သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားများ
မေလ ၃ ရက်နေ့က ကျရောက်ခဲ့တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွေ ကမ္ဘာတစ်ဝန်းမှာ ကျင်းပကြသလို မြန်မာနိုင်ငံ မှာလည်း တခမ်းတနား ကျင်းပခဲ့တာ အားလုံးအသိပါ။ ယူနက်စကိုက ဦးစီးကျင်းပတဲ့ အခမ်းအနားဆီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲ အကြိုကာလမှာ သတင်း လွတ်လပ်ခွင့်ပေးဖို့ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
(သတင်းလွတ်လပ်ခွင့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောနေစဉ်။ ဓာတ်ပုံ- ဧရာဝတီ)
![](http://www.thevoicemyanmar.com/images/2015/may/per-ttllk-HAK.jpg)
ဒါက မနက်ပိုင်းမှာ ယူနက်စကိုက ဦးစီးကျင်းပတဲ့ သတင်းလွတ် လပ်ခွင့်အခမ်းအနား။
ညနေပိုင်းမှာလည်း မြန်မာသတင်းသမားတွေ ဦးစီးကျင်းပတဲ့ သတင်းလွတ်လပ်ခွင့် ဆုပေးပွဲ ရှိပါသေးတယ်။ ဒီလို ကုလသမဂ္ဂ၊ အစိုးရ၊ အတိုက်အခံ၊ လွှတ်တော်နဲ့ စာနယ်ဇင်းသမားတွေ အားလုံးက သတင်းလွတ်လပ်ခွင့် အတွက် အားကြိုးမာန်တက် အခမ်းအနားတွေ ကျင်းပနေချိန်မှာ တပ်မတော်ဘက်က ထွက်လာတဲ့ ကြေညာချက်တစ်ခု ကတော့ သတင်းလွတ်လပ်ခွင့်နေ့နဲ့ တကယ့် ဆန့်ကျင်ဘက်ပါပဲ။
ညနေပိုင်းမှာလည်း မြန်မာသတင်းသမားတွေ ဦးစီးကျင်းပတဲ့ သတင်းလွတ်လပ်ခွင့် ဆုပေးပွဲ ရှိပါသေးတယ်။ ဒီလို ကုလသမဂ္ဂ၊ အစိုးရ၊ အတိုက်အခံ၊ လွှတ်တော်နဲ့ စာနယ်ဇင်းသမားတွေ အားလုံးက သတင်းလွတ်လပ်ခွင့် အတွက် အားကြိုးမာန်တက် အခမ်းအနားတွေ ကျင်းပနေချိန်မှာ တပ်မတော်ဘက်က ထွက်လာတဲ့ ကြေညာချက်တစ်ခု ကတော့ သတင်းလွတ်လပ်ခွင့်နေ့နဲ့ တကယ့် ဆန့်ကျင်ဘက်ပါပဲ။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဆီ လိပ်မူပြီး ပေးပို့ထားတဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ခေါင်းစဉ်က “ကိုးကန့် သောင်းကျန်းသူအဖွဲ့ (MNDAA) ၏ ထုတ်ပြန်ကြေညာချက်အား သတင်းမီဒီယာများတွင် ထည့်သွင်းဖော်ပြမှု မရှိစေရေး” တဲ့။
တပ်မတော်ရဲ့ စေတနာတွေလား
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ စာကို ဆက်ဖတ်ကြည့်တဲ့ အခါမှာတော့ “ကိုးကန့်သောင်းကျန်းသူအဖွဲ့ (MNDAA) ကို နိုင်ငံတော်မှ မတရားအသင်း အဖြစ် သတ်မှတ်ကြေညာ ထားရှိသဖြင့် ပန်ဆန်းမြို့တွင် ပြုလုပ်လျက်ရှိသော အစည်းအဝေးမှ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ (MNDAA) ၏ ထုတ်ပြန် ကြေညာချက်များကို သတင်းမီဒီယာများ အနေဖြင့် ရုပ်-သံ ထုတ်လွှင့်ခြင်း၊ ပုံနှိပ်ဖော်ပြခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရေး အသိပေး ထားရှိပါရန်နှင့် ထုတ်လွှင့်ဖော်ပြခဲ့ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ဆိုပြီး ခြိမ်းခြောက် ဖော်ပြထားတာ တွေ့ရပါတယ်။
(တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ကြေညာချက်)
ဒီကြေညာချက်ကို ဘာကြောင့်များ သတင်းလွတ်လပ်ခွင့်နေ့မှာမှ ရွေးပြီး ထုတ်လိုက်တာလဲလို့ မေးချင်စရာပါ။ ခုနက သတင်းလွတ်လပ်ခွင့် အခမ်းအနားမှာ သူတို့အစိုးရက သတင်းလွတ်လပ်ခွင့် အပြည့်အဝ ပေးထားကြောင်း ကာကွယ်ပြောဆိုနေတဲ့ ပြန်ကြားရေး ဝန်ကြီးရဲ့စကားလုံးက ဒီကြေညာချက်ကြောင့် ရေစုန်မျောသွားမှာပေါ့။ တစ်ခါ လွှတ်တော်ရဲ့ ဥပဒေစိုးမိုးရေးဥက္ကဋ္ဌ အပါအဝင် နိုင်ငံတကာလူကြီးတွေ၊ သတင်းမီဒီယာ သမားတွေကြားမှာ အစိုးရကတစ်မျိုး၊ တပ်မတော်က တစ်ဖုံဖြစ်နေတယ် ဆိုပြီး ဝေဖန်ကြတော့မှာပေါ့။
တကယ်တမ်း ပြောမယ်ဆိုရင်တော့ မတရားအသင်းအဖြစ် ကြေညာ ထားတာဟာ ကိုးကန့်တစ်ဖွဲ့တည်း မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးအပေါ် မတရားအသင်း ကြေညာထားတာ နှစ်ပေါင်း ဘယ်နည်းတော့မလဲ။ အခု ငြိမ်းချမ်းရေး ဆွေးနွေးနေကြတယ် ဆိုပေမယ့် မတရားအသင်း ဥပဒေကို ပြန်ရုပ်သိမ်းပေးတယ်လို့ မကြားမိသေးပါဘူး။ တစ်ချိန်တည်းမှာပဲ အဲဒီအဖွဲ့တွေနဲ့ ဆက်သွယ်ရင် ပုဒ်မ ၁၇-၁ နဲ့ အရေးယူ နိုင်တယ်ဆိုတဲ့ ဥပဒေကိုလည်း ရုပ်သိမ်းတယ်လို့ မကြားမိသေးပါဘူး။
ဒါဖြင့် ကျန်တဲ့အဖွဲ့တွေရဲ့ အကြောင်း ဖော်ပြခွင့်ရပြီး ကိုးကန့်ကျမှ ဘာလို့ ဖော်ပြခွင့်မပေးတာလဲ။ တိုက်နေဆဲဆို ဥပဒေကတစ်မျိုး။ ဆွေးနွေးမယ်ဆိုရင် ဥပဒေက တစ်မျိုးလား။ တစ်ခါ ကိုးကန့်ရဲ့ကြေညာချက်ကို ပြည်တွင်းထုတ် သတင်းတွေမှာပဲ ဖော်ပြခွင့် မပေးတာလား။ အွန်လိုင်းနဲ့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြရင်ကော မတရားအသင်း ဥပဒေနဲ့ ငြိသလား။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဆိုတာ ပြန်ကြားဝန်ကြီးဌာနရဲ့ အပေါ်မှာလား၊ အောက်မှာလား၊ ဘေးတိုက်လား။
သတင်းသမားကို ခြွင်းချက်မပေးဘူးလား
တကယ်တော့ သတင်းသမား (မီဒီယာသမား) ဆိုတာဟာ ပြဿနာ ဖြစ်နေတဲ့ နှစ်ဖက်ကြားက အခြေအနေမှန်တွေကို အများပြည်သူ သိအောင် တင်ပြပေးရသူပါ။ ဒီလို တာဝန်ရှိတဲ့ လူတွေကို တပ်မတော်နဲ့ စစ်ဖြစ်နေတဲ့ အဖွဲ့ဘက်က ပြောတဲ့ကြေညာချက်ကို မဖော်ပြရဘူး။ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပေးတဲ့အချက်တွေကိုပဲ ဖော်ပြရမယ် ဆိုပြီး ပြောလိုက်တာဟာ လွတ်လပ်တဲ့ မီဒီယာအခွင့်အရေးကို ပြောင် ရိုက်ချိုးလိုက်တာပါပဲ။
(သတင်းလွတ်လပ်ခွင့် တိုးတက်လာနေကြောင်း ပြောနေတဲ့ ပြန်-၀န် ဦးရဲထွဋ်။ ဓာတ်ပုံ-ဧရာဝတီ)
သတင်းသမားရဲ့အဓိကတာဝန်ဟာ ဘက်ပေါင်းစုံက အခြေအနေ မှန်တွေကို အများပြည်သူ သိအောင် တင်ပြရေးဖြစ်တဲ့အတွက် တကယ်ဆိုရင် ကိုးကန့်နယ်ထဲအထိ သွားပြီး သတင်းယူခွင့် ပေးသင့်ပါတယ်။ အခုတော့ သတင်းယူခွင့် မပေးတဲ့အပြင် ကိုးကန့်အဖွဲ့ဘက်က ထုတ်တဲ့ ကြေညာချက်၊ ပြောဆိုချက် တွေကိုတောင် ဖော်ပြခွင့်မပြုဘူး ဆိုတော့ သတင်းလွတ်လပ်ခွင့် အခြေအနေက အတော့်ကို နောက်ပြန်ဆုတ်သွားတဲ့ သဘောပါပဲ။
နိုင်ငံတကာ သတင်းထောက်တွေဆိုရင် ဘယ်လိုလုပ်မလဲ။ ကမ္ဘာ့ အကြမ်းဖက်သမား ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ အိုစမာဘင်လာဒင်နဲ့တောင် အင်တာဗျူး လုပ်ခဲ့ကြတာပဲ။ အခုလည်း ISIS အဖွဲ့ ခေါင်းဆောင်တွေနဲ့ အင်တာဗျူးရအောင် အနောက်တိုင်း သတင်းသမားတွေ ကြိုးစားနေကြတာပဲ။ ဒါကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အရေးယူမှာလား။ နိုင်ငံတကာ သတင်းထောက်တွေကို ဒီလို ဥပဒေနဲ့ အရေးယူတယ်လို့ တစ်ခါမှ မကြားမိသေးပါဘူး။
သတင်းသမားက သတင်းသမားအလုပ် လုပ်ရမှာပေါ့။ အစိုးရနဲ့ စစ်တပ်က ပြောသမျှ အမိန့်တွေကို ကြောက်နေရရင် သတင်းမှန်တွေ ဘယ်ရတော့မလဲ။ အစိုးရနဲ့စစ်တပ်က ပေးတဲ့သတင်းပဲ ရတော့မှာပေါ့။ ဒါဆို အရင်စစ်အစိုးရခေတ်၊ နဝတ၊ နယကခေတ်နဲ့ ဘာထူးတော့မှာလဲ။ ဒီလို သတိပေးချက် မထွက်ခင်မှာတောင် သတင်းသမား ၁၂ ဦး ထောင်ထဲမှာ ရှိနေတယ်ဆိုရင် ပုဒ်မ ၁၇-၁ နဲ့များ ထပ်ဆွဲလိုက်လို့ကတော့ သတင်းထောက် ဖမ်းဆီးခံရမှုနှုန်း စံချိန်သစ်တင်မယ့်နိုင်ငံ ဖြစ်သွားနိုင်ပါတယ်။
လွတ်လပ်စွာ သတင်းယူခွင့်ပေးပါ၊ ပရိသတ် အဆုံးအဖြတ်ကို ခံယူပါ
သတင်းသမားတစ်ဦးအနေနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဆီ တင်ပြချင်တာကတော့ ဒီမိုကရေစီစနစ်ဆီ တကယ်ဦးတည်တယ် ဆိုရင် ဒီမိုကရေစီ အခြေခံမဏ္ဍိုင် လေးခုထဲက တစ်ခုဖြစ်တဲ့ စတုတ္ထမဏ္ဍိုင် သတင်းလွတ်လပ်ခွင့်ကို အပြည့်အဝ ပေးသင့်ပါတယ်။
(သတင်းလွတ်လပ်ခွင့်အခမ်းအနားဆီ တက်ရောက်တဲ့ နိုင်ငံရေးသမားနဲ့သတင်းသမားများ။ ဓာတ်ပုံ-ဧရာဝတီ)
မင်းတုန်းမင်း ပြောခဲ့သလိုမျိုး “ငါမကောင်းရင် ငါ့အကြောင်းရေး၊ ငါ့မိဖုရား မကောင်းရင် မိဖုရားမကောင်းကြောင်းရေး” ဆိုတဲ့မူအတိုင်း သွားသင့်ပါတယ်။ ဒီမူအတိုင်းမသွားဘဲ “ငါပြောတာပဲရေး၊ ငါ့မကောင်းကြောင်း ပြောသူရဲ့ ကြေညာချက်ကို ရေးလို့ကတော့ နာဖို့သာပြင်” ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီနဲ့ လမ်းချော်သွားပါပြီ။ သက်ဦးဆံပိုင် ဘုရင်ထက်တောင် ပိုဆိုးသွားပါပြီ။ အရေးကြီးတာက မီဒီယာတွေရဲ့ဖော်ပြချက်ကို ကြောက်နေဖို့မဟုတ်။ အဲဒီမီဒီယာတွေ အရှိအရှိအတိုင်း၊ အမှန်အမှန်တိုင်း ရေးရဲလာအောင် တိုက်တွန်းပေးရေးသာ ဖြစ်ပါတယ်။
တကယ်လို့ မီဒီယာတွေရဲ့ဖော်ပြချက် မှားယွင်းနေရင်တော့ သတင်း မှန်ပြန်ကြားရေးအဖွဲ့က ပြောသလို တည်ဆဲဥပဒေအရ အရေးယူရမှာပေါ့။ အခုဟာက သူပုန်အဖွဲ့တစ်ခုက ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖော်ပြတာနဲ့ပဲ တည်ဆဲဥပဒေအရ အရေးယူခံရမယ် ဆိုတော့ မဟုတ်သေးပါဘူး။
တစ်ခါ စာဖတ်ပရိသတ်တွေ၊ ရုပ်-သံ၊ ရေဒီယိုပရိသတ်တွေ ကလည်း ကိုးကန့်အဖွဲ့က ပြောတိုင်း ဘယ်ယုံပါ့မလဲ။ သတင်းသမားတွေ ပြောတိုင်း ဘယ်ယုံပါ့မလဲ။ တပ်မတော် သတင်းမှန်အဖွဲ့က ပြောတိုင်းလည်း ဘယ်ယုံပါ့မလဲ။ ဘက်ပေါင်းစုံက ပြောတာကို နားထောင်၊ ဖတ်ရှုပြီးမှ သူ့ဘာသာ ချင့်ချိန်မှာပေါ့။ လွတ်လပ်တဲ့ မီဒီယာသမားတွေရဲ့ အဓိက တာဝန်က နိုင်ငံသားတွေ အားလုံးဆီ သတင်းအချက်အလက် မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝ တင်ပြနိုင်ရေး မဟုတ်ပါလား။
ဒါကြောင့် နိုင်ငံသားအားလုံး သတင်းအချက်အလက် မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုတဲ့ အာဏာပိုင် အဖွဲ့တွေရယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရယ်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းတွေရယ်၊ စီးပွားရေးကုမ္ပဏီ တွေရယ် စသဖြင့် သတင်းအရင်းအမြစ် အားလုံးက သတင်းသမားတွေကို လွတ်လပ်စွာ သတင်းယူခွင့်၊ သတင်းတင်ပြခွင့် ပေးသင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment