Thursday, June 26, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၆)

သံရုံးသိမ်း သေနတ်သမားနှင့် ဒုတိယအကြိမ် အင်တာဗျုးရခြင်း

ထူးထူးရှယ် အင်တာဗျုး ပို့ပြီးလို့ အိမ်ပြန်ဖို့ပြင်နေတုန်း ကိုဝင်းနိုင်ဦးဆီက ဖုန်းဝင်လာပါတယ်။ ''ဆော ရီးဗျာ ဟေ့လူ။ ခင်ဗျားပို့ထားတဲ့ ဖွိုင်ကိုမှားပြီး Delete လုပ်မိလို့၊ ပြန်ပို့ပေးပါဦး'' တဲ့။ သေပြီဆရာပေါ့။ အဲဒီအချိန်က အခုခေတ်လို အသံဖွိုင်ကို ကွန်ပျူတာပေါ်တင်၊ Cool edit ပရိုဂရမ်နဲ့တည်းဖြတ်၊ အီးမေး လ်နဲ့ပို့တဲ့ အဆင့်မရှိသေးပါ။ တယ်လီဖုန်းကတဆင့် ထွက်လာတဲ့အသံကို ကြိုးနဲ့သွယ်ပြီး Sony MD ထဲ မှာ Record လုပ်၊ အဲဒီအသံကို အဲဒီရီကော်ဒါထဲမှာပဲ အကြမ်း Edit လုပ်၊ ပြီးရင် တယ်လီဖုန်းနဲ့ပြန် ချိတ်ပြီး အော်စလိုရုံးက ဖုန်းခေါ်လာချိန်မှာ ဒီတိုင်းပို့ရတဲ့အခြေနေပါ။

(သံရုံးသိမ်းသေနတ်သမား ကိုဂျော်နီကို အဲဒီအချိန်ကတွေ့ရစဉ်)

အယ်ဒီတာကို ပြန်အပြစ်ပြောဖို့ကလည်း ခပ်ခက်ခက်။ ဒီတော့ ရီကော်ဒါကိုပြန်ဖွင့်၊ အသံရှိတဲ့နံပါတ် တွေကို ပြန်ရှာ၊ တယ်လီဖုန်းနဲ့ပြန်ချိတ်ပြန်ပို့ရပြန်ပေါ့။ တယ်လီဖုန်းဆိုလို့ အဲဒီအချိန်ထိ တယ်လီဖုန်းနဲ့ ရီကော်ဒါကြားမှာချိတ်ဆက်ပေးတဲ့ ကြားခံကြိုး (adapter) မရှိသေးပါ။ ဒီတော့ ဗျုရိုတာဝန်ခံ ကိုခင် မောင်ဝင်း ကိုယ်တိုင်တီထွင်ထားတဲ့ တယ်လီဖုန်းကို အပေါက်ဖောက်ပြီး ကြိုးနဲ့ချိတ်ထားတဲ့ လက်လုပ် ကိရိယာနဲ့ ချိတ်ဆက်ပို့ရပါတယ်။ တခါတလေ အချိတ်အဆက်အဆင်မပြေရင် ''ဂျစ်စ်စ်...'' ဆိုတဲ့အသံ က ပါနေတတ်တဲ့အတွက် အတော်စိတ်ပျက်ဖို့ကောင်းပါတယ်။

ဒုတိယအကြိမ် အသံပို့မှုအပြီးမှာတော့ ဘတ်စ်ကားတိုးစီးပြီး အိမ်ပြန်လာပါတယ်။ အဲဒီခေတ်က အင် တာနက်မတွင်ကျယ်သေး၊ လက်ပတော့တွေ၊ အိုင်းပက်တွေ ခေတ်မစားသေးတော့ ရေဒီယိုအသေး လေးနဲ့ပဲ DVB ကို နားထောင်ရပါတယ်။ ဘတ်စ်ကားပေါ်မှာ ရေဒီယိုဖွင့်ပြီး Earphone နဲ့နားထောင် နေတဲ့ ကျနော်ကို ထိုင်းတွေကတော့ အထူးအဆန်းကြည့်နေမှာပေါ့။ မတတ်နိုင်။ ကိုယ်ပို့လိုက်တဲ့ သ တင်းကို ဘယ်လိုလွှင့်သလဲဆိုတာသိချင်တော့ ည ၆ နာရီခွဲ ပထမအကြိမ်အသံလွှင့်ချိန်အမီ ကားပေါ် မှာပဲ ဖြစ်သလို နားထောင်လိုက်ရပါတယ်။

ဒါပေမယ့် အဲဒီအချိန် DVB ရေဒီယိုအသံက သိပ်ကြည်လင်သေးတာမဟုတ်။ အိမ်မှာတိုင်ထောင်ပြီး ဖမ်းရင်တောင် မနည်းဖမ်းနေရတာဆိုတော့ ဘတ်စ်ကားပေါ်မှာဆိုရင် အခြေနေက ပိုဆိုးတာပေါ့။ အိမ် ခန်းရောက်ပြီးလို့ တခြားရေဒီယိုတွေဖြစ်တဲ့ VOA, RFA, BBC ရေဒီယိုတွေကို နားထောင်တော့ ဘယ် ရေဒီယိုကမှ ကိုဂျော်နီနဲ့ အင်တာဗျုးမရ။ ကိုယ်တယောက်တည်း ထူးထူးခြားခြားရတာပါလားဆိုပြီး ဂုဏ်ယူ ချင်စရာကြီး။ (ဒါပေမယ့် နောက်ပိုင်းမှပြန်သိရတာက ဒီလိုထူးထူးခြားခြားတဦးတည်းက သေ နတ်သမားနဲ့ အင်တာဗျုးရတာဟာ မတော်တဆရတာမဟုတ်ပဲ နဂိုကတည်းက အချိတ်အဆက် ရှိလို့ဖြစ်မယ်။ ကြံရာပါဖြစ်နိုင်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိလာခဲ့ပါတယ်)။

အဲဒီလို ဂုဏ်ယူဖို့ပြင်နေတုန်း ည ၉ နာရီ ဒုတိယအကြိမ် (ဒုတိယအကြိမ်က အသံနည်းနည်း ပိုကြည် လင်ပါတယ်) အသံလွှင့်ချိန်အပြီးမှာတော့ တခြားရေဒီယိုတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ နယ်စပ် တကျောရှိ ABSDF ခေါင်းဆောင်တွေက ကျနော်ဆီဖုန်းခေါ်လာကြပါတယ်။ ''ကိုဂျော်နီနဲ့ ဘယ်လို အင် တာဗျုးရလဲ။ ဖုန်းနံပါတ်ရှိရင် ပေးပါ'' ပေါ့။ အဲဒါမှ ဒုက္ခ။ ရဲဘော်ရဲဘက်တွေ၊ မိတ်ရင်းဆွေရင်းတွေ ဆိုတော့ မပေးလို့ကလည်းမကောင်း။ ပေးလိုက်ပြန်ရင်လည်း ကိုယ်တဦးတည်းသာ ထူးထူးခြားခြားရ ထားတဲ့ သတင်းဆို့စ်ကို သူများဆီအလားကားပေးသလိုဖြစ်သွားနိုင်ပါတယ်။

''ဟောဒီနံပါတ် ၂ ခုကိုသာခေါ်ကြည့်ပါ။ အဲဒီထဲက တလုံးလုံးနဲ့ရတယ်။ ဘယ်နံပါတ်လဲတော့ ကျနော် လည်း အတိအကျမမှတ်မိဘူးဖြစ်နေတယ်'' လို့ပြောပြီး တကယ်ခေါ်လို့ရတဲ့ နံပါတ်နဲ့ မရတဲ့နံပါတ် ၂ ခုစလုံး ရေးပေးလိုက်ပါတယ်။ ပြီးတော့မှ ဒီလူတွေမခေါ်ခင် တခါလောက်ထပ်ခေါ်ကြည့်ဦးမှဆိုပြီး နေ့လယ်ကခေါ်တဲ့ နံပါတ်ကို ထပ်ခေါ်မိပါတယ်။

လိုင်းမအားတာ၊ ဖုန်းမကိုင်တာနဲ့ပဲ တိုးနေလို့ လက်လျှော့လိုက်ရပါတယ်။ ဒါပေမယ့် ည ၁ နာရီနီးပါး လောက်မှာတော့ တစုံတယောက်က ဖုန်းလာကိုင်ပါတယ်။ ကိုဂျော်နီပါပဲ။ နေ့လယ်က ဗျုးထားပြီးသား ဆိုတော့ သိပ်မိတ်ဆက်စရာမလိုတော့။ အခြေနေကလည်း မနက်ဖြန်ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ် လိုမှ ကြိုမသိနိုင်တော့ သူတို့ကိုယ်သူတို့ သေလူအဖြစ်သဘောထားပြီး ပြောချင်တာအကုန်ပြောတော့ တာပါပဲ။ ကျနော်စိတ်ထဲမှာလည်း မနက်ဖြန်သေတော့မယ့် လူတွေဆီကနေ ဒီလိုအသံတွေ ယူထားရ တာကို ဂုဏ်ယူစရာလား။ လိုချင်ဇောသိပ်များနေသလား။ သတင်းကျင့်ဝတ်ဖောက်ရာကျမလား မဝေ ခွဲတတ်ပါ။

“ကျနော်လည်း AB ရဲဘော်ဟောင်းပါပဲ။ ကျနော်တို့ ရှေ့တန်းမှာတိုက်နေတာ နှစ်တွေကြာခဲ့ပေမယ့် ဘာမှ မထူးလာဘူးဗျာ၊ ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ Key တွေ၊ ထိပ်မှာထိုင်ပီး အမိန့်ပေးနေသူတွေကို ရှင်းပစ်နိုင်မှ မြန်မာနိုင်ငံအခြေနေက ပြောင်းမှာဗျ” လို့ ကိုဂျော်နီက ပြောပါတယ်။

သူတို့ သံရုံးထဲရောက်စဉ်မှာ သံအမတ်ကြီး ဦးလှမောင်နဲ့ နည်းနည်းလေးပဲ ကပ်လွဲသွားတဲ့အကြောင်း။ ဒီလူကိုမိရင်တော့ တခါတည်း ပစ်သတ်မယ်ဆိုတဲ့အကြောင်း၊ ပြီးတော့ နယ်စပ်ကတော်လှန်ရေးအဖွဲ့ တွေဟာ ဒီလို ပစ်မှတ်ရွေးချယ်တိုက်ခိုက်တာကိုမလုပ်ပဲ၊ စစ်မတိုက်ဘဲ ဆယ်မီနာတွေ၊ အစည်းဝေး တွေပဲ လုပ်နေကြပြီး အချိန်ဖြုန်း၊ ငွေဖြုန်း လုပ်နေကြတယ်လို့ ကိုဂျော်နီက ရင်ဖွင့်ပါတယ်။

ပြီးတော့ မနက်ဖြန် မနက် ၈ နာရီမှာ ရဟတ်ယာဉ်တစီး ပို့ပေးဖို့ ထိုင်းအာဏာပိုင်တွေဆီ တောင်းဆို ထားတဲ့အကြောင်း၊ အဲဒါအဆင်ပြေရင် ဓားစာခံတွေနဲ့အတူ နယ်စပ်စခန်းကိုပြန်မယ့်အကြောင်း၊ ထိုင်း ဘက်က ကတည်မတည်ရင်တော့ အားလုံးကိုမိုင်းခွဲပြီး အသေခံသွားမယ်ဆိုတဲ့အကြောင်း စသဖြင့် သူ ရင်ထဲမှာ ရှိသမျှ။ သူပြောချင်သမျှကို နောက်ဆုံးနေ့အဖြစ် သဘောထားပြီး ကိုဂျော်နီက ကျနော်ကို အကုန်ပြောပြသွားခဲ့ပါတယ်။

သံရုံးရှေ့အထိ သတင်းသွားယူခြင်း


ကိုဂျော်နီနဲ့ ကျနော်စကားပြောဖြစ်တဲ့အချိန် ၁ နာရီနီးပါးတောင် ကြာမယ်လို့ ထင်ပါတယ်။ အဲဒီအသံ တွေကို အက်ဒစ်မလုပ်ပဲ အော်စလိုရုံးဆီ တခါတည်းပို့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က မနက် ပိုင်း အသံလွှင့်ချိန်မရှိသေးတော့ ဘာမှမထူး။ နောက်တနေ့ညနေ အသံလွှင့်ချိန်အထိ ထိုင်စောင့်ပေါ့။ အသံတွေပို့ပြီးလို့ တရေးလောက်အိပ်ပျော်သွားပေမယ့် မနက်အရုဏ်တက်ချိန်မှာ ပြန်နိုးလာပါတယ်။ ကျနော့်စိတ်ထဲ ထိုင်းအထူးတပ်ဖွဲ့က သံရုံးကို အရုဏ်တက်ချိန်မှာ ၀င်စီးလိမ့်မယ်လို့ ထင်ထားပေမယ့် ဘာအသံမှ မကြားရပါ။

(ပြန်လွတ်လာတဲ့ ဓားစာခံတွေက VBSW အဖွဲ့ကို ထောက်ခံကြောင်းပြနေစဉ်)

ဒီတိုင်းဆိုရင်တော့ ကိုဂျော်နီတို့ဘက်က တောင်းထားတဲ့ ရဟတ်ယဉ်ကို ထိုင်းဘက်က လိုက်လျော မယ့် သဘောပေါ့။ ဘာလက်မှတ်မှမရှိလို့ သံရုံးရှေ့ မသွားရဲဖြစ်နေတဲ့ ကျနော်ဟာ မနေ့ညက ကို ဂျော်နီ ပြောထားတဲ့ စကားတွေကို နားထောင်ရင်းနဲ့ ရဲဆေးဝင်လာပါတယ်။

“ဒီလူတွေက အသက်နဲ့ရင်းပြီးလုပ်နေချိန်မှာ ငါက ရဲအဖမ်းခံရမှာစိုးလို့ သံရုံးရှေ့ မသွားရဲဘူးဆိုတာ မ ဟုတ်သေးပါဘူး” လို့ တွေးပြိး မနက် ၈ နာရီလောက်မှာ မြန်မာသံရုံးရှေ့ဆီ ကျနော်ရောက်လာပါ တယ်။ သံရုံးရှေ့က ဆွန်ထွန်းလမ်းမကြီးရော၊ သံရုံးဘေးတဖက်တချက်က လမ်းကြားတွေအားလုံးကို ပိတ်ထားပေမယ့် တက္ကစီသမားက အနီးဆုံးနေရာအထိ ကျနော့်ကို လိုက်ပို့ပေးပါတယ်။ ကိုဂျော်နီတို့ လုပ်ရပ်ကိုလည်း တက္ကစီသမားက ဂုဏ်ယူနေပြီး ''ဒီး ဒီး'' လို့ လက်မထောင်ပြနေပါတယ်။

သံရုံးရှေ့ မိုးပျံရထားလမ်းအောက်က ကွန်ကရစ်တုံးတွေကို အကာကွယ်ယူပြီး သံရုံးထဲ ချောင်းကြည့် နေတဲ့ သတင်းထောက်တွေအများကြီး။ ဓာတ်ပုံ၊ ဗွီဒီယိုသတင်းထောက်တွေအတွက်က ပုံရဖို့က အဓိ က မဟုတ်ပါလား။ အဲဒီအချိန်က DVB မှာ တီဗွီ မရှိသေးလို့ ကင်မရာသမားတွေရဲ့ ဒုက္ခကို ကျနော် ကိုယ်ချင်းမစာတတ်သေး။ ကင်မရာသမားတွေနဲ့စာရင် ရေဒီယိုသတင်းထောက်က ပစ်ကွင်းနဲ့ နည်း နည်းပိုဝေးပါတယ်လို့ ထင်မိပါတယ်။

အဲဒီလိုတွေးနေတုန်း ရဟတ်ယဉ်တစီးက သံရုံးထဲဆင်းဖို့ ရောက်လာပါတယ်။ ဒါပေမယ့် သံရုံးက အလံ တိုင်ကြီးခံနေလို့ဆိုပြီး အလံတိုင်ကို ခုတ်လှဲလိုက်ပါတယ်။ ဒါလည်း ရဟတ်ယဉ်ကဆင်းဖို့ အဆင်မပြေ ပြန်ဘူး။ ဒီလိုနဲ့ သံရုံးရဲ့ လမ်းတဖက်ခြမ်း ခရစ်ယာန် ဘုရားကျောင်းဝင်းထဲမှာ ရဟတ်ယာဉ်ဆင်းမယ်။ အဲဒီအထိ သံရုံးထဲက သေနတ်သမားတွေနဲ့ ဓားစားခံတွေကို ကားနဲ့ခေါ်သွားမယ်လို့ ကြားရပြန်ပါ တယ်။ ကြားရတယ်ဆိုတာ ကျနော်ဘေးနားမှာရှိတဲ့ ထိုင်းနဲ့ အနောက်တိုင်း သတင်းထောက်တွေ ပြော နေတာကို ကြားရတာပါ။ ကျနော်ကိုယ်တိုင်ကတော့ ခေါင်းထောင်ပြီး သိပ်ကြည့်ရဲသေးတာမဟုတ်။

ပေါင်မုန့်ကား ၂ စီး အရှိန်ပြင်းပြင်းနဲ့ သံရုံးထဲကနေ မောင်းထွက်လာပြီး ရဲကားရဲ့ ဦးဆောင်မှုနဲ့ ဘုရား ကျောင်းဘက်မောင်းသွားတာကို မြင်လိုက်ရပါတယ်။ လမ်းဘေးတလျှောက်ကြည့်နေကြတဲ့ ပရိသတ် ကြီးက လက်ခုပ်လက်ဝါးတီးလို့။ ဒါပေမယ့် အဲဒီဘုရားကျောင်းဝင်းထဲက ရဟတ်ယာဉ်ရပ်ထားတဲ့နေရာ ဆီသွားတဲ့မြက်ခင်းဟာ ရေ၀ပ်နေတဲ့အတွက် ကားဆက်မောင်းလို့ မရဘူးဆိုပါတယ်။ ဒီလိုနဲ့နောက်ဆုံး တော့ သံရုံးဘက်ပြန်လှည့်ပြီး လုံမနီပန်းခြံဘေးရှိ ရဲသင်တန်းကျောင်းရှေ့က ဘောလုံးကွင်းထဲမှာ ဆင်း မယ်၊ အဲဒီမှာ ဓားစားခံတွေကို လွှတ်ပေးမယ်လို့ သတင်းထွက်လာပြန်ပါတယ်။

သတင်းကြားပြီးတာနဲ့ မိနစ်ပိုင်းအတွင်းမှာပဲ ခုနက ပေါင်မုန့်ကားနှစ်စီးဟာ ရဲအထူးကား၊ ရဲဆိုင်ကယ် တွေခြံရံပြီး ကျနော်တို့ရှိတဲ့ သံရုံးရှေ့လမ်းပေါ်ကနေ လုံမနီဘက်မောင်းသွားပါတယ်။ သံရုံးနဲ့ လုံမနီက ၁ ကီလိုလောက်တောင် ဝေးမလားမသိပါဘူး။ တခြားလူတွေလို လမ်းလျှောက်ပြေးနေရင် ရဟတ်ယာဉ် တက်သွားချိန်အထိ ရောက်မှာမဟုတ်။ ဒီတော့ နီးစပ်ရာ ဆိုင်ကယ်တစီးကိုတားပြီး ရီကော်ဒါကိုပြ၊ သတင်းထောက်ကတ်အတုကိုပြ၊ ထိုင်းလို ဟိုပြောဒီပြောနဲ့ လုံမနီဆီ အမြန်မောင်းခိုင်းရပါတယ်။ ရဲသင် တန်းကျောင်းရှေ့ရောက်တော့ လူတွေကပြည့်ကျပ်နေပြီ။ ခြံဝင်းကိုကျော်ပြီး ၀င်ဖို့မပြောနဲ့ ခြံဝင်းနား ကပ်ဖို့တောင် အသဲအသန်ကြိုးစားနေရပါတယ်။

အဲဒီအချိန်သိရတဲ့ သတင်းတွေအရဆိုရင် ဓားစာခံတွေကို လွှတ်ပေးပြီး ဓားစာခံတွေအစား ထိုင်း ဒု နိုင်ငံခြားရေးဝန်ကြီးက သူတို့နဲ့အတူ တောထဲအထိ လိုက်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျနော် ရောက်နေတဲ့နေရာက ရဟတ်ယာဉ်နဲ့ ကားနှစ်စီးရပ်ထားတဲ့နေရာနဲ့ နည်းနည်းလှမ်းနေတော့ ဘာမှ သဲ သဲကွဲကွဲမမြင်ရ။ ရဟတ်ယာဉ်ပျံတက်သွားတဲ့အသံနဲ့ ထောင်သောင်းချီတဲ့ ပရိသတ်တွေရဲ့ အော်သံတွေ ကိုသာ ကြားနေရပါတယ်။

ကံကောင်းတာကတော့ သံရုံးရှေ့ ရောက်ကတည်းကနေ အခု ရဟတ်ယာဉ်တက်သွားတဲ့အချိန်ထိ ဖြစ် စဉ်တခုလုံးကို Live ပုံစံနဲ့ Sony MD အသံဖမ်းစက်ထဲ ကျနော်က ပြောထည့်ထားပါတယ်။ ညနေကျရင် အဲဒါကြီးတခုလုံးကို အော်စလိုဆီပို့မယ်ပေါ့။ နောက်ပိုင်းပြန်သိရတာကတော့ အဲဒီညက ကျနော်ပို့ လိုက်တဲ့သတင်းဟာ အတော်လူသိများသွားခဲ့တယ်လို့ ဆိုပါတယ်။ အသံလှိုင်းမကြည်တဲ့ DVB ကို လူတွေခဲရာခဲဆစ် နားထောင်မှု တိုးလာစေတယ်လို့လည်း သိရပါတယ်။ အဲဒီသတင်းဟာ ကျနော့် သတင်းထောက် ဘ၀မှာ ပထမဆုံးပို့ဖူးတဲ့ Live သတင်း ဖြစ်ပါတယ်။

(သံရုံးသိမ်း သေနတ်သမားကိုဂျော်နီနှင့် ဆေးရုံသိမ်းသေနတ်သမား ကိုဗေဒါတို့ကို တောတွင်း ခစန်းတခုမှာတွေ့ရစဉ်)

ရဟတ်ယာဉ် တက်သွားပြီး နာရီဝက်လောက်အကြာမှာ ပြည်ထဲရေးဝန်ကြီးက သံရုံးဘေးရှိ အဆောက် အဦမှာ သတင်းစာရှင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းပွဲအတွက် သတင်းထောက်တွေ စုနေတဲ့အထဲ ဧရာဝတီ အယ်ဒီတာချုပ် ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။ သူက အဲဒီ အချိန်မှာ ဧရာဝတီအပြင် RFA အ တွက်ပါ သတင်းပို့နေသူပါ။ နိုင်ငံခြားသတင်းထောက်တွေအကြား အမျိုးမျိုးထင်မြင်ချက်ပေးနေပြီး ရဟတ်ယာဉ်ဟာ မဲဆောက်ဘက်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြရှိတဲ့ နယ်စပ်ဆီသွားတာ ဖြစ်မယ်လို့ ပြော နေကြပါတယ်။

“ဘယ်ဟုတ်မလဲ၊ မဲဆောက်က အဝေးကြီး။ သူတို့က God Army စခန်းရှိတဲ့ ရတ်ချပူရီက ကမာပုလော စခန်းဘက်သွားတာဖြစ်ဖို့များတယ်” လို့ ကျနော် ၀င်ပြောမိပါတယ်။ “မင်းက ဘယ်လိုသိတာလဲ” ဆိုပြီး ကင်မရာတွေက ကျနော့်ဘက် လှည့်လာပါတယ်။ သတင်းထောက်ကနေ သတင်းဖန်တီးသူ ဖြစ်သွား မှာစိုးတာနဲ့ ဟိုလိုလို ဒီလိုလိုပြောပြီး လျှောချလိုက်ရတာကို ကျနော် အမှတ်ရနေပါတယ်။    ။

1 comments:

ကိုဂျော်နီ (ကျော်နီ) နှင့် အင်တာဗျုး မူရင်းအသံဖွိုင် Sony MD disk ထဲရှိနေဆဲဖြစ်သော်လည်း အဲဒီအသံကိုပြန်ထုတ်ဖို့အခက်ခဲဖြစ်နေ (မလုပ်တာ ကြာလို့မေ့နေ) လို့ ချက်ချင်းမတင်နိုင်သေးပါ။ အဆင်ပြေတဲ့အချိန် အသံဖွိုင်များ တင်ပေးမည်ဖြစ်ပါကြောင်း...။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More