Monday, May 4, 2015

သတင်းလွတ်လပ်ခွင့်နေ့မှာပြောတဲ့ အတိုက်ခံခေါင်းဆောင်နဲ့ ပြန်-၀န်တို့ရဲ့ မိန့်ခွန်းများ

မေလ ၃ ရက်နေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် ပြောကြားတဲ့မိန့်ခွန်း
-------------------------------------------------------------------------------------------------
ဒီနေ့ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့အတွက် အခမ်းအနားကို ဖိတ်ခေါ်တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် UNESCO ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မစောစောကလည်း ဦးရဲထွဋ် ကို ရှင်းပြပြီးပါပြီ။ ကျွန်မ ဒီဖိတ်ခေါ်ချက်ကို လက်ခံရတဲ့အတွက် အကြောင်းရင်းတစ်ခုကတော့ ဦးရဲထွဋ် လိမ်မာရဲ့လားလို့ ကျွန်မလာကြည့်တဲ့သဘောပါပဲ။ ကျွန်မကိုကြောက်တယ်ဆိုတော့ လိမ်မာ တဲ့ဘက်ကို ဦးတည်ပြီလို့ ကျွန်မကတော့ ပြောရပါမယ်။ 

(ဓာတ်ပုံများကို ဧရာတီမှ ယူထားပါသည်)
ကျွန်မတို့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ကို စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဘာလဲဆိုတာ အများကြီး စဉ်းစားစရာရှိပါတယ်။ အင်္ဂလိပ်လိုပြောရင် တော Freedom ပေါ့ ၊ မြန်မာဘာသာပြန်ရင်တော့ လွတ်လပ်မှုလား၊ အနှောင်အဖွဲ့ ကင်းမှုလား၊ ဘာကို ပြောလိုတာလဲ၊ လွတ်လပ်မှုဆိုတာကလည်း ကိုယ်ရေးချင်တာ ရေးနိုင်တာတွေက လွတ်လပ်မှု မဟုတ်ဘူး၊ ကိုယ်တိုင်ရေးချင်တာတွေ ဘယ်လိုရေးချင်အောင် ဖိအားတွေရှိတယ် ဆိုတာ ဒါတွေကို ကျွန်မတို့ ထည့်ပြီးစဉ်းစားဖို့လိုပါတယ်။ 

ဦးရဲထွဋ်ပြောသွားတဲ့ အပေါ်မှာ စာနယ်ဇင်းလွတ်လပ်မှုနဲ့ အယ်ဒီတာ လွတ်လပ်မှုကို ခွဲခြားပြီးပြောတယ်။ ဒါပေမယ့် ကျွန်မကတော့ တစ်ခုတည်းလို့ပဲ ထင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အားလုံးလွတ်လပ်မှုပဲ၊ အယ်ဒီတာတွေကို လုပ်ငန်းရှင်တွေ ထဲကနေပြီးတော ချုပ်ချယ်ထားတယ်ဆိုရင် ဒါဟာ လွတ်လပ်မှု မရှိတာ၊ ဒီဟာတွေ ဆက်ပြီးတော့ မပြောခင် ကျွန်မကနေပြီးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နီပေါမှာ ငလျင်လှုပ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသွားတဲ့၊ ပျောက်ကွယ်သွားတဲ့ ပုဂ္ဂိုလ်များ မိသားစုများအားလုံးကို ကျွန်မ ဂရုဏာ သက်ပါကြောင်း ပြောချင်ပါတယ်။ ဒီအချိန်မှာ နီပေါအကြောင်းပြောရတာ စာနယ်ဇင်းနှင့် သက်ဆိုင်လို့ပါ။ နီပေါမှာ ဖြစ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ရင် အများပြည်သူကမ္ဘာသူ ကမ္ဘာသားများ သိရှိနိုင်အောင် အထောက်အကူ အများကြီးပေးခဲ့တာ စာနယ်ဇင်းလောက ဖြစ်ပါတယ်။ စာနယ်ဇင်းလောက ဆိုတာဟာ ဒီလောက်ကမ္ဘာ ကို အကျိုးပြုနိုင်လဲဆိုတာ ပြတာပဲ။ 

ဒါပေမယ့် အကျိုးပြုနိုင်သလို တဖက်ကနေပြီးတော့ ကျွန်မတို့ ကမ္ဘာသူ ကမ္ဘာသားအချင်းချင်း၊ နိုင်ငံသူ နိုင်ငံသားအချင်းချင်း ညီညွတ်မှုနားလည်မှုတွေကို ပျက်ပြားစေ နိုင်ပါတယ်။ ဒါဟာ သတင်းထုတ်ပြန်မှုထဲက ပျက်ပြားစေနိုင်ပါတယ်။ သတင်းထုတ်ပြန်မှုမှာ ဆိုလို့ရှိရင် အခုကျွန်မတို့နိုင်ငံမှာ ဘယ်လောက်တိုးတက်နေသလဲဆိုတာကို ရှင်းပြခြင်းဖြစ်ပါတယ်။ စဉ်းစားတဲ့ အခါမှာ မြန်မာနိုင်ငံကို လာပြီးလေ့လာတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ ၊ တချို့တွေဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တိုးတက်မှုနှင့် ပတ်သက်လို့ ဘာကိုထောက်ပြ သလဲဆိုတာ၊ စာနယ်ဇင်း လွတ်လပ်မှုရလာတယ်ဆိုတာ ထောက်ပြတယ်။ အဲ့ဒီတော့ အဲ့ဒီဟာကို စဉ်းစားလိုက်ရင် ဒါဟာ စာနယ်ဇင်းလွတ်လပ်မှု အားကောင်းနေလို့၊ အားကြီးနေလို့ ဒီလိုထောက်ပြ တာလား၊ ဒါမှမဟုတ် အခြားပြုပြင်ပြောင်းလဲရေးတွေဟာ အားနည်းနေလို့ လွတ်လပ်မှုရလာ တယ်ဆိုတာ ထောက်ပြတယ်။ အဲ့ဒီတော့ အဲ့ဒီဟာကို စဉ်းစားလိုက်ရင် ဒါဟာ စာနယ်ဇင်းလွတ်လပ်မှု အားကောင်းနေလို့၊ အားကြီးနေလို့ ဒီလိုထောက်ပြတာလား၊ ဒါမှမဟုတ် အခြားပြုပြင်ပြောင်းလဲ ရေးတွေဟာ အားနည်းနေလို့ ဒါကိုပဲ ထောက်ပြစရာရှိလို့ ထောက်ပြတာလားဆိုတာ ကျွန်မတို့ ဝိုင်းစဉ်းစားကြပါ။ 

အများသိတဲ့အတိုင်းပဲ မကြာမီကာလတုန်းကဆိုရင် ကမ္ဘာပေါ်မှာ Censorship တင်းမာဆုံး၊ တစ်နည်းအားဖြင့် ပြောရရင် သတင်းလွတ်လပ်မှုအနည်းဆုံး နိုင်ငံ(၁၀) နိုင်ငံရှိတယ်။ မြန်မာနိုင်ငံက နံပါတ်(၉)ဖြစ်ပါတယ်။ အဲ့ဒါကို ပြန်ကြည့်လိုက်ရင် ကျွန်မတို့ရဲ့ စာနယ်ဇင်း လွတ်လပ်မှု ဟာ ရှေ့ဆက်သွားဖို့ အများကြီးလိုသေးတယ်ဆိုတာ ထင်ရှားပါတယ်။ Censor ဆိုတာနဲ့ ပတ်သက် လို့ Censor ဆိုတာ (၂)မျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ ပြင်ပက Censor နဲ့ Self-censor ကိုယ့်ကိုယ်ကိုယ် Censor လုပ်တာလို့ ခေါ်တာပေါ့နော်။ နှစ်ခု စလုံးကတော့ တကယ်တော့ ဇစ်မြစ်က အတူတူပါပဲ။

ပြင်ပကဆိုလို့ရှိရင် ဖိအားပေးနိုင်တဲ့ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ဖိအားပေးလို့ လွတ်လွတ် လပ်လပ် မရေးနိုင်တာ၊ လွတ်လွတ်လပ်လပ် မှန်မှန်ကန်မရေးနိုင်တာ။ ဒုတိယကတော့ ကိုယ့်ကိုယ်ကို ပြဿနာတက်မှာစိုးလို့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရ ဒါတော့ တို့မရေးဘူး။ ဒါရေးလိုက်လို့ရှိရင်တော့ ပြဿနာ တက်နိုင်တယ်ဆိုပြီးတော့ အဲဒီလိုဆန်ဆန် လုပ်တာမျိုးရှိပါတယ်။ တကယ်ဆိုရင် ကိုယ့်ကိုယ်ကို ဆင်ဆာလုပ်တယ်ဆိုတာ၊ ဘာရေးရမယ်၊ ဘာမရေးရဘူး ဆုံးဖြတ်တာဟာ အချက် တစ်ခုထဲ အပေါ်မှာပဲ တည်သင့်ပါတယ်။ ဒီဟာက သိက္ခာရှိတဲ့ စာနယ်ဇင်းလောကသူ၊ လောကသား များရဲ့ ကျင့်ဝတ်နဲ့ ညီ၊ မညီ အဲဒါကိုပဲ စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ဖြတ်တောက်ရမယ်၊ မဖြတ်တောက်ရဘူး ဆိုတာကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ 

ကျွန်မတို့ မြန်မာနိုင်ငံဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ရတဲ့ အချိန်မှာ တစ်နည်းအားဖြင့်ပြောရရင် အင်မတန်မှ အချိန်နှောင်းတဲ့ အခါဖြစ်ပါတယ်။ အချိန်နှောင်းတယ်ဆိုတာ ဘယ်လိုပြောရမလဲဆိုတော့ စာနယ်ဇင်း လွတ်လပ်မှုကို တည်တည်ငြိမ်ငြိမ်နဲ့ အချိန်ယူပြီးတော့ တည်ဆောက်နိုင်ဖို့ ကာလလွန်တဲ့ အချိန်မှာ ကျွန်မတို့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ရတဲ့အခါမှ ပြောရမယ်ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးရဲထွဋ် ပြောသလို Social Media ပေါ့နော်။ Social Media ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သုံးနေတဲ့ အချိန်မှာမှ ကျွန်မတို့နိုင်ငံက စာနယ်ဇင်းလောက လွတ်လပ်မှု အတိုင်းအတာတစ်ခု အထိရလာတယ်ဆိုတဲ့ အခါကြတော့ အေးအေးဆေးဆေးနဲ့ တည်ဆောက်ဖို့၊ သိက္ခာရှိတဲ့ စာနယ်ဇင်းကျင့်ဝတ်တွေ တည်ဆောက်ဖို့ အချိန်က နည်းနည်းလွန်လာ ပြီဖြစ်ပါတယ်။ အချိန်လွန်လို့ မလုပ်နိုင်တာ မဟုတ်ပါဘူး။ အချိန်လွန်မှစပြီး လုပ်ရလို့ ကျွန်မတို့ ပိုပြီးတော့ ကြိုးစားရမှာ။ ပိုပြီးတော့ သတိထားရမှာ။ ပိုပြီးတော့ ၀ါယမစိုက်ထုတ်ရမှာဖြစ်ပါတယ်။

ပြီးတော့ ကျွန်မတို့ရဲ့ သတင်းထောက်များရဲ့သိက္ခာဆိုတာ ဘာလဲဆိုတာ အရိုးဆုံးပြောလိုက်ရင် အမှန်တရားအပေါ်မှာ အခြေခံပြီးတော့ သတင်းတွေ ထုတ်ပြန်ဖို့၊ သတင်းတွေရယူပြီး ထုတ်ပြန်ဖို့၊ ဒါပေမယ့် အမှန်တရားဆိုတာ ဘာလဲဆိုတာတောင်မှာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းတူတာ မဟုတ်ပါဘူး။ ကျွန်မစောစောကစပြောခဲ့တဲ့ နီပေါနိုင်ငံက သဘာဝကပ်ကြီးနဲ့ပတ်သက်လို့ ကပ်ဆိုက်ပြီ ဆိုရင် သတင်းသမားများဟာ အဲဒီလို အကြောင်းအရာတွေရဲ့အကြောင်း ပြောတဲ့အခါမှာ ဘယ်လို ပြောကြလဲဆိုရင် တစ်ဦးနဲ့တစ်ဦး မတူဘူး။ ကိုယ့်ရဲ့ ၀ါသနာအရ၊ ကိုယ့်ရဲ့စိတ်ခံစားမှုအရ တစ်ချို့က ဥပမာဆိုရင် ပြောရမယ်ဆိုရင် အစိုးရဌာနတွေကတော့ အစိုးရဘက်က ဘယ်လောက်လုပ်ပေးတယ်။ ဘယ်လောက်ကူညီတယ်။ ဘယ်လောက် ဒုက္ခသည်တွေကို ဒုက္ခကနေ ကင်းလွတ်အောင် ဘယ်လောက် ကြိုးပမ်းနေပါတယ်ဆိုတာကို အဲ့ဒါတွေကို မီးမောင်းထိုးပြောမှာပဲ။ ဒါကလည်း အမှန်အတိုင်းပဲဖြစ်နိုင်ပါတယ်။ 

တချို့ကြတော့ ပြည်သူတွေ ရရင့်ရထိုက်တဲ့ အထောက်အကူတွေ လုံလောက်စွာ မရဘူး။ တချို့ကြတော့ ကလေးများ၊ အမျိုးသမီးများဟာ အထူးသဖြင့် ခံနေရပါ တယ်ဆိုပြီးတော့ ကိုယ့်ရဲ့ခံစားချက်အရ၊ ကိုယ့်ရဲ့ယုံကြည်ချက် အရပြောကြမှာပဲ။ အဲဒီတော့ အားလုံး ကို ကြည့်လိုက်မယ်ဆိုရင် တစ်ယောက်ချင်းတစ်ယောက်ချင်းဟာ လိမ်လည်လှည့်ဖြားနေတာလား ဆိုတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမြင်အရ၊ ကိုယ့်ရဲ့ဆန္ဒအရ၊ ကိုယ့်ရဲ့ဂရုဏာသက်မှုအရ ရေးကြတာပဲ။ 

ဒါပေမယ့် တကယ်ကို သိက္ခာရှိတဲ့ စာနယ်ဇင်းသမားဆိုရင် ဒါကို ချင့်ချိန်ရမယ်။ ကိုယ်က မျှမျှတတ ဖြစ်အောင်လို့ ကူညီမစမှုတွေ ရှိတယ်။ မလုံလောက်ဘူး။ သက်သေသာဓကနဲ့ ဘာတွေလိုနေတယ်။ ဘယ်နေရာမှာ လိုနေတယ်။ ကူညီချင်တဲ့ စိတ်ဓါတ်နဲ့ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်တဲ့ စိတ်မဟုတ်ဘဲနဲ့ ကူညီချင်တဲ့ စိတ်နဲ့၊ ခြုံငုံပြောရမယ်ဆိုရင် စာနယ်ဇင်းလောကဟာ တကယ်ပဲ ကျွန်မတို့နိုင်ငံနဲ့ ကျွန်မတို့ရဲ့ ကမ္ဘာကို အကူအညီပြုချင်တဲ့ စိတ်ဓါတ်နဲ့ မိမိတို့ရဲ့ ကျင့်ဝတ်တွေ ဆောင်ရွက်သွားရ မှာဖြစ်ပါတယ်။ ကမ္ဘာကြီးပိုပြီးကောင်းစေချင်တဲ့စိတ်၊ တိုးတက်စေချင်တဲ့စိတ်၊ တစ်ဦးနဲ့တစ်ဦးစိတ်ဝမ်း ကွဲဖို့ မဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ဖို့ မဟုတ်ဘူး။ တစ်ဦးနဲ့တစ်ဦးပိုလို့ ပိုလို့ ကွာခြားသွားဖို့ မဟုတ်ပါဘူး။ 

အဲဒါကြောင့်မို့ စာနယ်ဇင်းလောကရဲ့ အရှိန်အ၀ါလည်း ကြီးပါတယ်။ ကြီးသလောက်လည်း တာဝန်ဟာရှိပါတယ်။ ကျွန်မလည်း ခဏ ခဏ ပြောပါတယ်။ အခွင့်အရေးနဲ့တာဝန် ဆိုတာ ခွဲခြားလို့မရပါဘူး။ တကယ့်အခွင့်အရေးရှိတဲ့ လုပ်ငန်းဟာ တာဝန်ကိုလည်းသိဖို့လိုပါတယ်။ ဒါမှသာ ကျွန်မတို့ရဲ့ လောကကြီးကို အကျိုးပြုမှာ ဖြစ်ပါတယ်။ အခု ဒီထဲမှာဆိုလို့ရှိရင် ကောင်းမွန်တဲ့ Better Report တွေ ၊ ပိုပြီးတော့ ကောင်းမွန်တဲ့ သတင်းရယူပြီး သတင်းထုတ်ပြန်ချက်တွေ ရရှိလာမှာပါ။ သတင်းရယူမှု ဆိုတာကတော့ အလုပ်နဲ့ ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ 

အင်မတန်မှ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အခါ မျိုးလည်းလုပ်ရပါတယ်။ စောစောကဆိုရင် UNESCO က ဖတ်ကြားတဲ့ ကုလသမဂ္ဂရဲ့ သ၀ဏ်လွှာမှာ ဆိုလို့ရှိရင် ဂျာနယ်နဲ့ သတင်း ၊ စာနယ်ဇင်းသမားတွေ ဘယ်လောက် အန္တရာယ်နှင့် ရင်ဆိုင်ပြီး မိမိတို့ရဲ့တာဝန်ကို ကျေအောင်လုပ်နေတယ် ဆိုတာ ပါပါတယ်။ အဲဒီတော့ အဲဒီလို အန္တရာယ်နဲ့ရင်ဆိုင်သင့်ရင်လည်း ရင်ဆိုင်ရမယ်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေတွေ မရောက်ခင် သတင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့ အများကြီး ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုး ထောင်ဖို့လိုပါတယ်။ သတင်းထောက် တစ်ယောက်ဖြစ်ဖို့ဆိုတာ အများကြီး အလုပ်လုပ်ရပါတယ်။ 

ကျွန်မ ခဏ ခဏ သတင်းထောက်တွေနဲ့ တွေ့ပြီးတော့ သတင်းထောက်တွေကို အမေး အဖြေ လုပ်တယ်။ ရင်ဆိုင်ဖြေရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တော့ တချို့သတင်းသမားတွေက ရိုးရိုးစကားလေးပြောရရင် အိမ်စာမလုပ်လာဘူး။ လာပြီးတော့ မေးချင်တာသာမေးတယ်။ မေးတဲ့ အချက်အလက်တွေ အကြောင်းလည်း ကောင်းကောင်း မသိဘူး။ ကျွန်မတို့ နိုင်ငံအကြောင်းလည်း ကောင်းကောင်းမသိဘူး။ ကျွန်မတို့နိုင်ငံရေး အခြေအနေ အကြောင်းလည်း ကောင်းကောင်း မသိဘူး။ ဒါကို ကြိုမလေ့လာထားဘူး။ တွေ့တဲ့အခါမှာ လွယ်လွယ်လေးပဲ မေးခွန်းတွေ ထုတ်လိုက်တာပဲ။ အဲဒါဟာ တာဝန်မကျေတာပဲ။ သိပ်သိသာတယ်။ စပြီးမေးကတည်းက ကျွန်မ သိတယ်။ ဒီသတင်းသမားကတော့ အိမ်စာလုပ်ထားတယ်။ အိမ်စာ မလုပ်ထားဘူး။ ခပ်ပျင်းပျင်းပဲဆိုတာ ချက်ချင်း ပေါ်တယ်။ အဲဒီတော့ တကယ်အိမ်စာလုပ်ထားတဲ့ သတင်းသမားတွေက မေးတဲ့အခါမှာ မေးလည်း မေးတတ်တယ်။ မေးတတ်တဲ့ သတင်းသမားတွေနဲ့ အမေးအဖြေ လုပ်တဲ့အခါမှာ စိတ်ဝင်စားစရာ ကောင်းတယ်။ ကျွန်မအတွက်လည်း အကျိုးရှိတယ်။ 

ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေဆိုလို့ရှိရင် ကျွန်မ မစဉ်းစားမိတဲ့ အချက်အလက်တွေတောင် သူတို့မေးခွန်းတွေကြောင့် ပေါ်လာတာ စဉ်းစားမိတာ တွေရှိတယ်။ နောက်ပြီး အမေးအဖြေကလည်း ပိုပြီး အသက်ဝင်လာတယ်။ အဲဒါဟာ အလုပ်ဆိုတာပဲ ။ အလုပ်တစ်ခု ကျေပွန်အောင် လုပ်ဖို့ဆိုတာဟာ စပြီးတော့ ဒီဟာအတွက် ပြင်ဆင်တဲ့ အဆင့်ကစပြီး လုပ်ရမှာပါ။ ကျွန်မတို့ရဲ့ အထူးသဖြင့် သတင်းထောက် အငယ်တွေ အဲဒါကို သတိပြုစေချင်ပါတယ်။ ကိစ္စတစ်ခုကို ချဉ်းကပ်တဲ့နေရာမှာ အဲဒီ ကိစ္စနဲ့ပတ်သက်လို့ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိနိုင်သမျှ သိအောင် လုပ်ရပါမယ်။ ဒါဟာ အိမ်စာပဲ။ အိမ်စာကို ကျေအောင်လုပ်ရမယ်။ အိမ်စာကို ကျေအောင်လုပ်တဲ့ အခါမှာ ဒီသတင်း အချက်အလက် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အဲဒီအပေါ်မှာ မှန်မှန်ကန်ကန်၊ စောစောက ပြောသလိုပေါ့။

မှန်ကန်တယ်ဆိုတာလည်း တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူပေမယ့် တတ်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျကျ ရေးနိုင်၊ သားနိုင်၊ သုံးသပ်နိုင်အောင်လို့ လုပ်ထားရမယ်။ ကျွန်မတို့ ကြိုးစားရမယ်။ သတင်းသမားတွေဆိုတာ ရေးတယ်ဆိုတာ သတင်းအချက် အလက်တွေကို ရေးပြီးတော့ အသိပေးရုံနဲ့ မလုံလောက်ပါဘူး။ သုံးသပ်မှုဆိုတာလည်း ရှိပါတယ် ။ မသုံးသပ်ရဲလို့ ရှိလို့ရှိရင်လည်း အဆင့်မြင့်တဲ့ သတင်းထောက် တစ်ယောက် မပီသပါဘူး။ သို့သော် လည်း သုံးသပ်တဲ့ နေရာမှာ ချင့်ချင့်ချိန်ချိန် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ ဆန္ဒစွဲအရ ကိုယ့်ရဲ့ ခံစားမှုအရ ရေးလို့ ရှိရင်လည်း အင်မတန်မှ တာဝန်မဲ့တဲ့ သတင်းထောက်တစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ ကိုယ့်ရဲ့ သိက္ခာကို ရောင်ပြန်ဟပ်တယ်။ ကိုယ့်ရဲ့နိုင်ငံနဲ့ ပြည်သူ အပေါ်မှာထားတဲ့ စေတနာကို ရောင်ပြန် ဟပ်တယ်။ 

အဲဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ သတင်းသမားများ ဟာ အထူးသဖြင့် သတင်းသမား အငယ်များဟာ နှစ်ခုလုပ်စေချင်ပါတယ်။ နံပါတ်(၁)ကတော့ အိမ်စာကိုကျေအောင်လုပ်ကြပါ။ နံပါတ်(၂)က ပုဂ္ဂိုလ်စွဲတွေ တတ်နိုင်သမျှ ဖယ်ရှား နိုင်ဖို့ ကြိုးစားကြပါ။ သတင်းသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးနိုင်တယ်ဆိုတာကို မမေ့ကြ ပါနဲ့။ သတင်းသမားတစ်ယောက်ဟာ မှန်မှန်ကန်ကန် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ အစွဲအလမ်းအရ လုပ်မယ်ဆိုရင် တစ်ချိန်မဟုတ်တစ်ချိန်ပေါ်လာမှာပဲ။

နောက်ပြီးတော့ ကျွန်မတို့ အစီအစဉ်ထဲမှာပါတဲ့ ကိစ္စတစ်ခုကိုပြောရရင် အခုဆိုရင်အဖွဲ့တွေ၊ ကောင်စီတွေ သတင်းသမားတွေ လေးငါးဖွဲ့လောက် ဒီမှာ တက်ပြီးတော့ ပြောမှာဖြစ်ပါတယ်။ ဒါဟာလည်း ကျွန်မတို့နိုင်ငံရဲ့ တချို့ကလည်း Plurality လို့ပြောမှာ ပေါ့နော်။ အဖက်ဖက်ကနေ အမျိုးမျိုး ပါဝင်ပါတယ်လို့ ပြောမှာပေါ့။ တစ်ဖက်ကလည်း ကျွန်မတို့ မြန်မာနိုင်ငံရဲ့ကွဲပြားမှုကို ရောင်ပြန်ဟပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ခဏခဏ ပြောနေတဲ့ ဟာသလေးတစ်ခုပေါ့။ ဗမာနှစ်ယောက်တွေ့ရင် အဖွဲ့အစည်း သုံးဖွဲ့ဖြစ်လာတယ်။ အဲဒီတော့ ဒါလေးတွေ နည်းနည်းတော့ ဆင်ခြင်ဖို့လိုပါတယ်။ 

ကျွန်မတို့ဟာ ဥပဒေပြုခြင်းဆိုင်ရာ သတင်းသမားများနဲ့ ပတ်သက်လို့၊ စာနယ်ဇင်းလောကနဲ့ ပတ်သက်လို့ ကောင်းတဲ့ ဥပဒေတွေပေါ်ထွက်လာဖို့ ကြိုးစားပါ မယ်။ ဒါပေမယ့်လည်း ဒီဥပဒေတွေ တကယ်ထိရောက်အောင် ဆောင်ရွက်ဖို့လုပ်ရမှာက အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ဖြစ်ပါတယ်။ နည်းဥပဒေတွေ မထွက်သေးတာလည်း အုပ်ချုပ်ရေးပိုင်ဆိုင်ရာရဲ့ တာဝန်ပါပဲလို့ ၀န်ကြီးကို သတိပေးပါရစေ။ နည်းဥပဒေထွက်ပြီးတော့လည်း မပြီးသေးဘူး။ အဲဒီ နောက်မှာ ညွှန်ကြားချက်တွေ လိုသေးတယ်။ အဲဒီညွှန်ကြားချက်ဆိုတာကလည်း အုပ်ချုပ်ရေးဘက် ကပဲ ထွက်ရမှာပါ။ ဒုတိယကတော့ နောက်မဏ္ဍိုင်တစ်ခုဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်ပါတယ်။ တရားစီရင်ရေးမဏ္ဍိုင်ကို အခုအချိန်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်က လွှမ်းမိုးထားတာဟာ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်ဆိုတာ သတင်းသမားများက သတိပြုစေ ချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း သတင်းလောက က အားပေးစေ ချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရမှာက ကျွန်မတို့နိုင်ငံအတွက် လောလောဆယ် အင်မတန်မှ အရေးကြီးတဲ့ အခုနှစ်မှာ ကျင်းပရမယ့် ရွေးကောက်ပွဲ များဖြစ်ပါတယ်။ ရွေးကောက်ပွဲများ လွတ်လပ်ပြီး တော့ တရားမျှတဖို့ပါပဲ။ အရင်တုန်းက ရိုးရိုးပဲ free and fair လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို တချို့အဖွဲ့အစည်း တချို့ပုဂ္ဂိုလ်များက ဒီအသုံးအနှုန်း ရိုးရိုးလေးကို မသုံးပဲနဲ့ incluscive transparency ဆိုတဲ့စကားလုံးတွေ သုံးလာတယ်။ အဲဒီစကားလုံးတွေက အမျိုးမျိုး အဓိပ္ပါယ်ဖော် လို့ရပါတယ်။ 

ကျွန်မကတော့ အခုချိန်မှာ ကြိုပြောချင်တာကတော့ စာနယ်ဇင်းလောက ကို ပြောချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာကျွန်မ တို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီး တဲ့ အချိုးအကွေ့ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲထက် အများကြီး ပိုပြီးတော့ အဓိပ္ပါယ်ပါမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများဟာ လွတ်လပ်ပြီးတရားမျှတဖို့အတွက် စာနယ်ဇင်း လောက ကနေပြီးတော့ တတ်နိုင်သမျှ ကူညီခြင်းအားဖြင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကို အကောင်း ဆုံးဆောက်လုပ်ပေးနေတာဖြစ်မယ်လို့ ကျွန်မသတိပေးချင်ပါတယ်။ ဒါကြောင့် ကျွန်မ မေတ္တာရပ်ခံချင် ပါတယ်။ 

ကျွန်မတို့ရဲ့ စာနယ်ဇင်းလောက က တာဝန်သိသိနဲ့ ကျွန်မတို့နိုင်ငံ အခု သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းသွားရင်းနဲ့ လမ်းမှာတစ်နေတယ်။ အဲဒါလည်း ဘာကြောင့်ဆိုတာ ဦးရဲထွဋ်တို့ကို မေးပါဦးမယ်။ ဒီလမ်းမှာ တစ်နေတဲ့ဟာကို ပွင့်သွားဖို့အတွက် သတင်းလောက က နေပြီးတော့ တတ်နိုင်သမျှကူညီကြပါ။ အမှန်တရားကို တတ်နိုင်သမျှ ရှာကြပါ။ အမှန်တရားဆိုတာ ရှာယူရပါတယ်။ အလိုလိုသိလာတာ မဟုတ်ပါဘူး။ ရှာပြီးတော့ ကျွန်မတို့ပြည်သူ ပြည်သားများလည်း အမှန်သတင်းနဲ့ မမှန်သတင်း၊ အမှန်သတင်းနဲ့ ကောလဟာလကြား၊ အမှန်သတင်းနဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ သတင်းများအကြား မှန်မှန်ကန်ကန် ခွဲခြားနိုင်ဖို့အတွက် ကူညီမစပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။
.........................................................................................

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ မိန့်ခွန်း...။

ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များခင်ဗျာ၊ အားလုံး မင်္ဂလာပါ။


ကျွန်တော်တို့နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်တာဝန်ယူချိန်ကစပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ်မှာ ကျွန်တော်တို့အစိုးရရဲ့ အလေးထားမှုပြတဲ့အနေနဲ့UNESCO အဖွဲ့နဲ့ပူးပေါင်းပြီး စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၂၀၁၂ ခုနှစ်ကစပြီး ကျင်းပခဲ့ပါတယ်။ဒါပေမယ့် ဒီနှစ်မှာတော့ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီကိုလာရောက်ပြီး တက်ရောက်တဲ့အတွက်ကြောင့်ထူးခြားတဲ့အခမ်း အနားဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်။ အထူးသဖြင့် စာနယ်ဇင်းမီဒီယာလောကပြုပြင်ပြောင်းလဲ ရေးဆောင်ရွက်နေတဲ့အချိန်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မျိုးမှာအမကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီအခမ်းအနားကိုတက်ရောက်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေနဲ့ပတ်သက်ပြီးတော့မှ ပြောကြားပေးခြင်းက ကျွန်တော်တို့အားလုံးအတွက် ကောင်းမွန်တဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။ 

အမကြီးအနေနဲ့ အစိုးရအဖွဲ့နဲ့ ကျွန်တော်တို့စာနယ်ဇင်းလောကသားတွေသာမကစာနယ်ဇင်းနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေကစာနယ်ဇင်းလွတ်လပ်ခွင့်ပေါ်မှာ ထားရှိတဲ့သဘောထားတွေ၊ ကျွန်တော်တို့စာနယ်ဇင်းလွတ်လပ်ခွင့်ကိုကျင့်သုံးတဲ့အခါမှာ ဆောင်ရန်၊ ရှောင်ရန် လိုအပ်တဲ့အချက်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းထောက်ပြပေးမယ်လို့ ယုံကြည်ပါတယ်။ အားနည်းချက်တွေကိုလည်း ပြောလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြောရရင် နည်းနည်းလည်းကြောက်ပါတယ်။

ဧည့်သည်တော်များခင်ဗျာ၊ကျွန်တော်အနေနဲ့ဆိုရင် ပြီးခဲ့တဲ့တစ်နှစ်တာကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အချက်(၃)ချက်နဲ့ ဆွေးနွေးလိုပါတယ်။ ပထမဆုံးအချက်ကတော့ စာနယ်ဇင်းသမား များရဲ့ လုံခြုံရေးကိစ္စပါ။ပြီးခဲ့တဲ့နှစ်အတွင်းမှာ စာနယ်ဇင်းသမားတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့အဖြစ် အပျက်တွေဖြစ်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အကြောင်းပြချက်အမျိုးမျိုး၊ အမြင်အမျိုးမျိုး ပြောတာရှိပါတယ်။သို့သော် သေချာတာတစ်ခုကတော့ ဒီအဖြစ်အပျက်တွေက ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ကိုထိခိုက်စေတယ်ဆိုတာအမှန်ပါပဲ။ 

ဒီထက်ပိုပြီးသေချာတာကတော့ နောက်တစ်ကြိမ် ဒီလိုမျိုးအဖြစ် အပျက်တွေမဖြစ်အောင်ကျွန်တော်တို့အားလုံးဝိုင်းပြီး ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ လွှတ်တော်ကအတည်ပြုထားတဲ့သတင်းမီဒီယာဥပဒေ ပုဒ်မ ၇ မှာ စစ်ဖြစ်ပွားရာ အဓိကရုဏ်းဖြစ်ပွားရာ ဒေသမှာ သတ်မှတ်စည်းကမ်းနဲ့အညီသတင်းယူတဲ့သတင်းထောက်တွေကို လုံခြုံရေးအဖွဲ့များက အကာ အကွယ်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဒါပေမယ့် အဲဒီနေရာမှာ သော့ချက်စကားလုံးက ‘သတ်မှတ်ထားသောစည်းကမ်း ’ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ပြဿနာက အဲဒီသတ်မှတ်ထားသော စည်းကမ်း Code of Conduct နဲ့ပတ်သက်လို့ ကျွန်တော်တို့အားလုံးသဘောတူတဲ့စည်းမျဉ်းစည်းကမ်း တစ်ခုကို ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ ဒါဟာနည်းဥပဒေပေါ်ထွက်ဖို့ကြန့်ကြာနေတဲ့ဟာကြောင့်ပဲ ဖြစ်နိုင်သလို ကျွန်တော်တို့အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားနည်းနေတာလည်းဖြစ်နိုင်တယ်။

ဒါကြောင့် ဒီအရာကိုအမြန်ဆုံးပေါ်ထွက်နိုင်ဖို့ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာန က မြန်မာနိုင်ငံမှာ ရှိတဲ့စာနယ်ဇင်းအဖွဲ့အစည်းကြီးများနဲ့နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းများနဲ့ပါ ပူးပေါင်း ပြီးအမြန်ဆုံး ဆောင်ရွက်သွားပါ့မယ်။နောက်စာနယ်ဇင်းသမားများရဲ့လုံခြုံရေးနဲ့ပတ်သက်ရင်သတိပြု သင့်တဲ့အချက်တစ်ခု ကတော့ စာနယ်ဇင်းသမားများအနေနဲ့သူတို့ရဲ့တာဝန်များကို ကျင့်ဝတ်များနဲ့အညီ လွတ်လပ်စွာလုပ်ကိုင်နိုင် စွမ်းမရှိအောင် နှောင့်ယှက်မှုဟာ ရုပ်ပိုင်းဆိုင်ရာတစ်ခုတည်းပင်ဖြစ်တာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာအရ လည်း ဖြစ်နိုင်ပါတယ်။တစ်နည်းအားဖြင့်ပြောရရင် စာနယ်ဇင်းသမားတွေဟာသူ့ရဲ့လုပ်ငန်းတာဝန်တွေကိုလွတ်လွတ်လပ်လပ်လုပ်ခွင့်မရအောင် စိတ်ပိုင်းဆိုင်ရာဖိအားပေး ခံရမှုတွေရှိနိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့သတိပြုမိဖို့လိုပါတယ်။

ဒီနေရာမှာစိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့လေ့လာကြည့်မိတာ(၂)မျိုးတွေ့ပါတယ်။ ပထမတစ်ခုက တရားစွဲလို့လွယ်တဲ့ အသရေ ဖျက်မှုဥပဒေဆိုတာကို သုံးပြီးတော့ ဆောင်ရွက်လာတဲ့အချက်ဖြစ်ပါတယ်။ဒါပေမယ့်ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုက အသရေဖျက်မှုနဲ့ပတ်သက်ပြီး မီဒီယာတွေကိုတရားစွဲမှုအများဆုံးလုပ်နေတာက အစိုးရအဖွဲ့နဲ့ တသီးပုဂ္ဂလ ပြည်သူတွေ မဟုတ်ပါဘူး။ မီဒီယာအဖွဲ့အစည်းအချင်းချင်းအသရေဖျက်မှုနဲ့တရားစွဲခြင်းက အများဆုံးဖြစ် ပါတယ်။ အစိုးရသစ်လက်ထက်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် ၀န်ကြီးဌာနတွေအနေနဲ့ အသရေဖျက်မှု နဲ့တရားရင်ဆိုင်နေရတာ နှစ်ခုပဲရှိပါတယ်။ တစ်ခုကကျွန်တော်တို့တရားရုံးပြင်ပမှာကျေအေးခဲ့ကြတယ်။ တစ်ခုက စာနယ်ဇင်းကောင်စီမှာ ကျွန်တော်တို့ဖြေရှင်းလို့မရလို့ တရားစွဲခဲ့ရတာရှိတယ်။ 

ဒါပေမယ့် ကျွန်တော်တို့ပြန်လေ့လာကြည့်တာ မီဒီယာအချင်းချင်းအသရေဖျက်မှုနဲ့တရားစွဲခဲ့တာအမှုပေါင်း (၂၀)ကျော်ရှိ တယ်။ ဒါကျွန်တော်လက်လှမ်းမီ သလောက်လေ့လာကြည့်တာပါ။ အလွတ်တန်းသတင်းထောက်တစ်ယောက်တည်းက မီဒီယာအုပ်စု တစ်စုတည်းက စွဲတဲ့အမှု(၅)မှုလောက်ကို ရင်ဆိုင်နေရတာလည်းရှိတယ်။မီဒီယာအုပ်စုကြီးတွေ အနေနဲ့သူတို့ရဲ့ နိုင်ငံရေးအကျိုးစီးပွား ၊ စီးပွားရေးအကျိုးစီးပွားတွေကိုကာကွယ်ဖို့ အတွက် အခြားမီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကိုခြိမ်းခြောက်လာတာဟာ မြန်မာ့စာနယ်ဇင်းလောကရဲ့လွတ်လပ်ခွင့်အတွက်ကောင်းတာမဟုတ်ပါဘူး။

နောက်ထပ်ခြိမ်းခြောက်လာတာတစ်ခုက မိမိရဲ့အဖွဲ့အစည်း၊မိမိရဲ့ခေါင်းဆောင်တွေ ၊ မိမိရဲ့ မူဝါဒတွေနဲ့ ကွဲပြားခြားနားတဲ့အမြင်ရှိတဲ့စာနယ်ဇင်းသမားတွေသူတို့ရဲ့ တာဝန်အရကျင့်ဝတ်နဲ့အညီ ဝေဖန်ထောက်ပြလာတဲ့စာနယ်ဇင်းသမားတွေကို လူမှုကွန်ရက်မီဒီယာတွေ ပေါ်ကနေ ပုံစံမျိုးစုံနဲ့သုံးသပ်တိုက်ခိုက်မှုတွေ၊ အဲ့ဒီအဖြစ်အပျက်များဟာ အမုန်းတရားကိုပွားများစေတဲ့ ရေးသားမှုမျိုးတွေ အင်တာနက်မီဒီယာတွေမှာ ကျယ်ပြန့်လာတာနဲ့ဆက်စပ်ပြီးတော့အဲ့ဒီ လူမှုကွန်ရက် မီဒီယာပေါ်မှာ ဒီလိုပဲတိုက်ခိုက်မှုတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ရွေးကောက်ပွဲဆိုင်ရာသတင်းရေးသားမှု တွေမှာပါ ထိခိုက်လာနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ 

စာနယ်ဇင်းသမားရဲ့တာဝန်အရဝေဖန်ရမယ်။ စမ်းစစ်ရမယ် ။ မေးခွန်းထုတ်ရမယ် ။ တိကျမှန်ကန်တဲ့သတင်းကိုပေးရမယ်။ အဲ့ဒါကိုလွတ်လပ်စွာလုပ်ခွင့် မရှိအောင် Social Media ပေါ်ကနေ ဖိအားပေးနေမယ်ဆိုရင် ကျွန်တော်တို့အားလုံးအတွက်အကျိုးရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ မီဒီယာတွေ ဆောင်ရွက်နေတဲ့ ရွေးကောက်ပွဲဆိုင်ရာသတင်းများရေးသားရာတွင်လိုက်နာရမယ့် ကျင့်ဝတ်တွေ အမြန်ဆုံးပေါ်ထွက်လာဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ အဲ့လိုပေါ်ထွက်လာရင်ကျွန်တော်တို့ ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ မီဒီယာတွေအားလုံးကလည်း အဲ့ဒီထွက်ပေါ်လာမယ့် ကျင့်ဝတ်များနဲ့အညီ ကျွန်တော်တို့လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ကျင့်ဝတ်နဲ့အညီ ၊ သတင်း မီဒီယာ ဥပဒေနဲ့အညီ လုပ်ငန်းဆောင်ရွက်နေတဲ့စာနယ်ဇင်းသမားများရဲ့ လုံခြုံစိတ်ချစွာလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ဆိုရင် အထက်မှာကျွန်တော်ပြောခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်မှုတွေ အားလုံးကို အကာအကွယ်ပေးနိုင်အောင်ကျွန်တော်တို့ပူးပေါင်း ဆောင်ရွက်ကြရ ပါမယ်။ နောက်တစ်ခါ အဲ့ဒီ ခြိမ်းခြောက် မှုတွေကိုအစိုးရဆီကပဲ လာနိုင်တယ်လို့ ပြောလို့မရပါဘူး။ ဒီလို ခြိမ်းခြောက်မှုတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ ၊ မီဒီယာတွေ အချင်းချင်းတွေဆီကလည်းလာနိုင်တယ်ဆိုတာကိုကျွန်တော်တို့သတိပြုမိဖို့လိုပါတယ်။ 

အဲ့ဒါနဲ့ ဆက်စပ်ပြီးဒုတိယ ကျွန်တော်ဆွေးနွေးချင်တဲ့အချက်ကအယ်ဒီတာ လွတ်လပ်ခွင့်ပါ။ ကျွန်တော်တို့တွေ က ဒီကနေ့မှာစာနယ်ဇင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုပြီး ကြိမ်ဖန်များစွာ ပြောနေကြ တယ်။အယ်ဒီတာလွတ်လပ်ခွင့်ဆိုပြီးပြောတာမရှိခဲ့ကြပါဘူး။ အဲ့တော့ စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတိုင်း အယ်ဒီတာလွတ်လပ်ခွင့်မရှိဘူးဆိုတာကျွန်တော်တို့အားလုံး သိကြပါလိမ့်မယ်။ ကျွန်တော်တို့လို အသွင်ကူးပြောင်းနေတဲ့နိုင်ငံတွေမှာသာမဟုတ်ပါဘူး။

အမေရိကန်လို၊ ဗြိတိန်လို နိုင်ငံများမှာတောင်မှ မီဒီယာအုပ်စုကြီးများဟာ နိုင်ငံရေး၊စီးပွားရေး အကျိုးစီးပွားအတွက် အယ်ဒီတာလွတ်လပ်ခွင့်တွေကို ထိန်းချုပ်ပြီးဆောင်ရွက်လာတာတွေရှိပါတယ်။ဗြိတိန်နိုင်ငံမှာဆိုရင် ပါလီမန်ကနေ ရုဘတ်မားဒေါ့ရဲ့မီဒီယာအုပ်စုကြီးများကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာ မျိုးတွေလည်း ရှိပါတယ်။ အဲ့တော့ဒီမိုကရေစီအသွင်ကူးပြောင်းစနိုင်ငံတွေကြုံခဲ့ရသလို ကျွန်တော်တို့နိုင်ငံရဲ့ မီဒီယာလောကမှာလည်း လွတ်လပ်တဲ့စာနယ်ဇင်းတွေရှိသလို နိုင်ငံရေး၊ စီးပွားရေးအကျိုးစီးပွားရေးနောက်ခံ အမျိုးမျိုးနဲ့ မီဒီယာလောကထဲမှာ ငွေကြေးအင်အားအလုံးအရင်းနဲ့ လာရောက်ပြီးလှုပ်ရှားနေသူတွေလည်းရှိပါတယ်။ နိုင်ငံရေးပါတီတစ်ခုက သူ့ရဲ့ပါတီရဲ့ မူဝါဒတွေကိုသိနိုင်ဖို့အတွက် စာနယ်ဇင်းထုတ်တာ ပြသနာမဟုတ်ပါဘူး။ 

ဒါပေမယ့် ဖုံးကွယ်ထားတဲ့နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားတွေနဲ့ မီဒီယာအုပ်စုတွေက ဒါကို မီဒီယာလွတ်လပ်ခွင့်ကို အသုံးချပြီးတော့မှအမြတ်ထုတ်လာတာမျိုးတွေ ကတော့ အန္တရာယ်ကြီးပါတယ်။ စာနယ်ဇင်းတွေမှာ ၊ စာနယ်ဇင်းသမားတွေမှာ ၊ အယ်ဒီတာတွေမှာ အယ်ဒီတာလွတ်လပ်ခွင့်မရှိဘဲနဲ့ခုန ကျွန်တော်ပြောတဲ့ မီဒီယာအုပ်စုကြီးတွေမှာ ပြန်ကြည့်လိုက်ရင် ကုမ္ပဏီပိုင်ရှင်တွေ၊အမှုဆောင် အရာရှိချုပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ လိုက်ပြီးတော့ရေးသားနေ ရတာဟာ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် မကောင်းပါဘူး။ အယ်ဒီတာလွတ်လပ်ခွင့်ရှိတဲ့ ၊ လွတ်လပ်ပြီးဘက်မလိုက်တဲ့ မီဒီယာတွေကပဲပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အပြည့်အ၀ဖြည့်ဆည်း ပေးနိုင်မှာပါ။ လိုရာကိုဆွဲပြီးတော့ရေးသားတဲ့သတင်းတွေ၊ပုံဖျက်ထားတဲ့ကိုးကားမှုတွေ၊အဓိပ္ပာယ်ကောက်လွဲစေနိုင်တဲ့ ဓာတ်ပုံတွေဟာ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကိုအလွဲသုံးစားလုပ်တယ်လို့ပဲ ကျွန်တော်တို့ မြင်ပါတယ်။

ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့နိုင်ငံပိုင်မီဒီယာတွေကိုအများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ်ပြောင်းလဲဖို့ကြိုးစားနေတာ အယ်ဒီတာလွတ်လပ်ခွင့်အရပါပဲ။ အများပြည်သူဝန်ဆောင်မှု ဖြစ်ပေါ်လာရင် နိုင်ငံရေးဖိအား၊စီးပွားရေးဖိအား ၊ဘဏ္ဍာရေးဖိအားကနေ ကင်းလွတ်ပြီးတော့မှ အယ်ဒီတာ လွတ်လပ်ခွင့်ကိုဥပဒေနှင့်အညီလုပ်ပေးနိုင်ဖို့ကိုလည်းကျွန်တော်တို့ လုပ်မှာပါ။ကျွန်တော်တို့ရဲ့စံက ဘာလဲ လို့မေးရင် BBC,ABC,NHK,TWတို့ဟာအများပြည်သူ ၀န်ဆောင်မှုဥပဒေအနေနဲ့စံထားတဲ့ဟာတွေပါ။ ကျွန်တော်တို့ဒီကနေ့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့အများပြည်သူဝန်ဆောင်မှုမီဒီယာမှာ အငြင်းပွားမှု တချို့ရှိလို့ ကျွန်တော်တို့ပြန်ပြီးတော့ရုပ်သိမ်းထားပါတယ်။သို့သော် မြန်မာနိုင်ငံမှာဒီမိုကရေစီနည်းကျ ဝေဖန်ဆွေးနွေးနိုင်တဲ့၊ထောက်ပြနိုင်တဲ့အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေတစ်ခုပေါ်ပေါက်ရေးကို မဖြစ် မနေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ 

တတိယအချက်ကတော့ အမျိုးသမီးတွေ၊ကလေးသူငယ်တွေ၊ တိုင်းရင်းသား လူနည်းစုတွေ၊ မသန်စွမ်းသူတွေစတဲ့အင်အားနည်းအုပ်စုတွေရဲ့အသံတွေကိုထင်ဟပ်စေဖို့ မီဒီယာတွေလိုတယ်။ ဒီကနေ့မီဒီယာတွေအားလုံးနီးပါးက ရန်ကုန်မှာပဲ ချိတ်ဆက်နေတယ်။အဲတော့ ဈေးကွက်စီးပွားရေးအရ၊ဈေးကွက်ရဲ့တောင်းဆိုချက်အရ၊ပရိသတ်ရဲ့တောင်းဆိုချက်အရကျွန်တော် တို့ဟာ အင်အားနည်းအုပ်စုတွေရဲ့အသံကို ကျွန်တော်တို့ ပေးနိုင်စွမ်းမရှိပါဘူး။အဲဒီအသံကို ပေးနိုင်ဖို့ဆိုရင် ကျွန်တော်တို့ဒေသန္တရမီဒီယာတွေ၊တိုင်းရင်းသားမီဒီယာတွေ၊ ကျွန်တော်တို့ အများကြီး ပေါ်ထွန်းဖို့လို ပါတယ်။ 

ဒီကနေ့တိုင်းရင်းသားဂျာနယ်ပေါင်း(၂၆)ခုရှိတယ်။စီးပွားရေးအရ အောင်မြင်မှုမရှိသေးပါဘူး။ သူတို့ရပ်တည်နိုင်အောင် ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့နည်းလမ်းတွေရှာပေးဖို့လိုပါတယ်။ တစ်ခုကတော့ ရုပ်သံမီဒီယာပေါ်လာရင် သူတို့ရပ်ရွာထိရောက်စေမယ့် ရုပ်သံတွေရှိဖို့လိုပါတယ်။ ဒါပေမယ့် မေးခွန်းက အဲဒီအတွက်လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေသူတို့ရနိုင်မလား။ဒါကို ကျွန်တော်တို့ပြန်စဉ်းစား ရမယ်။ အဲဒါမရဘူးဆိုရင် ကျွန်တော်တို့ဘယ်လိုသွားမလဲ။ ဒီကနေ့ ဒစ်ဂျစ်တယ်နည်းပညာကိုခေါ်မယ်။ မိုဘိုင်းလ်ဖုန်းတွေ ပေါ်ကနေ၊ အင်တာနက်တွေပေါ်ကနေပြီးတော့မှတိုင်းရင်းသားမီဒီယာတွေကို ထုတ်လွှင့် နိုင်အောင်ကြိုးစားမယ်။ အဲဒီလိုကြိုးစားနိုင်ဖို့ကကျွန်တော်တို့အမြင်က လက်တွေ့ကျတဲ့နည်းလမ်းပဲဖြစ် တယ်။ ဒီတစ်လမ်းပဲ ရှိမယ်။ 

အဲဒါဆိုကျွန်တော်တို့အစိုးရအနေနဲ့ရော၊နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့ရော တိုင်းရင်းသားမီဒီယာတွေကိုလက်ရှိဖြစ်နေတဲ့ဒစ်ဂျစ်တယ်နည်းပညာတွေကိုသုံးပြီးတော့မှ လွှင့်နိုင်အောင် အတွက် ကျွန်တော်တို့ကူညီအားပေးဖို့လိုတယ်။ ဒါဟာ နိုင်ငံတကာစံဖြစ်သလိုပြီးခဲ့တဲ့နှစ်က အာဆီယံ ပြန်ကြားရေးဝန်ကြီးများအစည်းအဝေးမှာလည်း အားလုံးပါဝင်နိုင်တဲ့ လူမှုတာဝန်သိ မီဒီယာတွေဟာ အာဆီယံရဲ့စံဖြစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဆုံးဖြတ်ချက် ထုတ်ခဲ့ပါတယ်။ ကြေညာချက်ထုတ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ ကျွန်တော်တို့သည် မီဒီယာ ဗဟုဝါဒကိုထိန်းသိမ်းပြီးတော့မှ မျိုးစုံတဲ့မီဒီယာထွန်းကားရေးကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းပြီးတော့ကြိုးစားဖို့ လိုတယ်လို့ကျွန်တော်တို့တင်ပြချင်ပါတယ်။

အဲဒီတော့ ဧည့်သည်တော်များခင်ဗျာ။အဲဒီလိုလေးပြောပြီးတဲ့အခါမှာ ဒီကနေ့မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေလေးကိုလည်းပြောဖို့လိုပါတယ်။ ဒီကနေ့နိုင်ငံတကာ အဖွဲ့အစည်းတစ်ဒါဇင်လောက်ကမြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ညွှန်းကိန်းတွေထုတ်တယ်။ အစီရင်ခံစာတွေထုတ်ပါတယ်။ဒါပေမယ့် ဒီအစီရင်ခံစာတွေ၊ အညွှန်းကိန်းတွေဟာ လွတ်လပ်မှုတစ်ခုတည်းကိုပဲအခြေခံထားပြီး သတင်းအရည် အသွေးတွေ၊အယ်ဒီတာလွတ်လပ်ခွင့်တွေကို ထင်ဟပ်ခြင်းမရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ အနေနဲ့ပြည့်စုံလုံလောက်ခြင်းရှိတယ်လို့မယူဆပါဘူး။ဒါ့ကြောင့် ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီး ဌာနရဲ့မီဒီယာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုစဉ်းစားရာမှာ အဲဒီအညွှန်းကိန်းတွေကို အားကိုးအားထား ကျွန်တော်တို့ မလုပ်ပါဘူး။

ကျွန်တော်တို့ယုံကြည်တာကလွတ်လပ်မှု တစ်ခုတည်း နဲ့ပြည်သူတွေရဲ့ သတင်းအချက်အလက်၊ရပိုင်ခွင့်ကိုမဖြည့်ဆည်းနိုင်ပါဘူး။ပြည်သူတွေဟာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဘက်မလိုက်တဲ့၊ လွတ်လပ်တဲ့ မတူကွဲပြားတဲ့အရင်းအမြစ်တွေကနေရယူခွင့်ရှိ ဖို့လိုတယ်။ ဒါမှသာပြည်သူတွေဟာမှန်ကန်တဲ့ရွေးချယ်မှု၊ မှန်ကန်တဲ့ဆုံးဖြတ်မှု၊မှန်ကန်တဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်မှုတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားရဲ့ဦးတည်ချက်မှာပါတဲ့ Toward better reporting ဆိုတဲ့တစ်ချက်က ဒါကိုထင်ဟပ်နေတယ်။ အဲဒါဆိုရင်ကျွန်တော် တို့ထားမယ့်စံကဘာလဲ။ ကျွန်တော်တို့ ထားမယ့်စံက ရှင်းပါတယ်။ 

UNESCO ညီလာခံကအတည်ပြုထားတဲ့ မီဒီယာဖွံ့ဖြိုးရေးညွှန်းကိန်းငါးခုဖြစ်ပါ တယ်။။ ဒီငါးခုမှာ တစ်က မီဒီယာနဲ့ပတ်သက်တဲ့ဥပဒေတွေအကြောင်း ပါမယ်။ နှစ်က မီဒီယာတွေကို ဘယ်သူ တွေကပိုင်ဆိုင်သလဲ။ မီဒီယာရဲ့စီးပွားရေးလုပ်ငန်းအခြေအနေကဘယ်လိုရှိသလဲဆိုတာ ပါမယ်။ တတိယကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ကိုဘယ်လိုကျင့်သုံးနိုင်သလဲဆိုတာပါပါ့မယ်။ လေးကတော့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျင့်ဝတ်စစ်တမ်းတွေ ဘယ်လိုရှိသလဲဆိုတာ ကျွန်တော်တို့စဉ်းစားရမယ်။ငါးကတော့ မီဒီယာများဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့အခြေခံအဆောက်အဦ တွေဖြည့်ဆည်းဖို့ ကိစ္စ။ 

ဒါကြောင့်မို့ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပြီးနောက်ပိုင်းဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီ ဆိုတာ UNESCOနဲ့ IMS အဖွဲ့တို့က ဒီစံငါးရပ်နဲ့ တိုင်းတာကြမှုတွေလုပ်နေပါတယ်။ဒီရလဒ်တွေက ၂၀၁၅ အကုန်မှာရပါ့မယ်။ အဲဒါဆို ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်ထိ မြန်မာ့မီဒီယာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာဘယ်သူကပဲအစိုးရဖြစ်သွားသည် ဖြစ်ပါစေ၊ ဘယ်သူကပဲ ပြန်ကြားရေး ၀န်ကြီးဌာနကို တာဝန်ယူသည်ဖြစ်စေ၊အဲဒီအညွှန်းကိန်းတွေကနေရရှိတဲ့ အချက်အလက်တွေကနေ အခြေခံမယ်လို့ ယုံကြည်ပါတယ်။ 

ဧည့်သည်တော်များခင်ဗျာ- အားလုံးပြန်ချုပ်လိုက်ရင် ကျွန်တော်တို့ မြန်မာ့စာနယ်ဇင်းလောကအနေနဲ့ ကျင့်ဝတ်နဲ့အညီစာနယ်ဇင်းသမားများလွတ်လပ်လုံခြုံစွာဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ နှစ်က တော့အယ်ဒီတာလွတ်လပ်ခွင့်မရှိရင် ဘက်မလိုက်ပြီးအရည်အသွေး ပြည့်ဝတဲ့မီဒီယာမရှိရင် သတင်း လွတ်လပ်ခွင့်တွေရဲ့အကျိုးကိုပြည်သူတွေကရရှိကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ သုံးကတော့ မီဒီယာလက်ဝါးကြီး အုပ်မှုကိုရှောင်ရှားပြီးတော့မှအားလုံးပါဝင်နိုင်တဲ့ ဗဟုမီဒီယာလောက ဖွံ့ဖြိုးတိုးတက်အောင်လုပ် ဆောင်ဖို့လိုအပ်ကြောင်းပြောကြားရင်းနဲ့နိဂုံးချုပ်ပါတယ်။ 
အားလုံးကို ကျေးဇူးတင်ပါတယ်။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More