Tuesday, June 3, 2014

ထားဝယ် လယ်သမား၂၀ ဦး ကို သက်ဆိုင်ရာက အမှုဖွင့်

Dawei Watch၊ ထားဝယ်၊ ဇွန် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ ဆန်းချီရပ်ရှိ သိမ်းဆည်း လယ်မြေများပေါ်တွင် အကောင်အထည်ဖော်နေသည့် မြို့ပြစီမံကိန်း ဧရိယာအတွင်း မြေကွက်ရိုက် အုတ်တိုင်စိုက်သည်ကို တားဆီးသည့် သိမ်းဆည်းခံ လယ်သမား ဦးကြူလွင်အပါအ၀င် ၂၀ ဦးကို ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က တရားလို ပြုလုပ်ပြီး ဇွန်လ ၂ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ပြည်သူဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ် ၀တ္တရား နှောက်ယှက်မှု၊ ဆဲဆိုမှုနှင့် ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်မှုတို့ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၃ ၊ ၂၉၄ နှင့် ၁၁၄ တို့အရ အမှုဖွင့်ထားပြီး လက်ရှိတွင် လယ်သမား ၂၀ ဦးအား စစ်ဆေးနေကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

“လက်ရှိတော့ စစ်ဆေးနေတုန်းပဲ၊ စစ်ဆေးပြီးမှ ဘယ်နှယောက် တရားစွဲတင်ခံမယ်ဆိုတာ သိနိုင်မယ်” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁ ရက်နေ့က သက်ဆိုင်ရာဌာနများမှ ယင်းလယ်ယာမြေများ၌ မြေကွက်ရိုက်ပြီး အုတ်တိုင်စိုက်ရန် စီစဉ်စဉ် အစိုးရက ပေးသည့် နှုန်းထားကို သဘောမတူသည့် လယ်သမားများက တားမြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်မှု ၅ ကြိမ် ဖြစ်ပွားခဲ့ရာမှ ထိုသို့ အမှုဖွင့် တိုင်ကြားခံရခြင်း ဖြစ်ကြောင်း လယ်သမားများက ပြောသည်။

“မြေကွက်ယူဖို့ သဘောတူထားတဲ့ နေရာတွေမှာ မြေကွက်ရိုက်ပြီး၊ အုတ်တိုင်စိုက်တာကို မတားမြစ်ခဲ့ဘူး၊ ညှိနှိုင်းလို့ မပြေလည်သေးတဲ့ လယ်မြေမှာ လုပ်တာတော့ တားမြစ်ခဲ့တယ်၊ ဆဲဆိုခဲ့တာတော့ မရှိဘူး၊ အမှန်တရားကို လုပ်ပေးဖို့ ရှိခိုးတောင်းပန်တာပဲ ရှိတယ်”ဟု လယ်သမား ဦးကြူလွင်က ဆိုသည်။

လယ်သမားများအား ယင်းသို့ အမှုဖွင့်ကာ တရားစွဲတင်ရန် စစ်ဆေးနေချိန်တွင် အခင်းဖြစ်သည့် လယ်မြေများပေါ်တွင် အုတ်တိုင်များကို သက်ဆိုင်ရာက စတင် စိုက်နေပြီဖြစ်ကြောင်း လယ်သမား ဦးကြူလွင်က ပြောသည်။

“လက်ရှိတော့ ကိုယ့်ကိုကိုယ် အာမခံပြီး လွှတ်လိုက်တယ်၊ ဘယ်နှယ်ယောက်ကို တရားစွဲတင်မယ် ဘာညာ နောက်ပိုင်းကိစ္စကိုတော့ မသိသေးဘူး”ဟု သိမ်းဆည်းခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဝင်းက ဆိုသည်။


သိမ်းဆည်းထားသည့် လယ်မြေများအတွက် သုံးဧကကို ပေ ၄၀၊ ပေ ၆၀ ရှိ မြေကွက်တစ်ကွက်ပေးမည်၊ သုံးဧက အနည်းငယ်ကျော်သူကို မြေကွက်နှစ်ကွက်ပေးမည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြောဆိုခဲ့သော်လည်း ယင်းကို လယ်သမားအချို့သာ သဘောတူခဲ့သည်။

သဘောမတူသည့် လယ်သမားများက ၎င်းတို့၏ လယ်ယာမြေများပေါ်တွင် စီမံကိန်း အကောင်အထည်ဖော်မှုကို အစဉ်တစ်စိုက် ကန့်ကွက်ခဲ့ပြီး ရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထိပ်တိုက်တွေ့မှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက်လည်း နှစ်ကြိမ် ဆန္ဒပြခဲ့ပြီး ဖြစ်သည်။

ယခင်အစိုးရလက်ထက်က ကမြောကင်းလမ်းမကြီး၏ အရှေ့နှင့် အနောက်ဖက်ရှိ လယ်မြေများအား ၁၉၉၀ခုနှစ်က သိမ်းဆည်းခဲ့ပြီး အရှေ့ဘက်ရှိ မြို့သစ်စီမံကိန်း တည်ဆောက်ထားသည့် လယ်မြေများအတွက် မြေကွက်တစ်ကွက်နှင့် ငွေကျပ် ၇၀၀၀ကျပ် ပေးအပ်ခဲ့ပြီး လမ်းမကြီး အနောက်ဘက်ခြမ်းရှိ လယ်ယာမြေများအတွက် မည်သည့် နစ်နာကြေးမှ မပေးခဲ့ပေ။

Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More