ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး
ချင်းမိုင် (မဇ္ဈိမ) ။ ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင် နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။
“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။
သမ္မတ၏ ညွှန်ကြားချက်ကို သမ္မတရုံး တာဝန်ခံ ဗိုလ်မှူးကြီး ချစ်ကိုကိုမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဖဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် အမိန့်စာကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ လက်မှတ်ထိုး ထုတ်ပြန်သည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။
ယခုအချိန်တွင် ဖဒိုမန်းငြိမ်းမောင်သည် သမ္မတရုံးတာဝန် ဗိုလ်မှူးကြီး ချစ်ကိုကို၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်နေသည်ဟုလည်း ဦးညိုအုန်းမြင့်က ပြောသည်။ “အခု နေပြည်တော်ကို သွားနေပါတယ်။ သူ့ကို အထူး ဖိတ်ကြားချက်အရ အထူးဧည့်သည်တော် အဖြစ် KNU ငြိမ်းချမ်းရေး အတွက်ပါ။ သူနဲ့လည်း တိုင်ပင်ချင်တယ်ပေါ့နော်။ ဟိုဘက်က Idea လည်း သူတို့ သိချင်တယ်ပေါ့။” ဟု ဦညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။
ဖဒိုမန်းငြိမ်းမောင်သည် နေပြည်တော်တွင် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ နယ်စပ်ရေးရာ ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိသည်ဟု လည်း သိရသည်။
အသက် ၇၀ ရှိ ဖဒိုမန်းငြိမ်းမောင်ကို သူ၏ မိခင်အဖွဲ့အစည်းဖြစ်သော KNU သို့ ယခုလ ၂၄ ရက်နေ့တွင် မြဝတီမြို့၌ ပြန်လည် အပ်နှံမည်ဖြစ်သည်ဟုလည်း ငြိမ်းချမ်းရေးအကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။
ဖဒိုမန်းငြိမ်းမောင်ကို အင်းစိန် မြောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦးလှဝင်းက အင်းစိန်ထောင်တွင်း အထူး တရားရုံး ဖွဲ့၍ မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ပြီး စီရင်ချက် နှစ်ခုကို တပေါင်းတည်း ကျခံရမည်ဟု ယခုလ
၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ လေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ဟုဆိုကာ အစိုးရမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် စစ်အစိုးရ၏ ဖမ်းဆီးမှုကို မန်းငြိမ်းမောင် ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသည်။ အခြားရဲဘော် နှစ်ဦးနှင့်အတူ လှေဖြင့် ထွက်ပြေးကာ မြန်မာပြည် ကမ်းခြေတခုတွင် အောင်မြင်စွာ ဆိုက်ကပ်နိုင်ပြီး ဒေသ အာဏာပိုင်များက ပြန်လည် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ကျွန်းမှ စွန့်စား ထွက်ပြေးမှု အတွေ့အကြုံများကို ‘ရဲဘော်ရှောင်း’ ကလောင်အမည်ဖြင့် ‘မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သောအခါ’ စာအုပ် ရေးသား ထုတ်ဝေခဲ့ဖူးသည်။
..................................................................................................
.......................................................................................................
မန်းငြိမ်းမောင် သို့မဟုတ် ကျနော်တို့ရဲ့ မဟာမိတ်ရဲဘော်ကြီး
ထက်အောင်ကျော် (၂၀-၁၂-၁၁)
KNU ခေါင်းဆောင်တဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင် မင်္ဂလာဒုံလေယဉ်ကွင်းမှာဖမ်းမိတယ်ဆိုတဲ့ သတင်းကို ကြားမိကာစက ကျနော်မယုံပါဘူး။ ဒါပေမဲ့ အခု သူကိုတရားရုံးတင်ပီး ထောင်ဒဏ် ၁၇-နှစ် ချလိုက်ပီဆိုတော့ မယုံလို့မဖြစ်တော့။ သို့သော်လဲ ဘာကြောင့် နယ်စပ်ကသူပုန်က ရန်ကုန်လေယဉ် ကွင်းမှာအဖမ်းခံရတာလဲဆိုတာကတော့ အခုချိန်ထိ ကျနော်အတွက် ပဟေရိဖြစ်နေဆဲပါ။
ဘာကြောင့် လဲဆိုရင် ပဒိုမန်းငြိမ်းဟာ တောထဲမှာဘဲ့ ကုန်းကြောင်းလျောက်လေ့ ရှိပီး လေယဉ်နဲ့နိုင်ငံခြားခရီးသွား ဖူးတယ်လို့ ကျနော်တခါမှ မကြားဖူးသေးလို့ဖြစ်ပါတယ်။ ဘာဘဲ့ဖြစ်ဖြစ် အခုတော့သူ ထောင် ၁၇-နှစ် ချခံလိုက်ရပီလို့ သတင်းတွေအရ သိလိုက်ရပါပီ။ ဒါကြောင့် ကျနော်တွေ့ဖူးတဲ့ ပဒိုမန်းငြိမ်းရဲ့ ပုံရိပ်လွာ တစိပ်တပိုင်းကို တင်ပြဖို့ ကျနော်စိတ်ကူးပေါ်လာပါတယ်။
ဓါတ်ပုံ...ဧရာဝတီ။
ပဒိုမန်ငြိမ်းမောင် သို့မဟုတ် ကျနော်တို့အခေါ် ဆရာမန်းငြိမ်း ကို ကျနော် ပထမ-ဆုံးတွေ့ဖူးတဲ့ အချိန်က လွန်ခဲ့တဲ့နှစ် ၂၀-ကျော်။ ၁၉၉၁ သြဂုတ်-စက်တင်ဘာလောက်မှာ လို့ထင်ပါတယ်။
ကျနော်တို့ ၂၀၁-တပ်ရင်း။ မင်းသမိးခစန်းက ခေါင်းဆောင်အတော်များများ တတိယ-အကြိမ်ညီလာခံတက်ဖို့ မာနယ်ပုလောဖက်ရောက် နေချိန်။ ကျနော်နဲ့ လက်ကျန်စခန်းကော်မီတီက စခန်းကိစ္စအ၀၀ကို တာဝန် ယူနေရချိန်ဖြစ်ပါတယ်။ ရိက္ခာကိစ္စလား။ ခဲယမ်းကိစ္စလား အသေချာမမှတ်မိတော့တဲ့ ကိစ္စတခုအတွက် KNU တပ်မဟာ ၄-မှုး ဗိုလ်မှုးချုပ် အော်လီဗာနဲ့ဆွေးနွေးဖို့ တပ်မဟာမှုးအိမ်ဆီ ကျနော်ရောက်သွား ချိန်ဖြစ်ပါတယ်။ ထုံးစံ အတိုင်း အလုပ်များနေတဲ့ တပ်မဟာမှုးက အိမ်မှာမရှိပါ။
ကျနော်လဲ စိတ်ပျက်လက်ပျက်နဲ့ တပ်မဟာမှုးအိမ် အောက်ထပ်ကနေ ထွက်လာတော့ အိမ်ရှေ့ သစ်ပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့အသားဖြူဖြူ အရပ်မြင်မြင့် ဘော်ဒီစထရယ်ချာက မပိန်မပါး သန့်သန့်ပြန့်ပြန့် အသက် ၄၀-ကျော်အရွယ် လူတဦးကိုတွေ့ပါတယ်။ ရှပ်အကျီ အဖြူ။ ကရင်လုံချည် ၀တ်ထားပိး လွယ်အိတ်တလုံးလွယ်ထားတဲ့ အဲဒီပုဂိုလ်က "ခင်ဗျား တပ်မဟာမှုးနဲ့တွေ့ ချင်လို့လား။ ကျ နော်လဲ သူကို တွေ့ချင်လို့စောင့်နေတာဘဲ့" ဆိုပီး ကျနော်ကိုအယင်နှုတ်ဆက်ပါတယ်။
လူကဲခတ် ညံ့ လေ့ရှိတဲ့ ကျနော်က သူကို KNU ခေါင်းဆောင်တဦးမှန်းမသိ။ "ဟုတ်ပါတယ်။ ကျနော်တပ်မဟာမှုးနဲ့ တွေချင်လို့ပါ။ ဆရာက NLD-LA ကလား။ ဗဟိုကနေဆင်းလာတာ ထင်တယ်" ဆိုပီး ပြန်နှုတ်ဆက် လိုက်မိပါတယ်။
ဒီတော့ သူက ပြုံပီး "မဟုတ်ပါဘူး။ ကျနော် KNU ကပါဘဲ့။ အယင်တပ်မဟာ ၆-ဖက်ကလေ။ ကျောင်းသားတွေနဲ့ရင်းနှီးတဲ့ ဆရာမန်းအောင်ဌေး-တို့ကိုသိတယ်မို့လား။ သူတို့နဲ့အတူတူပေါ့" ဆိုပီး သူ ကပြန်ပြောပါတယ်။ ဒါပေမဲ့ ကျနော်စိတ်ထဲ ဒီလူပြောတဲ့လေသံက ကရင်လေသံလဲ သိပ်မပေါက်ပါလား။ ပီးတော့ သူပုံက ကျနော်တွေ့နေကြ တပ်မဟာ ၄-က KNU ခေါင်းဆောင်တွေနဲ့မတူဘဲ တမူထူးခြားနေ သလိုပါဘဲ့။
တကယ်က ကျနော်ဟာ သီဘောဘိုး။ မော်ကဲ။ ဝေါလေစခန်းတွေဖက်ဆီ ရက်ပိုင်း လောက် ရောက်ဖူးပေမဲ့ တပ်မဟာ ၆-နယ်မြေထဲ ထဲထဲဝင်ဝင်တခါမှမရောက်ဖူးခဲ့ပါ။ ဒါပေမဲ့ ဆရာ မန်းအောင် ဌေး-နဲ့ တပ်မဟာ ၆-ဖက်က ပဒိုတွေ။ ဆရာတွေ ကျောင်းသားတွေနဲ့ အတော်ရင်းနှီးတယ်။ ကျောင်း သားတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းကြတယ်ဆိုတာကိုတော့တဆင့်စကားနဲ့ ကြားဖူးထားပါတယ်။ ဆို လိုတာကတော့ ဒီပုဂိုလ်ဟာလဲ တပ်မဟာ ၆-ဖက်ကနေ တပ်မဟာ ၄-ဆီ တာဝန်နဲ့ခဏရောက်လာတဲ့ သာမန် ပုဂိုလ်တဦးမျှသာဖြစ်တယ်။ ကျနော်နဲ့ထပ်တွေ့စရာအကြောင်းမရှိဘူးလို့ထင်ထားခဲ့မိတယ်ဆိုပါ တော့။
.......................................................................
(၁၉၉၁-၉၂ ၀န်းကျင်က ပဒိုမန်းငြိမ်းနဲ့ ကျောင်းသားကိုယ်စားလှယ်များ မင်းသမီးခစန်းမှာအမှတ်တရ)
ဒါပေမဲ့ အခြေနေက ကျနော်ထင်ထားသလိုမဟုတ်။ "ဆရာမန်းငြိမ်းကို ကျောင်းသားရေးရာ တာဝန်ခံအဖြစ်ခန့်ထားလိုက်ပီ။ ခင်ဗျားတို့ကိစ္စရှိရင် သူနဲ့ဘဲ့တိုက်ရိုက်ဆက်သွယ်ပါ" ဆိုပီး တပ်မဟာ မှုးက ကျနောတို့ဆီအကြောင်းကြားလာပါတယ်။ ဒီလိုနဲ့ မန်ငြိမ်းဟာ ကျနော်တိုနဲ့အဓိက ဆက်သွယ် ဆောင်ရွက်ရသူ။ အထူးသဖြင့် ရှေ့မှာတင်ပြခဲ့တဲ့ ဗဟိုညီလာခံဆီသွားနေတဲ့ ခေါင်းဆောင်တွေကြား အချင်းချင်းသဘောထားကွဲပီး ABSDF ၂-ဖွဲကွဲသွားတဲ့အချိန်။ ကျနော်တို့အင်အား ၂၀၀-၀န်းကျင်ခန့်က ဘယ်ဖက်ကိုမှမထောက်ခံဘဲ ဘက်မလိုက်-အဖွဲ့ဆိုပီးနေလိုက်တဲ့အချိန်မှာ ပဒိုမန်းငြိမ်းက ကျောင်း သားရေးရာ တာဝန်ခံဖြစ်လာတာလို့ပြောနိုင်ပါတယ်။
တချို့ကတော့ "ငါတို့က KNU ရဲ့မဟာမိတ်ဘဲ။ ခန့်ခြင်းခန့်ရင် မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဘဲ့ခန့်ရမှာပေါ့။ အခုက ကျောင်းသားရေးရာဆိုတော့ ငါတို့က KNU ကျောင်းမှာတက်နေတဲ့ ကျောင်း သားလေးတွေလိုဖြစ်နေတယ်" ဆိုပီး ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ဒီဝေဖန်ချက်ဟာ ကျောင်းသားအချင်း ချင်းကြားမှာဝေဖန်တာဘဲ့ရှိခဲ့ပီး KNU ဆီ တရားဝင်ပြန်တင်ပြတာမျိုးတော့မရှိခဲ့ဘူးလို့ထင်ပါတယ်။
ဒီလိုနဲ့ ကျနော်တို့ ၂၀၁-တပ်ရင်း ၃-ချမ်းကွဲသွားချိန်။ ၂၀၃-တပ်ရင်း ၂-ချမ်းကွဲသွားချိန်မှာ အဲဒီ ၅-ချမ်းနဲ့ KNU ကြားဆက်သွယ်ရေးနဲ့ပါတ်သက်ပီး ဆရာမန်းငြိမ်း အတော်အလုပ်ရှုပ်ခဲ့ပုံရပါတယ်။ ကျနော်မှတ်မိသလောက် ကျနော်တို့တပ်ရင်း ၃-ချမ်းကွဲလို့ လက်နက်တွေခွဲဝေတဲ့အခါ သူကို ဒိုင်လူကြီး သို့မဟုတ် အသိသက်သေအဖြစ်ထားပီး ခွဲကြရပါတယ်။ ဒီနေရာမှာလဲ "ကိုယ့်အချင်းချင်းကွဲလို့ ခွဲကြ တဲ့ကြားမှာ ဘာလို့ KNU-က ပုဂိုလ်ကို ဒိုင်လူကြီးလုပ်ခိုင်းရမှာလဲ" ဆိုပီး အငြင်းပွါးကြပါတယ်။ ဒါပေမဲ့ အချင်းချင်းကြားမှာ သူမှန်။ ကိုယ်မှန် ငြင်းနေကြတော့ အဖြေကမထွက်တဲ့အတွက် နောက်ဆုံးတော့ ဆရာမန်းငြိမ်းကိုဘဲ့သက်သေထားပီး ကျနော်တို့လက်နက်တွေခွဲဝေကြပါတယ်။
အဲဒီကာလအခြေနေကိုပြန်ပြောရမယ်ဆိုရင် ကျောင်းသားတွေအချင်းချင်းကြား ကွဲနေတဲ့အ တွက် KNU- ခေါင်းဆောင်ပိုင်းက ကျနော်တို့ကိုလန့်နေပုံရပါတယ်။ ဆိုလိုတာကတော့ KNU အပါဝင် တခြားလက်နက်ကိုင်အဖွဲ့တွေကွဲသလိုမျိုး ကျနေုာ်တို့အချင်းချင်း ပစ်ကြခတ်ကြ။ လက်နက်ကိုင် ပတိ ပခ-အထိ ဖြစ်လာမယ်လို့ထင်ထားပုံရပါတယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှ ကြားဝင်ပီး ဗိုက်ကိုဒါးထိုးခံမဲ့သူ မရှိဖြစ်နေချိန်မှာ ဆရာမန်းငြိမ်းက ဒီတာဝန်နဲ့ ကျနော်တို့ကျောင်းသားတွေကြား ရောက်လာသူလို့ ပြောနိုင် မယ်ထင်ပါတယ်။
ဒီအချိန်မှာတော့ ဆရာမန်းငြိမ်းက တပ်မဟာ ၄-မှုး အိမ်ရှေ့မှာကျနော်တွေဖူးသလို အရပ်ဝတ်နဲ့ မဟုတ်တော့။ ပျောက်ကျားယူနီဖေါင်းအပြည့်ဝတ်ထားပီး KNDO ရုံးက လက်နက်ကိုင် ရဲဘော် ၂-ဦး။ ၃-ဦး နဲ့အတူ ကျနော်တို့စခန်းဆီရောက်လာတာဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ကိုယ်အပူနဲ့ကိုယ်ရှုတ် နေချိန်ဆိုတော့ ဒီလိုကိစ္စမျိုးမှာ ကြားဝင်ဖြန်ဖြေပေးရသူတဦးရဲ့ တာဝန်ကို ကျနော် အသေချာမစဉ်းစား ဖြစ်ခဲ့ပါ။ ဒါပေမဲ့ အခုချိန်ပြန်စဉ်းစားမိတော့ ဒီတာဝန်ကို ထမ်းဖို့ဆိုတာ သိပ်လွယ်တဲ့အလုပ်မဟုတ်ဘူး ဆိုတာကို တဖြေးဖြေးနဲ့နားလည်လာသလိုပါဘဲ့။
ဒီလိုနဲ့ ကျနော်တို့တပ်ရင်းပိုင်ပစ္စည်းတွေကို ၃-ချမ်းခွဲလို့ပြေလည်သွားတဲ့အခါမှာတော့ တပ်ရင်း ခွဲ ၅-ခုကိုစုပီး ပူးတွဲညီညွတ်ရေးကော်မီတီတခုဖွဲ့လိုက်ပါတယ်။ အဲဒီအဖွဲ့မှာပါဝင်သူတွေကတော့ ၂၀၁-ဘက်မလိုက်အဖွဲ့မှ ကျနော်။ ၂၀၁-ကိုနိုင်အောင်တို့ဖက်က ကိုကျော်ထင်။ ၂၀၁-ကိုမိုးသီးဇွန်တို့ဖက်က တော့ ကိုကျော်ယျခရီးလွန်နေတဲ့အတွက် ဖွဲကာစမှာ ဘယ်သူမှမပါဘူး။ ၂၀၃-ကတော့ ကိုနိုင်အောင် တို့ဖက်က ကိုယ်စားလှယ်အဖြစ် ကိုသောင်းထွန်း။ ကိုမိုးသီးဇွန်တို့ဖက်က ကိုယ်စားလှယ်အဖြစ် ကို ထိန်လင်းတို့ပါဝင်ပါတယ်။
တပ်ရင်း ၅-ခု။ အင်အား ၇၀၀-၀န်းကျင်ရှိမင်းသမီးဒေသရဲ့ ပူးတွဲကော်မီတီမှာ တာဝန်ခံ အဖြစ် အရွေးခံရသူက ဘက်မလိုက်အဖွဲ့ရဲ့ဥက္ကဌဖြစ်လာတဲ့ကျနော်။ အဓိပါယ်ကတော့ KNU ရဲ့ ကျောင်းသား ရေးရာတာဝန်ခံ ဆရာမန်းငြိမ်းမောင်နဲ့ တပ်ရင်း ၅-ခုရဲ့တာဝန်ခံကိုယ်စားလှယ်ကျနေုာ်တို့အကြား ၃-နှစ် နီးပါး ရင်းရင်းနှီးနှီး လက်တွဲတာဝန်ထမ်းဖို့ဖြစ်လာခဲ့ပါတယ်။
..........................................................................
ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း လူအကဲခတ်ညံ့တဲ့ကျနော်ဟာ အဲဒီအချိန်ထိ ဆရာမန်းငြိမ်းကို ကျွန်း ပြန်မှန်း မသိသေး။ သူကလဲ ကျွန်းကိစ္စကို တခါမှစကားစပ်ပီးပြောလေ့မရှိပါ။ ဒီလိုနဲ့ သူနဲ့ကျနော်ဟာ တနသာင်္ရီမြစ်ရိုးတလျောက်က စခန်း ၅-ခုကိုလှည့်ပီး ဗူးသီးဒါးထိုးမှုတွေကို ပူးတွဲဖြေရှင်းရင်း။ စခန်း ကနေ ထီးခီးက KNU ခရိုင်ရုံးဆီ ၁၀-ကီလိုမီတာအကွာအဝေးကို အသွားအပြန်လမ်းလျောက် ပြေး လွားရင်းနဲ့အတော်ရင်းနှီးလာတယ်ဆိုပါတော့။
တနေ့မှာတော့ ဗဟိုဖက်ကနေ ပြန်လာတဲ့ကျောင်းသား တဦးကနေ "ဟေ့လူ။ ခင်ဗျားနဲ့တွဲနေတဲ့ မဟာမိတ်ရဲဘော်ကြီးးရဲ့နောက်ကြောင်းကိုသိလား။ အဲဒါ ဆရာမြသန်းတင့်ရဲ့ -ဒါးတောင် -၀တ္တုထဲက ဇါတ်လိုက် သံချောင်းလေ" ဆိုပီးပြောသွားပါတယ်။
ဒီစကားကိုကြားမိတော့ ကျနော်အတော်အံသြသွားပါတယ်။ ကျနော်ဟာ လူအကဲခတ်ညံ့ယုံ တင်မကဘူး။ စာအကဲခတ်လဲညံ့ခဲ့သူတဦးအဖြစ်သိလာရပြန်ပါတယ်။ ဘကြောင့်လဲဆိုတော့ ဆရာမြ သန်းတင့်ရဲ့ "ဒါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်" စာအုပ်ကို ကျနော်က ဘာသာပြန်စာအုပ် သို့မဟုတ် အနဲဆုံးတော့ နိုင်ငံခြား ၀တ္တုတခုခုကို မှီငြမ်းပီးရေးထားတာဆိုပီး ထင်ထားခဲ့မိလို့ဖြစ်ပါ တယ်။ ဒီတော့မှာ တပ်ရင်းစာကြည့်တိုက်မှာ အဲဒီစာအုပ် ကိုပြန်ရှာ။ အသေချာပြန်ဖတ်ကြည့်မိပါတယ်။
"ဆရာက ကိုသံချောင်းပေါ့ အဲဒါဆို။ ဘာလို့စောစောစီးစီးမပြောတာလဲဆရာရယ်" ဆိုပီး ကျ နော်ကမေးတော့ သူဘာမှမဖြေဘဲ ပြုံးနေပါတယ်။ ကရင်အမျိုးသားတွေဖြစ်တဲ့ ဆရာမန်းအောင်ကြည်၊ ဆရာမန်းအောင်ငွေတို့နဲ့အတူ ကိုကိုးကျွန်းကနေ သုံးယောက်သား လှေငယ်နဲ့ ပင်လယ်ကို ဖြတ်ကူး ထွက်ပြေးခဲ့တဲ့ ရဲဝံ့စွန့်စားမှုဟာ မြန်မာပြည်သမိုင်းမှာတခုတည်းသာရှိဖူးသေးတယ်လို့ ကျနော်ထင်ပါ တယ်။ "အဲဒီ ကျွန်းကနေထွက်ပြေးလာပုံအကြောင်း ကျနော်တို့ရဲဘော်တွေကိုပြောပြပါလားဆရာ" လို့ သူကိုဖိတ်ခေါ်ကာ ကျနော်တို့တပ်ရင်းက ကုက္ကူပင်ကြီးအောက်မှာ ကျွန်းပြန်အတွေအကြုံ ဟောပြော ပွဲတခု ကျင်းပပေးခဲ့ဖူးတာကို ကျနော်အမှတ်ရနေပါတယ်။
ဒါပေမဲ့ သူကအဟောအပြောသိပ်ကောင်းပုံမရပါဘူး။ ပိုဆိုးတာက သူပြောတာကို နားထောင် နေတဲ့ ကျနော်တို့ရဲဘော်လေးတွေက ဆရာမြသန်းတင့်ရဲ့ ဒါးတောင်စာအုပ်ကိုဖတ်ဖူးထားပုံမရသေး။ ကျနော်ကိုယ်တိုင်လဲ သူပြောနေတာတွေထက် ဆရာမြသန်းတင့်ရေးထားတာက ပိုကောင်းနေသလိုခံစား မိပါတယ်။ ကိုကိုကျွန်း ထိမ်းသိမ်းရေးစခန်းကနေထွက်ပြေးပီး မွန်ပြည်နယ်ကမ်းခြေအထိ မိုင်ပေါင်း ၂၀၀-ကျော်အဝေးကို လက်လှော်လှေနဲ့ဖြတ်ကူးလာတဲ့ ဒီပုဂိုလ်ရဲ့ သတ္တိကိုတော့ ကျနော် ထပ်ဖေါ် ပြဖို့ လိုမယ်မထင်တော့ပါ။
ဘာကြောင့်လဲဆိုရင် ၁၉၈၈-မတိုင်မှီက ဆရာမြသန်းတင့်ရေးခဲ့တဲ့ "ဒါးတောင်ကိုကျော်၍ မီး ပင်လယ်ကိုဖြတ်မည်" ၀တ္တူမှာရော။ နောက်တခါ သူနဲ့ကျွန်းမှာအတူနေခဲ့ဖူးတဲ့ ဦးတင့်ဇော် ခေါ် ဆ ရာဦးလှေဖေက "ကျွန်းအတိတ်အရိပ်ပမာ" ဆိုပီး RFA မှာအခန်းဆက်တင်ပြဖူးခဲ့တာရော။ အခုနောက် ဆုံး ပဒိုမန်းငြိမ်းမောင်ကိုယ်တိုင် ရဲဘော်ရှောင်း-ဆိုတဲ့အမည်နဲ့ ၂၀၀၀-ခုနှစ် ဇူလိုင်လမှာ ''မုန်တိုင်းကို ဆန်၍ ပင်လယ်ကိုဖြတ်သောအခါ'' ဆိုတဲ့စာအုပ်တွေမှာ အသေးစိပ်ဖေါ်ပြခဲ့ပီးလို့ဖြစ်ပါတယ်။
.................................................................................
ကျွန်းပြန်ရဲဘော်ကြီးမှန်းသိပီးနောက်မှာတော့ သူကိုကျနော် အတော်လေးစားသွားသွားပါ တယ်။ သူကလဲ ကျနော်တို့ကျောင်းသာေးတွနဲ့အတော်ရင်းနှီးလာပါတယ်။ ပီးတော့ ထူးထူးခြားခြား ဆရာမန်းငြိမ်းက ဗုဒ္ဒဘာသာဝင်တဦးဖြစ်နေပြန်ပါတယ်။ တပ်မဟာ ၆-ဖက်မှာ ဗုဒ္ဒဘာသာကရင်တွေ အတော်များများရှိပေမဲ့ ကျနော်တို့ တပ်မဟာ ၄- မြိတ်-ထားဝယ်ခရိုင်မှာတော့ ဗုဒ္ဒဘာသာဝင် KNU ခေါင်းဆောင်ဆိုလို့ မရှိသလောက်ပါဘဲ့။ ဆိုလိုတာကတော့ ဒီအချက်ကလဲ သူတို့နဲ့ ကျနော်တို့ ကျောင်းသားတွေကြား ပိုမိုရင်းနှီးမှုကိုဖြစ်စေပီး ကျောင်းသားစခန်းက ဘုန်းကြိးကျောင်းမှာလဲ သူနဲ့ ကျနော်တို့ စကားထိုင်ပြောခွင့်ရခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ တပ်မဟာ ၆-ကနေ သူမိသားစု ထပ်မဟာ ၄-ဌာနချုပ် ထီးခီးစခန်းဆီ ရောက်လာပါတယ်။ သူ့ဇနီးသည်ရယ်။ သားကြီးနဲ့ သမီးလေးတဦး။ သမီးအငယ်ဆုံးလေးက ၂-နှစ် လောက်ဘဲ့ရှိဦးမယ်လို့ကျနော်ထင်ပါတယ်။ အဲဒီကာလသူကိုနေရာချပေးတဲ့ တဲအိမ်သစ်လေးက ထီးခီး ကနေ ထိုင်းဖက်ထွက်တဲ့ လမ်းပေါ်ရှိ စမ်းချောင်းလေးဘေးနားမှာ။ တခြား KNU အရာရှိတွေရဲ့ နေအိမ်နဲ့နှိုင်း ယှဉ်ရင် သူအိမ်ကမြိုပြင်ပို့ထားခံရတဲ့သဘောဖြစ်နေပီး အပြင်အဆင်ကလဲ အတော်စုတ်ပြတ်နေပါ တယ်။ ပိုင်ဆိုင်မှုကလဲ ဘာမှမရှိ။ ပိုင်ဆိုင်မှုအတွက်လဲ သူတခါမှ စိတ်ဝင်စားခဲ့ပုံ။ ပစ္စည်းရှာဖွေ ဖို့စိတ် ကူး ခဲ့ပုံမရပါဘူး။
အဲဒီဘာမှမရှိတဲ့ သူ့အိမ်ဆီကျနော်တို့ကိုဖိတ်ပီး ထမင်းခေါ်ကြွေးလေ့ရှိပါတယ်။ ဒါမေပဲ့ KNU အရာရှိတွေအချင်းချင်းကြားမှာသာ သူကဘာမှမရှိဘူးဆိုပေမဲ့ ဘာမှကိုမရှိတဲ့ ကျနော်တို့ကျောင်းသား တွေနဲ့စာရင်တော့ သူက ကျနော်တို့ထက် ပိုချမ်းသာသူဖြစ်နေပြန်ပါတယ်။ KNU ခေါင်းဆောင်ပိုင်းမှာ ကျနော်တို့ကျောင်းသားတွေနဲ့ ဒီလို သူငယ်ချင်းပေါင်း ပေါင်းသူ အတော်နဲပီး အများအားဖြင့် စည်း ခြားပီး တာဝန်အရဆက်ဆံကြတာကပိုများပါတယ်။
ဆရာမန်းငြိမ်း ကောင်းကြောင်းတွေချည်းကျနော်ပြောသလိုဖြစ်နေမလားဘဲ့။ သူကိုမကောင်း ပြောသူတွေ။ ဝေဖန်သူတွေလဲ သဘာဝတရားအတိုင်းရှိခဲ့တာအမှန်ဘဲ့ဖြစ်ပါတယ်။ KNU ထဲက ပဒို တဦးကဆိုရင် "ဒီလူဂေါက်ကြောင်နေတာ။ ခင်ဗျားတို့ကြည့်ပေါင်း" ဆိုပီး သူ့နောက်ကွယ်မှာ ကျနော် ကိုပြော ဖူးပါတယ်။ ဒါပေမဲ့ သူကိုလေးစားတဲ့ KNU တပ်မှုးတဦးကတော့ "ကျနော်တို့စစ်တိုက်တယ်ဆို တာ သူရဲ့စွန့်စားမှုနဲ့ စာရင် ဘာမှမပြောပလောက်ပါဘူးဗျာ" ဆိုပီး ကျနော်ကိုပြောဖူးပါတယ်။
ဒီလိုပါဘဲ့။ ကျနော်တို့ကျောင်းသားတွေကြားမှာလဲ အားလုံးက သူကိုအကောင်းမြင်နေတာမျိုး
တော့မဟုတ်ပါ။ ကျောင်းသားရေးရာတာဝန်ခံရာထူးကိုယူပီး ကျောင်းသားတွေကိုလာရောက်ချုပ်ကိုင်ဖို့ ကျိုးစားနေသူ။ အတွင်းသတင်းတွေနှိုက်ယူနေသူ စသဖြင့် အမြင်စောင်းနေသူတွေလဲရှိပါတယ်။ နောက်တခါ သူနဲ့တတွဲတွဲဖြစ်နေတဲ့ ကျနော်လဲ အပြောမလွတ်ပါဘူး။ "ဘက်မလိုက်အဖွဲ့ဟာ KNU လက်အောက်ခံဖြစ်နေပီ။ KNU အားကိုယူပီး ကျန်တဲ့တပ်ရင်းတွေနဲ့ယှဉ်ဖို့ကျီုးစားနေတယ်" ဆိုပီး စွပ်စွဲ ခံခဲ့ရဖူးပါတယ်။
သူကတော့ ဒီဝေဖန်စွပ်စွဲမှုတွေကို မသိတာလား။ အလေးမထားတာလားမသိပါ။ တခါမှတော့ တုန့်ပြန်ပြောဆိုတာ ကျနော်မကြားမိပါ။ ဒါပေမဲ့ နေသိပ်ပူရင် သူခေါင်းမူးတဲ့အကြောင်း။ "အပြင်သွား စရာရှိရင် မနက်ပိုင်းဖြစ်ဖြစ်။ ညနေပိုင်ဖြစ်ဖြစ်သွားပါဗျာ။ နေ့လည်ပိုင်းဆို ကျနော်ခေါင်းမူးတတ်တယ်" လို့ပြောဖူးပါတယ်။ စစ်ကြောရေးခစန်းမှာအစစ်ခံရစဉ်အတွင်း ခေါင်းကိုရိုက်ပီး စစ်တာအပါဝင် နည်းမျီုး စုံနှိပ်စက်မှုကိုခံဖူးတဲ့အတွက် နေပူရင် စိတ်ဆူတတ်တဲ့သဘောမျိုး သူမှာရှိနေတာကို ကျနော်သတိပြုမိ ပါတယ်။
အဲဒီလို နေပူချိန်မျိုးဆိုရင် ဒီပုဂိုလ်က စိတ်တိုပီး ဘုဆတ်ဆတ်နဲ့စကားပြောတတ်ပါတယ်။ ဒါ ကြောင့်လဲ အဲဒီလိုစိတ်တိုနေချိန်မှာ သူနဲ့တွေ့ရတဲ့ ကျောင်းသားတချိုက သူကိုအမြင်မကြည်ဖြစ်ပီး ဒီ လူဟာ အပေါ်စီးကနေ ဆက်ဆံတတ်သူ။ မဟာမိတ်ဆက်ဆံရေးကိုင်ထားပီး မဟာမိတ်လို တန်းတူ မ ဆက်ဆံသူအဖြစ် နောက်ကွယ်မှာဝေဖန် လေ့ရှိတာဖြစ်ပုံရပါတယ်။
အဲဒီနောက်ပိုင်းကျနော်သတိထားမိတာကတော့ နေ့လည်ဖက်အပြင်ထွက်ပီဆိုရင် ရေစိုနေတဲ့ စစ်ရောင်သဖက်ခပ်သေးသေးတခုကို ခေါင်းပေါ်တင်ပီး အဲဒီပေါ်ပျောက်ကျားစစ်ဦးထုပ် ဆောင်းလေ့ရှိ ပါတယ်။ ကျမ်းမာရေးလိုအပ်ချက်အရ သူကဒီလိုလုပ်ရတာမှန်ပေမဲ့ အဝေးကနေမြင်ရတဲ့ ကျောင်းသား တွေအဖို့တော့ သူပုံက ဂျပန်ခေါတ်က ဂျပန်ဗိုလ်တွေဆောင်းတဲ့ဦးထုပ်လိုလို။ လုပ်အားပေးကာလ လမ်းစဉ်လူငယ်တွေဆောင်းတဲ့ဦးထုပ်လိုလိုနဲ့ လူရည်ချင်စရာဖြစ်နေတတ်ပါတယ်။ နောက်တခါ နေပူ ချိန်မှာ ရေမပြတ်အောင်သတိထားလေ့ရှိပိး စစ်သုံးရေဗူးတလုံးကိုလဲ ဒီပုဂိုလ်ကအမြဲဆောင်ထား လေ့ ရှိပါတယ်။
........................................................................
