Saturday, April 30, 2022

 ခွန်ထွန်ဦးသို့ အမှတ်ရခြင်း...

--------------------------------

(၃၀/၄/၂၀၂၂)

ခွန်ထွန်းဦးနဲ့ စတင်စကားပြောဖူးတာ (တယ်လီဖုန်းနဲ့) ၂၀၀၀ ခုနှစ် ဝန်းကျင်လို့ထင်ပါတယ်။ အဲဒီကာလကလည်း အခုလိုပဲ (အရင်က CRPP အခု CRPH ပေါ့) ၁၉၉၀ ရွေးကောက်ပွဲကို စစ်ကောင်စီက အသိအမှတ်မပြုလို့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ ဖွဲ့ထားချိန်ပေါ့...။


အဲဒီကာလက အခုလို ဆိုရှယ်မီဒီယာမရှိသေး၊ လက်ကိုင်တယ်လီဖုန်းမရှိသေး ဘူးဆိုတော့ တယ်လီဖုန်းပဲ အားကိုးရတာ။ တယ်လီဖုန်းရှိတဲ့ အိမ်ကလည်း ဘယ်လောက်မှ များတာမဟုတ်။ အဲဒီ မများတဲ့ဖုန်းထဲမှာမှ နိုင်ငံခြားကနေ ခေါ်လို့ရတဲ့ဖုန်းက အတော်နည်း၊ အဲဒီလိုနည်းတဲ့အထဲမှာမှ ပြည်ပမီဒီယာကို ပြန်ဖြေရဲတဲ့ ဖုန်းက တဒါဇင်တောင် မပြည့်ဘူးထင်ပါတယ်။


ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီကာလ ကျနော်တို့ နော်ဝေး DVB ရေဒီယို ကို ပထမ ဆုံးအင်တာဗျုးပေးသူဟာ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေပါ။ နဝတ-နအဖ ခေတ် စစ်ထောက်လှမ်းရေး သိပ်သြဇာကြီးနေချိန်မှာ ပြည်ပ မီဒီယာကနေ စစ်ကောင်စီကို ဝေဖန်ဖို့ဆိုတာ တကယ့်စွန့်စားခန်းတခု...။


CRPP ဆိုတာ အခု CRPH လိုပဲ မဲအများစုအနိုင်ရထားတဲ့ NLD ပါတီနဲ့ SNLD အပါဝင် တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတာ။ အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ကျနော်တို့ကို အင်တာဗျုးပေးရဲတာက ခွန်ထွန်းဦးပါပဲ။ (အခြား အင်တာဗျုးပေးတဲ့ CRPP ခေါင်းဆောင်တွေကတော့ ... နိုင်ငွေသိန်း၊ ဦးထောင်ကိုထန်၊ ဦးကျင်ရှင်းထန်၊ ဦးအေးသာအောင်...စသဖြင့်)


သူက ရှမ်း တိုင်းရင်းသားဆိုပေမယ့် ရှမ်းတခုတည်းကို ကြည့်တာမဟုတ်။ တနိုင်ငံလုံးကိုကြည့်သူဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို နားလည်သူဖြစ်တယ်။ မီဒီယာ၊ သံတမန်၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် အတော်လေ့လာထားပုံရတယ်။ မေးခွန်း ဟ လိုက်တာနဲ့ ဒီသတင်းထောက် ဘာလိုချင်လို့ မေးနေတာလည်းဆိုတာ တန်းသိတယ်။


ဒါကတော့ တရားဝင်ပြောလို့ရတယ်။ ဒါကတော့ အလွတ်သဘောပြောတာဖြစ်တယ်...စသဖြင့် အတော်ဆက်ဆံရေးကောင်းမွန်သူပါ။ CRPP ကိစ္စအပြင် ကုလ အထူးကိုယ်စားလှယ် ရာဇာလေ ခရီးစဉ်တို့၊ ပီညဲရိုးခရီးစဉ်တို့ စသဖြင့် အတော်များများကို သူ့ဆီပဲမေးရတာပါ။


ဒီလို မီဒီယာကိစ္စ၊ သံတမန်ကိစ္စတွေကို ဒီလောက်နားလည်နေသူ။ ဟိုပုဒ်မ- ဒီပုဒ်မနဲ့မငြိအောင် သံတမန်စကားပြောတတ်သူ ခွန်ထွန်းဦးဟာ ၂၀၀၅ ခုနှစ်မှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ စွဲချက်ကတော့ ရှမ်း အမျိုးသားတွေ (အပစ်ရပ်- အပစ်မရပ် လက်နက်ကိုင်တွေအပါဝင် ရှမ်းပြည်ရှိ တိုင်းရင်းသားအားလုံး) အားလုံးပါတဲ့ အစည်းအဝေးတခု ကျင်းပမိလို့ဖြစ်ပါတယ်။


ထောင်ဒဏ် ၁၀၈ နှစ်လားမသိဘူး။ စစ်ကောင်စီ တရားရုံးကနေချလိုက်တာ။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီကာလက နှစ်အရှည်ဆုံးချခံရတဲ့ နိုင်ငံရေးအကျဉ်းသားပါပဲ။ 


ဒါပေမယ့် ၂၀၁၂ မှာ သူတို့ပါတီရဲ့ မဟာမိတ် CRPP အဖွဲ့ဝင် NLD ပါတီက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မယ်လို့ကြေညာချိန်မှာတော့ သူ့အပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင်အပါဝင် ကျောင်းသားခေါင်းဆောင်တွေ၊ ဇာဂနာအပါဝင် လူမှုအသိုင်းအဝိုင်းက နိုင်-ကျဉ်း တွေ ရာနဲ့ချီ ပြန်လည် လွတ်မြောက်လာပါတယ်။


ဒါပေမယ့် ရှမ်းပါတီဟာ ၂၀၁၂ ကြားဖြတ်ကို မဝင်ခဲ့ပါဘူး။ ထားတော့...ဒါက နိုင်ငံရေး ဖြတ်သန်းမှုသမိုင်းစဉ်။ ကြားဖြတ်ရွေးကောက်ပွဲ အကျိုးဆက်နဲ့ NLD ပါတီက အမတ် ၄၀ လောက် လွှတ်တော်ထဲရောက်သွားတော့ ကျနော်တို့ ပြည်ပ ရောက်တွေလည်း ပြည်တော်ပြန်ခွင့် ရလာတယ်ဆိုပါတော့...။


၂၀၁၃ ခုနှစ် မေလမှာ ၂၅ နှစ်အတွင်း (၁၉၈၈-စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း) ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ခွန်ထွန်ဦးကို ၈ မိုင်က သူ့အိမ်မှာ (အဲဒီတုန်းက SNLD ရုံးခန်းလည်းဖြစ်တယ်ထင်ပါတယ်) ကျနော် တကူးတကာ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။


အင်တာဗျုးဖို့မဟုတ်ပါ။ မိုးထဲရေထဲကာလက နှစ်ပေါင်းများစွာ မီဒီယာမှာ စကားပြောဖူးသူ ရဲဘော်ရဲဘက်အနေနဲ့သွားရောက် ဂါရဝပြုတာပါ။ CRPP ခေတ်ကအခြေအနေ၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားအရေး- ငြိမ်းချမ်းရေး စသဖြင့်အတော်များများ ပြောဖြစ်ပါတယ်။


မီဒီယာသမားတဦးရဲ့ ရင်ဖွင့်သံဆိုတာကလည်း အလွတ်သဘောပြောတာတွေကို ပြန်ပြောလို့မဖြစ်၊ တရားဝင်ပြောတာတွေကိုပဲ ပြန်ပြောရတဲ့အမျိုးမဟုတ်ပါလား။ အကြမ်းအားဖြင့်ကတော့ NLD က (CRPP အဖွဲ့ဝင်အချင်းချင်းကြားမှာ) ဘာမှကြိုတင်ဆွေးနွေးမှုမလုပ်ပဲ ၂၀၁၂ ကြားဖြတ်ဝင်သွားတာကို သူ သိပ် ဘဝင်ကျပုံမရ။ သူက လူထက် မူကို အလေးထားတဲ့ ပုဂ္ဂိုလ်မျီုး...။


၂၀၁၅ မှာတော့ သူတို့ပါတီလည်း ရွေးကောက်ပွဲဝင်ပါတယ်။ ရှမ်းပြည်က နေရာအတော်များများမှာ (၁၉၉၀ လိုပဲ) အနိုင်ရပါတယ်။ နောက်ပိုင်းတော့ သူ ကျန်းမာရေးသိပ်မကောင်းလို့ဆိုပြီး လူငယ်တွေကို တာဝန်တွေလွဲပေးတယ်လို့ ကြားရပါတယ်။


၂၀၁၈ မှာ မီဒီယာတာဝန်နဲ့ ကျနော်ရန်ကုန်ပြန်ရောက်ချိန် သူနဲ့ အင်တာဗျုးလုပ်ဖို့ ချိန်းပေမယ့် ကျန်းမာရေးမကောင်းလို့ဆိုပြီး ငြင်းဆိုတဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။ သူရဲ့ အနီးကပ်ရဲဘော် ဒုဥက္ကဌ (အခု ဥက္ကဌ) စိုင်းညွန့်လွင်နဲ့ပဲ ဗျုးခဲ့ရပါတယ်။


အင်တာဗျုးအပြီး သွားနုတ်ဆက်ဖို့ပြင်ပေမယ့် သိပ်နေမကောင်းလို့ဆိုပြီး မတွေ့ဖြစ်လိုက်ဘူး။ ၂၀၁၁ မှာ စစ်တပ်က တဖန် အာဏာသိမ်းပြန်တော့ ကိုယ်တွေလည်း ရန်ကုန်ကနေ ထွက်ခွါ။ ဆိုလိုတာက အဲဒီ ၂၀၁၃ တွေ့ဆုံမှုဟာ သူနဲ့ နောက်ဆုံးတွေဆုံ ခွင့်ရခြင်းဖြစ်သွားခဲ့ပါတယ်။ 


ဒီနေ့တော့ ကျနော်ထပ်တွေ့ခွင့်မရလိုက်တဲ့၊ ကျနော်တို့ ချစ်ခင်လေးစားတဲ့ ရှမ်းခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်၊ လူထက် မူကို ဦးစားပေးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ခွန်ထွန်းဦး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဆိုးကို ကြားခဲ့ ရပါတယ်။


ဒီလို သဘောထားကြီးပြီး လူထက် မူကို ဦးစားပေးတဲ့ နိုင်ငံရေးသမား၊ လူငယ်တွေကို နေရာပေးတဲ့နိုင်ငံရေးသမား၊ သမိုင်းခေတ်များစွာကို ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားတဦးကွယ်လွန်သွားခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက် တကယ့်ဆုံးရှုံးမှုဖြစ်ပါတယ်။


ခွန်ထွန်းဦး... ငြိမ်းချမ်းစွာအနားယူပါတော့...


ဖက်ဒရယ်နှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲက ပန်းတိုင်မရောက်သေး...။



ထက်အောင်ကျော်

(၃၀-၄-၂၀၂၂)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More