Monday, June 2, 2014

ဗိုလ်မှူးကြီး ဗထူး အောက်မေ့ဖွယ်အခမ်းအနား ဇာတိရွာတွင် ပထမဆုံးအကြိမ် ကျင်းပ

|Dawei Watch | ထားဝယ်၊ ဇွန် ၂

ဗိုလ်မှူးကြီး ဗထူး ကျဆုံးခြင်း ၆၉ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဇွန်လ ၂ ရက်နေ့က ဇာတိရွာဖြစ်သည့် လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။

ဗိုလ်မှူးကြီး ဗထူး ကောင်းရာ သုဂတိ လားစေရန်၊ ထားဝယ်သားများအားလုံး ပြန်လည် အမှတ်ရစေရန်၊ လူငယ်များ ဗိုလ်မှူးကြီးဗထူး၏ ရဲရင့်သည့် စိတ်ဓာတ်ကို အတုယူစေရန်နှင့် ထားဝယ်တိုင်းရင်းသားအချင်းချင်း ရင်းနှီးမှု ပိုရလာစေရန် ရည်ရွယ်ပြီး အခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း အခမ်းအနားကို ဦးဆောင်ပြုလုပ်သည့် ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ရှင်းပြသည်။

“သူတို့ခေတ် သူ့တို့ကာလက သမိုင်းပေးတာဝန်ကို ထမ်းဆောင်သလိုမျိုး ကျွန်တော်တို့ခေတ်မှာ သမိုင်းပေး တာဝန် ကျေပွန်အောင် ထမ်းဆောင်မှ သူရဲကောင်းတွေကို ဂုဏ်ပြုရာ၊ သတိပြုရာ၊ အောက်မေ့ရာ၊ ချီးကျူးရာရောက်မယ်”ဟု ဦးအေးမင်းက ဆိုသည်။


အဆိုပါအခမ်းအနား၌ တက်ရောက်လာသူများသည်  သံဃာတော်များ၏ တရားတော်ကို နာယူခြင်း၊ ဗိုလ်မှူး ကြီး ဗထူးအား ရည်စူး၍ ရေစက်ချ အမျှဝေခြင်းများပြုလုပ်ပြီးနောက် သံဃာတော်များကို နေ့လည်ဆွမ်းဆက် ကပ်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် ခန်းမအတွင်း ပြင်ဆင်ထားသည့် ဗိုလ်မှူးကြီး ဗထူး၏ ရုပ်ပုံအရှေ့၌ ပန်းပွင့်များချ၍ အလေးပြုခြင်း၊ ကမြောကင်းတံတားထိပ်ရှိ ဗိုလ်မှူးကြီး ဗထူး ရုပ်ထုအရှေ့တွင် အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးဗထူးကို ၁၉၁၆ ခုနစ် (မြန်မာ သက္ကရာဇ် ၁၂၇၈ ခုနစ်) တွင်လေးသွန်းခံကျေးရွာတွင် အဘ ဦးဘကွန်း အမိဒေါ်စိန်မြတို့မှ မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်နေ့တွင် ဖက်ဆစ်ဂျပန်များကို တော်လှန်ရင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အနီး တယ်လူစခန်း (ယခုဗထူးတပ်မြို့နေရာ) တွင် ငှက်ဖျားရောဂါကြောင့် ကွယ်လွန်ခဲ့သည်ဟု သမိုင်းမှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။


ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း ၆၉နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ထားဝယ်တိုင်းရင်းသားများပါတီမှ ဦး ဆောင်ပြီး ထားဝယ်ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ ကျင်းပပြုလုပ်ခဲ့ကာ ထားဝယ်ဒေသခံ ၃၀၀ ဦးကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More