Friday, December 16, 2011

Face Book ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့ ဘ၀ခါးခါးပိုင်ရှင်များ

Face Book ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့ ဘ၀ခါးခါးပိုင်ရှင်များ
ထက်အောင်ကျော်။ (16-12-11)

    ကမ္ဘာ့လူဦးရေ သန်း ၈၀၀-ကျော်ဟာ နေ့စဉ် Facebook သုံးနေတယ်လို့သိရပီး အဲဒီထဲမှာ မြန်မာလူဦးရေ ဘယ်လောက်ပါသလဲဆိုတာကိုတော့ ကျနော်မသိပါ။ ဒါပေမဲ့ အခု ဒီဆောင်းပါးကို လာ ဖတ်နေတဲ့ မိတ်ဆွေမှာတော့ Facebook အကောင့်တခု ရှိလိမ့်မယ်လို့ထင်ပါတယ်။ "ဟုတ်တယ်မို့ လား"

    ရှိတယ်ဆိုရင် ဘယ်လိုစိတ်ကူးတွေနဲ့ Fcaebook အကောင့် ဖွင့်တာလဲ။ ဘာပုံတွေတင် ထားသလဲ။ ကိုယ်အကြောင်းကိုယ်ကော အမှန်တိုင်းရေးထားရဲ့လား။ အဲဒီမေးခွန်း ၃-ခုလောက်ကို မိတ် ဆွေဖြေပေးနိုင်မလား။





ကျနော်ဒီလိုမေးလိုက်လို့ ဒီဗွီဘီ-ကအလုပ်ပြုတ်သွားတဲ့ ထက်အောင်ကျော်တယောက် Face Book ကုပဏီမှာ အလုပ်ရနေပီလားလို့မထင်လိုက်ပါနဲ့။ အလုပ်လက်မဲ့ဘ၀နဲ့ ကျနော်တက်နေတဲ့ နော် ဝေးစာ အ-သုံးလုံးကျောင်းက သူငယ်ချင်းကျောင်းသားတဦးက ကျနော်ကိုမေးတဲ့မေးခွန်းကို ကျနော် က မိတ်ဆွေကိုပြန်မေးကြည့်ချင်းမျှသာဖြစ်ပါတယ်။

    ဒီလိုမေးခွန်းထုတ်ခံရဖို့ဖြစ်လာတဲ့အကြောင်းရင်းကတော့ ကျနော့် Fcaebook -ထဲကပုံတွေမှာ ကျနော်ပုံ တပုံဘဲ့ပါပီး ဘာကြောင့်မိသားစုပုံမပါတာလဲ။ မင်းမိဘတွေနဲ့ရန်ဖြစ်ထားလို့လား- ဆိုပီး အဲဒီကျောင်းသားက ကျနော်ကိုမေးခွန်းထုတ်ပါတယ်။ ဒါနဲ့ ဒီကောင့် Fcaebook -မှာကော မိသားစုပုံ ပါရဲ့လားဆိုပီး ကျနော်လေ့လာကြည့်တော့... ဟုတ်တယ်ဗျာ။ မိသားစုပုံတွေတင်ထားလိုက်တာ။ အဖိုး တွေ-အဖွားတွေရော။ အဖေတွေအမေတွေရော။  ဒေါ်တွေ ဦးလေးတွေရော။ ညီတွေ။ ညီမတွေရော မျိုးဆက်လိုက်ကို စုံနေတာပါဘဲ့။

    "အခြေနေချင်းက မတူဘူးလေ မောင်ရင်။ ကိုယ်က မြန်မာနိုင်ငံကပြေးလာတဲ့ကျောင်းသား သူပုန်။ မင်းက နော်ဝေးမှာအလုပ်လာလုပ်တဲ့ ပုံမှန်နိုင်ငံခြားသားတဦး။ မင်းမိသားစုပုံတွေအားလုံး Fcaebook တင်နိုင်လေကောင်းလေဖြစ်ပေမဲ့ ငါမိသားစုပုံသွားတင်ရင် အားလုံးဒုက္ခရောက်ကုန်မှာပေါ့" လို့ ပြောပြတော့ တောင်အာရှနိုင်ငံသား ကျနော့်ရဲ့ အတန်းဖေါ်သူငယ်ချင်း ပခုံးတွန့်ပြ။ မျက်လုံးပင့်ပြပီး နားမလည်နိုင်ဖြစ်နေပါတယ်။

"Why?" သို့မဟုတ် နော်ဝေးလို မတတ်တခေါက်နဲ့ပြောရမယ်ဆိုရင် "Hvorfor?" ဆိုတဲ့ စကားလုံးကိုဘဲ့ သူက ထပ်ကာထပ်ကာမေးနေပါတော့တယ်။


ပွင့်လင်းခေါတ်ဦးက Fcaebook -ပေါ်ကိုတောင် မရောက်သေးဘူးလား

သူမေးမယ်ဆိုလဲ မေးချင်စရာပါဘဲ့။ ကျနော့် Fcaebook မှာ ပုံသစ်တွေတင်ထားလို့ သူကို ကြွားမိတဲ့အချိန်ကလဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ဆီသွားနေတဲ့အချိန်။ တမ္ဘာလုံးက မြန်မာနိုင်ငံမှာ ဒိမိုကရေစီလမ်းစမြင်နေရပီ။ အားလုံးအဆင်ပြေစပြုနေပီလို့ နားလည်ထားချိန်မျီုး ဆို တော့ ... ဘာကြောင့် Fcaebook ပေါ် မိသားစုဓါတ်ပုံတင်ယုံနဲ့ ဒုက္ခရောက်နိုင်တာလဲဆိုတာဟာ မြန်မာနိုင်ငံသားမဟုတ်သူတဦးအဖို့။ မြန်မာ့အရေးဆောင်ရွက်နေသူမဟုတ်သူတဦးအဖို့ ဘယ်လို မှ နားလည်နိုင်စရာမရှိနိုင်ပါ။

ဒီလိုနဲ့ ကျနော်ကဘဲ့ လက်ရှိအခင်းအကျင်းပေါ်သံသယများနေပီး စိုးရိမ်မှုလွန်ကဲနေတာလား။ Fcaebook -ပေါ်က တခြားကျနော်ရဲ့မြန်မာမိတ်ဆွေတွေကော သူတို့မိသားစုပုံတွေကို လွတ်လွတ်လပ် လပ်ရဲရဲဝံ့ဝံ့တင်နေကြပီလားဆိုပီး Profile တွေ။ ဓါတ်ပုံတွေကိုအသေချာ လိုက်ကြည့်မိပါတယ်။ သေ ချာတာကတော့ တောထဲကနေ တတိယ-နိုင်ငံဆီရောက်လာတဲ့ ကျနော်ရဲ့ ရဲဘော်ရဲဘက်တွေအားလုံး ဘယ်သူကမှ မိသားစုပုံတင်ထားတာမတွေမိသေးပါ။

ကျနော်ဆိုလိုတဲ့ မိသားစုပုံဆိုတာဟာ မြန်မာနိုင်ငံ မှာကျန်နေတဲ့ မိဘတွေနဲ့ တတိယ-နိုင်ငံရောက် သားသမီးတွေ အတူရိုက်ထားတဲ့ပုံကိုပြောတာပါ။ ဒါ ပေမဲ့ ထူးထူးခြားခြား သူတိုတတွေအားလုံးနီးပါးတင်ထားတဲ့ပုံကတော့ တတိယ-နိုင်ငံမှာမွေးသူ။ ဒါမှ မဟုတ် တောတွင်းခစန်းတွေနဲ့ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာမွေးသူ သူတို့ရဲ့ မျိုးဆက်သစ်ကလေး ငယ်တွေရဲ့ပုံတွေ။ သူတို့နဲ့ သူတို့ကလေးငယ်တွေရဲ့ပုံတွေဘဲ့ဖြစ်ပါတယ်။

ဒါဟာ ပြည်ပမှာရောက်နေသူတွေ။ ရန်ကုန်နဲ့ နှစ် ၂၀-ကျော်ဝေးကွာနေသူတွေရဲ့ စိုးရိမ်မှုလွန် ကဲနေတာကြောင့်များလား။ တကယ်လို့ နိုင်ငံရေးနဲ့မပါတ်သက် ဘဲ  ပြည်ပမှာရိုးရိုးအလုပ်လာလုပ်နေသူ တွေ။ ပြည်တွင်းမှာနေထိုင်သူတွေရဲ့ Fcaebook -မှာဆိုရင်ကော် မိသားစုပုံတွေကို လွတ်လပ်စွာတင် ရဲနေကြပီလားဆိုပီး ကျနော်ထပ်လေ့လာကြည့်မိပြန်ပါတယ်။

"ဘယ်တင်ရဲမလဲ။ ငါက နင့်လို သူပုန်လူထွက်မှမဟုတ်တာ" ဆိုပီး စင်ကာပူမှာ အလုပ်လာ လုပ်နေတဲ့ တက္ကသိုလ်တုန်းက ကျောင်းနေဖက်သူငယ်ချင်းတဦးဖြေပါတယ်။ သူအဖြေကို ထပ်ရှင်းပြရ မယ်ဆိုရင် ကျနော်မေးတာက မိသားစုပုံပါ။ ဒါပေမဲ့ သူကတော့ မိသားစုပုံမပြောနဲ့ သူပုံကိုတောင် သူ မတင်ရဲလို့ ရှုခင်းလိုလို။ ပန်းပွင့်လိုလို။ ရေတံခွန်လိုလို။ ဘုရားပုံလိုလိုတွေနဲ့သာ အခုချိန်ထိ စခန်းသွား နေသူဖြစ်ပါတယ်။

"မိသားစုပုံကတော့ ထားပါတော့ ကိုယ်ပုံကိုယ်တင်တာကတော့ ဘာဖြစ်မှာမို့လဲ" ဆိုပီး ကျ နော်ကထပ်မေးတော့..."မတင်ရဲသေးပါဘူးဟယ်။ အခြေနေက သေချာတာမဟုတ်သေးဘူး။ သူတို့ လက်အောက်မှာနေရတဲ့ဘ၀ဆိုတော့" ဆိုပီး အဲ ဒီသူငယ်ချင်း သူနာပြုဆရာမကပြောပါတယ်။ ဒါဆိုရင် သာမန်နိုင်ငံသားတွေက ကျနော်တို့လို သူပုန် လူထွက်တွေထက်တောင်မှ ပိုစိုးရိမ်နေတာ ဘာကြောင့် လဲ။ ကျနော်စဉ်းစားနေပေမဲ့ တိကျတဲ့ အဖြေတော့ မရသေးပါ။

တခါ ပြည်တွင်းကနေ Fcaebook -တက်နေသူတွေ။ ကျနော်ကို add လာလုပ်ထားသူတွေရဲ့ လိပ်စာတွေကိုလိုက်လေ့လာကြည့်တဲ့အခါမှာလဲ သိပ်မထူးပါဘူး။ မီဒီယာသမားတွေ။ နိုင်ငံရေးသမား တွေ။ ဘာမှမသိသေးတဲ့ ဆယ်ကျော်သက်လေးတွေကလွဲရင် လူများစုကြီးက မိသားစုပုံရော။ သူ့ပုံသူ ရော တင်ထားတာမျိုးမတွေ့မိပါ။ အများစုဟာ စင်ကာပူက သူငယ်ချင်းလိုဘဲ့ ရှုခင်းလိုလို။ ပန်းပွင့်လို လို။ ဘုရားပုံလိုလိုနဲ့ သွားနေဆဲဖြစ်တာကိုသာ ကျနော်တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင် ဘာပုံမှကိုမတင်ဘဲ ဒီတိုင်း ကွက်လာဒ်ကြီးချန်ထားတာတွေ့ရပါတယ်။ နောက်တခါ info မှာလဲ ဘာမှအတိအကျရေးမ ထားပါဘူး။


ဘာကြောင့် Facebook ပေါ်တက်နေကြတာလဲ

ဒီလိုလေ့လာပီးတဲ့အခါမှာတော့ ဓါတ်ပုံလဲမတင်ရဲ။ အချက်လက်အမှန်လဲ မတင်ရဲဘဲ့နဲ့များ ဘာ ကြောင့် Facebook ဖွင့်ထားသေးလဲဆိုပီး ကျနော်ထပ်မေးကြည့်ခဲ့ပါတယ်။ "သူငယ်ချင်းဟောင်းတွေနဲ့ အဆက်သွယ်ရချင်လို့" လို့စင်ကာပူကတဦးကဖြေပါတယ်။ ရန်ကုန်ကတဦးကတော့ "ခေတ်မှီအောင် ဖွင့်ထားတာပါ။ သူက သတင်းစုံမြင်ရတယ်လေ" ဆိုပီးပြောပါတယ်။ အော်စလိုရောက် တောင်အာရှနိုင် ငံသားကိုပြန်မေးကြည့်တဲ့အခါမှာတော " Fun ဘဲ့လေ။ ပုံတွေတင်ပီး အချင်းချင်းအပြန်အလှန်ကြည့်ရ တာပျော်ဖို့သိပ်ကောင်းတယ်" လို့ဆိုပါတယ်။

ကဲ...အခုစာဖတ်နေတဲ့ မိဆွေကော ဘာကြောင့် Facebook အကောက်ဖွင့်ထားတာလဲ။ တတိ ယ နိုင်ငံရောက် ကျနော်သူငယ်ချင်းအတော်များများကတော့ ပြည်ပရောက်နေသူတွေ။ နယ်စပ်နဲ့ တော ထဲကဘော်ဒါတွေအကြား အပြန်အလှန်အလွယ်တကူဆက်သွယ်နိုင်အောင်။ နေ့စဉ်သတင်တွေကို အ မြန်ဆုံးနည်းနဲ့သိနေခွင့်ရအောင် Fcaebook ဖွင့်ထားတာလို့ ဆိုပါတယ်။

ကျနော်ကိုယ်တိုင်လဲ သူတို့နဲ့ခပ်ဆင်ဆင်ပါဘဲ့။ နိုင်ငံတကာဆီရောက်နေတဲ့ တောထဲက သူငယ်ချင်းဟောင်းတွေနဲ့ပြန်လည်ဆက်သွယ်ချင်လို့ပါ။ ဒါပေမဲ့ တဖြေးဖြေးနဲ့ သူငယ်ချင်းဟောင်းတွေ နဲ့ ဆက်သွယ်နိုင်ခဲ့တဲ့အပြင် တောထဲက အမှတ်တရဓါတ်ပုံတွေ။ ဆောင်းပါးတွေကိုပါ တင်နိုင်လာတဲ့ အတွက် သာမန်အပျော်တန်း fun အဆင့်ကိုကျော်လာတယ်လို့ထင်မိပါတယ်။

နောက်တခါ ကိုယ်ပိုင် သတင်းတွေ။ ဆောင်းပါးတွေကိုတင်နိုင်လာတဲ့အပြင် သူများတင်ထားတဲ့ သတင်းဦး။ သတင်းထူးတွေ ကိုလဲ ချက်ချင်း Like လုပ်နိုင်တဲ့အတွက် Information အတွက်ပါ မရှိမဖြစ်လိုအပ်လာသလို ထင်နေ မိပါတယ်။ တချိန်တည်းမှာဘဲ့ Facebook နဲ့ online ပေါ်ကို မတက်ဖြစ်တဲ့နေ့မရှိသလောက်ဖြစ်လာပီး နေ့စဉ် တနေ့တာရဲ့ ၄-ပုံတလာက်ကို အွန်လိုင်းပေါ်ရောက်နေတတ်ပါတယ်။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ အမိမြေနဲ့ဝေးနေသူတဦးအဖို့ အွန်လိုင်းဟာ နေ့စဉ်ဘ၀ရဲ့အရေးကြီးတဲ့အစိတ်အပိုင်း တခု အဖြစ်တိုးတိုးပီးနေရာယူလာနေပါတယ်။

ဒါပေမဲ့ ဒါဟာ ကျနော်တို့လို အသက် ၄၀-တန်း ၃၀-ကျော်လူတွေရဲ့စဉ်းစားချက်သာ ဖြစ်ပုံရပီး ဆယ်ကျော်သက်တွေစဉ်းစားပုံကတော့ နောက်တမျိုးဖြစ်နေနိုင်ပါတယ်။ ဘကြောင့်လဲဆိုတော့ "အွန် လိုင်းမှာ ကျုသူများ။ ကျု ကျုတွေ ဘာဖြစ်တယ်။ ညာဖြစ်တယ်"....စသဖြင့် စာသားတွေပါတဲ့ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ သီးချင်းတပုဒ်ကို ဒီဆောင်းပါးရေးနေရင်းနဲ့ စင်ကာပူ အွန်လိုင်းရေဒီယို (http://www.apytz.net/)  ကနေ ကျနော်ကြားမိ လို့ပါ။ ဒါဟာ မြန်မာလူငယ်တွေအများစုရဲ့အမြင်များဖြစ်နေလေမလားပါဘဲ့။

ဘာကြောင့်လဲဆိုရင် အ လုပ်လုပ်နေရင်းနဲ့ facebook, g-talk အမြဲတန်းဖွင့်ထားလေ့ရှိတဲ့ ကျနော့်အကောက်တွေဆီ ပြည်တွင်း က အဲဒီလို လူငယ်တွေက လာလာပီး Hi လုပ်တာနဲ့ ခနခနကြုံဖူးလို့ပါ။ "ကိစ္စရှိရင် လိုရင်းကို ရေး ထားခဲ့ပါ။ အရေးကြီးရင် မက်စေ့ရေးထားခဲ့ပါ" လို့ပြောရင် သူတို့က သိပ်ကြိုက်ပုံမရဘူး။ အွန်လိုင်းပေါ် က လူတွေအားလုံးကို သူတို့လိုဘဲ့ အားအားယားယား -ကျု- နေသူတွေလို့ထင်ထားပုံရပါတယ်။ ဒါ ဟာလဲ အနာဂါတ်မျိုးဆက် အွန်လိုင်းချစ်သူတွေအတွက် အရေးတကြီးစဉ်းစားအဖြေရှာသင့်တယ်လို ထင်မိပါတယ်။


လွတ်လပ်ပွင့်လင်းခေတ်ကို ဘယ်တော့ရောက်မလဲ။ အဲဒီခေတ်အတွက် ခင်ဗျားဘာတွေပြင်ပီး စောင့်နေမလဲ

လိုရင်းကိုပြန်ကောက်ရမယ်ဆိုရင် ရှေ့မှာပြောခဲ့တဲ့ တခြားနိုင်ငံက သာမန်နိုင်ငံသားတဦးလို မိသားစုပုံဘဲ့ဖြစ်ဖြစ်။ ကိုယ့်ပုံဘဲ့ဖြစ်ဖြစ် ကိုယ်တင်ချင်တဲ့ပုံကို လွတ်လပ်စွာတင်နိုင်တဲ့ခေါတ်ကိုရောက် ဖို့ ကျနော်တို့ ဘယ်လောက်အထိဆက်စောင့်ရဦးမလဲ။ စောင့်နေယုံသက်သက်အပြင် အဲဒီလွတ်လပ် ပွင့်လင်းခေါတ်ကိုမြန်မြန်ရောက်အောင် စာရေးနေတဲ့ကျနော်ရော။ စာလာဖတ်နေတဲ့ မိတ်ဆွေရော ဘယ်လိုကျိုးစားနိုင်မယ်လို့ထင်ပါသလဲ။

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း Facebook-ပေါ်က ကျနော်သူငယ်ချင်းအားလုံးနီးပါးကတော့ ၈-လေးလုံးအရေးတော်ပုံကနေ ဒီနေ့အထိ လက်နက်ကိုင်တိုက်ပွဲအပါဝင် နည်းမျိုးစုံနဲ့ ဒီမိုကရေစီရရှိ ရေးအတွက် တိုက်ပွဲဝင်လာခဲ့တာဘဲ့ဖြစ်ပါတယ်။ အခုနှစ် ၂၀-ကျော်ကြာပီးတဲ့အချိန်မှာတော့ ကျနော် တိုရဲ့ ကြိုးပန်းမှုကြောင့်လို့တိုက်ရိုက်မပြောနိုင်တဲ့။ ကျနော်တို့လိုချင်တဲ့ ပုံစံအတိုင်းလဲမဟုတ်သေးတဲ့ အ ပြောင်းလဲ လမ်းစတခုကိုတော့ မြင်လာနေရပီဖြစ်ပါတယ်။ ဒါကိုကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ် စေ ကျနော်ရော။ စာဖတ်သူမိတ်ဆွေရော ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဒီအပြောင်းလဲကို ကျနော်တို့ဘယ်လိုရင်ဆိုင်ကြမလဲ။ Facebook ပေါ်ကနေ Like လုပ်ရင်းနဲ့ ဘဲ့ရင်ဆိုင်ကြမလား။ online ပေါ်မှာ တောင်ရေး-မြောက်ရေးနဲ့ဘဲ့ ကျေနပ်နေ ကြမလား။ ဒါမှမဟုတ် တကယ့်အခြေနေကို ထဲထဲဝင်ဝင် ကိုယ်တိုင်ဝင်ပီး ရင်ဆိုင်ကြမလား။ ဒီအတွက် ကျနော်တို့ဘာ တွေ ပြင်ထားဖို့လိုမလဲ။ စာဖတ်သူ မိတ်ဆွေ ဘယ်လိုစဉ်းစားထားသလဲ။

ကျနော်ကတော့ အချက် ၂-ခုကို သက်လုံ ကောင်းအောင်  ပြင်ဆင်ထားသင့်တယ်လို့ စဉ်းစား မိပါတယ်။ ပထမ-တခုကတော့ ဖြစ်ပေါ်လာမဲ့အခင်းအကျင်းသစ်မှာ အံဝင်ဂွင်ကျ ၀င်ကစားနိုင်မဲ့ အ ရည်ချင်းမျိုးပြည့်ဝနေအောင် လေ့ကျင့်ထားဖို့ပါ။ ဒုတိယ-တခုကတော့ အဲဒီလိုဝင်ကစားနိုင်အောင်။ အဲ ဒီအချိန်ထိ ကျမ်းမာပကတိ ချမ်းသာစွာရှိနေနိုင်ဖို့အတွက် တကိုယ်ရေ ကျမ်းမာရေးကို ကျနော်တို့မျီုး ဆက်တွေ ဒီထက်မက လေ့ကျင့်ဖို့လိုနေပီလို့ထင်ပါတယ်။

အရည်ချင်းစံချိန်မှီအောင်လေ့ကျင့်ဖို့ဆိုတာဟာ လူတိုင်းအတွက်ဖြစ်နိုင်ဖို့ခက်ခဲကောင်း ခက်ခဲ နိုင်ပေမဲ့ တကိုယ်ရေကျမ်းမာရေးကတော့ ဘာမှသိပ်ခက်စရာမရှိဘူးလို့ထင်ပါတယ်။ ဒါမေပဲ့ Facebook နဲ့ online ပေါ်က ရဲဘော်ဟောင်းတွေ။ မိတ်ဆွေဟောင်းနဲ့ စကားပြောရင်း။ အပြင်မှာ တကယ်တွေ့ ရင်းနဲ့ အသေချာဆန်းစစ်ကြည့်တဲ့ အခါမှာတော့ မခက်ဘူးလို့ကျနော်ပြောတဲ့အချက်က သူတို့အတွက် ပိုခက်နေသလိုပါဘဲ့။

"ခင်ဗျားလို အားအားယားယား လေ့ကျင့်ခန်းဘယ်လုပ်နိုင်မလဲဗျ။ ကျနော်တို့က မိသားစုနဲ့။ ကလေးတွေနဲ့။ အလုပ်ပြေးလိုက်။ ကလေးကျောင်းကြိုလိုက်နဲ့ လေ့ကျင့်ခန်းလုပ်ဖို့အချိန်ကိုမရှိဘူး" ဆို ပီး တောထဲမှာ ၁၀-နှစ်လောက်အတူနေဖူးတဲ့။ အခု တတိယ-နိုင်ငံတခုမှာရောက်နေတဲ့ ကျနော်ဘော်ဒါ တဦးက မာဘိုလိုစီးကရက်ခဲရင်း ကျနော်ကိုတုန့်ပြန်ချက်ပေးပါတယ်။

"ဆေးလိပ်သောက်တာကို ခင်ဗျားက အပြစ်ပြောဦးမလို့လား။ ရော့ ဟောဒီမှာ ခင်ဗျားအတွက် ဗော်လကာ" ဆိုပီး ကျနော်ကိုပါ အဖေါ်ခေါ်လိုက်ပါတယ်။ အမှန်တိုင်းပြောရရင် သူပုံဟာ လွန်ခဲ့တဲ့ ၁၀-နှစ်ကျော် တောထဲကပုံနဲ့ဘာမှ မဆိုင်တော့။ အသားတွေဖြူလာပီး ကိုယ်အလေးချိန်က ၂-ဆမက တိုး လာတယ်လို့ကျနော်ထင်မိပါတယ်။ ဒါက တတိယ-နိုင်ငံရောက် ကျနော်တို့မျိုးဆက်တွေရဲ့ ကျမ်းမာရေး အခြေနေပါ။

ပီးခဲ့တဲ့သင်္ကြန်ကာလ ထိုင်းခရီးစဉ်အတွင်းတွေ့ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံက ကျောင်းနေဖက် သူ ငယ်ချင်းတွေ။ ရွာကနေ ထိုင်းမှာအလုပ်ကြမ်းလာလုပ်နေတဲ့ ဘော်ဒါတွေကျတော့ ရှေ့ကပုဂိုလ်နဲ့ ခန္တာကိုယ်အချိုးအစားက ပြောင်းပြန်။ ကျနော်မတွေ့ဖြစ်လိုက်တဲ့ နှစ် ၂၀-ကျော်ကာလအတွင်း ပိန် ညောင်ပီး အိုမင်းသွားလိုက်တာ ငယ်ရုပ်ကိုမနဲပြန်ဖမ်းပီး မှတ်မိအောင်ကျိုးစားခဲ့ရပါတယ်။

"ဘ၀မှာထွက်ပေါက်အဖြစ် ဒါလေးဘဲ့ရှိတာကွာ။ သောက်စမ်းပါ။ မင်းအတွက် စပါယ်ရှယ် ပြင် ထားပါတယ်" ဆိုပီး ဘီယာချမ်းနဲ့ ကျနော်ကိုဧည့်ခံနေပါတယ်။ သူကတော့ စိန်ချွန်းကို စွဲစွဲလမ်းလမ်း သုံးဆောင်နေပီး ယာစင်းကိုလဲ အဖွာမပျက်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ကျနော်ကိုပြောပြနေပါ တယ်။

ထိုင်းနယ်စပ်နဲ့ တတိယ-နိုင်ငံက ကျနော်ဘော်ဒါတွေဟာ လောလောဆယ်ရောက်နေတဲ့ ပထ ၀ီ-အနေထား။ ရာသီဥတုအခြေနေ။ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးစနစ်။ လူမှုရေးအားမခံချက်တွေပေါ် မူတည်ပီး အိုဗာဝိတ်ဖြစ်သွားသူနဲ့ အလေးချိန်မပြည့်အောင် ပိန်ညောင်သွားသူအဖြစ်ကွာသွားတာက လွဲရင် ကျန်တာကတော့ သိပ်မကွာပါဘူး။ သူ့အလုပ်နဲ့သူရှုပ်နေကြပီး ပြောင်းလဲလာတဲ့ အခင်းအကျင်း သစ်မှာ ၀င်ကစားနိုင်အောင် အရည်ချင်းလေ့ကျင့်ထားဖိုလဲ သတိမရ။ တကိုယ်ရေ ကျမ်းမာရေးအ တွက် လေ့ကျင့်ဖို့လဲ သတိမရဖြစ်နေတာကို ကျနော်နှိုင်းယှဉ်းစားနေမိပါတယ်။

ဒီလိုစဉ်းစားနေချိန်မှာ "ဟက်ပီး ဘာ့ဒေးပါ ရဲဘော်ကြီး" ဆိုပီး တတိယ-နိုင်ငံရောက် ရဲဘော် ဟောင်းဆီက မက်စေ့-တခု Facebook ပေါ်ဝင်လာပါတယ်။ သြော်... ဘာလိုလိုနဲ့ ကျနော်အသက်လဲ သိပ်မငယ်တော့ပါလား။ မနက်ဖြန်ဆိုရင် ပြည်ပမှာနေတဲ့သက်တန်းနဲ့ ပြည်တွင်းမှာနေခဲ့ဖူးတဲ့သက် တန်း အတူတူဖြစ်တော့မှာပါလား။ မြန်မာ့နိုင်ငံရေးအခြေနေဟာ ၂၄-နှစ်ကြာမှ တခါပြောင်းလဲတတ် သလားဆိုပီး စဉ်းစားနေမိပြန်ပါတယ်။

သေချာတာတခုကတော့ ကိုယ်တိုင်လုပ်လို့ဘဲ့ပြောင်းလာသည်ဖြစ်စေ။ တခြားလူလုပ်လို့ဘဲ့ ပြောင်းသည်ဖြစ်စေ။ ကာလရွေ့လျားလာလို့ သူအလိုလိုပြောင်းလာသည်ဘဲ့ဖြစ်စေ အဲဒီပြောင်းလဲလာ တဲ့အခြေနေကို ရင်ဆိုင်ဖို့ ကျနော်တို့ ပြင်ဆင်ရပါဦးမည်။ ဒီအတွက် ညဏ်ပညာပိုင်းဆိုင်ရာ။ အတတ် ပညာဆိုင်ရာ ဖြည့်ဆည်းမှုတွေအဆင်သင့်ပြင်ထားဖို့လိုသလို တဦးချင်းဆိုင်ရာ ကျမ်းမာသန်စွမ်းရေး ကိုလဲ ဖြည့်ဆည်းထားဖို့လိုပါလိမ့်မယ်။

ကုန်လွန်သွားတဲ့ ၄၇-နှစ်က အတွေအကြုံတွေပေါ်အခြေခံပီး လာမဲ့ ၄၇-နှစ်ကိုရင်ဆိုင်ဖို့ ကျ နော်တို့မျိုးဆက်တွေ ကျိုးစားပြင်ဆင်ရပါဦးမယ်။ ညဏ်ပညာပိုင်းဆိုင်ရာ။ အတတ်ပညာပိုင်းဆိုင်ရာမှာ တဦးနဲ့တဦးတူအောင်လေ့ကျင့်ဖိုမလွယ်ကူပေမဲ့ တကိုယ်ရေကျမ်းမာရေးကိုတော့ လူတိုင်းတန်းတူလေ့ ကျင့်နိုင်တယ်လို့ကျနော်စဉ်းစားနေမိပါတယ်။ အဲဒီလိုစဉ်းစားရင်းနဲ့ Facebook ကို Log Out လုပ်။ ကွန် ပြူတာကို Shut Down လုပ်ပီး ကျမ်းမာရေးအတွက် နှင်းတောထဲ လမ်းလျောက်ဖို့ ကွန်ပြူတာစားပွဲရှေ့ ကနေ ကျနော်ထွက်လာခဲ့ပါတယ်။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More