
တချို့နေရာတွေမှာ ရွာလုံးကျွတ် ပျောက်ကုန်တဲ့အတွက် သေဆုံးသူဦးရေဟာ ဒီထက်မက ရှိလာနိုင်တယ်လို့ ဝန်ကြီးချုပ်ကိုယ်တိုင်က ပြောထားပါတယ်။ လူနေအဆောက်အအုံတွေနဲ့အတူ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓအမွေအနှစ်စေတီ၊ ပုထိုးတွေ၊ သာသနာ့ အဆောက်အအုံ အတော်များများလည်း ပျက်စီးတဲ့အထဲ ပါသွားပါတယ်။
နိုင်ငံတကာသတင်းအဖွဲ့တွေ ချက်ချင်းရောက်လာပြီး ဖြစ်စဉ်အသေးစိတ်ကို တင်ပြနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ ကယ်ဆယ်ရေး လေယာဉ်တွေလည်း ချက်ချင်းရောက်လာပြီး ကယ်ဆယ်ရေး လုပ်နေကြတာ အားရစရာကြီးပါ။ ဒါပေမဲ့ တချို့နေရာတွေမှာ အစိုးရရဲ့ ကြိုးနီစနစ်ကြောင့် ကြန့်ကြာမှုတွေ ရှိနေပြီး နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းတွေ အခုချိန်ထိ ဒုက္ခသည်တွေဆီ မရောက်သေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နီပေါမှာ လုပ်နေတဲ့ ငလျင်ဒဏ် ကယ်ဆယ်ရေး လုပ်ငန်းစဉ်ဟာ လွန်ခဲ့တဲ့ ခုနစ်နှစ် ဒီလိုအချိန်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနဲ့စာရင် အလွန်ကောင်းမွန် ပွင့်လင်းတဲ့ အနေအထားကို တွေ့ရနိုင်ပါတယ်။
ငလျင်နဲ့ မုန်တိုင်း ဘာကွာသလဲ
ငလျင်ကို ကြိုတင်ခန့်မှန်းဖို့ မဖြစ်နိုင်သေးပေမယ့် မုန်တိုင်းကိုတော့ အတိအကျနီးပါး ကြိုတင်ခန့်မှန်းနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါဖြင့် ကြိုတင်ခန့်မှန်းလို့ မရတဲ့ နီပေါငလျင်က ဒီလောက်အထိ နိုင်ငံတကာကယ်ဆယ်ရေးတွေ ချက်ချင်းရောက်လာပြီး ကြိုတင်ခန့်မှန်းလို့ရတဲ့ မြန်မာနိုင်ငံက နာဂစ်မုန်တိုင်းက ဘာလို့ နိုင်ငံတကာကယ်ဆယ်ရေးတွေ အချိန်မီ ရောက်မလာကြာတာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။
အဖြေကတော့ အဲဒီကာလ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေနေဟာ အခု ၂၀၁၅ ခုနှစ်လိုမျိုး နိုင်ငံရေး ရာသီဥတု မပွင့်လင်းသေးလို့ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်မယ့် နိုင်ငံတကာအဖွဲ့တွေကို အချိန်မီဝင်ခွင့်မပေးတဲ့ အပြင် ပြည်တွင်းကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း တားဆီးခဲ့ပါတယ်။ တချို့ကယ်ဆယ်ရေးသမားတွေဆို ဖမ်းဆီးထောင်ချခံရတဲ့ အထိပါပဲ။
ဒါ့အပြင် နာဂစ်မုန်တိုင်း ပျက်စီးဆုံးရှုံးမှုတွေကို မှတ်တမ်းဓာတ်ပုံတွေ၊ ရုပ်သံတွေရိုက်ပြီး နိုင်ငံတကာသိအောင်၊ နိုင်ငံတကာအကူအညီ ရအောင် ကြိုးစားခဲ့တဲ့ သတင်းထောက်တွေလည်း အများအပြား ဖမ်းဆီးခံခဲ့ရပါသေးတယ်။ နှစ်ရှည်ထောင်ချခံလိုက်ရတဲ့ ကယ်ဆယ်ရေးသမားတွေ၊ သတင်းသမားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ခါနီးမှ ပြန်လွတ်လာကြတာပါ။
ဒါက နာဂစ်အပြီးမှာ သတင်းယူသူတွေ ဖမ်းဆီးခံရမှုသတင်း။ ဒါဖြင့် နာဂစ်မကျမီကကော ကြိုတင်သတင်းထုတ်ပြန်မှု ရှိပါရဲ့လား။ မိုး/ဇလပညာရှင် ဦးထွန်းလွင်ကတော့ သူတို့ဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေဆီ နာဂစ်မဝင်မီ ငါးရက်ခန့် ကြိုတင်သတင်းပို့ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီကာလ ခေတ်အခြေအနေအရ သတင်းစီးဆင်းမှု နှေးကွေးတာ၊ မလိုအပ်ဘဲ သတင်းစိစစ်တာတွေကြောင့် မုန်တိုင်းလမ်းကြောင်းပေါ်က လူတွေကို အချိန်မီ နေရာပြောင်းနိုင်ခြင်း မရှိခဲ့ပါ။ ဒါကြောင့် မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ ဆိုးဝါးလှတဲ့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးမှု ဖြစ်ပွားခဲ့ရပါတယ်။
ကျွန်တော်တို့ ဘာတွေမှားခဲ့သလဲ
မှားယွင်းမှု များစွာထဲက ကိုယ်တိုင်ကြုံခဲ့ရတာ တစ်ခုကို တင်ပြချင်ပါတယ်။ နာဂစ်မုန်တိုင်း ဝင်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ (မေလ ၁ ရက်နေ့ည) ဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေးအတွက် လူထုဆန္ဒခံယူဖို့ အစိုးရဘက်က အသည်းအသန် ပြင်ဆင်နေချိန် ဖြစ်ပါတယ်။ NLD အပါအဝင် နိုင်ငံရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားသူတွေက ကန့်ကွက်နေတဲ့ ကြားထဲကနေ မေလ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံး ဆန္ဒခံယူပွဲ လုပ်မယ်လို့ စစ်အစိုးရက ကြေညာခဲ့ပါတယ်။
ဆိုလိုတာက အဲဒီလို နိုင်ငံရေးအရ အရေးကြီးတဲ့ ပွဲအကြောင်း သတင်းတွေကို ဦးစားပေး ထုတ်လွှင့်နေရတဲ့ DVB အပါအဝင် ပြည်ပသတင်းဌာနတွေဟာ အဲဒီနေ့က မြန်မာ့အလင်းသတင်းစာမှာပါတဲ့ မြစ်ဝကျွန်းပေါ်ဒေသဆီ မုန်တိုင်းဝင်နိုင်တယ်ဆိုတဲ့ သတင်းကို အလေးပေး မလွှင့်မိခဲ့ပါ။ အလေးမပေးဆို မုန်တိုင်းပြင်းအားက တစ်နာရီ မိုင် ၄၀ ခန့်လို့ သတင်းစာက ဆိုထားတဲ့အတွက် ဒီလောက်အထိ ဖြစ်လာလိမ့်မယ် ဆိုပြီး မထင်ခဲ့မိတာလည်း ပါပါတယ်။
နောက်တစ်ခါ အဲဒီခေတ် အခြေအနေအရ မိုးလေဝသပညာရှင်တွေ၊ ပြည်တွင်းက တာဝန်ရှိသူတွေကို အခုခေတ်လို တယ်လီဖုန်းနဲ့ မေးမြန်းခွင့် မရသေးပါ။ ဒီတော့ မိုး/ဇလညွှန်ချုပ် ဦးထွန်းလွင်ကို ကျွန်တော်တို့ ဘယ်အင်တာဗျူး လုပ်ခွင့်ရပါ့မလဲ။ ပိုဆိုးတာက မိုးလေဝသသတင်းတွေကို ပုံမှန်ကြေညာနေတဲ့ မြန်မာ့အသံကလည်း တစ်နာရီ မိုင် ၄၀ နှုန်းနဲ့ မုန်တိုင်းဝင်နိုင်တယ်လို့သာ သာမန်သဘောမျိုး ကြေညာတဲ့အတွက် သူတို့ဒေသက လူတွေ ဘာမှအလေးထားပြီး ကြိုတင်ပြင်မှု မလုပ်ခဲ့ဘူးလို့ မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးကြူက ပြောပါတယ်။
ဒါပေမဲ့ တကယ်တမ်း မုန်တိုင်းဝင်လာတဲ့ အခါမှာတော့ လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၄၀ အထိရှိပြီး လှိုင်းလုံးကြီးတွေက အိမ်ခေါင်မိုးလောက်အထိ မြင့်တဲ့အတွက် ဧရာဝတီကမ်းရိုးတန်း တစ်လျှောက်က ရွာတွေ ရွာလုံးကျွတ် ပျောက်ကုန်ကြတယ်လို့ ဒေါက်တာအေးကြူက ပြောပြခဲ့ပါတယ်။
အတွေ့အကြုံ မရှိတာလား ခေါင်းဆောင်ပိုင်း အားနည်းခဲ့တာလား
တကယ်တော့ မုန်တိုင်းမ၀င်မီ ငါးရက်ခန့် ကြိုတင်သတင်းပို့ခဲ့တယ်လို့ ပြောသူဟာ ဦးထွန်းလွင် တစ်ယောက်တည်း မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံ မိုးဇလဌာနမှ တာဝန်ရှိသူ BP Yadav ကလည်း နာဂစ်မုန်တိုင်း မ၀င်မီ ၄၈ နာရီ ကြိုတင်ပြီး မြန်မာအာဏာပိုင်တွေကို သူတို့ဘက်က သတင်းပို့ခဲ့တယ်လို့ ပြောပါတယ်။ ဒီလို ကြိုတင်သတင်းပို့ပါလျက်နဲ့ အာဏာပိုင်တွေဘက်က ဘာကြောင့်ကြိုတင်ကာကွယ်မှု မလုပ်ခဲ့တာလဲ။
ဦးထွန်းလွင်ရဲ့ Facebook ပေါ်က ရေးသားချက်ကို ကိုးကားရမယ်ဆိုရင် ဒီလိုကြိုတင်သတိပေးမှုတွေ လုပ်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က အလေးမထားခဲ့၊ ဒါမှမဟုတ် အတွေ့အကြုံမရှိလို့ ဘာလုပ်ရမှန်း မသိတဲ့အတွက် ဒီလောက်အထိ ဆိုးသွားတာလို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေဆီ ဝင်ရောက်ခဲ့တဲ့ တစ်နာရီမိုင် ၁၆၀ ကျော်ရှိ Phailin မုန်တိုင်းနဲ့ မိုင် ၁၄၀ ဝန်းကျင်ရှိ နာဂစ်မုန်တိုင်းကို ဆရာက ဟောဒီလို နှိုင်းယှဉ်ပြထားပါတယ်။
“သူတို့လည်း ငါးရက်လောက် ကြိုပြောခဲ့တယ်။ ကျွန်တော်တို့လည်း ငါးရက်ကြိုပြောခဲ့တယ်။ အတူတူလောက်ပါပဲ။ ဒါပေမဲ့ အဲဒီငါးရက်အတွင်းမှာ သူတို့က Volunteer တစ်သိန်းကျော်၊ မော်တော်ယာဉ်အစီးပေါင်းငါးသောင်းကျော်၊ ရဟတ်ယာဉ်အစင်း ၄၀ ကျော် အပါအဝင် ကားတွေ၊ လူတွေ အများကြီးနဲ့ မုန်တိုင်းအဝင်မှာ အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ဖို့ မဝင်ခင် နှစ်ရက်လောက်ကတည်းက We are ready လို့ ကြေညာခဲ့တယ်။ လူပေါင်း ငါးသိန်းကျော်ကို ဘေးကင်းရာနေရာတွေဆီ ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့တယ်” လို့ ဦးထွန်းလွင်က ပြောပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အခြေအနေက အဲဒီလို ဖြစ်မလာခဲ့ပါ။ “ဟိုင်းကြီး၊ ချောင်းသာဒေသက လူတွေကို ပြောင်းဖို့၊ (Evacuate) လုပ်ဖို့ ကျွန်တော် ဖုန်းနဲ့ သတိပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီ Evacuate လုပ်ဖို့ဆိုတာ Knowledge, Plan, Act, Management, Transportation, Public Participation, Volunteers အားလုံးပါမှ ရတာဗျ။ အဓိကကတော့ Leadership ပေါ့ဗျာ” ဆိုပြီး မိုး/ဇလ ညွန်ချုပ်ဟောင်း ဦးထွန်းလွင်က Facebook မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ဘာတွေ သင်ခန်းစာရခဲ့သလဲ
မြန်မာတွေဟာ ကယ်ဆယ်ရေး (Relief, Resettlement, Rehabilitation) ကိုပဲ တစ်သက်လုံး လုပ်လာကြပြီး ကာကွယ်ရေး (Preparation, Prevention, Reduction) ဆိုတာတွေကို မလုပ်ဖူးခဲ့ဘူး။ လုပ်လည်း မလုပ်တတ်ကြဘူး။ လုပ်ရကောင်းမှန်းလည်း မသိကြခဲ့ဘူး။ ဒါကြောင့် ဒီလိုအခြေအနေ ဆိုးသွားတာလို့ ဆရာဦးထွန်းလွင်က သင်ခန်းစာ ထုတ်ပါတယ်။
ဒါက မိုး/ဇလ ပညာရှင်တစ်ဦးရဲ့ အမြင်ပါ။ သတင်းသမားဖြစ်တဲ့ ကျွန်တော်ကတော့ မုန်တိုင်းကြိုတင် သတိပေးချက်တွေကို အများပြည်သူသိအောင် အချိန်မီ သတင်းမထုတ်ပြန်ပေးခဲ့တဲ့အတွက် ဒီလိုအခြေအနေ ဆိုးသွားတာလို့ ထင်ပါတယ်။ တကယ်လို့သာ ၂၀၀၈ ခုနှစ် အခြေအနေဟာ အခု ၂၀၁၅ ခုနှစ်လို သတင်းလွတ်လပ်ခွင့် တစ်စုံတစ်ရာ ရှိနေမယ်၊ သတင်းထောက်တွေ ဟိုနားဒီနား သတင်းယူခွင့် ရနေမယ်၊ ကြိုက်တဲ့နေရာကို တယ်လီဖုန်းနဲ့ လှမ်းဆက်သွယ်နိုင်မယ်၊ အထူးသဖြင့် အခုခေတ်လို အင်တာနက်ပါတဲ့ လက်ကိုင်တယ်လီဖုန်းတွေကို လူအများစုက သုံးနိုင်ပြီး Facebook တွေသာ တွင်ကျယ်နေမယ်ဆိုရင် မုန်တိုင်းမကျခင် အချိန်မီ ကောင်းကောင်းသတင်းဖြန့်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
မုန်တိုင်းကျပြီးသွားတဲ့ အခါမှာလည်း နိုင်ငံတကာသတင်းဌာနတွေ၊ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့တွေ ဝင်လာမှာကို စစ်အစိုးရက စိုးရိမ်ခဲ့ပြန်ပါတယ်။ အခုခေတ်လို နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံတကာမှာ အလှူခံနေတဲ့ခေတ်ဆိုရင် အဲဒီလို ဘယ်တားဆီးပါ့မလဲ။ နိုင်ငံရေး အသွင်ပြောင်းမှု သို့မဟုတ် စဉ်းစားပုံ အသွင်ပြောင်းမှု နောက်ကျခြင်းကြောင့် ဆုံးရှုံးမှုများခဲ့ရပြီး အကူအညီတွေ ရသင့်သလောက် မရခဲ့တာကိုလည်း သင်ခန်းစာယူနိုင်ပါတယ်။
အဆိုးဆုံးကတော့ နိုင်ငံရေး ရည်မှန်းချက်က လူသားချင်းစာနာမှု၊ လူသားဖြစ်မှုကို လွှမ်းမိုးသွားခြင်းပါပဲ။ အဲဒီလို မုန်တိုင်းကျပြီး လူပေါင်း တစ်သိန်းခွဲနီးပါး သေဆုံး၊ အိမ်တွေ၊ လယ်တွေ ဒီလောက်ပျက်နေတဲ့ကြားထဲ မေလ ၁၀ ရက်နေ့မှာ လုပ်မယ်လို့ ကြေညာထားတဲ့ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ရက်မရွှေ့ဘဲ မဖြစ်ဖြစ်အောင်လုပ်သွားခဲ့ပါတယ်။ လူ့အသက်တွေထက် နိုင်ငံရေးအာဏာရဖို့ကို အဲဒီခေတ်အုပ်ချုပ်သူတွေက ပိုဦးစားပေးခဲ့တာဟာလည်း သင်ခန်းစာယူစရာပါပဲ။
တစ်ခါ နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းခွဲ သေဆုံးတယ်ဆိုတဲ့ အမှတ်အသားတွေ၊ ဝမ်းနည်းခြင်း အခမ်းအနားတွေလည်း ဟုတ်တိပတ်တိ လုပ်တာ မတွေ့မိပါ။ ၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီ မြေအောက်ငလျင်ကြောင့် လူပေါင်းငါးထောင်လောက် သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာတောင် ဆူနာမီ အမှတ်တရ ဗိမာန်တွေ၊ ပန်းခြံတွေ လုပ်ထားရင် လူပေါင်းတစ်သိန်းခွဲ သေဆုံးတဲ့ နေရာမှာ ဘာကြောင့်များ အဲဒီလို အမှတ်တရ တစ်ခုခု လုပ်မထားခဲ့တာလဲ။ ဟိုနိုင်ငံက လူတွေလောက် ဒီနိုင်ငံက လူတွေက တန်ဖိုးမရှိဘူးဆိုတဲ့ သဘောလား။
တကယ်လို့ တန်ဖိုးထားတယ်ဆိုရင် မနက်ဖြန် ကျရောက်မယ့် လူပေါင်းတစ်သိန်းခွဲ သေဆုံးမှု ဝမ်းနည်းခြင်း အခမ်းအနားကို အစိုးရက ဦးစီးလုပ်ဖို့ ရှိသလား၊ အမှတ်တရ ဗိမာန်တွေ၊ ပန်းခြံတွေ မရှိဘူးဆိုရင် ဘယ်နေရာမှာ သွားလုပ်မှာလဲ။ ဒါမှမဟုတ် ဒီလူတွေကို အစိုးရက လုံးဝမေ့ထားလိုက်ပြီလား။ နီပေါငလျင် ကယ်ဆယ်ရေးသတင်းတွေကို နိုင်ငံတကာ ရုပ်သံတွေမှာကြည့်ရင်း လွန်ခဲ့တဲ့ ခုနစ်နှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အခြေအနေနဲ့ နှိုင်းယှဉ်သုံးသပ် သင်ခန်းစာ ထုတ်နေမိပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment