Sunday, September 22, 2024

 သြစတေလျသို့ ခရီးသွားခြင်း (သို့) ထင်ရှုးတောမှ ယူကလစ် တောဆီသို့...

ထက်အောင်ကျော်

(၂၂- ၉ -၂၀၂၄)

(၁)- ခရီးသွားဖို့ ဘာကြောင့်လိုအပ်သလဲ

သြစတေလျခရီးစဉ်အကြောင်း မပြောခင် လူတွေ ဘာကြောင့် ခရီးသွားဖို့လိုအပ်သလဲ...။ အထူးသဖြင့် အနောက်ကမ္ဘာက လူသားတွေဟာ တနှစ်မှာ တလ ဟောလီးဒေးယူပြီး ခရီးသွားနေကြတာ ဘာကြောင့်လဲ၊ ဘယ်လို အကျိုးရလာဒ်တွေရှိနေလို့လဲ... ဒီအကြောင်းကို အရင်ဆုံး ဆွေးနွေးချင်ပါတယ်။

ကြားဖူးနား၀ အချက်အလက်တွေအရ တနှစ်မှာ တလအနားယူပြီး ခရီးသွားခြင်းဟာ တနှစ်စာ ပင်ပန်းထားသမျှကို တလအတွင်း ပြန်ပြေစေတယ်။ တလလောက်နားပြီးတာနဲ့ လုပ်ငန်းခွင်ထဲ ပြန်ဝင်စိတ်ပေါ်လာတယ်။ စိတ်သစ် -ခွန်အားသစ်နဲ့ လုပ်ငန်းတွေကို ကောင်းမွန်စွာ ပြန်လုပ်နိုင်အောင် တွန်းအားဖြစ်စေတယ်... ဒီလို ဆိုကြပါတယ်။

စာရေးသူ ကိုယ်တိုင်လည်း အဲလို ခံစားမိပါတယ်။ နော်ဝေအပါဝင် အနောက်နိုင်ငံအတော်များများမှာ တရက်ကို ၈ နာရီအလုပ်လုပ်၊ တပတ်မှာ ၅ ရက်လုပ်၊ ၇ ရက်အတွက် ၃၈ နာရီ ဝန်းကျင်ပေါ့- ဒီလို ရှိပါတယ်။

အဲဒီလို ၁၁ လ လုပ်ပြီးတခါ လစာအပြည့်နဲ့ ၁ လ (သီတင်း ၄ ပတ်) ဟာလီးဒေးယူခွင့်ရှိပါတယ်။ အဲဒီတလအတွက် လစာအပြည့်ရနေတဲ့အပြင် နွေရာသီအစ (ဒီမှာက ဇွန်-ဇူလိုင်-သြဂုတ် ဟာ နွေရာသီဖြစ်ပါတယ်) ဇွန်လအစောပိုင်းမှာ ဟာလီးဒေး မန်းနီးဆိုပြီး တလစာရဲ့ အခွန်မဖြတ်တဲ့ လစာနဲ့ တနှစ်စာ အခွန်ဖြတ်ထားတဲ့ထဲက အပိုငွေတွေကို အစိုးရက အလုပ်သမား ဘဏ်ထဲ ပြန်ထည့်ပေးပါတယ်။

ဆိုတော့ လစာလည်း ပုံမှန်ရနေမယ်။ ဟောလီးဒေးမန်းနီးကလည်း တလစာနီးနီး

သို့မဟုတ် လစာရဲ့ တဝက်လောက်ရမယ်ဆိုတော့ ခရီးသွားပျော်တာပေါ့။ ဘာပူ

စရာလိုမလဲ... တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ တနှစ်မှာ ၁၁ လ ဆင်းရဲသားဖြစ်ပြီး ၁ လတာ သူဌေး ဖြစ်ခွင့်ပေးထားတဲ့ စနစ်တခုလို့ ဆိုချင်ပါတယ်။

ဒါက ပါ့မင်းနင်းအလုပ်၊ ၁၀၀% အလုပ်ရထားတဲ့သူတွေကို ဆိုလိုတာပါ။

နေ့စားအလုပ်တွေ- အချိန်ပိုင်းအလုပ်တွေကတော့ ဒီလို အခွင့်အရေး မရနိုင်ပါ။

ဒါဖြင့် စာရေးသူက အွန်လိုင်းမှာလုပ်နေပြီး ဆိုရှယ်မီဒီယာပိုင်ရှင်တွေ ချွေ့သမျှ (ကြင်နာသမျှ) သာရနေတာဆိုတော့ ဘယ်လို ဟောလီးဒေး မန်းနီးရသလဲ...

ရှုး- တိုးတိုး... ခရက်ဒစ် ကတ် အားကိုးနဲ့ မိုက်နေတာပေါ့...။ တလစာ နင်းကန်သုံးပြီး တနှစ်စာ သေအပ် ပြန်ဆပ်ရတဲ့ ဘဝပေါ့...။

---


(၂)- သြစတေလျခရီးစဉ် ဘာတွေထူးသလဲ...


တကယ့်ဇတ်လမ်းက အခုမှ စမှာ...။ ရှေ့က နိဒါန်းကတော့ အနောက်ကမ္ဘာက လူတွေ

ထိုင်းမှာလာပြီး ကဲနေကြတာ ဘာကြေင့်လဲ၊ သူထိန်းတွေလား ဆိုပြီး ထင်နေမှာစိုးလို့- ၁၁ လကျွန်ခံပြီး တလတာ သူဌေးလို စံနေကြောင်း တင်ပြလိုခြင်းသာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၅၄ မြို့ ဘုရားဖူးဆိုတာ ဟိုး... စာရေးသူတို့ ငယ်ငယ်ကတည်းက ရှိတာပါပဲ။ တရက်အလုပ်ချိန်တွေ၊ နာရီ ၄၀ တွေ၊ ဟောလီးဒေးမန်းနီးတွေတော့ တခါမှ မကြားဖူးပါဘူး။ အခုထိလည်း မရှိသေးဘူးထင်ပါတယ်။

ကဲ... သြစီအကြောင်း စပြောပါတော့မယ်။ ကိုဗစ်ကာလ၊ အာဏာသိမ်းကာလကတည်းက ခရီးမသွားဖြစ်တာ ၃ နှစ်ကျော် ၄ နှစ်လောက်ရှိနေပြီဆိုတော့... ဒီနှစ်တော့

တနေရာရာ သွားမှဖြစ်တယ်တော့မယ်လို့ စဉ်းစားမိပါတယ်။

ထိုင်းကို ရောက်တာများနေပြီ၊ မြန်မာကလည်း ပြန်လို့မရသေး။ ဒီတော့ တခါမှ

မရောက်ဖူးသေးတဲ့ သြစီကိုသွားမယ်... ဒီလို စိတ်ကူူးမိပါတယ်။


စဉ်းစားမိတာက ကြာပြီ၊ မနှစ် ဒီဇင်ဘာတုန်းကထင်တယ်။ စဉ်းစားပြီးတာနဲ့ လေယာဥၤ လက်မှတ် တန်းဝယ်ပေါ့။ လက်မှတ်တွေက စောစောဝယ်လေ ဈေးသက်သာလေ

မဟုတ်လား။ သြစီဆိုတာ အနောက်နိုင်ငံလိုပဲ နိုင်ငံကြီးတခုဆိုတော့ အနောက်တိုင်းသားတွေအတွက် ဗီဇာ မလိုဘူး... ဒီလို ထင်ထားတာပါ။

ဒါပေမယ့် ခရီးသွားခါနီး ၂ ပတ်လောက်လိုမှ နယူးဇီလန်ကလွဲရင် ကျန်နိုင်ငံသားတွေအားလုံး သြစီ ဗီဇာ လိုတယ်ဆိုတာကို သိလိုက်ရ...။ ဘယ်မှာ သွားလျောက်ရမလဲ...။ နော်ဝေမှာက သြဇီသံရုံးလည်းရှိတာမဟုတ်ဘူး။ အနီးဆုံး ဒိန်းမတ်ရှိ သံရုံးကို လှမ်းမေးတော့ ဗီဇာကို နိုင်ငံခြားရေး ဝန်ကြီးဌာနက မကိုင်ဘူး။ ပြည်ထဲရေးက ကိုင်တယ်။ ဟောဒီ လင့်ခ် မှာ လျောက်ပါ ဆိုပြီး အီးမေးလ် ပြန်လာပါတယ်။

သူ့ပေးတဲ့ လင့်အတိုင်း လျောက်တာ ၅ ခါလောက်အထိ အထမမြောက်ဘူး။ အဆင့်ပေါင်း ၂၀ လောက်ရှိပြီး နိုင်ငံရေးခိုလှုံခွင့်လျောက်တာနဲ့ ဗီဇာ လျောက်တာ နေရာလွဲနေသလားလို့တောင် စဉ်းစားမိ။ မေးခွန်းတွေက များသလား- ရှုပ်သလား မမေးနက်...

နောက်ဆုံးတော့ ဒေါ်လာ ၂၀ ပေးလိုက်ရင် လွယ်လွယ်လေးလျောက်လို့ရတဲ့

အပလီကေးရှင်းတခု ရလိုက်ပါတယ်။ တကယ့်ကို လွယ်လွယ်လေး... လုံး၀ ဒီဂျစ်တယ်။

အမည်- ပ့ါစပိုစ်နံပတ်တွေ ရေးထည့်ပြီးတာနဲ့ မျက်နှာကို အော်တို စကင်ဖတ်...

၅ မီနစ်အတွင်းပြီးစီး... ၁၅ မီနစ်လောက်အတွင်း ဗီဇာ ရကြောင်း အီးမေးလ်

ဝင်လာ...။

အခုမှ စိတ်သက်သာရာရ၊ နို့မို့ လက်မှတ်ရှိပြီး ဗီဇာ မရှိရင် ဘယ်လိုလုပ်မလဲ...။ လက်မှတ် ဈေးနှုန်းလား... နေ့ရက်ပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ စီးချိန်ကတော့ အော်စလို-ဘန်ကောက် ၁၁ နာရီ၊ ဘန်ကောက်-ဆစ်ဒနီ ၉ နာရီ - အားလုံး နာရီ ၂၀ ကျော်ဆိုတော့ နည်းနည်းတော့ အီသွားပါတယ်။ 


(နောက်တခေါက်ဆိုရင်တော့ ဘန်ကောက်မှာ သို့မဟုတ် စင်ကာပူမှာ ၂ ရက်လောက် ဝင်နားရင် လူပင်ပန်းသက်သက်တဲ့အပြင် ဈေးလည်း သက်သာမယ်ထင်)

ထုံးစံအတိုင်း ဘန်ကောက်မရောက်ခင် ပုသိမ်၊ ရန်ကုန်၊ ထားဝယ်ကို ဖြတ်တာပေါ့...။ မနက်အစောကြီးဆိုတော့ ဘာမှ ကောင်းကောင်း မမြင်ရဘူး။ အရင်က ငါနေခဲ့ဖူးတဲ့နေရာ- အခု သွားခွင့်မရတဲ့ နေရာပေါ်ကနေ ငါ ဖြတ် ပျံ နေပါလား... ရင်တော့ ခုန်သား...။

သြစီခရီး ၉ နာရီမှာ ၄ နာရီလောက်က မလေး၊ စင်ကာပူ၊ အင်ဒိုဒေသကို ဖြတ်ပျံတာမှန်ပေမယ့် ကျန် ၅ နာရီက သြစီကို ဒါဝင်ကနေ ဆစ်ဒနီအထိဖြတ်ရတဲ့အချိန်ပါ။ သြစီက နိုင်ငံဖြစ်သလို တိုက်ကြီးတခုလည်းဖြစ်တယ်ဆိုတော့ ဒါဝင်ကနေ ဆစ်ဒနီသွားတာ ၅ နာရီခန့်ကြာ၊ ဆစ်ဒနီကနေ ပါ့သ် ဖက်သွားရင်လည်း အဲလို ကြာတယ်လို့ဆိုပါတယ်။

ဒီလိုနဲ့ (အနောက်ကနေ အရှေ့ကိုသွားတယ်ဆိုတော့) တရက်စာခန့် အချိန် လေယာဉ်ပေါ်မှာ ပျောက်ဆုံးသွားပြီး နောက်တရက် ညနေပိုင်းမှာ ဆစ်ဒနီ လေဆိပ်ကိုရောက်ပါတယ်။ အာ... ဒီမှာလည်း ဂျုတီ ဖရီးဆိုင်တွေ ရှိနေပါလား...

လေဆိပ်အတော်များများမှာ လေယာဉ် ထွက်ခွာဖက်မှာ ဂျုတီဖရီး ဆိုင်တွေရှိပေမယ့် ဆိုက်ရောက်ဖက်မှာ ဂျုတီဖရီး ထားလေ့မရှိပါ။ အော်စလိုမှာကတော့ အပြင်မှာ အရက်  ဆေးလိပ်ဈေးကြီးတာကြောင့် ဆိုက်ရောက်နေရာမှာ ဂျိုတီဖရီး ထားပေးတယ်လို့ ထင်ပါတယ်။


ဒါကို ကြိုမသိတော့ DJ တပုလင်းခွဲကို အော်စလိုကနေ ဆစ်ဒနီအထိ ဒုက္ခခံ သယ်လာမိပေါ့- အဲလိုမှန်းသိရင် ဒီရောက်မှ ဝယ်လည်းရတာကို သြစီက ဘော်ဘော်တွေက ကြိုတင် သတင်းမပို့ကြဘူး။

အဲ... လဝက ကိုဖြတ်တော့ ဗီဇာ လည်း မစစ်ဘူးရယ်။ တုံးလည်း မထုဘူး။ အော်စလိုက

အထွက်မှာလိုပဲ အားလုံးက ပါ့စပို့ကို အော်တိုး စကင်ဖတ်တာ...။ မျက်နှာကို အော်တို ဓာတ်ပုံရိုက်၊ ပြီးတော့ လဝက အရာရှိက စာအုပ်ကို ထောင်ကြည့်... ပြီးတော့ ပြန်ပေးလိုက်တာ...ဘာတုံးမှလည်း မထုဘူးရယ်။

အာ့ဆို ဗီဇာက မလိုတဲ့ သဘောပေါ့။ တကယ်ဆို အော်စလိုမှာ လေယာဉ်ပေါ် မတက်ခင်ကတည်းက ဗီဇာကို စစ်ရမှာလေ...။ “သွားမလုပ်နဲ့အူးလေး... ခင်ဗျားဗီဇာက သူတို့ စင်စတန်ထဲ အော်တိုဝင်သွားပြီးမို့ ဘာမှမမေးတာ။ ခင်ဗျားမယုံရင် ဗီဇာမလျေက်ပဲ လာကြည့်ပါလား” တဲ့... သြစီသားတယောက် အားပေးပါတယ်။

လေယာဉ်ကွင်းကနေ မြို့ထဲထွက်တော့ မြေအောက်လမ်းက အကျယ်ကြီးရယ်။ တဖက်မှာ ၄ လမ်းရှိတယ်လို့ထင်ပါတယ်။ နော်ဝေတွေ တောင်ကိုမဖြိုပဲ မြေအောက်လှိုင်ဂူ

ဖောက်တာ သိပ်တော်တယ်။ မြေအောက်လမ်းတွေ သိပ်ကောင်းတယ်ဆိုပြီး ကိုယ်ဘာသာ အထင်ကြီးထားတာ...

ဟော... အခု သြစီသားတွေ ဖောက်ထားတဲ့ မြေအောက်လမ်းက ပိုကျယ်နေပါလား။

နော်ဝေမှာ တဖက် ၂ လမ်းစီးလောက်ပဲ စာရေးသူ တွေ့ဖူးပါတယ်။ ဒါက ရိုရိုး

မြေပြန့်ှမှာ လူနေအိမ်တွေအောက်ကနေ ဖောက်ထားတာဖြစ်မှာပါ... နော်ဝေမှာက

တောင်တွေကို ဖြတ်ဖောက်တာဆိုတော့ ...အင်း မပြောတတ်ဘူး။ အင်ဂျင်နီယာပညာနဲ့လည်း နဲနဲ ဝေးသူ ဆိုတော့ကာ။

အဲ... ဆစ်ဒနီကို ကျနော်ရောက်သွားတဲ့အချိန်က သြဂုတ်လ တတိယ ပတ်။ သြစီ ဆောင်းရာသီရဲ့ နောက်ဆုံးလ လို့ဆိုပါတယ်။ အပူချိန်က ညဖက်မှာ ၁၀ လောက်ရှိပြီး နေဖက်မှာ ၂၀ ဝန်းကျင်ရှိနေတာပါ။ သြော်- ဒါ ဆာင်းရာသီလားပေါ့...

နော်ဝေမှာက သြဂုတ်ဆိုတာ နွေရာသီနောက်ဆုံးလ... အပူချိန်က သြစီဆောင်းထက်တောင် အေးနေသေးတယ်။ ဒီကြားထဲ မိုးကရွာလိုက်သေး... ဆိုတော့ သြစီဆောင်းလောက်ကတော့ ရယ်တာပေါ့... အနွေးထည်တောင် ဝတ်စရာမလိုဘူး...

ဒါပေမယ့် ညဖက်တော့ နည်းနည်းအေးတယ်။ တောင်ကြီးဆောင်း- ဟားခါးဆောင်းလောက် ရှိမယ်ထင်ပါတယ်။ အနွေးထည် မဝတ်လို့မရ၊ အပူစက်ဖွင့်ရအောင်လည်း မအေးပြန်၊

အအေးပိုင်းဒေသကနေ အပူပိုင်းဒေသကို ရောက်လာတာဆိုတော့ အိမ်ဘေးမှာ

ပေါက်နေတဲ့ သစ်ပင်တွေကလည်း မတူတော့ဘူး။

ထင်းရှုးတောကနေ ယူကလစ်တောကို ရောက်လာလေသလား... စိန်ပန်းပင်လိုလို၊

မန်းကျည်းပင်းလိုလို အပင်တွေလည်းတွေ့ရဲ့၊ အပင်အတော်များများကတော့ ဘာအပင်တွေမှန်း မသိပါဘူး။ ဒါပေမယ့် ငှက်ပျောပင်၊ အုန်းပင်တွေကိုပါ တွေ့နေရတော့ သြစီမရောက်ပဲ အာရှကိုများ ရောက်နေလေသလား...

ပြီးတော့ ကြက်တူရွေးအသံတွေကြားရ၊ ကြက်တူရွေးတွေ ပျံနေကြ...။ ဟိုမှာ

ဇင်ယော်အသံပဲကြားနေရာကနေ ပတ်ဝန်းကျင်အနေအထားက လုံး၀ ပြောင်းသွား။

နောက် သတိထားမိတာက ဆစ်ဒနီနဲ့ မဲဘန်းအပါဝင် မြို့ကြီးတွေဟာ မြို့လယ်မှာပဲ

ထိုးထိုးထောင်ထောင် တိုက်အမြင့်တွေရှိပြီး ကျန်နေရာအတော်များများမှာ တထပ်အိမ် တိုက်ပုလေးတွေ... ခြံနဲ့ ဝင်နဲ့ မြက်ခင်းပြင် စိမ်းစိမ်းစိုစိုနဲ့... နေချင်စရာလေးတွေ...။

(ဆက်လက် ဖေါ်ပြပါမည်...)





0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More