ဒီလိုဝေဖန်တိုက်ခိုက်မှုတွေကြားထဲမှာဘဲ့ ဆရာမန်းငြိမ်းနဲ့ကျနော်တို့ဟာ ကိုယ်တာဝန်ကိုယ် အတတ်နိုင်ဆုံး ကျေပြွန်စွာထမ်းနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ ၁၉၉၃-နှောင်းပိုင်းမှာတော့ ကျနော် ဟာ ပင်လယ်ပြင်ဖက်ဆီတာဝန်ကျတဲ့အတွက် နှစ်နဲ့ချီပီးခရီးထွက်သွားရပါတယ်။ ကျနော် မင်းသမီးဒေ သ ဆီပြန်ရောက်လာတဲ့အခါမှာတော့ ဆရာမန်းငြိမ်းကမရှိတော့။ တပ်မဟာ ၆-ဆီပြန်သွားပီလို့သိ ရပါ တယ်။ နောက်ပိုင်းမှာတော့ သူ ဗဟိုကော်မီတီဝင်ဖြစ်လာတယ်လို့ကြားရတဲ့အတွက် ကျနော် သူ့ အတွက် ဂုဏ်ယူနေမိပါတယ်။
အဲဒီနောက်ပိုင်း သူနဲ့ကျနော်လူချင်းပြန်ဆုံတော့ ၁၉၉၉- ၉-လေးလုံး ကာလ၀န်းကျင်လို့ ထင် ပါတယ်။ အဲဒီချိန်မှာ ကျနော်က DVB သတင်းထောက်ဖြစ်နေပါပီ။ သူကလဲ KNU ဗဟိုကော်မီ တီဝင် တဦးဖြစ်နေပီး မဟာမိတ်ဆက်ဆံရေးတာဝန်ခံလို့ထင်ပါတယ်။ တွေ့တဲ့နေရာက မင်းသမီးမှာလဲမဟုတ်။ တပ်မဟာ ၆-မှာလဲမဟုတ်တော့။ ကာလရွေ့လျားလာလို့ အတိုက်ခံလှုပ်ရှားသူအတော်များများ နယ်စပ် တောထဲကနေ မြိုပေါ်ရောက်ကာစကာလ မဲဆောက်မြိုမှာဖြစ်ပါတယ်။
ကိုမိုးသီးဇွန် ဦးစီးဆောင်ရွက်နေတဲ့ PP-21 ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်းအဖွဲ့နဲ့ အတူ သူ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပီး ကိုမိုးသီးတို့ရုံးကြိးနောက်နားက အိမ်သေးသေးလုံးတလုံးမှာ သူတို့ မိသားစုကို ကျနော်တွေ့ခွင့်ရခဲ့ပါတယ်။ တောအကြောင်း တောင်အကြောင်းတွေပြော ပီးတဲ့နောက် ပြောင်ပြောင် ရောင်ရောင်ဖြစ်နေတဲ့ (တောထဲကပုံနဲ့စာရင်) ကျနော်ပုံကို သူ သတိထားမိပုံရပါတယ်။
"ခင်ဗျား နော်ဝေးပြန်ရောက်ရင် ကျနော်အတွက် ဦးထုပ်ကောင်းကောင်းတလုံးလောက် လက်ဆောင် ၀ယ်ပို့ပေးစမ်းပါဗျာ" ဆိုပီး ထူးထူးခြားခြားပြောလာပါတယ်။ ဒီစကားကိုကြားတော့ ကျနော့် ရင်ထဲ ဆို့ ကနဲဖြစ်သွားပီး စိတ်မကောင်းဖြစ် မိပါတယ်။
..........................................................................
သူအဖမ်းမခံရမီ သူနဲ့ကျနော် နောက်ဆုံး လူချင်းတွေ့ဖြစ်ခဲ့တာကတော့ ၂၀၀၈-ခုနှစ် ဒီဇင်ဘာ လနှောင်းပိုင်းမှာလို့ ထင်ပါတယ်။ ကျနော်ရဲ့ နှစ် ၂၀-ခရီးသည် စာအုပ်ထုတ်ဝေရင်းနဲ့ မဲဆောက်ကို ရောက်သွားတော့ မမျော်လင့်ဘဲ စာရေးဆရာမ နှင်းပန်းအိမ်-ရဲ့ အိမ်မှာ သူနဲ့ဆုံဖြစ်တာပါ။
"ခုနကဆရာမနဲ့ဖုန်းထဲမှာပြောသံကြားကတည်းက ထက်အောင်ကျော် ဆိုတာဘယ်သူလဲဆိုပီး ကျနော်စဉ်းစားနေတာ။ ထက်ရာဇာအမည်ကို ကျနော်နားကြားမှားတယ်လို့ဘဲ့ထင်နေတာ။ လက်စသပ် တော့ခင်ဗျား ဒီရောက်နေတာကိုး" ဆိုပီး သူကကျနော်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ သူ မှားမယ် ဆိုလဲ မှားချင်စရာပါဘဲ့။ အဲဒီနေ့က ကျနော်ကိုဆိုင်ကယ်နဲ့လိုက်ပို့တဲ့ပုဂိုလ်က အဲဒီကာလ ကျနော်တို့ရဲ့ မဲဆောက် အခြေစိုက်သတင်းထောက်ကြီး ထက်ရာဇာ-ဖြစ်နေပါတယ်။
နောက်တဦးက DVB ၀န်ထမ်းဟောင်း။ ကဗျာဆရာ ကိုငြိမ်းဝေ။ တကယ်က ကိုငြိမ်းဝေနဲ့ တွေ့ ဖို့သွားရင်းနဲ့ မမျော်လင့်ဘဲ ဆရာမနှင်းပန်းအိမ်ရော။ ပဒိုမန်းငြိမ်းမောင် သို့မဟုတ် စာရေးဆရာ ရဲဘော် ရှောင်းကိုပါ တွေမိတာဖြစ်ပါတယ်။ ကျနော်က ကျနော့်စာအုပ်ကိုလက်မှတ်ထိုးပီး လက်ဆောင်ပေး တော့ "ကျေးဇူးပါဗျာ။ ဒါပေမဲ့ ခင်ဗျားက အင်္ဂလိပ်လိုရေးထားတာကိုး" ဆိုပီး သူက ပြုံးနေပါတယ်။
ပီးတော့ သူရေးထားတဲ့စာအုပ်အကြောင်း ကျနော်ကိုပြောပြပါတယ်။ "ဘယ်လိုနေလဲဗျ။ ကျနော်စာအုပ်။ ခင်ဗျား ဖတ်ကြည့်ပီးပီလား" လို့ကျနော်ကိုမေးပါတယ်။ "ကောင်းပါတယ်" လို့ ကျနော် တာဝန်ကျေပြောလိုက်ပေမဲ့ တကယ်က မျက်နှားဖုံးဒီဇိုင်းကို ကျနော်သိပ်မကြိုက်။ ပီးတော့ ကျနော်ဟာ အလိုက်ကန်းဆိုးမသိစွာနဲ့ "မျက်နှာဖုံးဒီဇိုင်းတွေ။ စာအုပ်အပြင်ဆင်တွေက ဘယ်သူ လုပ်ပေးတာလဲ ဆရာ။ ကလေးတွေအပျော်ဆွဲထားတဲ့ပုံလိုဖြစ်နေသလိုဘဲ့" ဆိုပီးသွားမေးမိပါတယ်။
"ကျနော်ရဲ့မျိုးဆက်သစ်တွေကို တာဝန်ပေးတဲ့အနေနဲ့ ဖိုးခွါးကြီးဆွဲပေးတဲ့ပုံကိုဘဲ့ရွေး လိုက် တယ်ဗျာ။ ရောင်းတန်းဝင်ဖို့ထက် သမိုင်းဝင်ဖို့ဘဲ့ကျနော်စိတ်ဝင်စားတယ်" ဆိုပီး သူက ထုံးစံ အတိုင်း စိတ်တိုသံနဲနဲနှောပီး ပြောလာပါတယ်။ဒီတော့မှ ကျနော်လဲ သူကိုအားနာသွားပီး
တောထဲမှာတွေ ဖူးတဲ့လူတွေထဲက ဟိုလူ နေ ကောင်းလား။ ဒီလူဘယ်ရောက်နေလဲ။ တိုက်ပွဲအခြေနေဘယ်လိုလဲ။ စသဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်ရပါတယ်။
တကယ်တော့ သူလေသံဟာ လွန်ခဲ့တဲ့နှစ် ၂၀-နီးပါး ၁၉၉၁-ကျနော်တို့ မင်း သမီးစခန်းမှာတွေစတုန်းက လေသံဖြစ်နေဆဲ။ သူခန္တာကိုယ်ဖွဲ့စည်းပုံကလဲ သိပ်မပြောင်းလဲသေး။ ဆံ ပင်နဲနဲဖြူလာပီး မျက်မှန်တပ်ထားတာကလွဲရင် သူပုံက အယင်တိုင်းပါဘဲ့။
ကျနော်ပုံကတော့ သူလိုမဟုတ်တော့။ ခန္တာကိုယ်က လွန်ခဲ့တဲ့နှစ် ၂၀-ကထက် ကီလို ၂၀-နိး ပါးတိုးလာလို့ ၀၀ဖိုင့်ဖိုင့်ကြီးဖြစ်နေပီ။ နေထိုင်ပုံကလဲ လွန်ခဲ့တဲ့နှစ် ၂၀-ကနေသလိုမျီုး ပညတ်ချက် တွေ သိပ်မများတော့။ ညနေစောင်းရင်း ယာမကာဝိုင်းကိုသွားချင်နေပါပီ။ သူကတော့ အယင်က အတိုင်း အရက်မသောက်။ ဆေးလိပ်မသောက်အပါဝင် ပညတ်ချက်များစွာနဲ့ ဆက်လက်ကျင့်ကြံနေ ဆဲဖြစ်ပုံရပါတယ်။
နာရီဝက်လောက်စကားပြောပီး နှုတ်ဆက်လမ်းခွဲဖို့ပြင်တော့ "ဟောဒီမှာ ခင်ဗျားပေးထားတဲ့ လက်ဆောင်လေ။ ကျေးဇူးအထူးတင်တယ်ဗျာ။ ဒီရာသီက ဦးထုတ်မဆောင်းရင်မဖြစ်ဘူး" လို့ပြောပီး ကျနော် နော်ဝေးကနေ လူကြုံနဲ့ပို့ပေးဖူးတဲ့ အဖြူရောင်ဦးထုပ်ကိုဆောင်းပီး ကျနော်ရှေ့ကနေ လမ်း လျောက် ထွက်သွားပါတယ်။
"အော် ဒီပုဂိုလ်က အယင်တိုင်း ဘာမှမပြောင်းလဲသေးပါလား။
တောထဲမှာတင်မက မြိုပေါ် ရောက်တဲ့အထိလဲ ဆိုင်ကယ်မရှိ။ ကားမရှိနဲ့ ကုန်းကြောင်းလျောက်နေဆဲပါလား" လို့စဉ်းစားရင်း သူ နောက်ကျောကို
ကျနော်ငေးကြည့်နေမိပါတယ်။
...................................................................................................
0 comments:
Post a Comment