ရွေးကောက်ပွဲနှင့် နိုင်/ကျဉ်း
၂၀၁၂ ခုနှစ် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ပြုလုပ်ခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆွေးနွေးပွဲကနေ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့ မူအားဖြင့် သဘောတူခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ရာနဲ့ချီပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြီးတော့ “၂၀၁၃ အကုန်မှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေအတွင်း နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ ကျန်မနေစေရပါဘူး” လို့ သမ္မတဦးသိန်းစိန်က နိုင်ငံတကာကို ကတိပေးခဲ့ပါတယ်။
အဲဒါ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် သမ္မတဦးသိန်းစိန်နဲ့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်ကောင်းခဲ့စဉ်က ပေးခဲ့တဲ့ ကတိပါ။ အခု ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလို ကာလမှာကော အခြေအနေတွေက ဘယ်လိုလဲ။ တကယ်ပဲ နိုင်/ကျဉ်းတွေ မြန်မာအကျဉ်းထောင်တွေအတွင်း တစ်ဦးမှ မကျန်တော့ဘူးလား။
AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားတဲ့ ဧပြီလ ၄ ရက်နေ့ စာရင်းအရ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၇၂ ဦး ရှိနေပြီး အမှုရင်ဆိုင်ဆဲဦးရေက ၂၉၆ ဦး ရှိတယ်လို့ သိရပါတယ်။ နှစ်ခုပေါင်းလိုက်ရင် နိုင်/ကျဉ်း ၅၀၀ ခန့် ရှိနေဆဲဆိုတဲ့ သဘောပါ။
ဒါဟာ သမ္မတဘက်က ကတိမတည်တဲ့ သဘောလား။ အတိုက်အခံတွေဘက်က ဘာမှမပြောလို့ နိုင်/ကျဉ်း ဦးရေ တိုးလာတာမျိုးလား။ ဒါမှမဟုတ် နိုင်ငံတကာအစိုးရတွေက နိုင်/ကျဉ်းအကြောင်း မပြောတော့ဘဲ စီးပွားရေးလုပ်ဖို့ဘက်ကို ဦးစားပေးလာလို့လား။
သေချာတာကတော့ ရွေးကောက်ပွဲတစ်ခု မကျင်းပခင်မှာ ဒီ နိုင်/ကျဉ်း ကိစ္စကို မဖြေရှင်းဘဲ ဒီအတိုင်းထားလို့ မရနိုင်ပါ။ ဒါဟာ အစိုးရမှာတင်မက နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေမှာပါ ပြောဖို့၊ ဆိုဖို့ တိုက်တွန်းဖို့ တာဝန်ရှိပါတယ်။
နေမျိုးဇင်၊ နော်အုံးလှနှင့် မေ ၁၅ စီရင်ချက်
နိုင်/ကျဉ်း စာရင်းဝင် လူ ၅၀၀ ခန့်ထဲက အလုပ်သမား၊ လယ်သမားတွေရဲ့ အခွင့်အရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်နေသူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုံးလှတို့ အပါအဝင် ခြောက်ဦးအမှုတွဲကို အခုလ ၁၅ ရက်နေ့မှာ စီရင်ချက်ချဖို့ ရှိနေပါတယ်။ သူတို့ခြောက်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့ ဆန္ဒပြမှုနဲ့ ဖမ်းဆီးခဲ့တာပါ။
(ဒီနေ့ ထောင်ဒဏ် ၄ နှစ်နဲ့ ၄ လ အချခံလိုက်ရတဲ့ ကိုနေမျိုးဇင်။ ဓာတ်ပုံ- ဧရာဝတီ)
စွဲချက်တင်တဲ့ အမှုကတော့ ပုဒ်မ ၁၈၊ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှု၊ ပုဒ် ၅၀၅-ခ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ ဖြစ်ပါတယ်။ ဆန္ဒပြရတဲ့ အကြောင်းကတော့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ တပ်မတော်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်ဆောင်ရွက်နေတဲ့ မုံရွာခရိုင် လက်ပံတောင်းမိုင်းကို မကျေနပ်လို့ ဆန္ဒပြမှုအတွင်း သေနတ်ထိမှန် သေဆုံးသွားသူ ဒေါ်ခင်ဝင်းအမှုကို အရေးယူပေးဖို့ တောင်းဆိုခြင်း ဖြစ်ပါတယ်။
ဒီအမှုကို ဒဂုံတရားရုံးမှာ အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီးနောက် အခု ၁၅ ရက်နေ့မှာ စီရင်ချက်ချမှာ ဖြစ်တယ်လို့ ကိုနေမျိုးဇင်က သူရဲ့ Facebook မှာ ရေးသားထားပါတယ်။ ထူးခြားတာကတော့ သူအပါအဝင် ငါးဦးစလုံးက သူတို့မှာ လုံးဝအပြစ်မရှိကြောင်း တင်ပြခဲ့ပြီး ဦးသန်းဆွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိတဲ့အတွက် လျှောက်လဲချက်တောင် မပေးဘူးလို့ သိရပါတယ်။
ဦးသန်းဆွေ စွပ်စွဲထားသလို မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင် တကယ်ပဲ ယုံကြည်စရာ မရှိဘူးလား။ လွတ်လပ်မှုမရှိဘဲ အစိုးရအဖွဲ့က ပေးလိုက်တဲ့ အမိန့်စာကိုပဲ တရားသူကြီးက ဖတ်ပြနေတာလား ဆိုတာကိုတော့ ၁၅ ရက်နေ့ စီရင်ချက်ချပုံက သက်သေပြပါလိမ့်မယ်။
လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေက အများဆုံးဖြစ်နေ
AAPP က ထုတ်ပြန်ထားတဲ့ ၄၆၈ ဦးစာရင်းကို ဖတ်ကြည့်တဲ့အခါ လွှတ်တော်ဝင် နိုင်ငံရေးပါတီတွေက ပါတီဝင်တွေကို မတွေ့ရပေမယ့် ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲ လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် သူတို့ကို အားပေးထောက်ခံသူတွေ များစွာပါနေတာကို တွေ့ရပါတယ်။ ပုဒ်မ ၁၇-၁ မတရားအသင်း ဆက်သွယ်မှုနဲ့ တစ်သက်တစ်ကျွန်းကနေ နှစ်ရှည်ထောင်ချခံထားရသူ တစ်ဒါဇင်ကျော်ရှိပြီး အဲဒီထဲမှာ ကချင်၊ ကရင်၊ ရှမ်းနဲ့ ABSDF အဖွဲ့ဝင်တွေ၊ သူတို့ကို အားပေးသူတွေ ပါဝင်ပါတယ်။
တစ်ခါ ဗိုလ်ကြီးဟောင်း ဝင်းနိုင်ကျော် အပါအဝင် တပ်မတော်သားတွေကိုလည်း တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ချထားတာ တွေ့ရပါတယ်။ ထူးခြားတာကတော့ ဒီလို နှစ်ဖက်လက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ သတင်းပြီးရင် နောက်ထပ်တွေ့ရတဲ့ နှစ်အရှည်ဆုံး နိုင်/ကျဉ်းတွေက သတင်းသမားတွေ ဖြစ်နေခြင်းပါပဲ။ ယူနတီဂျာနယ်မှ ငါးဦး၊ မွန်းတည့်နေမှ ငါးဦးနဲ့ မြန်မာပို့စ်မှ နှစ်ဦးဖြစ်ပါတယ်။
လက်နက်ကိုင်တွေ၊ သတင်းသမားတွေရဲ့နောက်မှာ နောက်ထပ် ထောင်သက်အများဆုံး ပုဂ္ဂိုလ်တွေကတော့ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြခေါင်းဆောင် ကိုထင်ကျော်နဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူ့အဖွဲ့ဝင် နှစ်ဦးကို ၁၈ လစီ ချထားပြီး ကိုထင်ကျော်ကိုတော့ ၁၃ နှစ်ခွဲတောင် ချထားတာ တွေ့ရပါတယ်။
စိတ်ဝင်စားဖို့ ကောင်းတာကတော့ ကိုထင်ကျော်ဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ လွတ်ငြိမ်းခွင့်ပေးတဲ့ ရာနဲ့ချီတဲ့ နိုင်/ကျဉ်း စာရင်းထဲ ပါဝင်ခဲ့သလို ၂၀၁၃ နှစ်ကုန်မှာ ပေးခဲ့တဲ့ လွတ်ငြိမ်းခွင့်မှာလည်း ပါခဲ့ပြန်ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ် ၂၀၁၄ ခုနှစ် မတ်လအတွင်း ဖမ်းဆီးခံရမှုဟာ တတိယအကြိမ်မြောက် ဖြစ်ပြီး နောက်ထပ် ပုဒ်မတွေအတွက်လည်း စစ်ဆေးခံနေရဆဲ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ ပုဂ္ဂိုလ်တွေလောက် ထောင်သက်မများပေမယ့် လူဦးရေအများဆုံး ဖြစ်နေတဲ့ နိုင်/ကျဉ်းတွေကတော့ လယ်သမားနဲ့ အလုပ်သမားတွေပဲ ဖြစ်ပါတယ်။ နေပြည်တော်က လယ်သမား ၁၉ ဦးနဲ့ သထုံက ကိုးဦးကိုဆိုရင် လေးနှစ်ကနေ ခုနစ်နှစ်အထိ ချထားတာ တွေ့ရပါတယ်။ စဥ့်ကူ၊ ကန့်ဘလူ၊ ပြည်၊ မြောင်းမြနဲ့ မိကျောင်းကန် လယ်သမားတွေကိုတော့ ခြောက်လကနေ သုံးနှစ်အထိ ချထားတာ တွေ့ရပါတယ်။
ဒါက ထောင်ချခံထားရတဲ့ ၂၀၀ နီးပါးထဲက စာရင်း။ အမှုရင်ဆိုင်နေရဆဲ ဖြစ်တဲ့ ၃၀၀ နီးပါးစာရင်းကို ကြည့်တဲ့အခါမှာတော့ ပုဒ်မ ၁၈ နဲ့ အစွဲခံထားရတဲ့ ကျောင်းသားတွေက အများဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။ မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး လက်ပံတောင်းမြို့က ဆန္ဒပြပွဲတစ်ခုတည်းမှာတင် ဖမ်းဆီးခံရတဲ့ ကျောင်းသား ၁၀၀ ကျော်ရှိပြီး အဲဒီထဲက ၈၀ ကျော်ကို လက်ပံတန်းနဲ့ သာယာဝတီမြို့နယ် တရားရုံးတွေမှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မြန်မာ့လူမှုအဖွဲ့တွေက အရင်လို အသံမထွက်နိုင်တော့ဘူးလား
ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC မှ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကတော့ သူတို့အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက နိုင်/ကျဉ်းကိစ္စကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေပါတယ်လို့ ပြောပါတယ်။ တစ်နေ့ကတောင် မန္တလေး-ရန်ကုန် ကျောင်းသားချီတက်ပွဲအတွင်း ပါဝင်မှု၊ အစိုးရရဲ့ မတရားလယ်သိမ်းမှုအပေါ် ကန့်ကွက်မှုတွေနဲ့ အဖမ်းခံထားရတဲ့ ကိုသန့်ဇင်ထက်ကို အမြန်ဆုံးလွှတ်ပေးဖို့ သူတို့အဖွဲ့က အစိုးရဆီ တောင်းဆိုထားတာ တွေ့ရပါတယ်။
တစ်ခါ လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း ယူနတီသတင်းသမား ငါးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ Free the Unity Five ဆိုတဲ့ စာသားနဲ့ သတင်းထောက်ငါးဦးရဲ့ ဓာတ်ပုံကို ဖော်ပြတောင်းဆိုထားတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကလည်း နိုင်/ကျဉ်းတွေကို ချက်ချင်းလွှတ်ပေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ “နိုင်ငံတကာအစိုးရတွေ ဘက်ကတော့ နိုင်/ကျဉ်းကိစ္စကို အရင်ကလို သိပ်မပြောတော့ဘူး။ အထူးသဖြင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်လေ့ ရှိတဲ့ နော်ဝေအစိုးရက လုံးဝမပြောတော့ဘူး” ဆိုပြီး ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။ တစ်ခါ အင်အားကြီး အမေရိကန်လိုနိုင်ငံမျိုးကတောင် မြန်မာအစိုးရနဲ့ လက်တွဲဆောင်ရွက်ရေးဘက်ကိုသာ အာသန်နေတဲ့အတွက် နိုင်/ကျဉ်းနဲ့ လူ့အခွင့်အရေးဘက်မှာ ဝေဖန်ထောက်ပြမှု အားနည်းသွားတယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။
သေချာတာကတော့ နိုင်/ကျဉ်း သတင်းဟာ နိုင်ငံတကာမီဒီယာမှာ အရင်လို သိပ်နေရာမရတော့ပါ။ အထူးသဖြင့် ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ နာမည်ကြီး နိုင်/ကျဉ်း အားလုံးနီးပါးကို ပြန်လွှတ်ပေးပြီးတဲ့နောက် ကမ္ဘာကျော် နိုင်/ကျဉ်းတစ်ဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ထဲ ရောက်သွားပြီးတဲ့နောက် ထောင်နံရံတွေထဲမှာ ဘယ်သူတွေ ဘယ်လို ဒုက္ခရောက်နေသလဲ ဆိုတာကို နိုင်ငံတကာမီဒီယာနဲ့ ပြည်တွင်းမီဒီယာတွေက စိတ်ဝင်စားမှု အတော်နည်းသွားတာကို သတိထားမိပါတယ်။
လူ့အခွင့်အရေးထက် ရွေးကောက်ပွဲကို ပိုစိတ်ဝင်စားကြသလား
ဘာဖြစ်လို့လဲ။ လက်ရှိထောင်ကျနေသူ၊ ဖမ်းဆီးစစ်ဆေးခံနေရသူတွေဟာ အစိုးရနဲ့ အတိုက်အခံတို့ ပေါင်းပြီးလုပ်နေတဲ့ ရွေးကောက်ပွဲလမ်းကြောင်း၊ နိုင်ငံတကာက ထောက်ပံ့မှု ပေးနေတဲ့ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းကြောင်းကို လက်မခံကြလို့များလား။ တစ်နည်းအားဖြင့် ငါးနှစ်မှတစ်ခါ လုပ်တဲ့ ရွေးကောက်ပွဲထက် နေ့စဉ်ကြုံတွေ့နေရတဲ့ လယ်သမား၊ အလုပ်သမားတွေရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့က ပိုအဓိကကျတယ်ဆိုပြီး ပါတီတွေနဲ့ သဘောထားကွဲကာ၊ ပါတီတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ ကွဲပြားစွာ စွတ်လုပ်နေကြလို့လား။
(ဒီနေ့ ထောင်ဒဏ် ထပ်ချခံလိုက်ရတဲ့ နော်အုန်းလှ။ ဓာတ်ပုံ- မှတ်စုများမှ)
အခုဖမ်းဆီးခံနေရတဲ့ ဒေါ်နော်အုံးလှဆိုရင် ဟိုလွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရပြီးကတည်းက ပါတီခေါင်းဆောင် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားမှာ အင်္ဂါနေ့တိုင်း ဆုတောင်းပွဲ လုပ်ခဲ့သူပါ။ အဲဒီအတွက် မကြာခဏ ဖမ်းဆီးခံခဲ့ရပေမယ့် လက်မလျှော့ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တာဟာ ပါတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘူးဆိုပြီး ပါတီကနေ အထုတ်ခံလိုက်ရတဲ့အခါမှာတော့ အားလုံးက နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ဆိုရင်လည်း ဒီလိုပါပဲ။ NLD ပါတီကို အားပေးထောက်ခံပြီး တပ်မတော်သားတွေ ဒီမိုကရေစီဘက် ပြောင်းလာကြဖို့ ၂၀၀၅ ခုနှစ် ဝန်းကျင်ကတည်းက တိုက်တွန်းနှိုးဆော်လာခဲ့သူပါ။ DVB အပါအဝင် ပြည်ပမီဒီယာတွေက အသံလွှင့်ဆောင်းပါးတွေနဲ့ တပ်မတော်သားတွေ ဒီမိုကရေစီဘက်ဘက်ပြောင်းဖို့ နှိုးဆော်ခဲ့တာကို အမှတ်ရနေဆဲပါ။ အခုလောလောဆယ်မှာတော့ သူတို့နှစ်ဦးစလုံးဟာ အလုပ်သမား၊ လယ်သမား အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း ဖမ်းဆီးခံနေရပါတယ်။
ပြီးတော့ ကျောင်းသားတွေ။ အနာဂတ်နိုင်ငံတော်မှာ ပညာရေးစနစ် ကောင်းမွန်လာစေဖို့အတွက် ကိုယ်ကျိုးစွန့် ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံနေရသူတွေ။ တစ်နေ့က သာယာဝတီရုံးချိန်းမှာတော့ ဥရောပသမဂ္ဂ EU က သံတမန်တချို့ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ်တို့နဲ့ သွားတွေ့တယ် ကြားရတော့ နိုင်ငံတကာဘက်က လုံးဝမေ့ထားတာမျိုး မဟုတ်သေးဘူးလို့တော့ အားတက်မိပါတယ်။
ဒါပေမဲ့ ဒီလောက်နဲ့မရပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကာလကလိုမျိုး နိုင်/ကျဉ်းကိစ္စကို ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းတွေ၊ အစိုးရတွေက အသံကျယ်လောင်စွာနဲ့ စိုးရိမ်မှု ထုတ်ပြသင့်ပါတယ်။ သမ္မတဦးသိန်းစိန် ကတိပေးထားတဲ့အတိုင်း နိုင်/ကျဉ်းတစ်ဦးမှ မကျန်စေရဘူးဆိုတာ ၂၀၁၃ နဲ့ ၂၀၁၄ မှာ မဖြစ်မြောက်ခဲ့ပေမယ့် ၂၀၁၅ မှာတော့ မဖြစ်ဖြစ်အောင် တာဝန်ယူဆောင်ရွက်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment