Friday, May 22, 2015

Back Stories of a rider. (ပြိုင်ပွဲနောက်ကွယ်က စက်ဘီသမားတဦးရဲ့ အတွေးစများ)

Back Stories of a rider.
(ပြိုင်ပွဲနောက်ကွယ်က စက်ဘီသမားတဦးရဲ့ အတွေးစများ)

ဥရောပနဲ့ အမေရိကားမှာကျင်းပနေတဲ့ နိုင်ငံတကာ စက်ဘီးစီးပြိုင်ပွဲတွေကို TV မှာကြည့်ရင်း၊ အင်တာနက်မှာရှာဖတ်ရင်းနဲ့ မြန်မာစက်ဘီးလောက အကြောင်းတွေးမိပါတယ်။

(Alberto Contador (Spa) Tinkoff-Saxo ရဲ့ နေ့လည်စာ၊ မြန်မာတွေစားသလို ဖီကြမ်းငှက်ပျောသီးတော့ မတွေ့မိပါ)

ပထမ ဆုံးတွေးမိတာ နိုင်ငံတကာအဆင့်မီ Pro စက်ဘီးအသင်းတွေ ဖွဲ့နိုင်ရေး ပါ။ အဲဒီထက်အဆင့်လျော့စဉ်းစားရင် အာဆီယံဒေသအဆင့်မီ Pro အသင်း တွေဖွဲ့ရေး၊ အဲဒါကိုမလုပ်နိုင်သေးရင်တောင် ပြည်တွင်းမှာ Pro အသင်းဖွဲ့ရေး များလုပ်နိုင်မလားလို့ပါ။ 

မြန်မာနိုင်ငံမှာ Pro အသင်းတွေရှိနေပြီးသားဖြစ်ရဲ့နဲ့ စာရေးသူမသိတာဆိုရင် တော့ ဆောရီးပါ။ ဒီစာမျက်နှာကိုဝင်ဖတ်နေကြတဲ့ စက်ဘီးသမားတွေက ကျ နော့်ဆီ ထင်မြင်ချက်ပေးကြစေချင်ပါတယ်။

ဒုတိယအချက်ကလည်း Pro အသင်းတွေမရှိခြင်းနဲ့ပဲ ဆက်စပ်နေမလားပါပဲ။ မြန်မာနိုင်ငံမှာ စက်ဘီးအသင်းတွေ၊ စက်ဘီးတင်တဲ့ကားတွေ မတွေ့မိသေးပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က နေပြည်တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှ အားက စားပွဲအကြို စက်ဘီးစီးပြိုင်ပွဲဆီ ကျနော်ရောက်သွားပါတယ်။ ဒီစာမျက်နှာထဲမှာ နေ့စဉ်လိုလိုပုံတွေတင်နေတဲ့ မော်လမြိုင်က ကိုဖိုးအောင်ရဲ့ ဖိတ်ကြားချက်နဲ့ပါ။

မြန်မာအသင်းစီးတဲ့စက်ဘီးတွေဟာ နိုင်ငံတကာအဆင့်မီ သိန်း ၃၀-၄၀ တန် ကာဘွန်ဘီးတွေဖြစ်ပေမယ့် ရှေ့မှာတင်ပြခဲ့သလို စက်ဘီးကိုထောက်ပံ့တဲ့ အပြင်အဆင်၊ အခင်းအကျင်းတွေကတော့ လိုနေဆဲပါ။ ထားတော့။ ဒါက တဖြေးဖြေးဖြစ်လာမှာပါ။ မြန်မာက အခုမှ နိုင်ငံတကာလမ်းမပေါ်တက်ဖို့ ခြေလှမ်းပြင်တုန်းမဟုတ်ပါလား။


စက်ဘီးစီးရင်း သောက်ရေဘယ်လိုဖြည့်မလဲ။

နိုင်ငံတကာပွဲတွေကိုကြည့်ရင်း ပထမ ဆုံး သတိထားမိတာက ရေဗူးတွေကို တခါသုံးပြီးလွှင့်ပစ်လိုက်တဲ့မြင်ကွင်းပါပဲ။ အခုခေတ် မြန်မာစက်ဘီးသမားတွေ ဘယ်လိုသုံးနေလဲတော့မသိပါ။ ၁၉၈၈ ၀န်းကျင် ကျနော်တို့စက်ဘီးသမားဘ၀ ကတော့ ရေဗူးတလုံးကို ၁၀၀၊ ၁၅၀ ကျပ်နဲ့ဝယ်ရလို့ တခါသုံးပြီးလွှင့်ပစ်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။ အဲဒီအချိန်က တလုံးအတွက် ကျောင်းစရိတ်က ကျပ် ၃၀၀ ပဲရှိတာပါ။


