုတည်း ကိုသာ သဘာဝအတိုင်းဖြစ်အောင် တပ်ဆင်ပေးထားပါတယ်။

အဲဒီရေခဲပြင်တဲငယ် ၁၀-လုံးလောက်ရဲ့ ဘေးနားမှာတော့ ရေခဲနေတဲ့ကန်တခုရှိပိး အဲဒီကန်ဘေးမှာ အကောင်းစား Sauna တခုကိုတွေ့ရပါ တယ်။ အဲဒီ Sauna ထဲမှာ ချွေးထုတ်။ ပီးရင် ရေခဲဖြစ်နေတဲ့ ကန်ထဲပြေးဆင်းပီး နှင်းတောထဲမှာ လှဲ အိပ်။ ပီးရင် Sauna ထဲပြန်ဝင်။ ဒီလိုပုံစံနဲ့ Shock ရိုက်ပီး စိတ်ပင်ပန်းမှုလန်းဆန်းလာအောင် ဒီမှာ လာတည်းတဲ့လူတွေ လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ အဲဒီနည်းအတိုင်း ကျနော်လဲ လိုက်စမ်းကြည့်ပေမဲ့ အေးလွန်းလို့ မခံနိုင်ပါဘူး။ တခါလောက်ဘဲ့ စမ်းနိင်ပီး ဗော်လကာတခွက်နဲ့- Sauna ထဲမှာဘဲ့ထိုင်ရင်း အချိန်ကုန် သွားပါတယ်။





နောက်တနေ့မနက်မှာတော့ Santa Claus ရှိတယ်ဆိုတဲ့အရပ်။ မြောက်ပိုင်းရောင်ချည် Northern Light, aurora -ကိုမြင်ရတယ်ဆိုတဲ့ အရပ်။ အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့ ၆၆.၃၃-ဒီဂရီ အရပ်။ ရှေ့မှာပြောခဲ့တဲ့ အက်စကီးမိုး သို့မဟုတ် Sami people  တွေရှိတဲ့အရပ်နဲ့သိပ်မဝေးတော့ဘူး ဆိုတဲ့ Rovaniemi မြိုဆီ ကျနော်တို့ခရီးဆက်ခဲ့ပါတယ်။ ဒီမြိုနဲ့ ၈-ကီလိုမီတာအကွာကိုရောက်တဲ့ အခါ မှာတော့ အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့အရပ်ကိုရောက်ပိး ကမ္ဘာလှည့်ခရီးသည်အများအပြားကိုတွေ့ရ ပါတယ်။

ဆီးနှင်းတဖွေးဖွေးကျနေတဲ့ အုပ်ဆိုင်းကောင်းကင်ရဲ့အောက်မှာ ခန့်ငြားစွာရှိနေတဲ့ဘုရား ကျောင်း။ အဲဒီကျောင်းရှေ့မှာ ခရစ်စမတ်တေးသွားနဲ့ ကခုန်နေတဲ့ လူတစု။ အဲဒီဘေးမှာတော့ အာတိတ် စက်ဝိုင်းဖြတ်သွားတဲ့ ၆၆. ၃၃-ဒီဂရိမျဉ်းကြောင်းရှိရာ မီးအိမ်တန်း။ ဆီးနှင်းတွေထူလွန်းလို့ မြေပေါ်က အမှတ်သားတွေကို ကောင်းကောင်းမမြင်ရပါဘူး။

အဲဒီ မီးအိမ်တန်းကိုကျော်ပီး ဒီဖက်ထွက်လာတော့ ပြတိုက်နဲ့ အမှတ်တရပစ္စည်းဈေးဆိုင်တန်း တွေ။ ဟိုဖက်နဲနဲဆက်လျောက်လိုက်တော့ ရေခဲတဲအိမ်တွေကြားက ရေခဲပြင်သမင်တွေပြေးဆွဲနေတဲ့ စွပ်ဖားလှည်း။ ဒီလှည်းကိုစီးပီး တကီလိုဝန်းကျင်လောက် ဒီရွာတခွင် လှည့်လည်နိုင်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့ သဘာဝအလှတွေ။ ပထ၀ီ-ထူးခြားချက်တွေကို ငေးမောပီးတဲ့အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ဘုရားကျောင်းဆီပြန်လာပီး ခရစ်စမတ်ဘိုးဘိုး Santa Claus နဲ့တွေ့ခွင့်ရဖို့ ကျနော်တို့အုပ်စု တန်းစီ စောင့်ရပါတယ်။ မစောင့်လိုမဖြစ်။ ကျနော်တို့အယင် စောင့်နေသူတွေက ရာနဲ့ချီပီးရှိနေပါတယ်။

ဟော...တွေ့ပါပီ Santa Claus -နဲ့။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူးခင်ဗျား။ Santa Claus နဲ့ လက်ဆွဲနှုတ်ဆက်ပီး ဘယ်ကလာလဲ။ ဘယ်နယ်ကလဲ တာဝန်ကျေမေးမြန်းပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံက လာတယ်လို့ပြောလိုက်တော့ Santa Claus -ဘိုးဘိုး နဲနဲတော့ အံသြပီး မျက်ခုံးပင့်ပြပါတယ်။ အားလုံးမှ အချိန် ၅-မီနစ်ဘဲ့ရမယ်ထင်ပါတယ်။ အားလုံးနေရာယူတန်းစီပီးတာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ပါတယ်။ ကိုယ့် ကင်မရာနဲ့ကိုယ် ရိုက်ခွင့်မရတော့ သူတို့ ကင်မရာနဲ့ ရိုက်ပေးတဲ့ပုံနဲ့ဘဲ့ တင်းတိမ်ခဲ့ရပါတယ်။


ညဖက်မှာ မြောက်ပိုင်းရောင်ချည် Northern Light, aurora -ကိုမြင်ရမလားဆိုပီး စောင့်ကြည့် ခဲ့ပေမဲ့ မမြင်လိုက်ရပါဘူး။ ဒီမြိုကိုကျော်ပီး မြောက်ဖက်ကိုဆက်သွားမှ မြင်ရနိုင်တယ်လို့ ဒေသခံတွေက အကြံပြုပေမဲ့ ဝေးလွန်းတာရယ်။ အေးလွန်းတာရယ်တွေကြောင့် ကျနော်တို့ ဆက်မသွားနိုင်တော့ပါဘူး။ အလားတူ အက်စကီးမိုး Sami people တွေရှိရာအရပ်ဆီလဲ မသွားနိုင်တော့ပါဘူး။ အာတိတ်စက်ဝိုင်း ဖြတ်သွားရာ ၆၆. ၃၃- ဒီဂရိမျဉ်းပေါ်မှာဘဲ့ အမှတ်တရာ ဓါတ်ပုံတွေရိုက်ပီး ကျနော်တို့အုပ်စု မြောက်ဝင် ရိုးစွန်းကနေ လှည့်ပြန်လာခဲ့ပါတယ်။

 (မှတ်ချက်။ ဒီခရီးစဉ်အကြောင်းကို အောက်ပါ ရုပ်-သံ မှတ်တန်းမှာ ကြည့်ရှုနိုင်ပါတယ်။ ၈-မီနစ်စာ ရုပ်-သံကို ၈-မျက်နာအထိရေးပိး ကျနော်ရှင်းပြထားခြင်းသာဖြစ်ပါတယ်)



 ...............................................................................................................................

(အခုလို ဆောင်းရာသီမှာ နေမထွက်တဲ့နေ့တွေရှိသလို နွေရာသီရောက်ရင်လဲ နေမ၀င်တဲ့ညတွေ ဒီဒေသမှာရှိပါတယ်။ ဆောင်းနဲ့နွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ အဲဒီ အာတိတ်စက်ဝိုင်းနဲ့သိပ်မဝေးတဲ့ နော်ဝေး မြောက်ပိုင်း Tromso -မြိုက နွေရာသီမြင်ကွင်းလေးကိုပါ တခါတည်း ထည့်ပေးလိုက်ပါတယ်)  

 http://www.scribd.com/doc/56355776/270511-HAK-Midnight-Sun-Edited

2 comments:

အေးတာတော့ မကြိုက်ဘူး..ဒါပေမယ့် ရောက်ဖူးချင်တယ်...

ကျေးဇူးပါ။ အဝေးကြီးကလူတွေတောင် ၀င်ဖတ်တယ်ဆိုတော့ ဆက်ရေးဖို့ အားရှိစေပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More