(ဒီဇင်ဘာတုန်းကရေးထားတဲ့ ဆောင်းပါးကို အခုမှ တင်ဖြစ်ပါကြောင်း)
မြို့ပြဒေသမှာ အနေကြာခဲ့တဲ့ကျနော်ဟာ မနက်စောစောအိပ်ရာထဖို့ အပျင်းထူနေဆဲ။ ဒါပေမယ့် ကျေးလက်အိမ်က အိမ်သူအိမ်သားတွေကတော့ ရွာဦးကျာင်းက တုန်းမောင်းခေါက်သံကြားတာနဲ့ ၀ုန်းကနဲထပြီး အာရုံဆွမ်းချက်နေကြပြီ။ ဒါဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကအခြေနေနဲ့ သိပ်တော့ မကွာလှသေး။ ဒါပေမယ့် တုန်းမောင်းခေါက်သံနဲ့အတူ လျှပ်စစ်မီးပါလင်းလာ တာကတော့ ဒီရွာလေးရဲ့တိုးတက်လာမှု တခုပေါ့။
အဲဒီလျှပ်စစ်မီးကို အစိုးရကစီစဉ်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် ပုဂ္ဂလိကကုပ္ဗဏီတွေကို မီတာခ ဈေးကြီးပေးနေရတာကိုတော့ နောက်တပိုင်းထားလိုက်ပါ။ (တလောကတော့ မီတာခတွေဈေးချပေးဖို့ ဒီရွာကလူတွေအပါဝင် ထားဝယ်တနယ်လုံး ဆန္ဒပြကြတယ်လို့သတင်းကြားရပါတယ်)။ ဒီလိုမီးလာပြီဆိုမှ အားမပြည့်သေးတဲ့ တယ်လီဖုန်း၊ ကင်မရာနဲ့ ကွန်ပြူတာတွေကို အမြန်အားသွင်းရပါတယ်။ မနေ့ညက အားသွင်းနေတုန်း လျှပ်စစ်မီးက ၁၀ နာရီမှာပြတ်သွားတဲ့အတွက် အခုလို အရေးပေါ်ထလုပ်နေရတာပါ။
အားလုံးအဆင်သင့်ဖြစ်တော့ အချိန်က မနက် ၅ နာရီခွဲ။ ဆောင်းတွင်းကာလဆိုတော့ အရုဏ်က မတက်သေးပါ။ ဒါပေမယ့် ကျနော်ဓာတ်ပုံသွားရိုက်မဲ့ ရော်ဘာခြစ်သမားတွေက မနက် ၃ နာရီလောက် ကတည်းက အလုပ်ခွင်ထဲရောက်နေပြီလို့ဆိုပါတယ်။ ဒီတော့ ဓာတ်မီးထိုးပြီး တောတိုးရမှာပေါ့။
ရော်ဘာခြံထဲရောက်ပြီ။ ခေါင်းမှာ ဓတ်မီးဆင်ထားတဲ့ လူငယ် ၂ ဦးနဲ့ အမျိုးသမိးတဦးတို့ ရော်ဘာခြစ်နေ တာတွေ့ရပါတယ်။ သဘာဝအတိုင်း ဓာတ်ပုံရိုက်တော့ ပုံက သိပ်မပေါ်။ Flash gun သုံးတော့ အလင်းရောင် နည်းနည်းများသွားသလိုလို။ မတတ်နိုင်။ ရသလိုသာ ခလုတ်နှိပ်ပေတော့။ သတင်း ဓာတ်ပုံဆိုတာ သရုပ်ဆောင်ခိုင်းပြီးရိုက်လို့ ဘယ်ဖြစ်မလဲ။
(ရွာအရှေ့ဖက်ရှိ ရော်ဘာခြံမှ အလုပ်သမားတဦး)
‘’ကျနော် ထိုင်းမှာ ၉ နှစ်လောက် ရော်ဘာဖြစ်ဖူးတယ်။ အခု Passport လုပ်တော့မှ မကို်က်တော့လို့ ပြန်လာတာ’’ ဆိုပြီး အသက် ၃၀ ၀န်းကျင်အရွယ်ရှိ ရော်ဘာဆရာက ပြောပါတယ်။ သူ့အဖြေက ကျနော့် ထင်ထားသလိုမဟုတ်။ ထိုင်းမှာလေ့လာမိသလောက်က Passport လုပ်ပေးလိုက်တဲ့အတွက် မြန်မာ အလုပ်သမားတွေ သံရုံးရဲ့အကာ အကွယ်ရပြီး လုံလုံခြုံခြုံဖြစ်လာတယ်။ အခြေနေတွေ ပိုကောင်းလာ တယ်ဆိုတာမျိုး။
‘’အဓိက အခက်ခဲက Passport အတွက် ဘတ်တသောင်းလောက်ကြိုပေးရတယ်လေ။ အဲဒါကို လစဉ်ပြတ်ဆပ်ရတော့ အရင်လိုမကိုက်တော့ဘူး’’ လို့ သူကဆိုပါတယ်။ ဒါကြောင့် သူတို့မိသားစုတခုလုံး ဒီနှစ်နွေအမီ မြန်မာနိုင်ငံဆီ ပြန်လာပြီး ဒီခြံမှာရော်ဘာလာခြစ်နေတာလို့ပြောပါတယ်။ ‘’ရှမ်းမှာဆို ၆၀-၄၀ နှုန်းပေးတယ်လေ။ ဒီမှာတော့ ၅၀-၅၀ ပဲရတယ်။ ဒါပေမယ့် ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုတော့ မဆိုးပါဘူး’’ လို့လည်း သူကဆိုပါတယ်။
ရှမ်း ဆိုတာက ထိုင်းကို ဒေသခံတွေကခေါ်တဲ့အခေါ်အဝေါ်၊ ၆၀-၄၀ ဆိုတာကတော့ ရသမျှရော်ဘာတွေကို အလုပ်သမားနဲ့ ခြံပိုင်ရှင် ခွဲယူတဲ့ အချိုးအစား။ မနေ့က ရော်ဘာအပြား ၂၀ ရပေမယ့် ရော်ဘာဈေး ကျနေတယ်။ တပေါင်မှ ၅၀၀ ကျပ်ဝန်းကျင်ပဲရလို့ တွက်ခြေမကိုက်ဘူးဆိုပြီး သူကငြီးနေပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်ကအခြေနေနဲ့စာရင်တော့ ရော်ဘာခြစ်သမားတွေဟာ အတော်ခေတ်မှီလာတယ် လို့ပြောရမှာပါ။ အရင်ကဆိုရင် ဒီလိုဓာတ်မီးတွေမသုံးနိုင်သေး။ ရေနံဆီမီးခွက်ကိုတဖက်ကကိုင်၊ တဖက်က ရော်ဘာခြစ်။ ဒီတော့ သူတို့ရဲ့မျက်နှာမှာကျပ်ခိုးတွေစွဲလို့။ ဒါပေမယ့် ရောဘာဈေး အရင်လို ခေတ်မကောင်းတော့တာ။ ထိုင်းဖက်ခိုးသွင်းနိုင်တဲ့ မှောင်ခိုဈေးကွက်မရှိတော့တာတွေကတော့ ဒီနေ့အစိုးရသစ်လက်ထက် ဈေးကွက်စီးပွါးရေးရဲ့ အားနည်းချက် တခုများလား။
ရော်ဘာတောထဲက ထိုင်းပြန်အလုပ်သမားတွေနဲ့စကားစမြည်ပြောပြီးနောက်မှာတော့ လယ်ကွင်းအစပ်က ထန်းတောတွေဆီ ကျနော်ရောက်လာပါတယ်။ ထားဝယ်မြို့ရဲ့အရှေ့ဖက် နွားလဘို့တောင်နဲ့ စပါးတောင်ပေါ်မှာ အရုဏ်တက်စပြုနေပြီ။ ဒါပေမယ့် ထန်းတက်သမားတွေကလည်း ခုနက ရော်ဘာဖြစ်သမားတွေလိုပဲ ခေါင်းမှာ ဓာတ်မီးတွေဆင်ပြီး ထန်းပင်တက်နေဆဲ။
(ရွာအရှေ့ဖက် လယ်တောထဲက ထန်းပင်တန်းနဲ့ ထန်းတက်သမားတဦး)
’’ထန်းရည်ချိုသောက်သွားလေ၊ ဟိုအမပင်က ပိုချိုတယ်’’ ဆိုပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကနေ အခုချိန်ထိ ထန်းတက်နေ ဆဲ။ အသက် ၆၀ ၀န်းကျင်အရွယ်ရောက်တဲ့အထိ ထန်းပင် ၃၀ ကျော်ကိုတက်နိုင်ဆဲ ရွာသားတဦးက ပြောပါတယ်။ ထန်းပင်တွေ့ရင် ထန်းရည်ခါးနဲ့တွဲပြီး လူငယ်အတော်များများ ကမြင်လေ့ရှိပေမဲ့ ဒီအရပ်မှာတော့ ထန်းရေခါးအစား ထညက်ချက်လုပ်ငန်းကိုသာ စီးပွါးဖြစ်လုပ်လေ့ ရှိပါတယ်။
အမပင်၊ အဖိုပင် ဆိုတာကတော့ ထန်းသီးသီးတဲ့အပင်က အမ၊ မသီးတဲ့အပင်က အဖိုလို့သာ အလွယ်မှတ်လိုက်ပါ။ အဖိုပင်ရဲ့ အဖူးကို လှီးရင်လည်း အရည်ထွက်ပေမယ့် အမပင်လောက်မထွက်ပါ။ အမပင်လောက်လည်း မချိုပါ။ ဒါကြောင့် သူက အမပင်ကအရည်ကိုရွေးသောက်ဖို့ပြောနေတာပါ။ နောက်ထပ်ထူးခြားချက်က ဒီအရပ်မှာ အညာဒေသလို မြေအိုး မသုံးပါ။ ၀ါးကျဉ်တောက်ကို သာသုံးလေ့ရှိပါတယ်။
‘’သကြားဈေးကတော့ မဆိုးဘူး။ တပိသာ ၁၃၀၀။ ဒီနေ့တော့ ပိသာ ၂၀ ကျော်လောက်ရမယ်ထင်တယ်’’ လို့ ထန်းသကြား ဒယ်အိုးကြီးကို ယောက်မအကြီးကြီးနဲ့မွှေနေတဲ့ ထန်းသမားရဲ့ဇနီးသည်ကပြောပါတယ်။ ဟိုဖက်မှာတော့ ထန်းညက်တအိုးစာ စကောထဲမှာ အခြောက်ခံထားတာတွေ့ရပါတယ်။ မီးဖိုပေါ်မှာလည်း နောက်ထပ် ဒယ်အိုးကြီး ၂ လုံးက တပွက်ပွက်ဆူနေဆဲ။ ဒီမီးဖိုအတွက် အရင်ခေတ်က ထင်းကို သုံးလေ့ရှိပေမဲ့ အခုတော့ စပါးခွံလောင်စာနဲ့။
(ရွာကထွက်တဲ့ ထားဝယ် ထန်းလျက်)
ထန်းရေသောက်၊ ထန်းသီးစား၊ ထညက်တွေကိုမြည်းပြီးချိန်မှာ နေရောင်က ထန်းတဖျားနီးပါးရောက်နေပြီ။ ရိတ်သိမ်းခါစ စပါးလှိုင်းပုံတွေရှိတဲ့ဖက်ကိုထွက်လာတော့ ဖရဲသီးစိုက်ခင်းတခုကိုတွေ့ရပါတယ်။ ‘’အခုချိန်ထိ အသီး မလိုက်သေးလို့ စိတ်ညစ်နေတယ်ကွာ’’ ဆိုပြီး ရွာသားတဦးကပြောပါတယ်။
ဒါပေမယ့် သူ့စိုက်ခင်းရဲ့ မြင်ကွင်းက အရင် ၂၅ နှစ်နဲ့အတော်ကွာသွားပြီ။ အရင်က ရေတွင်းမှာ ၀ါလုံးမောင်းတံတွေနဲ့ရေငြင်ပြီး ရေလောင်းပုံး ၂ လုံးကိုထမ်းကာ ခေါင်းတုန့်ခေါက်ပြန်ရေလောင်း တဲ့ခေတ်မဟုတ်တော့။ ရေစုပ်စက်တွေ၊ ရေပိုက်တွေနဲ့ ဖြစ်နေပြီ။ လက်မှုလယ်ယာကနေ စက်မှုလက်ရာဆီ ကူးပြောင်းလာတဲ့သဘောပေါ့။
နောက်ထပ်ထူးခြားချက်တခုက ဒီစိုက်ခင်းရော၊ ခုနက စပါးလှိုင်းပုံတွေမှာရော ဘာခြံစည်းရိုးမှမရှိ။ အရင်ကဆို ဘယ်ရမလဲ။ ကျွဲ-နွားတွေ ၀င်စားသွားမှာပေါ့။ အခုတော့ ဒီအရပ်မှာ ကျွဲ၊ နွားတွေမရှိတော့ ပါ။ ဒီတော့ ခြံစည်းရိုးဘယ်လိုတော့မလဲ။ ဒါပေမယ့် နောက်ဆက်တွဲပြသာနာက ဒီလိုစိုက်ပျိုးရေးလုပ်ဖို့ အတွက် နောက်ချေးတွေကို တခြားနယ်ကနေ ဈေးကြီးပေးသွားဝယ်နေရပါတယ်။ ပြီးတော့ တံဇဉ်းရိုးနဲ့ လယ်ကွက်တွေထဲမှာ မြက်ထူလွန်းလို့ ကြွက်တွေသောင်းကျန်းနေတယ်လို့သိရပါတယ်။
သူ့စိုက်ခင်းကိုကျော်ပြီး လယ်ကွင်းပြင်ထဲရောက်လာတော့ စပါးလှိုင်းပုံအတော်များများကိုတွေ့ရပါတယ်။ အဲဒီပုံတွေထဲက စပါးလှိုင်း ၁၀၀ ကျော်လောက်ရှိတဲ့ပုံကြီးတပုံဘေးမှာတော့ တံစဉ်းရိုးကိုတူးဖြိုပြီး ထော်လဂျီဝင်နိုင်အောင်လုပ်နေတဲ့ လူတစုကိုတွေ့ရပါတယ်။
(လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့အပြောင်း မြင်ကွင်းတခု)
‘’ဒီနေ့ ဒီမှာစပါးချွေမှာလေ။ အားလုံးကွက်တိဖြစ်ရင် တနာရီကို တင်း ၇၀ ကျော်ကျတယ်’’ လို့ စပါးချွေလှေ့လုပ်ငန်းကိုဦးဆောင်နေတဲ့ ရွာသားတဦးကပြောပါတယ်။ တနာရီကို တင်း ၇၀ ဆိုတော့ တမီနစ် တတင်းကျော်ကျတယ်ပေါ့။ လူအင်အားကိုကြည့်လိုက်တော့ ၄ ဦးတည်း။ စပါးလှိုင်းတွေကို စက်ပေါ်တင်ပေးသူက ၂ ဦး။ စက်ထဲထည့်သူက တဦး။ စပါးထွက်လာတဲ့အပေါက်မှာ ဂုံနီအိတ်ခံပေးသူက တဦး။ စုစုပေါင်းမှ ၄ ဦးတည်း။
လွန်ခဲ့တဲ့ ၂၅ နှစ်ကဆို ဒီလို လူ ၄ ဦးနဲ့ဘယ်ရမလဲ။ လူတွေ ၅၀-၆၀ လာပြီး တယောက်တလက် ၀ိုင်းလုပ်တဲ့ ခေတ်ကိုတောင် လွမ်းမိသေး။ အရင် ခေတ်က ဒီလိုထွန်စက်တွေ၊ စပါးချွေလှေ့စက်တွေမရှိသေးတော့ လယ်ထွန်တာကနေစပြီး စပါးတွေ စပါးကျီထဲ ရောက်တဲ့အထိ အစ-အဆုံး အားလုံး ကျွဲ-နွားတွေနဲ့အတူ လယ်သမားတွေက ရုန်းရပါတယ်။
အထူးသဖြင့် ဒီလိုစပါးပေါ်ချိန်ဆိုရင် စုပုံထားတဲ့စပါးလှိုင်းတွေကို ကျွဲအကောင်ရေ ၂၀ လောက်နဲ့ တညလုံးနီးပါး နင်းရပါတယ်။ မနက်မိုးလင်းတာနဲ့ ဖားခမာ့ကိုအလံထောင်ပြီး အနီးဝန်းကျင်က လယ်သမားတွေအားလုံး ၀ိုင်းကူကြဖို့ အချက်ပေးရပါတယ်။ ထွန်ခြစ်အသီးသီးကိုင်ပြီးထွက်လာကြတဲ့ လယ်သမားတွေ ဘယ်နည်းပါ့မလဲ။ ဒီလို မထွက်လို့မရ။ မထွက်ရင် ကိုယ့်အလှည့်ကျ ဘယ်သူမှ လာကူတော့မှာမဟုတ်။
‘’စပါးနင်းပွဲ၊ စပါးပွတ်ပွဲ’’ လို့ဒေသခံတွေက အလွယ်ခေါ်တဲ့အဲဒီပွဲတွေမှာ မုန်းဟင်းခါးကျွေးလေ့ရှိပါတယ်။ ငှက်ပျောအူဖတ်အကြီးကြီးနဲ့ချက်လေ့ရှိတဲ့ ထားဝယ်မုန့်ဟင်းခါးက ဒီလိုပွဲမျိုးဆို အတော်စားလို့ကောင်း။ တခါတရံတော့ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ပေါ့။ ဒါက မနက်အစောပိုင်းမှာလုပ်တဲ့ပွဲတွေ ကိုပြောတာပါ။ နေ့လည် နေ့ခင်းပိုင်းဖက်ပွဲဆိုရင်တော့ မုန့်လုံးရေပေါ်၊ မုန့်ပျားသလက်၊ သာကူ စသဖြင့်။
အခုတော့ ဒါတွေမရှိတော့။ လယ်တဲတွေလည်းအရင်လို သိပ်မရှိတော့ပါ။ ဘာကြောင့်လဲဆိုရင် ထွန်စက်တွေ၊ စပါးချွေစက်တွေနဲ့လုပ်တော့ လယ်သမားတွေက လယ်တဲမှာ ညအိပ်စရာမလိုတော့။ မိုးလင်းမှ ရွာကနေ မော်တော်ဆိုင်ကယ်လေးနဲ့ထွက်လာ။ ညနေရွာပြန်အိပ်။ ခေတ်ကပြောင်းသွားပြီ။ လက်မှုလယ်ယာကနေ စက်မှုလယ်ယာဆီရောက်သွားပြီ။ ဒါပေမယ့် အရင်ခေတ်က စုပေါင်းပြီး ၀ိုင်းလုပ်ကြတဲ့ ယဉ်ကျေးမှုကို လွမ်းနေမိသလိုလို။
တကယ်ဆို စက်မှုတော်လှန်ရေးက လယ်ကွင်းထဲမှာတင်မက၊ ရွာသားတွေရဲ့နေ့စဉ်သုံးပစ္စည်း တခုဖြစ် လာနေတဲ့ လက်ကိုင်ဖုန်းဈေးကွက်ကလည်း ကျနော်တို့ရွာလေးဆီအထိအပြိုင်အဆိုင်ဖြစ်နေပြီ။ ‘’ဒီအမြင့်ကြီးက MPT တာဝါ တိုင်လေ။ Telenor တယ်လီနော်တိုင်က ဟိုးအောက်မှာ၊ အခုမှ ဖောင်ဒေးရှင်းချတုန်း’’ ဆိုပြိး ကျနော်ကို လိုက်ပို့သူက ရွာဦးဘုရားတောင်ပေါ်ရှိ တာဝါတိုင်ကြီးကို လက်ညှီုးထိုးပြီး ရှင်းပြနေပါတယ်။
လွန်ခဲ့တဲ့ ၂၅ နှစ်က စေတီ ၃ ဆူနဲ့ နွားစားကျက် မြက်ခင်းတွေသာရှိတဲ့ တောင်ကုန်းဟာ အခုတော့ ရော်ဘာခြံတွေပြည့်နေလို့ စေတီကိုတောင် မနည်းရှာနေရပါတယ်။ တယ်လီနောဟာ နော်ဝေးကုပဏီ။ နော်ဝေးကုပဏီတခု ကျနော်တို့ရွာဘေးအထိရောက်နေတာ နော်ဝေးပြန်တဦးအနေနဲ့ ဂုဏ်ယူချင်တာပေါ့။
ဒါကြောင့် ချောင်းစပ်အနီး လယ်ကွင်းထဲမှာ ဖောင်ဒေးရှင်းချဖို့ပြင်နေတဲ့ တယ်လီနော်တာဝါတိုင်ဆီ အရောက်သွားခဲ့ပါတယ်။ တယ်လီနော်တံဆိပ်များတွေ့ရမလားဆိုပြီးလိုက်ရှာပေမဲ့ တခုမှမတွေ့၊ ဒီတိုင်ကို ကန်ထရိုက်ယူပြီး ဆောက်နေတဲ့ ကုပဏီရဲ့တံဆိပ်ကိုသာတွေ့ခဲ့ရပါတယ်
‘’လယ်တကွက်လုံးပါသွားတော့ အတော်နာမှာပေါ့။ အဲဒီအတွက် လျော်ကြေးဘယ်လောက်ရလဲ’’ ဆိုပြီး လယ်ထဲမှာ ဟင်းသီးဟင်းရွက်လည်းစိုက်၊ လယ်ဘေးမှာ ထန်းပင်တက်၊ ထညက်ချက်အလုပ်ပါ တွဲလုပ်နေတဲ့ မြေပိုင်ရှင်ကို မေးမိပါတယ်။ ‘’အဲဒီ ပေ ၆၀ အတွက် တလကို တသိန်းနှစ်သောင်းရတယ်လေ။ တနှစ်ဆို ၁၄ သိန်းခွဲနီးနီးပေါ့။ အဲဒီနှုန်းနဲ့ ၅ နှစ်တာ စာချုပ်လုပ်ထားတာ’’ ဆိုပြီး မြေပိုင်ရှင်ပြောတော့ ‘’ဟိုက်၊ တယ်ဟုတ်ပါလား’’ ဆိုပြိး နှုတ်က အသံထွက်တဲ့အထိ အံ့သြသွားမိပါတယ်။
ဟုတ်တယ်လေ။ အရင်က ဒါမျိုးတခါမှမကြားဖူးပါဘူး။ စီမံကိန်းနယ်မြေထဲပါလို့ကတော့ လျော်ကြေးရဖို့ နေနေသာသာ ကိုယ်အိမ်၊ ကိုယ်တဲကိုအမြန်ဖျက်ပြီး လွတ်ရာကင်းရာကိုသာပြေးပေတော့။ အင်း… အဲဒါ လွန်ခဲ့တဲ့ ၂၅ နှစ်က အခြေနေဆိုတာ့ ရာဇ၀င်ထဲမှာကျန်ခဲ့ပြီ။
တချိန်တည်းမှာပဲ ဒီလို စီးပွါးဖြစ်နည်းပညာတွေအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံလိုအပ် ချက်တွေဖြစ်တဲ့ လျှပ်စစ်မီးရရှိရေး၊ ရေကောင်းရေသန့်ရရှိရေး၊ (ထားဝယ်မှာ ဧပြီ-မေ ဆိုရင် ရေရှားလေ့ ရှိနေဆဲပါ)၊ ပညာရေးနဲ့ကျမ်းမာရေးအခြေခံစနစ်ကောင်းမွန်လာစေရေးတွေအတွက်ပါ နိုင်ငံခြားကုပ္ဗဏီ တွေကကူညီပေးနိုင်မလား။ နိုင်ငံတကာစံချိန်စံညွှန်းတွေကို မြန်မာနိုင်ငံသားတိုင်း တကယ်လိုက်နာ ကျင့်သုံး နိုင်တဲ့အခြေနေဆီ မကြာခင်ရောက်လာတော့မလားလို့ တွေးနေမိပါတယ်။ ။
0 comments:
Post a Comment