နိုင်ငံတကာပွဲတွေမှာတော့ ရေကုန်တာနဲ့လွှင့်ပစ်၊ အသစ်ဗူးတွေကို ကိုယ်ရဲ့ အသင်းကားကနေလာပေး၊ သို့မဟုတ် အသင်းဖေါ်တဦးဦးက နောက်မှာနေ ခဲ့ပြီး အသင်းကားဆီက ရေဗူးတွေယူကာ အသင်းသားတွေကိုလိုက်ပေးပေါ့။ ရေဗူးကအစ သူ့သက်ဆိုင်ရာ အသင်းတံဆိပ်တွေနဲ့။ 

ပြီးတော့ အစားအသောက်ပေးတဲ့ Feed လုပ်တဲ့နေရာမြင်ကွင်း။ မြန်မာနိုင်ငံ က တာဝေးပွဲတွေမှာလည်း အဲဒီလိုအစားအသောက်ပေးတဲ့နေရာရှိပါတယ်။ ဒါပေမယ့် ကိုယ့်အသင်းနဲ့ကိုယ်ပေးနိုင်တာမျိုးမဟုတ်။ အား-ကာ တာဝန်ရှိသူ တွေကပေးတဲ့ဟာ သင့်သလိုသာ ယူဖြည့်ပေတော့။ 

အစာထည့်ထားအိတ်ကလည်း တခါသုံးပါပဲ။ မြန်မာနိုင်ငံမှာစက်ဘီးစီးနေစဉ် တုန်းကတော့ နိုင်ငံတကာပွဲလည်းမကြည့်ဖူးတော့ ဒါတွေကိုမသိဘူး။ ရှေ့မှာ ညွန်းခဲ့တဲ့ မော်လမြိုင်က ကျနော့်ဆရာ ကိုဖိုးအောင်က ငှက်ပျောသီး (ဘာ ကြောင့်မှန်းမသိ၊ မြန်မာပြည်က အားကစားသမားတွေက ဖီးကြမ်းပဲစားကြ ပါတယ်၊ ဥရောပမှာတော့ ဖီကြမ်းသီးကိုတောင် မတွေ့မိပါ)နဲ့ တခြားစားစရာ အနည်းအကျဉ်းထည့်ထားတဲ့ အိတ်ကိုယူပြီး အမြဲတန်းလွယ်ထားတော့ ပွဲ အစ အဆုံး ဒီလိုပဲ လွယ်ထားရတယ်လို့ထင်ခဲ့ပေါ့။

မလွယ်လို့လည်းမရဘူးလေ။ လမ်းမှ ရေပြတ်ရင်၊ စားစရာပြတ်ရင် ကိုယ့်အ သင်းကားတွေ၊ ဆိုင်ကယ်တွေမရှိတော့ လိုသမျှအားလုံး ကိုယ်နဲ့တပါတည်း ယူသွားမှ စိတ်ချရတော့မပေါ့။


စက်ဘီးစီးရင်းနဲ့ အီးအီးပါချင်ရင် ဘယ်လိုလုပ်မလဲ။

ဒီဆောင်းပါးကိုဖတ်နေတဲ့ စက်ဘီးသမားတွေထဲမှာ ပြိုင်ပွဲဝင်နေရင်းနဲ့ အီးအီး ပါဖူးသူ ရှိပါသလား။ ပုံမှန်အားဖြင့်ကတော့ ပြိုင်ပွဲဆီ အာရုံစိုက်ထားတဲ့အတွက် အီးအီးဖက် သိပ်အာရုံလာလေ့မရှိပါဘူး။ ဒါပေမယ့် ဥရောပကပွဲတွေလို တနေ့ ကို ကီလို ၂၀၀ ကျော်၊ သတင်း ပတ်လောက်စီးမယ်ဆိုရင်တော့ ပြိုင်ပွဲအ တွင်း အီးအီးပါချင်သူရှိရင် ရှိလာမှာပေါ့။

Tour de France ပြိုင်ပွဲအတွင်း အီးအီးမအောင့်နိုင်တဲ့ စက်ဘီးသမားတဦး ဟာ လမ်းဘေးက အပန်းဖြေယဉ် (အပန်းဖြေကားတွေမှာ အိမ်သာလဲပါ ပါ တယ်) ထဲအတင်းပြေးဝင်ပြီး အိမ်သာတက်တာကို သတင်းဟာသအဖြစ်ပြ တာတွေ့လိုက်ဖူးပါတယ်။

တချိန်လုံး TV က လိုက်ဖ်ပြနေတာဆိုတော့ အီးအီးပါဖို့မလွယ်ပါ။ ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့ နေပြည်တော်ပွဲမှာတော့ ဘရူးနိုင်းကစက်ဘီးသမားထင် တယ်။ ပန်းဝင်ဖို့ ၁၀ ကီလိုလောက်အလိုမှာ အီးအီးမအောင့်နိုင်တော့လို့ဆိုပြီး စက်ဘီးကိုလမ်းဘေးချ၊ တောထဲပြေးဝင်သွားပါတယ်။ နေပြည်တော်မှာက ၀န်ကြီးဌာနတခုနဲ့တခုကြား တောတွေကခပ်ထူထူဆိုတော့ ဘယ် တီဗွီ က မှ ဒီအကွက်ကို မရလိုက်ပါ။

ဒါက အီးအီးကိစ္စ။ အီးအီးပါသူ မရှိသလောက်နည်းပေမဲ့ ရှုးရှုးပေါက်သူကတော့ အတော်များပါတယ်။ တနေ့ကို - နာရီစက်ဘီးပေါ်ထိုင်နေရတာဆိုတော့ ဘယ်အောင့်ထားနိုင်ပါ့မလဲ။ ဒါပေမယ့် ရပ်ပြီးပေါက်နေရင် နောက်ကျကျန်ခဲ့ မှာစိုးတော့ သွားရင်းနဲ့ရှုးရှုးပေါက်တဲ့နည်းတွေကို စက်ဘီးသမားတွေ ကျင့်ထား ရပုံပါပဲ။

တချို့ဆို အသင်းလိုက်တန်းစီပြီး တဦးလက်တဦးကိုင်ဖေးမရင်းနဲ့ သွားရင်းပန်း သွားတာ TV မှာ မကြာခဏမြင်နေရပါတယ်။ တချို့ကတော့ အုပ်စုလိုက် လမ်း ဘေးတလျောက်တန်းစီပြီး စက်ဘီးကိုခွာက ပေါက်တောလုပ်ကြပါတယ်။ ကင်မရာသမားတွေကလည်း ဒါမျိုးကို နောက်ကျောကနေပဲ ခပ်ဝါးဝါးရိုက်ရင်း ဟာသ လုပ်လေ့ရှိပါတယ်။


စက်ဘီးစီးရင်း နေ့လည်စာ သုံးဆောင်သူများ

အခု အီတလီမှာကျင်းပနေတဲ့ သတင်း ပတ်ကြာ Giro d'Italia ပြိုင်ပွဲအပါဝင် ပွဲကြီးမှန်သမျှဟာ နေ့လည်ပိုင်းစီးကြတာမို့ စက်ဘီသမားအားလုံး နေ့လည်စာ ကို စက်ဘီးစီးရင်းနဲ့ စားသုံးကြရပါတယ်။ စက်ဘီးစီးအကျီနောက်ကျောက အိပ်ကပ် ခုစလုံးမှာ အဲဒီအစာတွေနဲ့ပြည့်လို့ပေါ့။ 

စက်ဘီးစီးတာကို ဒုက္ခခံနေသူများအဖြစ်နောက်ပြောင်လေ့ရှိတဲ့ ကျနော်မိတ် ဆွေတဦးကတော့ TV ပေါ်က စက်ဘီးသမားတွေကိုကြည့်ရင်း ''မင်းတို့ စက်ဘီးသမားတွေကလည်း အရင်ဘ၀က ဘာဝဋ်ရှိလည်းမသိဘူး။ ထမင်းစားချိန်လည်း မနားရ၊ ရေသောက်ချိန်မှာလည်း ထွက်ပြေးကြနဲ့'' ဆိုပြီး ဝေဖန်ခဲ့ဖူးပါတယ်။

ဟုတ်တော့လည်းဟုတ်ပါတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာသူတွေပါပဲ။ ပြိုင်ပွဲဝင်ရင်း အစာစားတယ်ဆိုတာကလည်း ကုန်းတက်၊ ကုန်းဆင်းမရှိတဲ့အချိန်၊ အကွေ့ အကောက်မများတဲ့အချိန်တွေကိုရွေးပြီးစားရတာ။ စားနေချိန်မှာ လက်တဖက် ကလွတ်ထားရတာဆိုတော့ မတော်လို့ချော်လည်းသွားရင် အစားမက်လို့ ချော် လဲတာဆိုပြီး အပြောခံရနိုင်ပါတယ်။

တခါ ကိုယ်စားနေချိန်မှာ အခြားပြိုင်ဖက်တွေက အရှိန်တင်ပြီးထွက်ပြေးမသွား အောင်လည်း ဘေးပတ်လည်ကိုကြည့်ရပါသေးတယ်။ မိုးရွာပြီး လမ်းလျော်နေ ရင် အခြေအနေက ပိုဆိုးပေါ့။


...(လောလောဆယ် စဉ်းစားမိသလောက်ရေးလိုက်တာပါ။ ဆက်လက် တင်ပြပါဦးမည်...)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More