သတင်းလွတ်လပ်ခွင့်နေ့မှာ ဘာလုပ်ကြမလဲ
မေလ ၃ ရက်နေ့ဟာ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်တဲ့အတွက် UNESCO (ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့) ဦးစီးပြီး နိုင်ငံတကာမှာ အခမ်းအနားတွေ ကျင်းပလေ့ ရှိပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးကတည်းက သတင်းလွတ်လပ်ခွင့် ပေးထားတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာလည်း ယူနက်စကိုက အလားတူ အခမ်းအနားကျင်းပဖို့ ရှိပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ သတင်းအဖွဲ့အစည်းတွေကလည်း အဲဒီနေ့ ညနေပိုင်းမှာ သတင်းလွတ်လပ်ခွင့် ဆုပေးပွဲတွေ၊ ဟောပြောပွဲတွေလုပ်ဖို့ ရှိပါတယ်။
ဒါပေမဲ့ သမ္မတဦးသိန်းစိန်ရဲ့ နောက်ဆုံးနှစ် သက်တမ်း ၂၀၁၅ ခုနှစ် အခမ်းအနားဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အရှိန်ကောင်းခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ခုနှစ်က အခမ်းအနားတွေလို သတင်းလွတ်လပ်ခွင့်အကြောင်း ချီမွမ်းခန်းဖွင့်ဖို့တော့ ခက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဧပြီလကုန်ပိုင်းကမှ ပူပူနွေးနွေး ထွက်ထားတဲ့ Freedom House အဖွဲ့နဲ့ CPJ အဖွဲ့တွေရဲ့ အစီရင်ခံစာအရ မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အတော့်ကို နောက်ပြန်ဆုတ်နေလို့ ဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်နေ့က ထွက်လာတဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၁၄ ခုနှစ် မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ၂၀၁၃ ထက်တောင် သုံးဆင့်ကျသွားတယ်လို့ ဆိုပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ကမ္ဘာ့နိုင်ငံ ၁၉၉ နိုင်ငံကို လေ့လာပြီး အဆိုးဆုံးနိုင်ငံကို အမှတ် ၁၀၀ ပေးတဲ့အထဲမှာ မြန်မာနိုင်ငံက ၇၃ မှတ်အထိ ရခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တစ်ခါ ဧပြီလ ၂၇ ရက်နေ့က ထွက်ခဲ့တဲ့ CPJ သတင်းသမား ကာကွယ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာကလည်း မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဆင်ဆာဖြတ်မှု အဆိုးဆုံး နံပါတ် ၉ နေရာမှာ ရှိနေတယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းသမားအဖွဲ့ RSF ရဲ့ နှစ်ပတ်လည် အစီရင်ခံစာ Index ကို ကြည့်တဲ့အခါမှာလည်း မြန်မာ့သတင်းလွတ်လပ်ခွင့် အခြေအနေဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၄၄ နေရာမှာ ရှိနေတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ဘာကြောင့် အဆိုးဆုံး နံပါတ် ၉ ဖြစ်သွားတာလဲ
ရုတ်တရက် ကြည့်လိုက်ရင်တော့ ၂၀၁၂ မှာကတည်းက ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းပြီးသား ဖြစ်ပါရဲ့နဲ့၊ ပုဂ္ဂလိကပိုင်သတင်းစာ၊ ဂျာနယ်တွေမှာ ဒီလောက်အထိ လွတ်လပ်စွာ ရေးသားခွင့် ပေးထားရဲ့နဲ့ ဘာကြောင့်များ ဆင်ဆာဖြတ်မှု အဆိုးဆုံး နံပါတ် ၉ မှာ ထည့်လိုက်သလဲဆိုတာဟာ စဉ်းစားစရာပါပဲ။ ဒါပေမဲ့ အစီရင်ခံစာကို အသေအချာဖတ်မယ် ဆိုရင်တော့ ဂျာနယ်မှာ လွတ်လပ်စွာ ရေးခွင့်ပေးထားတာ တစ်ခုတည်းကို တွက်လို့မရပါ။
(ယူနတီဂျာနယ်မှ ၅ ဦးအပါဝင် ဖမ်းဆီးခံသတင်းသမား ၁၂ ဦးကို ချက်ချင်းလွတ်ပေးဖို့ AI မှ တောင်းဆိုထားပုံ)
၂၀၁၄ ခုနှစ်အတွင်း အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် အသတ်ခံခဲ့ရပါတယ်။ လက်ရှိထောင်ထဲမှာ သတင်းထောက် ၁၂ ဦး ရှိနေပါတယ်။ ယူနတီမှ ငါးဦး၊ မွန်းတည့်နေမှ ငါးဦးနဲ့ မြန်မာပို့စ်မှ နှစ်ဦး ဖြစ်ပါတယ်။ တစ်ခါ မနေ့တစ်နေ့ကပဲ မကွေးမှာ ဆန္ဒပြတဲ့ သတင်းထောက်တစ်ယောက်ကို ပုဒ်မ ၁၈ နဲ့ ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင်တစ်လ ချခဲ့ပါသေးတယ်။
ဥပဒေဘက်မှာလည်း အရင်ကရှိပြီးသား ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကို မဖျက်သိမ်းတဲ့အပြင် နောက်ထပ် တင်းကျပ်တဲ့ မီဒီယာဥပဒေတွေကို လွှတ်တော်က ပြဋ္ဌာန်းလိုက်ပါတယ်။ ပြီးတော့ အသံလွှင့် မီဒီယာ အားလုံးကိုလည်း အစိုးရက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ဒါတောင် အခု ၂၀၁၅ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတန်းမြို့ ကျောင်းသားဆန္ဒပြပွဲအတွင်း သတင်းထောက်တွေ အရိုက်ခံရတာကို အစီရင်ခံစာမှာ မထည့်ထားရသေးပါ။
မြန်မာထက်ဆိုးတဲ့ တခြားရှစ်နိုင်ငံ အခြေအနေကို ပြောရမယ် ဆိုရင်တော့ အစိုးရသတင်းဌာနမှအပ ကျန်သတင်းဌာန အားလုံးကို လက်မခံ၊ နိုင်ငံခြားသတင်းထောက်လည်း ဝင်ခွင့်မပေးတဲ့ အီရိထရာက ပထမ၊ လက်ကိုင်ဖုန်းနဲ့ အင်တာနက်ကို အပြင်းအထန် စိစစ်နေဆဲဖြစ်တဲ့ မြောက်ကိုရီးယားက ဒုတိယ၊ ဆော်ဒီက တတိယ၊ အီသီယိုပီးယားက နံပါတ် ၄၊ အာဇာဘိုင်ဂျန်က နံပါတ် ၅၊ ဗီယက်နမ်က နံပါတ် ၆၊ အီရန်က နံပါတ် ၇၊ အွန်လိုင်းသတင်းသမား ၃၂ ဦး အပါအဝင် သတင်းသမား ၄၄ ဦး ဖမ်းဆီးမှုနဲ့ စံချိန်တင်ထားတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက နံပါတ် ၈ အဖြစ် တွေ့ရပါတယ်။
အစိုးရဆင်ဆာအစား Self Censor ရှိလာနေပြီလား
နိုင်ငံတကာဘက်က ပြောတဲ့ စာရင်းဇယားတွေ အပြီးမှာတော့ မြန်မာတွေ အချင်းချင်းကြား ပြောနေတဲ့ သတင်းလွတ်လပ်ခွင့်အရွေ့ အခြေအနေကို တင်ပြချင်ပါတယ်။ “သတင်းလွတ်လပ်ခွင့်က အရင်နဲ့ အခု ပြောင်းပြန်ဖြစ်သွားပြီ” လို့ မိတ်ဆွေတချို့က ပြောပါတယ်။ “အရင်ကဆိုရင် အထဲက ဂျာနယ်တွေက ဘာမှမရေးရဲဘူး၊ ရေးခွင့်မရဘူးပေါ့။ ဒီတော့ အပြင်က ရေဒီယိုတွေကိုပဲ အားကိုးခဲ့ရတယ်။ အခုတော့ ရေဒီယိုတွေ နေရာမှာ ဂျာနယ်တွေက ယူသွားပြီလေ” ဆိုတဲ့ ပြောဆိုသံဟာ ပြည်တော်ပြန် ခရီးစဉ်တွေအတွင်း အများဆုံးကြားခဲ့ရတဲ့ မှတ်ချက်တစ်ခုပါပဲ။
(အစိုးရဖိအားပေးမှုကြောင့် အမည်ပြောင်းလိုက်ရတဲ့ ပြည်တွင်းပြန်ဝင် မီဒီယာတခုနဲ့ အစိုးရပြန်ကြားရေးဌာနတို့ ပူးတွဲ ဆွေးနွေးပွဲတခု)
ဒီမှတ်ချက်ကို ပေးသူတွေထဲမှာ ရေဒီယိုသတင်းကို နှစ်ပေါင်းများစွာ နားထောင်လာခဲ့တဲ့ NLD ပါတီဝင်တွေ၊ နိုင်ငံရေး တက်ကြွသူတွေ ပါသလို ပြည်တော်ပြန် မိတ်ဆွေအတော်များများလည်း ပါဝင်ပါတယ်။ တစ်ခါ “ရေဒီယိုတွေ၊ TV တွေက ကျွန်မတို့ပေးတဲ့ သတင်းတွေ၊ ကျွန်မတို့ လှုပ်ရှားမှု သတင်းတွေကို အရင်လို မထည့်ပေးတော့ဘူးလေ” ဆိုပြီး လယ်သမားအရေး၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ရင်ဖွင့်ပြောပြကြပါတယ်။ ဘာကြောင့် သူတို့ ဒီလိုထင်မြင်သွားကြတာလဲ။ ဒီနေ့ထုတ်နေတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာတွေနဲ့ ပြည်ပအခြေစိုက် ရေဒီယို၊ ဝက်ဘ်ဆိုက်က သတင်းတွေကို ယှဉ်တွဲဖတ်ရှုရင် သိသာမယ် ထင်ပါတယ်။
VOA, BBC ရန်တိုက်ပေးနေသည်၊ RFA, DVB သွေးထိုးပေးနေသည်ဆိုတဲ့ စာသားတွေ၊ လေလှိုင်းပေါ်က လူသတ်သမားဆိုတဲ့ မြန်မာ့အလင်းသတင်းစာ နောက်ကျောမှာ စာလုံးမည်းကြီးနဲ့ ဖော်ပြတဲ့ခေတ် အခုမရှိတော့ပါဘူး။ အဲဒီသတင်းဌာနတွေ အားလုံး ရန်ကုန်မှာ ရုံးခွဲဖွင့်ခွင့် ရထားပြီး တချို့သတင်းဌာနတွေဆို သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်လို အရေးကြီးပုဂ္ဂိုလ်တွေကိုတောင် Exclusive အင်တာဗျုးတွေ လုပ်ခွင့်ရတဲ့အထိ အခြေအနေက တိုးတက်ပြောင်းလဲသွားခဲ့ပါပြီ။
ဒါပေမဲ့ အရင်က အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ လေသံတွေ၊ အသံနှုန်းတွေကတော့ နည်းနည်းလျော့သွားတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ တစ်ခါ ကာဗာလုပ်တဲ့ အကြောင်းအရာတွေကလည်း အစိုးရအရာရှိကြီးတွေ၊ အတိုက်အခံဘက်က ပုဂ္ဂိုလ်ကြီးတွေရဲ့ ပြောစကားတွေ၊ အစည်းအဝေးတွေ၊ ဆန္ဒပြပွဲတွေသာ များနေပြီး တကယ့်အတွင်းကျကျ လိုက်ရမယ့် ပြည့်သူ့ဘဝ အခက်အခဲတွေ၊ နယ်စပ်ဒေသ တိုက်ပွဲသတင်းတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု သတင်းတွေ၊ စုံစမ်းထောက်လှမ်း ဖော်ထုတ်ရမယ့် သတင်းတွေ နည်းနေပါတယ်။
ပုဂ္ဂလိကပိုင် သတင်းစာတွေက အစိုးရရဲ့ မတရားမှုတွေ၊ လာဘ်စားမှုတွေ၊ အာဏာအလွဲသုံးမှုတွေ၊ ရှေ့နောက်လွဲချော်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ ပြည်ပအသံလွှင့်ဌာနတွေက အဲဒီလောက်အထိ တက်ကြွမှု မရှိတာဟာ တကယ်ပဲ သတင်းမလိုက်နိုင်လို့လား။ ဒါမှမဟုတ် လောလောဆယ်ရထားတဲ့ ပြည်တွင်းမှာ ရုံးဖွင့်ခွင့်၊ သတင်းယူခွင့်တွေ ပြန်ရုပ်သိမ်းခံရမှာ စိုးတဲ့အတွက် အစိုးရကို သိပ်မဝေဖန်ဘဲ ကိုယ့်ဘာသာ Self Censor လုပ်နေတာမျိုးလား ဆိုပြီး မေးခွန်းထုတ်သူတချို့ ရှိလာနေပါတယ်။
ဆင်ဆာမဲ့ အင်တာနက်
သတင်းစာသတင်းထောက် ၁၂ ဦး ထောင်နန်းစံနေရချိန်၊ အသံလွှင့်မီဒီယာ အားလုံးကို အစိုးရက ထိန်းချုပ်ထားချိန်မှာ နေ့စဉ်သတင်းတွေကို ဆင်ဆာမဲ့၊ အကန့်အသတ်မဲ့ ရရှိနိုင်တဲ့ နေရာကတော့ အွန်လိုင်းသတင်း၊ အတိအကျ ပြောရမယ်ဆိုရင် မြန်မာ့ဆိုရှယ် မီဒီယာလောကမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ Facebook သတင်းတွေပဲ ဖြစ်ပါတယ်။
(ကိုးကန့်လက်နက်ကိုင်အဖွဲ့အကြောင်း သတင်းမဖေါ်ပြရဆိုပြီး အမိန့်ပေးလိုက်တဲ့ တပ်မတော်ရဲ့စာ)
ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းက သိန်းနဲ့ချီတန်တဲ့ တယ်လီဖုန်း (ဖုန်းလိုင်စင်) တွေကို ၁၅၀၀ ကျပ်နဲ့ ဝယ်နိုင်အောင် စီစဉ်ပေးခြင်း၊ တယ်လီနော၊ အော်ရီဒူး အပါအဝင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေ ဝင်လာခြင်းတွေက မြန်မာ့အွန်လိုင်း အသုံးပြုသူဦးရေကို ၁၀ ဆမက တိုးတက်လာစေတယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်အထိ မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်သူ သိန်းဂဏန်းသာ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သန်းဂဏန်း ရှိနေပြီလို့ ယူဆရပါတယ်။
ပြည်တော်ပြန် ခရီးစဉ်တွေအတွင်း တွေ့ခဲ့ရသလောက်ကို အခြေခံ ပြောရမယ်ဆိုရင် ဒီနေ မြန်မာနိုင်ငံရဲ့ အဓိက သတင်းစီးကြောင်းဟာ အင်တာနက် (Facebook) ဖြစ်နေပြီလို့တောင် ဆိုချင်ပါတယ်။ သတင်းစာ၊ ဂျာနယ်တွေကို မြို့ ပြလူတန်းစားတွေသာ အဖတ်များပေမယ့် အင်တာနက် (အင်တာနက်ပါတဲ့ လက်ကိုင်ဖုန်း) ကိုတော့ ကျေးလက်ဒေသတွေ အထိပါ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာ တွေ့ရပါတယ်။
တစ်ခါ ရုပ်-သံကိုလည်း သတင်းကြည့်ဖို့ထက် ရုပ်ရှင်၊ ဘောလုံးပွဲနဲ့ ဖျော်ဖြေရေး အစီအစဉ် ကြည့်တဲ့နေရာဘက်မှာသာ လူတွေက ပိုအားသန်နေပါတယ်။ လှိုင်းတိုရေဒီယိုတွေကိုတော့ ပင်စင်စားအဘိုးကြီးတွေနဲ့ သက်ကြီးပိုင်း ပရိသတ်တချို့ အခိုင်အမာ နားထောင်နေဆဲပါ။ ဒါပေမဲ့ အသက် ၃၀ အောက် လူငယ်အများစုကတော့ သူတို့အတွက် နေ့စဉ် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အင်တာနက် (Facebook) ကနေ ရနေတယ်လို့ လေ့လာမိပါတယ်။ ဒါကြောင့်လည်း Facebook ပေါ်က သတင်းကို မကိုးကားရဆိုပြီး “တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့” က ကန့်ကွက်စာထုတ်တဲ့အထိ ဆိုရှယ်မီဒီယာက မြန်မာနိုင်ငံမှာ ခေတ်ကောင်းနေတာပေါ့။
မီဒီယာ အင်စတီကျူးရှင်းများ
၂၀၁၂ ခုနှစ်မှာ ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းပြီး ပုဂ္ဂလိကသတင်းစာတွေ၊ ဂျာနယ်တွေကို လွတ်လပ်စွာ ထုတ်ဝေခွင့် ပြုပြီးတဲ့နောက် မြန်မာနိုင်ငံမှာ သတင်းစာ ၂၀ နီးပါးနဲ့ ဂျာနယ် ၁၀၀ ကျော် ပေါ်လာပါတယ်။ အွန်လိုင်းသတင်းဌာနတွေလည်း ဒါဇင်နဲ့ချီ ရှိလာခဲ့ပါတယ်။ တစ်ခါ ပြည်ပသတင်းဌာနတွေကလည်း ပြည်တွင်းပြန်ဝင်လာကြပါတယ်။ အဲဒီ သတင်းဌာနတွေ အားလုံးအတွက် သတင်းထောက်တွေ ရာနဲ့ချီပြီး ရှိလာခဲ့ပါတယ်။
(လွတ်လပ်တဲ့စာနယ်ဇင်းအဖွဲ့များရဲ့ ၂၀၁၃ ခုနှစ် ဆုပေးပွဲမြင်ကွင်းတခု)
ဒါဟာ အခုနှစ်ပိုင်းတွေအတွင်း မီဒီယာလောကရဲ့ တကယ့်ထူးခြားတဲ့ တိုးတက်မှုပါပဲ။ ဒါပေမဲ့ ဒီမီဒီယာသမားတွေဟာ ဆေးတက္ကသိုလ်က ဆင်းလာတဲ့ ဆရာဝန်တွေလို၊ စက်မှုတက္ကသိုလ်က ဆင်းလာတဲ့ အင်ဂျင်နီယာတွေလို ဂျာနယ်လစ်ဇင်ကျောင်းမှာ လေးငါးနှစ်သင်ပြီး လုပ်ငန်းခွင်ထဲ ရောက်လာသူတွေ မဟုတ်ပါ။ အရင်က ဝတ္ထုတိုရေးသူ၊ ကဗျာရေးသူ၊ နိုင်ငံရေးတက်ကြွသူ၊ အခြားဘာသာရပ် တစ်ခုခုနဲ့ ဘွဲ့ရပေမယ့် သတင်းထောက်အလုပ်ကို စိတ်ဝင်စားလို့ ရောက်လာသူ စသဖြင့် အမျိုးမျိုးရှိကြပါတယ်။
ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁၉၈၈ နောက်ပိုင်း သတင်းသမား ဖြစ်လာသူတွေ အခြေအနေကို ပြောတာပါ။ အခုတော့ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်ဇင်ကျောင်းတွေ ရှိနေပါပြီ။ အစိုးရက ဖွင့်ထားတဲ့ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်မှာ သတင်းစာပညာ B.A ဘွဲ့ ပေးနေသလို ပြည်ပအလှူရှင်တွေနဲ့ ပြည်တွင်းက သတင်းသမားတွေ စုပေါင်းဖွင့်ထားတဲ့ မြန်မာသတင်းပညာသိပ္ပံ (MJI)၊ ရန်ကုန်သတင်းပညာကျောင်း (YJS) အပါအဝင် ပုဂ္ဂလိကသတင်းစာ ပညာသင်ကျောင်းတွေ ရှိနေပြီလို့ သိရပါတယ်။
ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာရှိ သတင်းစာကျောင်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းနေဆဲပါ။ လောလောဆယ် အလုပ်ဖြစ်အောင် သင်ပေးတဲ့စနစ်အပြင် သတင်းပညာကို ထဲထဲဝင်ဝင် လေ့လာနိုင်အောင် စီစဉ်ပေးဖို့ လိုနေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သတင်းလွတ်လပ်ခွင့် ဒီထက်မက ရလာအောင်၊ စတုတ္ထမဏ္ဍိုင်အပေါ် အာဏာပိုင်တွေ ပိုမိုသဘောပေါက် နားလည်လာအောင် သတင်းသမားအားလုံး ဝိုင်းဝန်းကြိုးပမ်းဖို့ လိုနေဆဲဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment