The Voice Daily, May 27, 2015.
၁၉၉၀ ရွေးကောက်ပွဲရလာဒ် ဘာဖြစ်သွားပြီလဲ
ဒီကနေ့ကျရောက်တဲ့ မေလ ၂၇ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပြတ်အသတ်အနိုင်ရ ခဲ့ဖူးတဲ့ ၁၉၉၀ မေလ ရွေးကောက်ပွဲ ၂၅ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် သို့မဟုတ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ မေလ ၂၇ ရောက်တိုင်း ပြည်တွင်း ပြည်ပရှိ NLD ပါတီဝင်တွေ၊ ဒီမိုကရေစီအင်အားစုတွေက ရွေးကောက်ပွဲအောင်ပွဲနေ့ အခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။
ဒါပေမယ့် အခုချိန်မှာတော့ ၂၅ နှစ်ကြာခဲ့ပြီဖြစ်တဲ့ ၉၀ ရလာဒ်ကို ပြန်ပြောနေမဲ့အစား မနက်ဖြန် သဖက်ခါ ကျင်းပတော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြောင်းပြောတာက ပိုလက်တွေ့ကျလိမ့်မယ်လို့ ဆိုလာနေကြပါပြီ။ အစိုးရပိုင်မီဒီယာ၊ ပုဂ္ဂလိကပိုင်မီဒီယာတွေကလည်း ၁၉၉၀ ရွေးကောက်ပွဲအကြောင်း ဘာမှမပြောတော့ပဲ ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ်ဆိုတဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြောင်းသာ အလေးပေးဖေါ်ပြနေတာတွေ့ ရပါတယ်။
မနေ့တနေ့ကဆိုရင် ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ဦးတင်အေး ခေါင်းဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင် ရဲ့ ၀ဘ်ဆိုက်လိပ်စာအသစ်အကြောင်း သူ့ရဲ့ Facebook မှာ ကြော်ညာထားတာတွေ့ရပါတယ်။ ဘာတွေ များရေး ထားသလဲ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်အပေါ် ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုသဘောထား လဲဆိုတာ သိချင်လို့ ၀င်ဖတ်ကြည့်မိပါတယ်။
ကော်မရှင်ရဲ့သမိုင်းဆိုင်ရာဖေါ်ပြချက်မှာ မြန်မာ့နိုင်ငံရေး ခေတ် ၄ ခေတ် ဆိုတဲ့မှတ်ချက်ပါရှိပြီး ၁၉၂၂ ကနေ ၁၉၄၇ အထိကို ကိုလိုနီခေတ်၊ ၁၉၄၈ ကနေ ၁၉၆၂ အထိကို လွတ်လပ်ရေးရပြီးခေတ်၊ ၁၉၆၂ ကနေ ၁၉၈၈ အထိကို မဆလ ပါတီခေတ်နဲ့ ၁၉၈၉ ကနေ ဒီနေ့ ၂၀၁၅ အထိကာလကို ပါတီစုံဒီမိုကရေစီခေတ်လို့ ဆိုထားပါတယ်။
၁၉၂၂ ကနေ ၁၉၈၈ အထိ ခေတ် ၃ ခေတ် သတ်မှတ်ချက်ကို သိပ်ပြောစရာမရှိပေမဲ့ ၁၉၈၉ ကနေ ဒီနေ့ ၂၀၁၅ အထိ ၂၆ နှစ်တာ ကာလကို ပါတီစုံဒီမိုကရေစီခေတ်လို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တာ ကတော့ သမိုင်းကိုလိုရာဆွဲယူထားသလိုဖြစ်နေတယ်လို့ ခံစားမိပါတယ်။ ၁၉၈၈ ကနေ မနေ့တနေ့ကအထိ၊ အတိအကျပြောရမယ် ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီအထိ အာဏာသိမ်းစစ်အုပ်စုရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအာက်မှာ မြန်မာတနိုင်ငံလုံးရှိခဲ့တာကို လူတိုင်းသိနေပါရဲ့နဲ့ ဘာကြောင့်များ ပါတီစုံဒီမိုကရေစီခေတ်လို့ပြောမှန်း နားကိုမလည်နိုင်ပါ။
ဒါပေမယ့် မတတ်နိုင်။ လောလောဆယ်တော့ ဒီလိုသဘောထားရှိတဲ့ ကော်မရှင်က ဦးစီးကျင်းပမဲ့ ရွေးကောက်ပွဲကို NLD အပါဝင် နိုင်ငံရေးပါတီအားလုံးက ၀င်ပြိုင်ဖို့အသင့်ပြင်နေကြပါပြီ။ မဲဆန္ဒရှင် တွေအားလုံးက မဲပေးဖို့ အသင့် ဖြစ်နေကြပါပြီ၊ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေ၊ ပြည်တွင်းစောင့်ကြည့်မှု အဖွဲ့တွေက ထောက်ခံ၊ အားပေးဖို့ အသင့် ဖြစ်နေကြပြီ မဟုတ်ပါလား။
ကျင်းပခဲ့ဖူးသော ရွေးကောက်ပွဲများ
မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့ဖူးတဲ့ရွေးကောက်ပွဲဟာ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ က ကျင်းပ တဲ့ ဒိုင်အာခီစနစ် ဥပဒေပြုလွတ်တော်ရွေးကောက်ပွဲဖြစ်တယ်လို့ ကော်မရှင်ကပြောပါတယ်။ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂ တို့မှာ နောက်ထပ် ၃ ကြိမ်ကျင်းပပြီးတဲ့နောက် ဒိုင်အာခီအုပ်ချုပ်ရေး နိဂုံးချုပ်သွားပါတယ်။
အဲဒီနောက် ၉၁ ဌာနအုပ်ချုပ်ရေးစနစ်ရဲ့ အောက်လွှတ်တော်အမတ်များ ရွေးကောက်ပွဲကို ၁၉၃၆ နိုဝင်ဘာလ ၁၀ ရက်နေ့မှာကျင်းပခဲ့ပါတယ်။ ၁၉၃၉ ကနေ ၁၉၄၅ ခုနှစ်အတွင်းမှာတော့ ဒုတိယ ကမ္ဘာစစ်နဲ့တိုးနေတဲ့အတွက် ဘာရွေးကောက်ပွဲမှ မလုပ်နိုင်ခဲ့ပါ။
ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာကျင်းပတဲ့ တိုင်းပြုပြည်ပြုလွတ်တော် ရွေး ကောက်ပွဲကတော့ စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်း အပါဝင် ဒီနေ့ခေတ်လူငယ်တွေသိတဲ့ ထင်ရှားတဲ့တော်လှန်ရေး၊ နိုင်ငံရေးသမားအတော်များ များဝင်ပြိုင်ခဲ့ကြလို့ပါ။
ဖက်ဆစ်ဆန့်ကျင်ရေး ပြည့်သူလွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ)၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကရင်အမျိုး သား သမဂ္ဂနဲ့ တသီးပုဂ္ဂလတွေအကြိတ်အနယ်ဝင်ပြိုင်ကြပြီး ဖဆပလ က ၉၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ တယ်လို့ ရွေး ကောက်ပွဲကော်မရှင်ရဲ့ သမိုင်းမှာဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက် ဗိုလ်ချုပ်နေ၀င်း အာဏာမသိမ်းခင်အထိ ၁၉၄၈ ကနေ ၁၉၆၂ အတွင်း မှာတော့ ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပခဲ့ပါတယ်။ ၁၉၅၁ ဇွန်လကနေ ၁၉၅၂ ဖေဖေါ်ဝါရီလအထိ ပထမ အကြိမ်၊ ၁၉၆၅ ဧပြီလ ၂၇ မှာ ဒုတိယအကြိမ်နဲ့ ၁၉၆၀ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာ တတိယအကြိမ် တို့ဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာတာ့ အိမ်စောင့်အစိုးရက အာဏာသိမ်းလိုက်ပါတယ်။
ဦးနေ၀င်းလက်အောက် မဆလ ခေတ်မှာ ၁၉၇၄၊ ၁၉၇၈၊ ၁၉၈၁ နဲ့ ၁၉၈၅ မှာ ၄ ကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ ပါ တယ်။ ဒါပေမယ့် အရင်ခေတ်ရွေးကောက်ပွဲတွေလို ကိုယ်စားလှယ်တွေအကြိတ် အနယ်ယှဉ်ပြိုင်တဲ့ပွဲမျိုးမဟုတ်ပဲ မဆလ ပါတီက ချပေးထားသူတွေကို ပြည်သူလူထုက ထောက်ခံ-မခံ သဘောထားကောက်ယူတဲ့ပွဲသာဖြစ်တယ် လို့ဆိုပါတယ်။ ဒီလိုနဲ့ ၁၉၈၈ သြဂုတ်လမှာတော့ အားလုံး သိတဲ့အတိုင်း မဆလ ပါတီလည်း နိဂုံးချုပ်သွားခဲ့ပါတယ်။
၁၉၉၀၊ ၂၀၁၀ ရွေးကောက်ပွဲများနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်း
မဆလ ခေတ်အလွန် ၁၉၉၀ မေလ ၂၇ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေပွဲရဲ့ထူးခြားချက်ကတော့ ရွေးကောက်ပွဲ ရလာဒ်ကို အစိုးရက အသိအမှတ်မပြုခြင်းပါပဲ။ ရွေးကောက်ပွဲကော်မရှင်က ဖေါ်ပြထားတဲ့ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်နဲ့ မဆလ ခေတ် ၃ ခေတ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၁၃ ကြိမ် စလုံးမှာ ရွေးကောက်ပွဲရလာဒ်ကို အစိုးရက အသိအမှတ်မပြုဘူး၊ အာဏာမလွဲပေးဘူးဆိုတာမျိုး မတွေ့မိပါ။
ဒါဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကျမှ အစိုးရဖက်က ဘာကြောင့် အသိအမှတ်မပြု၊ အာဏာမလွဲပေးနိုင် ဖြစ်သွားရတာလဲ။ ဒီကိစ္စကို ကော်မရှင်ရဲ့စာမျက်နှာထဲမှာ ရှင်းပြထားခြင်းမရှိပါဘူး။ ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၃ ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် တချို့ ၀င်ပြိုင်ကြပြီး နိုင်ငံရေးပါတီ ၂၇ ခုက ကိုယ်စားလှယ် ၄၇၉ ဦးနှင့် တသီးပုဂ္ဂလ ၆ ဦးရွေးချယ်ခံခဲ့ရတယ် လို့သာ ဖေါ်ပြထားပါတယ်။
နောက်တပိုဒ်မှာတော့ ‘’နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကျင်းပပြီးနောက် စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက် နိုင်ရန်အတွက် ၁၉၉၃ ခုနှစ် ဇန်နာဝါရီလ ၉ ရက်တွင် ၁၉၉၀ ပြည်နှစ်ရွေးကောက်ခံ အမတ်များ၊ လူထုလူတန်းစား အသီးသီးနှင့် တိုင်းရင်းသား အားလုံး၏ ကိုယ်စားလှယ်များပါဝင်သော အမျိုးသားညီလာခံကို ကျင်းပကာ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အခြေခံမူများရေးဆွဲရေးကို ဆောက်ရွက်ခဲ့သည်’’ လို့ ဖေါ်ပြထားပါတယ်။
အဓိပ္ဗာယ်ကတော့ ၁၉၉၀ ရွေးကောက်ပွဲဟာ လွတ်တော်အမတ်ရွေးချယ်ပွဲမဟုတ်၊ ဖွဲ့စည်းပုံဆွဲဖို့ ကိုယ်စား လှယ် ရွေးချယ်ခြင်းသာဖြစ်တယ်ဆိုတဲ့သဘောပါပဲ။ အဲဒီလို ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုမှုကနေ စခဲ့တဲ့ ဇတ်လမ်းဟာ အခု ၂၆ နှစ်ကြာတဲ့အထိ မပြီးသေးပါဘူး။ တောခိုတဲ့လူခို၊ ထောင်နန်းစံ တဲ့လူစံနဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လုံးလုံး တိုင်းပြည်တခုလုံး ဒုက္ခရောက်ခဲ့တာ အားလုံးအသိပါ။
ဒါပေမယ့် ၂၀၁၁ ခုနှစ်နှောင်းပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကပြန်လွတ်လာပြီး နောက်မှာတော့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံမှုတွေအရ ၂၀၀၈ ခုနှစ်အခြေခံဖွဲ့စည်းပုံအတိုင်းသွားနေတဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်လမ်းကြောင်းကိုလက်ခံမယ်၊ အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်းပေါ် ဒီမိုကရေစီအင်အားစု အတော်များများ ရောက်ရှိသွားပါတယ်။
ဒီလိုနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့တယ်ဆိုပါတော့။ ဒါပေမယ့် အဲဒီ အပြတ်အသတ်ဆိုတာဟာ ၁၉၉၀ တုန်းကလို မဲဆန္ဒနယ် ၄၈၅ နေရာမှာ ၄၀၀ နီးပါးအထိ အနိုင်ရတာမျိုးမဟုတ်။ ကြံ့ခိုင်ရေးပါတီအမတ်တွေထဲက ၀န်ကြီးဖြစ်သွားလို့ လစ်လပ်နေရာ ၄၀ ကျော်ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းမျှ သာဖြစ်ပါတယ်။
ဆိုလိုတာက အမျိုးသားလွတ်တော်၊ ပြည့်သူ့လွှတ်တော် အမတ်နေရာ ၁၁၅၄ ဦးနေရာမှာ NLD ပါတီ က ၄၀ ဦးအနိုင်ရခြင်း သို့မဟုတ် အမတ်ဦးရေရဲ့ ၅ ရာခိုင်နှုန်းခန့်ကိုသာ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ ဒီလို ၅ ရာခိုင်နှုန်းသာ အနိုင်ရပေမယ့်လည်း အဲဒီပထမ ခြေလှမ်းအပေါ် ခြေကုတ်ယူပြီး လွှတ်တော်တွင်းကနေ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အများပြည်သူ စားဝတ် နေရေး အဆင်ပြေလာအောင် လုပ်ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အခု ၄ နှစ်ကြာတဲ့အထိ ဘာမှလုပ်မပေးနိုင်တဲ့အတွက် အများရဲ့ဝေဖန်မှုကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ခံလာနေရပါတယ်။ ဒီလိုအခြေနေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရကျင်းပမဲ့ နောက်ထပ် ရွေးကောက်ပွဲတခုကို ဒေါ် အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ထပ်ဝင်သင့်ပါသလား။ ဒီတကြိမ် ရွေးကောက်ပွဲမှာကော ၁၉၉၀ တုန်းကလိုပဲ NLD အပြတ်အသတ်အနိုင်ရနိုင်ပါသေးသလား။ တကယ်လို့ အနိုင်ရရင်ကော အစိုးရက အာဏာလွဲပေးပါ့မလား။
၂၀၁၅ ရွေးကောက်ပွဲနှင့် တိုင်းပြည်ပြန်လည်ထူထောင်ရေး
ဒီလိုမေးခွန်းတွေများစွာရှိနေပေမယ့်လည်း NLD နဲ့ ဒီမိုကရေစီအင်အားစုတွေမှာ ရွေးကောက်ပွဲကိုဝင်ရေးမှ အပ တခြားရွေးစရာလမ်းက သိပ်မရှိပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခွင့်အရေးနဲ့မကိုက်ညီတဲ့အချက်တွေကို ပြင်ပေးမှ ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင်မယ်လို့ တင်းခံနေပေမယ့် နိုင်ငံရေးပါတီတွေဖက်က အဲဒီလို တင်းခံနေတာမျိုး မတွေ့မိပါ။
ဒီတော့ ၂၀၁၅ မှာ အမတ်နေရာအများဆုံးရရေးအတွက်သာ ပါတီအားလုံးက စိုင်းပြင်းကြတဲ့ပုံပါပဲ။ တရားဝင် မဲဆွယ်ခွင့်မရခင်တောင် ပါတီအသီးသီးက နည်းမျိုးစုံနဲ့ မဲဆွယ်နေကြပါပြီ။ ထူးခြားတာကတော့ အဲဒီလို မဲဆွယ်နေ တဲ့ ပါတီအတော်များများမှာ ရှင်းလင်းတဲ့မူဝါဒ Manifesto မရှိကြပါဘူး။ ဆိုလိုတာက သူတို့ပါတီက လက်ဝဲယိမ်း လား၊ လက်ယာယိမ်းလား၊ ဗဟိုလက်ဝဲယိမ်းလား၊ ဗဟိုလက်ယာယိမ်းလား၊ စသဖြင့် ဘာမှ ရှင်းရှင်းလင်းလင်းမရှိပါ။ သူတို့ပါတီ အာဏာရင် ဘယ်လိုလမ်းစဉ်နဲ့ သွားမယ်ဆိုတာ ဘာမှ အတိအကျ ဖေါ်ပြထားခြင်း မရှိကြပါဘူး။
ဒီလိုရှင်းလင်းတဲ့မူဝါဒ မရှိတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းဓတ်ပုံကို အိမ်မှာတွေ့ရင် ဖမ်းဆီးထောင်ချ မယ်ဆိုပြီး အမိန့်ပေးခဲ့ဖူးတဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့ ကြံ့ခိုင်ရေးပါတီကလည်း အခုတော့ ဗိုလ်ချုပ်ဓာတ်ပုံနဲ့ မဲဆွယ်လိုဆွယ်။ CRPP (၉၀ ရွေးကောက်ပွဲရလာဒ်အပေါ်အခြခံဖွဲ့ထားတဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စား ပြုကော်မီတီ) မူ ပေါ်အခြေ ခံပြီး တိုင်းရင်းသားတွေနဲ့မဟာမိတ်ဖွဲ့ထားတဲ့ NLD ပါတီကလည်း သူတို့ပါတီ ဟာ ဗမာပါတီမဟုတ်ဘူး၊ ပြည်ထောင် စုပါတီဖြစ်တယ်လို့ပြောပြီး တိုင်းရင်းသားပါတီတွေကို ပြိုင်ဖက်လို သဘောမျိုးပြောလိုပြော စသဖြင့် တွေ့လာနေရပါတယ်။
ဒီအတွက် ၈၈ မျိုးဆက်က NLD နဲ့ တိုင်းရင်းသားပါတီတွေအကြား၊ အထူးသဖြင့် CRPP မူကိုဆက်ကိုင် ထားတဲ့ ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ UNA ကြား မဟာမိတ်ဖွဲ့နိုင်အောင် ကြားဝင် ညှိနှိုင်းပေးနေတယ်ဆို တဲ့ သတင်းတွေလည်း အခု ၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ ထွက်လာခဲ့ ပါတယ်။ တချို့ဝေဖန်သူတွေက ဆိုရင် NLD ဟာ တိုင်းရင်းသားတွေနဲ့မဟာမိတ်မဖွဲ့ပဲ ကြံ့ခိုင်ရေးပါတီနဲ့များ မဟာမိတ်ဖွဲ့သွားလေမလားဆိုပြီး ဘယ်တုန်းကမှ ထင်မထားတဲ့ မေးခွန်းမျိုးတောင် မေးလာနေကြပါတယ်။
ထားတော့။ ‘’နိုင်ငံရေးမှာ ထာဝရ ရန်သူ၊ ထားဝရ မိတ်ဆွေဆိုတာမရှိ။ ထာဝရ အကျိုးစီးပွါးသာရှိတယ်’’ လို့ အဆို ရှိတယ် မဟုတ်ပါလား။ အရေးကြီးတာက အဲဒီပါတီတွေအနိုင်ရရင် မဲဆန္ဒရှင်တွေကို ဘာလုပ်ပေးမှာ လဲ ဆိုတာပါပဲ။ လမ်းတခြမ်းခင်းမယ်၊ တံတားအသစ်ဆောက်ပေးမယ်ဆိုပြီး ၂၀၁၀ တုန်းကလို ခေတ်ဟောင်းတီးလုံးနဲ့ ဆက်ကနေလို့ မရတော့ပါ။
ပြည်တွင်း ငြိမ်းချမ်းရေးရအောင် ချက်ချင်းလုပ်ဖို့လိုနေပါတယ်။ ဘာသာရေး၊ လူမျိုးရေး မငြိမ်သက်မှုတွေကို တည် ငြိမ်အောင် ချက်ချင်းလုပ်ပေးဖို့လိုနေပါတယ်။ လယ်ယာမြေအသိမ်းခံရလို့ ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေနေတဲ့ လယ်သမားတွေဘ၀ တိုးတက်လာအောင်လုပ်ပေးဖို့လိုနေပါတယ်။ တနေ့လုပ်ခ ကျပ် ၃၀၀၀ မရလို့ ဆန္ဒပြနေတဲ့ အလုပ်သမားကိစ္စ အရေးပေါ်ဖြေရှင်းပေးဖို့လိုနေပါတယ်။ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်မျိုးရချင်လို့ ဆန္ဒပြမှု နဲ့ဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေပြန်လွတ်ရေး ဆောင်ရွက်ပေးဖို့ လိုနေပါတယ်။ အများပြည်သူ အခြေခံ လိုအပ် ချက်ဖြစ်တဲ့ ရေ၊ မီး ကအစ ပုံမှန်ရအောင် အမြန်လုပ်ပေးဖို့ လိုနေပါတယ်။
ဆိုလိုတာက ရွေးကောက်ပွဲကျင်းပလိုက်၊ ကိုယ်ကြိုက်တဲ့ရလာဒ်မရရင် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ အာဏာ မလွှဲပဲ ရူးချင်ယောင်ဆောင်နေလိုက်၊ အမျိုးသားညီလာခံ လုပ်လိုက်၊ ငြိမ်းချမ်းရေးဆွေးနွေး ပွဲလုပ်လိုက်၊ ပြန်တိုက်လိုက် စသဖြင့်လမ်းဟောင်းကြီးအတိုင်း ဆက်သွားနေလို့မရတော့ပါ။
ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေက ကိုယ်ထက် အဆများစွာရှေ့ကိုတိုးတက်နေပါပြီ။ ကိုယ့်နိုင်ငံသားတွေ နိုင်ငံတကာ အဆင့်မမီနိုင်သေးရင်တောင် အိမ်နီးချင်း နိုင်ငံတွေနဲ့တန်းတူ နေနိုင်၊ စားနိုင်၊ ပြောနိုင်၊ သွားနိုင်၊ တန်းဝင်နိုင်အောင် လုပ်ပေးဖို့ အားလုံးဝိုင်းဝန်းလက်တွဲဆောင်ရွက်ရမဲ့အချိန် ရောက်နေပြီဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရ ပါ တယ်။ ။
0 comments:
Post a Comment